မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သက်ကြီးရွယ်အိုများ—လူငယ်များအတွက် ကောင်းချီးတစ်ခုဖြစ်

သက်ကြီးရွယ်အိုများ—လူငယ်များအတွက် ကောင်းချီးတစ်ခုဖြစ်

သက်ကြီးရွယ်အိုများ—⁠လူငယ်များအတွက် ကောင်းချီးတစ်ခုဖြစ်

“အိုဘုရားသခင် အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင် ယခုလူများတို့အား ကိုယ်တော်၏အစွမ်းသတ္တိကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သောသူအပေါင်းတို့အား တန်ခိုးတော်ကိုလည်းကောင်း အကျွန်ုပ်မပြမီတွင် အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။”—⁠ဆာလံ ၇၁:၁၈

၁၊ ၂။ ဘုရားသခင်၏ သက်ကြီးရွယ်အိုကျေးကျွန်များသည် အဘယ်အရာကို သိထားသင့်သနည်း။ ယခုကျွန်ုပ်တို့ အဘယ်အရာကို သုံးသပ်ကြမည်နည်း။

အနောက်အာဖရိကမှ ခရစ်ယာန်အကြီးအကဲတစ်ဦးသည် ဝိညာဉ်တော်ဖွား သက်ကြီးရွယ်အိုညီအစ်ကိုတစ်ဦးထံ လည်ပတ်ခဲ့ပြီး “ဘယ်လိုနေလဲ၊ အခြေအနေကောင်းရဲ့လား” ဟုမေးသည်။ ညီအစ်ကိုသည် မိမိ၏စကားကို ကြိုးစားသရုပ်ဖော်ပြရင်း ဤသို့ပြန်ပြော၏– “ကျွန်တော်ပြေးနိုင်တယ်၊ ခြေစုံလည်းခုန်နိုင်တယ်၊ ခုန်လည်းခုန်ကျော်နိုင်တယ်၊ ခြေတစ်ပေါင်ကျိုးလည်းခုန်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်မပျံနိုင်ဘူး။” သူ၏ဆိုလိုရင်းကို သဘောပေါက်ပါသည်။ ‘ကျွန်တော်လုပ်နိုင်တာကို တလိုတလားလုပ်ဆောင်တယ်၊ ကျွန်တော်မလုပ်နိုင်တာကိုတော့ ကျွန်တော်မလုပ်ဘူး။’ ထိုသို့လည်ပတ်ခဲ့သူအကြီးအကဲသည် ယခု အသက် ၈၀ ကျော်နေပြီဖြစ်ပြီး သူသည် ထိုညီအစ်ကို၏ ဟာသဉာဉ်နှင့် တည်ကြည်မှုကို မြတ်မြတ်နိုးနိုးအမှတ်ရလျက်ရှိသည်။

သက်ကြီးရွယ်အိုတစ်ဦးတင်ပြသော ဘုရားသခင်ဝတ်၌မွေ့လျော်သော အရည်အသွေးများကို အခြားသူများ ကြာရှည်စွာစွဲမှတ်နေနိုင်ပါသည်။ ဉာဏ်ပညာနှင့် ခရစ်တော်ကဲ့သို့သောအရည်အသွေးများသည် အသက်ကြီးလာခြင်းတစ်ခုတည်းကြောင့် အလိုအလျောက်ထွက်ပေါ်လာခြင်းမဟုတ်ပါ။ (ဒေ. ၄:၁၃) သမ္မာကျမ်းစာက ဤသို့ဆို၏– “ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျှင် ဘုန်းကြီးသောသရဖူဖြစ်၏။” (သု. ၁၆:၃၁) သင်သည် သက်ကြီးရွယ်အိုတစ်ဦးဖြစ်လျှင် သင်၏စကားများနှင့် လုပ်ဆောင်မှုများသည် အခြားသူများအပေါ် အကျိုးသက်ရောက်မှုရှိနိုင်သည်ကို သင်သိထားပါသလော။ သက်ကြီးရွယ်အိုများသည် လူငယ်များအတွက် မည်မျှထိတိုင်ကောင်းချီးအမှန်တကယ်ဖြစ်ကြောင်း ဖော်ပြသည့် သမ္မာကျမ်းစာပုံနမူနာတချို့ကို သုံးသပ်ကြည့်ပါ။

အကျိုးကျေးဇူးများစွာဖြစ်စေသည့် ယုံကြည်ခြင်း

၃။ နောဧ၏တည်ကြည်မှုက ယနေ့အသက်ရှင်နေသူအားလုံးကို မည်သို့အကျိုးဖြစ်စေခဲ့သနည်း။

နောဧ၏ယုံကြည်ခြင်းနှင့် မြဲမြံတည်ကြည်မှုတို့က ယနေ့ထိတိုင် အကျိုးကျေးဇူးများခံစားရစေသည်။ နောဧသည် သင်္ဘောဆောက်ကာ တိရစ္ဆာန်များကိုစုသိမ်းပြီး အိမ်နီးချင်းများကိုဟောပြောချိန်တွင် သူသည် အသက် ၆၀၀ ပြည့်ခါနီးပြီဖြစ်သည်။ (ကမ္ဘာဦး ၇:၆; ၂ ပေတရု ၂:၅) ဘုရားသခင်ကိုကြောက်ရွံ့မှုကြောင့် နောဧသည် သူ့မိသားစုနှင့်အတူ ရေလွှမ်းမိုးဘေးကြီးမှကပ်ကျော်ပြီး ယနေ့ မြေကြီးပေါ်ရှိ လူသားအားလုံး၏ဘိုးဘေးဖြစ်လာခဲ့သည်။ ယေဘုယျအားဖြင့် လူ့သက်တမ်းရှည်သောခေတ်တွင် နောဧအသက်ရှင်ခဲ့သည်မှာ မှန်ပါသည်။ သို့တိုင် သူ၏ဇရာပိုင်းအရွယ်နှစ်များတွင်ပင် နောဧသည် ဆက်၍တည်ကြည်ခဲ့သောကြောင့် အထူးကောင်းချီးများ ဖြစ်စေခဲ့သည်။ မည်သို့အားဖြင့်နည်း။

၄။ နောဧ၏မြဲမြံတည်ကြည်ခြင်းကြောင့် ယနေ့ ဘုရားသခင့်ကျေးကျွန်များ မည်သို့အကျိုးရရှိကြသနည်း။

“မြေကြီးကိုပြည့်စေကြလော့” ဟူသောယေဟောဝါ၏အမိန့်ကို ဆန့်ကျင်ကာ ဘေဘယ်လ်ရဲတိုက်ကို နိမ်ရောဒစတင်တည်ဆောက်ချိန်တွင် နောဧသည် အသက် ၈၀၀ နီးပါးရှိပြီဖြစ်သည်။ (ကမ္ဘာဦး ၉:၁; ၁၁:၁-၉) သို့သော် နောဧသည် နိမ်ရောဒ၏ပုန်ကန်မှု၌ မပါဝင်ခဲ့ပါ။ ထို့ကြောင့် ပုန်ကန်သူတို့ ဘာသာစကားရှုပ်ထွေးသွားချိန်တွင် သူ၏ဘာသာစကား မပြောင်းလဲခဲ့ဖွယ်ရှိသည်။ အသက်ကြီးပိုင်းအရွယ်တွင်သာမက သူ၏အသက်တာတစ်လျှောက်လုံးတွင် တွေ့ရသော နောဧ၏ယုံကြည်ခြင်းနှင့် မြဲမြံတည်ကြည်ခြင်းကို ဘုရားသခင့်ကျေးကျွန်ကြီးငယ်မဟူ အမှန်ပင်တုပထိုက်သည်။—⁠ဟေဗြဲ ၁၁:၇

မိသားစုအတွင်းသြဇာလွှမ်းမိုးမှု

၅၊ ၆။ (က) အာဗြဟံ ၇၅ နှစ်အရွယ်တွင် အဘယ်အရာပြုလုပ်ရန် ယေဟောဝါ မိန့်တော်မူခဲ့သနည်း။ (ခ) ဘုရားသခင့်မိန့်တော်မူချက်ကို အာဗြဟံမည်သို့တုံ့ပြန်ခဲ့သနည်း။

မိမိတို့မိသားစုဝင်များ၏ ယုံကြည်ခြင်းအပေါ် သက်ကြီးရွယ်အိုတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို နောဧနောက်ပိုင်း အသက်ရှင်ခဲ့သော ဘိုးဘေးများ၏အသက်တာတွင် တွေ့ရှိနိုင်သည်။ အာဗြဟံအသက် ၇၅ နှစ်ခန့်တွင် ဘုရားသခင် သူ့ကိုဤသို့မိန့်တော်မူ၏– “သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဖော်များထဲကထွက်ပြီးလျှင် ငါပြလတ္တံ့သောပြည်သို့သွားလော့။ ငါသည် သင့်ကိုလူမျိုးကြီးဖြစ်စေမည်။ ငါကောင်းချီးပေး၍ သင်၏နာမကိုကြီးမြတ်စေမည်။ သင်သည် ကောင်းချီးခံရသောသူဖြစ်လိမ့်မည်။”—⁠ကမ္ဘာဦး ၁၂:၁၊ ၂

သင့်အိမ်၊ သင့်မိတ်ဆွေများ၊ သင်မွေးဖွားသည့်နိုင်ငံနှင့် သင့်ဆွေမျိုးရင်းချာမိသားစု၏လုံခြုံမှုကိုစွန့်ကာ သင်မသိသောဒေသတစ်ခုသို့သွားဖို့ သင့်အားပြောလှာသည်ဟု မြင်ယောင်ကြည့်ပါ။ အာဗြဟံကို ထိုသို့ပင်ပြောခဲ့သည်။ သူသည် ‘ယေဟောဝါမိန့်တော်မူသည်အတိုင်း ထွက်သွား’ ပြီး ကျန်ရှိသောသူ့ဘဝအသက်တာကို ခါနာန်ပြည်တွင် ဧည့်သည်အဖြစ်နေရာပြောင်းကာ တဲဖြင့်နေထိုင်ခဲ့သည်။ (ကမ္ဘာဦး ၁၂:၄; ဟေဗြဲ ၁၁:၈၊ ၉) ယေဟောဝါက အာဗြဟံသည် “လူမျိုးကြီး” ဖြစ်လာမည်ဟု မိန့်တော်မူခဲ့သော်လည်း သူ၏သားမြေးများ လူမျိုးကြီးမဖြစ်လာမီ ကြာမြင့်စွာကတည်းက သူသေဆုံးသွားခဲ့သည်။ အာဗြဟံသည် ကတိထားရာပြည်တွင် ၂၅ နှစ်ကြာ တည်းခိုနေထိုင်ပြီးနောက်တွင်သာ သူ၏ဇနီးစာရာသည် သူ့အတွက် သားဣဇာက်ကို မွေးဖွားပေးခဲ့သည်။ (ကမ္ဘာဦး ၂၁:၂၊) သို့တိုင် အာဗြဟံသည် စိုးရိမ်ပူပန်စိတ်များဖြစ်ပေါ်လာကာ မိမိ၏နေရင်းပြည်သို့ပြန်ခြင်း မပြုခဲ့ပါ။ ယုံကြည်ခြင်းနှင့် ခံနိုင်ရည်ရှိခြင်းဆိုင်ရာ ပုံသက်သေတစ်ခုပင်။

၇။ အာဗြဟံ၏ခံနိုင်ရည်သည် သူ့သားဣဇာက်အပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။ လူသားတို့အတွက် အဘယ်ရလဒ်ဖြစ်စေသနည်း။

အာဗြဟံ၏ခံနိုင်ရည်သည် သူ့သားဣဇာက်အပေါ် များစွာအကျိုးသက်ရောက်ခဲ့သည်၊ ဣဇာက်သည် သူ၏အသက်တာတစ်လျှောက်လုံး အနှစ် ၁၈၀ ထိတိုင် ခါနာန်ပြည်တွင် ဧည့်သည်အဖြစ်နေထိုင်ခဲ့သည်။ ဣဇာက်၏ခံနိုင်ရည်သည် ဘုရားသခင့်ကတိတော်ကို ယုံကြည်ခြင်းအပေါ် အခြေခံခဲ့သည်၊ ထိုယုံကြည်ခြင်းမှာ သူ၏သက်ကြီးရွယ်အိုမိဘတို့ သူ့အားသွတ်သွင်းပေးခဲ့သည့် ယုံကြည်ခြင်းဖြစ်ပြီး နောက်ပိုင်း သူ့ကို ယေဟောဝါကိုယ်တော်တိုင် မိန့်တော်မူခဲ့သောကြောင့် ပို၍ခိုင်မြဲလာခဲ့သည်။ (ကမ္ဘာဦး ၂၆:၂-၅) လူမျိုးအပေါင်းကောင်းချီးခံစားရမည့် ‘မျိုးနွယ်တော်’ သည် အာဗြဟံ၏အမျိုးအနွယ်မှ ပေါ်ထွန်းမည်ဟူသော ယေဟောဝါ၏ကတိတော်ပြည့်စုံခြင်းတွင် ဣဇာက်၏မြဲမြံတည်ကြည်မှုသည် အဓိကကဏ္ဍမှပါဝင်ခဲ့သည်။ နှစ်ရာပေါင်းများစွာကုန်လွန်ပြီးနောက် ‘မျိုးနွယ်တော်’ ၏အဓိကပုဂ္ဂိုလ်ဖြစ်သော ယေရှုခရစ်သည် မိမိအားယုံကြည်ကြောင်းတင်ပြသူအားလုံး ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ရန်နှင့် ထာဝရအသက်ခံစားရရန် လမ်းဖွင့်ပေးခဲ့သည်။—⁠ဂလာတိ ၃:၁၆; ယောဟန် ၃:၁၆

၈။ ယာကုပ်သည် ယုံကြည်ခြင်းသန်မာကြောင်း မည်သို့တင်ပြခဲ့သနည်း။ အဘယ်အကျိုးဖြစ်သနည်း။

တစ်ဖန် ဣဇာက်သည် သူ့သားယာကုပ် အသက်အရွယ်ကြီးရင့်သည်အထိ ယုံကြည်ခြင်းဆက်၍သန်မာနေစေရန် အထောက်အကူဖြစ်စေခဲ့သည်။ ယာကုပ်သည် ကောင်းချီးရရန်အတွက် ကောင်းကင်တမန်တစ်ပါးနှင့် တစ်ညလုံးနပန်းလုံးခဲ့ချိန်တွင် အသက် ၉၇ နှစ်ရှိပြီဖြစ်သည်။ (ကမ္ဘာဦး ၃၂:၂၄-၂၈) သူသည် အသက် ၁၄၇ နှစ်တွင်သေဆုံးခဲ့ပြီး မသေဆုံးမီအချိန်တွင် သူ၏သား ၁၂ ယောက်ကို တစ်ဦးစီအားကောင်းချီးပေးနိုင်သည်အထိ ခွန်အားရှိနေဆဲဖြစ်သည်။ (ကမ္ဘာဦး ၄၇:၂၈) ယာကုပ်ပြောဆိုခဲ့သည့် ပရောဖက်ပြုချက်ဆိုင်ရာ စကားများကို ယခုအချိန်တွင် ကမ္ဘာဦး ၄၉:၁-၂၈ တွင်မှတ်တမ်းတင်ထားပြီး ယင်းတို့သည် ပြည့်စုံပြီး၊ ပြည့်စုံဆဲဖြစ်သည်။

၉။ ဘုရားသခင်ကိုကြောက်ရွံ့သော ရင့်ကျက်သည့်သက်ကြီးရွယ်အိုများသည် မိမိတို့မိသားစုအပေါ် ဩဇာလွှမ်းမိုးမှုနှင့်ပတ်သက်၍ အဘယ်အရာပြောနိုင်သနည်း။

ရှင်းနေသည်မှာ ဘုရားသခင်၏ သက်ကြီးရွယ်အို တည်ကြည်သောကျေးကျွန်များသည် မိမိတို့၏မိသားစုဝင်များအပေါ် အကျိုးဖြစ်စေသည့်သြဇာ လွှမ်းမိုးနိုင်ခဲ့ကြသည်။ ပညာရှိအကြံဉာဏ်၊ ခံနိုင်ရည်ရှိပုံသက်သေနှင့်အတူ ကျမ်းစာဖြင့်သွန်သင်ခြင်းတို့က လူငယ်တစ်ဦးကို ခိုင်ခံ့သောယုံကြည်ခြင်းဖြင့် ကြီးပြင်းလာစေရန် ကြီးစွာအထောက်အကူပြုနိုင်သည်။ (သု. ၂၂:၆) မိမိတို့သည် မိမိတို့၏မိသားစုတွင် အကျိုးဖြစ်စေသောသြဇာလွှမ်းမိုးနိုင်စွမ်းရှိသည်ကို သက်ကြီးရွယ်အိုတို့ ဘယ်တော့မျှလျှော့မတွက်သင့်ပါ။

ယုံကြည်သူချင်းများ၏ ဩဇာလွှမ်းမိုးမှု

၁၀။ ယောသပ်သည် “မိမိအရိုးတို့၏အကြောင်း” နှင့်ပတ်သက်၍ အဘယ်အရာ “မှာထား” ခဲ့သနည်း။ အဘယ်အကျိုးဖြစ်ခဲ့သနည်း။

၁၀ သက်ကြီးရွယ်အိုများသည် ယုံကြည်သူချင်းများအပေါ် ကောင်းသောသြဇာလွှမ်းမိုးနိုင်ကြသည်။ ယာကုပ်၏သားယောသပ်သည် အသက်အရွယ်အိုမင်းချိန်တွင် ယုံကြည်ခြင်းပါသည့်လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့သည်၊ ယင်းက သူ့နောက်ပိုင်းအသက်ရှင်ခဲ့သော သန်းနှင့်ချီသည့် မှန်သောဝတ်ပြုကိုးကွယ်သူတို့အပေါ် အလွန်နက်ရှိုင်းစွာအကျိုးဖြစ်ခဲ့သည်။ အသက် ၁၁၀ ရှိချိန်တွင် “မိမိအရိုးတို့၏အကြောင်းကို မှာထား” ခဲ့ပြီး ဣသရေလလူမျိုး အီဂျစ်ပြည်မှနောက်ဆုံးထွက်ခွာသည့်အခါ သူ၏အရိုးများကို ယူဆောင်သွားရန်ဖြစ်သည်။ (ဟေဗြဲ ၁၁:၂၂; ကမ္ဘာဦး ၅၀:၂၅) ယောသပ်သေဆုံးပြီးနောက် ဣသရေလလူမျိုး ဆင်းရဲခက်ခဲစွာကျွန်ခံခဲ့ရသည့် နှစ်များအတွင်း သူ၏အထက်ပါမိန့်မှာချက်သည် မျှော်လင့်ချက်ရောင်ခြည်တစ်ခုဖြစ်ခဲ့သည်၊ ကယ်နုတ်ခံရမည့်အချိန် ရောက်လာမည်ဟူသည့် အာမခံချက်ဖြစ်ခဲ့သည်။

၁၁။ သက်ကြီးရွယ်အိုမောရှေသည် ယောရှုအပေါ် အဘယ်သြဇာသက်ရောက်ခဲ့ဖွယ်ရှိသနည်း။

၁၁ ယောသပ်၏ယုံကြည်ခြင်းတင်ပြချက်စကားမှ ခွန်အားရှိခဲ့ကြသူတို့တွင် မောရှေသည် တစ်ဦးအပါအဝင်ဖြစ်သည်။ မောရှေအသက် ၈၀ အရွယ်၊ အီဂျစ်ပြည်မှ ထွက်ခွာချိန်တွင် သူသည် ယောသပ်၏အရိုးတို့ကို သယ်ဆောင်သွားခွင့် ရရှိခဲ့သည်။ (ထွက်မြောက်ရာ ၁၃:၁၉) ထိုအချိန်လောက်တွင် သူ့ထက် အသက်အတော်ပင်ပို၍ငယ်ရွယ်သူဖြစ်သော ယောရှုနှင့် ရင်းနှီးလာခဲ့သည်။ နောက်အနှစ် ၄၀ လုံးလုံး ယောရှုသည် မောရှေ၏လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ (တောလည်ရာ ၁၁:၂၈) ယောရှုသည် မောရှေနှင့်အတူ သိနာတောင်သို့လိုက်သွားခဲ့ပြီး သက်သေခံချက်ကျောက်ပြားနှစ်ပြားနှင့် တောင်ပေါ်မှဆင်းလာသောမောရှေနှင့်တွေ့ရန် ထိုတွင်သူရှိနေခဲ့သည်။ (ထွက်မြောက်ရာ ၂၄:၁၂-၁၈; ၃၂:၁၅-၁၇) သက်ကြီးရွယ်အိုမောရှေသည် ယောရှုကို ရင့်ကျက်သောအကြံပေးချက်နှင့် ဉာဏ်ပညာများစွာကို ပေးခဲ့မည်ဖြစ်သည်။

၁၂။ ယောရှုသည် သူအသက်ရှင်ခဲ့ချိန်တစ်လျှောက် ဣသရေလလူမျိုးအပေါ် ကောင်းသည့်သြဇာလွှမ်းမိုးခဲ့ကြောင်း မည်သို့သက်သေပြခဲ့သနည်း။

၁၂ တစ်ဖန် ယောရှုသည် သူအသက်ရှင်သရွေ့ကာလပတ်လုံး ဣသရေလလူမျိုးကို အားပေးခဲ့ပြန်သည်။ တရားသူကြီး ၂:၇ တွင်ဤသို့ဆို၏– ‘ယောရှုလက်ထက်ကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ယေဟောဝါကို ဝတ်ပြုကြ၏။ ယေဟောဝါသည် ဣသရေလအမျိုးအဖို့ပြုတော်မူသော အမှုကြီးအလုံးစုံတို့ကိုသိမြင်၍ ယောရှုမရှိသောနောက် အသက်ရှင်သေးသော အသက်ကြီးသူတို့လက်ထက်၌လည်း ထာဝရဘုရားသခင်ကို ဝတ်ပြုကြ၏။’ သို့သော် ယောရှုနှင့် အခြားအသက်ကြီးသူတို့သေဆုံးပြီးနောက်တွင် မှန်သောဝတ်ပြုရေးနှင့် မှားယွင်းသောဝတ်ပြုရေးစပ်ကြား မပြတ်မသားဖြစ်နေသည့် အနှစ် ၃၀၀ ကြာသည့်ကာလ စတင်ခဲ့ရာ ပရောဖက်ရှမွေလခေတ်အထိဖြစ်ခဲ့သည်။

ရှမွေလ “တရားသဖြင့်စီရင်”

၁၃။ ရှမွေလသည် “တရားသဖြင့်စီရင်” ရာတွင် အဘယ်အရာပြုလုပ်ခဲ့သနည်း။

၁၃ ရှမွေလသေဆုံးချိန်တွင် အသက်မည်မျှရှိသည်ကို သမ္မာကျမ်းစာတွင် မဖော်ပြသော်လည်း ဓမ္မရာဇဝင်ပထမစောင်မှ အဖြစ်အပျက်များသည် နှစ်ပေါင်း ၁၀၂ နှစ်ခန့်ကိုငုံမိပြီး ရှမွေလသည် ယင်းတို့အများစု၏ မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သည်။ ဟေဗြဲ ၁၁:၃၂၊ ၃၃ တွင် ဖြောင့်မတ်သောတရားသူကြီးများနှင့် ပရောဖက်များကို “တရားသဖြင့်စီရင်” သူများအဖြစ်ဖော်ပြထားသည်ကို ဖတ်ရသည်။ မှန်ပါသည်၊ ရှမွေလသည် မိမိ၏တစ်ခေတ်တည်းသားများထဲမှ အချို့ကို အမှားပြုလုပ်ခြင်းကိုရှောင်ရန် သို့မဟုတ် စွန့်လွှတ်ရန် ဩဇာလွှမ်းမိုးခဲ့သည်။ (၁ ဓမ္မရာဇဝင် ၇:၂-၄) မည်သို့အားဖြင့်နည်း။ သူ၏အသက်တာတစ်လျှောက်လုံး ယေဟောဝါအပေါ် တည်ကြည်ခဲ့ခြင်းအားဖြင့်ဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၁၂:၂-၅) သူသည် ဘုရင်ကိုပင် ပြင်းထန်သည့်သတိပေးချက်ပေးဖို့ မကြောက်ရွံ့ခဲ့ပါ။ (၁ ဓမ္မရာဇဝင် ၁၅:၁၆-၂၉) ထို့ပြင် ရှမွေလသည် “အသက်ကြီး၍ ဆံပင်ဖြူ” ချိန်တွင် အခြားသူတို့အတွက် ဆုတောင်းပေးခြင်းဖြင့် သူကိုယ်တိုင်ပုံသက်သေပြခဲ့သည်။ သူက မိမိ၏ဣသရေလလူမျိုး အမျိုးသားချင်းအကျိုးအတွက် ‘ဆုမတောင်းဘဲနေခြင်းအားဖြင့် ထာဝရဘုရားသခင်ကိုပြစ်မှားခြင်းအမှုသည် ငါနှင့်ဝေးပါစေသော’ ဟုဆိုခဲ့သည်။—⁠၁ ဓမ္မရာဇဝင် ၁၂:၂၊ ၂၃

၁၄၊ ၁၅။ ယနေ့ သက်ကြီးရွယ်အိုများသည် ဆုတောင်းခြင်းကိစ္စတွင် ရှမွေလကို မည်သို့တုပနိုင်ကြသနည်း။

၁၄ ယင်းတို့အားလုံးက သက်ကြီးရွယ်အိုများသည် ယေဟောဝါ၏ကျွေးကျွန်ချင်းများအပေါ် ကောင်းသည့်သြဇာသက်ရောက်နိုင်သည့် အထူးနည်းလမ်းတစ်ခုကို ပေါ်လွင်စေသည်။ ကျန်းမာရေး သို့မဟုတ် အခြားအခြေအနေများကြောင့် ကန့်သတ်ချက်များရှိသည့်ကြားမှ ထိုသက်ကြီးရွယ်အိုများသည် အခြားသူတို့၏အကျိုးအတွက် ဆုတောင်းပေးနိုင်ကြသည်။ သက်ကြီးရွယ်အိုတို့၊ သင်တို့၏ဆုတောင်းချက်များသည် အသင်းတော်ကို အကျိုးများစွာဖြစ်စေသည်ကို သင်တို့သိကြပါသလော။ ခရစ်တော်သွန်းလောင်းခဲ့သောအသွေးတော်အပေါ် သင်တို့၏ယုံကြည်မှု၊ ယေဟောဝါရှေ့မှောက် မျက်နှာသာရအနေအထားတွင် သင်တို့ပျော်မွေ့နေမှုနှင့် သင်တို့၏ခံနိုင်ရည်မှတ်တမ်းများကြောင့် သင်တို့ယုံကြည်ခြင်းသည် ‘စမ်းသပ်ခံပြီးသော အရည်အသွေး’ တစ်ခုဖြစ်သည်။ (ယာကုပ် ၁:၃ကဘ; ၁ ပေတရု ၁:၇ကဘ) “ဖြောင့်မတ်သောသူ၏တောင်းလျှောက်ခြင်းသည် အရှိန်ကြီးသောအခါ အလွန်တန်ခိုးပါ” ကြောင်းကို ဘယ်တော့မျှမမေ့ပါနှင့်။—⁠ယာကုပ် ၅:၁၆ကဘ။

၁၅ ယေဟောဝါ၏နိုင်ငံတော်လုပ်ငန်းကို ထောက်မပေးရန် သင်တို့၏ဆုတောင်းချက်များ လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ညီအစ်ကိုတချို့သည် ခရစ်ယာန်ကြားနေမှုကြောင့် ထောင်ကျနေကြသည်။ အခြားသူများမှာမူ သဘာဝဘေးဒဏ်များ၊ စစ်နှင့် လူမျိုးရေးပဋိပက္ခများကြောင့် အခက်အခဲကြုံတွေ့နေကြသည်။ ကျွန်ုပ်တို့အသင်းတော်အတွင်း၌ပင် တချို့သောသူတို့သည် စမ်းသပ်မှုများ သို့မဟုတ် ဆန့်ကျင်မှုများကို ရင်ဆိုင်နေကြရသည်။ (မဿဲ ၁၀:၃၅၊ ၃၆) ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်နေသူများနှင့် အသင်းတော်ကို ဦးစီးနေသူများလည်း သင်တို့၏ပုံမှန်ဆုတောင်းပေးချက်များကို လိုအပ်လျက်ရှိကြသည်။ (ဧဖက် ၆:၁၈၊ ၁၉; ကောလောသဲ ၄:၂၊ ၃) ဧပဖြကဲ့သို့ သင်၏ဆုတောင်းချက်များတွင် ယုံကြည်သူချင်းများအတွက် ဆုတောင်းပေးခြင်းသည် အလွန်ကောင်းမြတ်လှပေသည်။—⁠ကောလောသဲ ၄:၁၂

နောက်လူမျိုးဆက်ကို သွန်သင်ပေးခြင်း

၁၆၊ ၁၇။ ဆာလံ ၇၁:၁၈ တွင် အဘယ်အရာကြိုပြောထားသနည်း။ ယင်းသည် မည်သို့အမှန်ဖြစ်လာသနည်း။

၁၆ ကောင်းကင်ခေါ်တော်မူခြင်းခံရသူ တည်ကြည်သော “သိုးစုငယ်” နှင့်အတူ ပူးပေါင်းခြင်းသည် မြေကြီးတွင် ထာဝရအသက်ရှင်ရန်မျှော်လင့်ချက်ရှိသူ “အခြားသိုး” အဖို့ အထူးလေ့ကျင့်ပေးမှုဖြစ်သည်။ (လုကာ ၁၂:၃၂; ယောဟန် ၁၀:၁၆) ယင်းကို ဆာလံ ၇၁:၁၈ တွင် ကြိုပြောထားသည်ကို ဤသို့ဖတ်ရ၏– “အိုဘုရားသခင် အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင် ယခုလူများတို့အား ကိုယ်တော်၏အစွမ်းသတ္တိကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သောသူအပေါင်းတို့အား တန်ခိုးတော်ကိုလည်းကောင်း အကျွန်ုပ်မပြမီတွင် အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။” ကောင်းကင်အတန်းအစားတို့သည် ယေရှုခရစ်နှင့်အတူ ဘုန်းမဝင်စားမီ တိုးများလာသောတာဝန်များထမ်းဆောင်ရန် အခြားသိုးအပေါင်းပါကို စိတ်ထက်သန်စွာလေ့ကျင့်ပေးကြသည်။

၁၇ ဆာလံ ၇၁:၁၈ တွင်ဖော်ပြထားသည့် “နောက်ဖြစ်လတ္တံ့သောသူအပေါင်းတို့” ကိုသွန်သင်ပေးခြင်းသည် ဘုရားသခင်၏စွမ်းအားတော်ဖြင့် ဘိသိက်ခံရသူတို့ထံမှ သွန်သင်ခံရကြသူ အခြားသိုးတို့နှင့်လည်း မူအရသက်ဆိုင်နိုင်ပါသည်။ မှန်သောဝတ်ပြုရေးကို ယခု သက်ဝင်ယုံကြည်လာသူတို့ကို ယေဟောဝါအကြောင်း သက်သေခံရသည့်အခွင့်ထူးကို အသက်ကြီးသောသူတို့အား ကိုယ်တော်တာဝန်ပေးထားတော်မူ၏။ (ယောလ ၁:၂၊ ၃) အခြားသိုးတို့သည် ကောင်းကင်အတန်းအစားထံမှ သင်ယူရရှိရာများကို ကောင်းချီးအဖြစ်ယူမှတ်ကြပြီး ယေဟောဝါအားဝတ်ပြုကိုးကွယ်လိုသူ အခြားသူတို့ကို မိမိတို့၏ကျမ်းစာပညာကို ဆက်၍ဝေမျှပေးရန် လှုံ့ဆော်ခံရကြသည်။—⁠ဗျာ. ၇:၉၊ ၁၀

၁၈၊ ၁၉။ (က) ယေဟောဝါ၏ သက်ကြီးရွယ်အိုကျေးကျွန်များစွာသည် အဘယ်အဖိုးထိုက်တန်သော အချက်အလက်များကို ဝေမျှနိုင်ကြသနည်း။ (ခ) သက်ကြီးရွယ်အိုခရစ်ယာန်များသည် အဘယ်အရာကို ယုံကြည်စိတ်ချသင့်သနည်း။

၁၈ ကောင်းကင်အတန်းအစားဖြစ်စေ၊ အခြားသိုးဖြစ်ပါစေ ယေဟောဝါ၏သက်ကြီးရွယ်အိုကျေးကျွန်များသည် အရေးပါသောသမိုင်းအဖြစ်အပျက်များအတွက် အသက်ရှိသောကွင်းဆက်များဖြစ်ကြသည်။ ယခုအသက်ရှင်ဆဲဖြစ်သူ အနည်းငယ်သောသူတို့သည် ပထမဦးဆုံး “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ပြချိန်တွင် ရှိခဲ့သူတို့ဖြစ်သည်။ အချို့သူတို့သည် ၁၉၁၈ ခုနှစ်တွင် ထောင်ချခံခဲ့ရသော ဦးဆောင်သူညီအစ်ကိုတို့ကို ကိုယ်တိုင်ကိုယ်ကျသိရှိခဲ့ကြသည်။ အခြားသူတို့မူ ကင်းမျှော်စင် ရေဒီယိုအသံလွှင့်ရုံ၊ ဒဗလျူဘီဘီအာရ်တွင် ပါဝင်ခဲ့ကြသူတို့ဖြစ်သည်။ များစွာသောသူတို့သည် ယေဟောဝါသက်သေများအား ဘာသာရေးလွတ်လပ်ခွင့်ပေးရန် တရားရုံးချုပ်၌ တရားဆိုင်ခဲ့ရသည့်အချိန်က အကြောင်းများကို ပြောပြနိုင်ကြသည်။ အာဏာရှင်ဆန်သော အုပ်စိုးမှုများအောက် နေထိုင်ခဲ့ရချိန်အတွင်း စစ်မှန်သောဝတ်ပြုရေးဘက် ခိုင်မြဲစွာရပ်တည်ခဲ့ကြသူ အခြားသူတို့လည်းရှိသည်။ မှန်ပါသည်၊ သက်ကြီးရွယ်အိုများသည် အမှန်တရားနှင့်ပတ်သက်သည့်သိနားလည်မှု တဖြည်းဖြည်းမည်သို့ဖွင့်ပြခဲ့ပုံတို့ကို ပြန်ပြောပြနိုင်ကြသည်။ ယင်းသို့များပြားကြွယ်ဝသော အတွေ့အကြုံများမှ အကျိုးရယူကြရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို အားပေးထားသည်။—⁠တရားဟောရာ ၃၂:၇

၁၉ သက်ကြီးရွယ်အိုခရစ်ယာန်များသည် လူငယ်များအတွက် ပုံသက်သေကောင်းတင်ပြရန် တိုက်တွန်းခံရကြသည်။ (တိတု ၂:၂-၄) သင်တို့၏ခံနိုင်ရည်၊ ဆုတောင်းချက်များနှင့် အကြံပေးချက်တို့က အခြားသူများအပေါ် အကျိုးသက်ရောက်မှုရှိသည်ကို ယခု သင်တို့မြင်ရချင်မှမြင်ရပေမည်။ နောဧ၊ အာဗြဟံ၊ ယောသပ်၊ မောရှေနှင့် အခြားသူတို့သည် မိမိတို့၏တည်ကြည်မှုက နောက်လူမျိုးဆက်များအပေါ် အကျိုးအပြည့်အဝသက်ရောက်ခဲ့သည်ကို သိခဲ့ကြမည်မဟုတ်ပါ။ သို့တိုင် သူတို့၏ယုံကြည်ခြင်းနှင့် သမာဓိစောင့်သိခြင်း အမွေအနှစ်သည် ကြီးစွာအကျိုးသက်ရောက်ခဲ့သကဲ့သို့ သင်လည်းအလားတူဖြစ်နိုင်ပါသည်။

၂၀။ အဆုံးထိတိုင် မိမိတို့၏မျှော်လင့်ချက်ကို မြဲမြံစွာထိန်းသိမ်းထားသူတို့အတွက် အဘယ်ကောင်းချီးများ စောင့်ကြိုနေသနည်း။

၂၀ သင်သည် ‘ကြီးစွာသောဆင်းရဲခြင်း’ ကိုကပ်ကျော်သည်ဖြစ်စေ၊ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် အသက်ပြန်ရှင်သည်ဖြစ်စေ “မှန်သောအသက်” ကိုခံစားရမည်ဖြစ်၍ အလွန်အားရနှစ်သက်ဖွယ်ပင်ဖြစ်သည်။ (မဿဲ ၂၄:၂၁; ၁ တိမောသေ ၆:၁၉) ဇရာအိုကာလ၏အကျိုးဆက်များကို ယေဟောဝါ ပြုပြင်ပေးမည့် ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်ချုပ်ချိန်ကို မြင်ယောင်ကြည့်ပါ။ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာသည် တဖြည်းဖြည်းဆုတ်ယုတ်သွားမည့်အစား ပို၍ပြည့်ဝလာသောခွန်အား၊ ပို၍ကြည်လင်လာသောအမြင်အာရုံ၊ ပို၍ပီပြင်လာသောအကြားအာရုံ၊ ပို၍ရှုပျော်ဖွယ်ဖြစ်လာသောရုပ်အသွင်တို့ဖြင့် ကိုယ်ခန္ဓာပိုင်းတဖြည်းဖြည်းတိုးတက်ကောင်းမွန်လာကာ နေ့စဉ်နိုးထလာကြမည်။ (ယောဘ ၃၃:၂၅; ဟေရှာယ ၃၅:၅၊ ၆) ဘုရားသခင့်ကမ္ဘာသစ်တွင် အသက်ရှင်ခွင့်ကောင်းချီးရကြသူတို့သည် ရရှိတော့မည့် ထာဝရကာလနှင့်နှိုင်းယှဉ်လျှင် အစဉ်နုပျိုနေပါလိမ့်မည်။ (ဟေရှာယ ၆၅:၂၂) သို့ဖြစ်၍ ကျွန်ုပ်တို့အားလုံးသည် အဆုံးထိတိုင် ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို မြဲမြံစွာထိန်းသိမ်းထားပြီး ယေဟောဝါအား စိုးလ်အကြွင်းမဲ့ ဆက်၍အမှုဆောင်သွားနိုင်ကြပါစေ။ ယေဟောဝါသည် မိမိကတိပြုထားခဲ့ရာအားလုံးကို ပြည့်စုံစေမည်ဖြစ်ပြီး ကိုယ်တော်လုပ်ဆောင်ပေးမည့်အရာသည် ကျွန်ုပ်တို့မျှော်လင့်ထားရာထက် ပို၍ကျော်လွန်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါသည်။—⁠ဆာလံ ၃၇:၄; ၁၄၅:၁၆

သင်မည်သို့ဖြေဆိုမည်နည်း

• သက်ကြီးရွယ်အိုနောဧ၏ တည်ကြည်မြဲမြံမှုက လူသားအားလုံးအတွက် မည်သို့ကောင်းချီးဖြစ်ခဲ့သနည်း။

• တည်ကြည်သောဘိုးဘေးများသည် မိမိတို့၏သားမြေးများအပေါ် အဘယ်အကျိုးဖြစ်စေခဲ့သနည်း။

• ယောသပ်၊ မောရှေ၊ ယောရှုနှင့် ရှမွေလတို့သည် အသက်အရွယ်အိုမင်းချိန်တွင် ဝတ်ပြုကိုးကွယ်သူချင်းများအား မည်သို့ ခွန်အားဖြစ်စေခဲ့သနည်း။

• သက်ကြီးရွယ်အိုတို့သည် အဘယ်အမွေအနှစ်ကို ပေးနိုင်ကြသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အာဗြဟံ၏ခံနိုင်ရည်သည် ဣဇာက်အပေါ် ကြီးစွာအကျိုးသက်ရောက်ခဲ့

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

မောရှေ၏ ရင့်ကျက်သော အကြံပေးချက်သည် ယောရှုကို ခွန်အားဖြစ်စေခဲ့

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

အခြားသူတို့အတွက် သင်၏ဆုတောင်းချက်များသည် များစွာအကျိုးဖြစ်ထွန်းနိုင်

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

လူငယ်များသည် တည်ကြည်သောသက်ကြီးရွယ်အိုတို့၏ စကားကိုနားထောင်ခြင်းမှ အကျိုးရရှိကြ