မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသက်ကြီးသောကာလတွင် ဘုရားသခင့်အမှုတော်ဆောင်ခြင်း၌ ရှင်သန်နေခြင်း

အသက်ကြီးသောကာလတွင် ဘုရားသခင့်အမှုတော်ဆောင်ခြင်း၌ ရှင်သန်နေခြင်း

အသက်ကြီးသောကာလတွင် ဘုရားသခင့်အမှုတော်ဆောင်ခြင်း၌ ရှင်သန်နေခြင်း

‘ယေဟောဝါ၏အိမ်တော်၌ စိုက်ပျိုးသောသူတို့သည် . . . အသက်ကြီးသောကာလတွင်ပင် အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်။’—⁠ဆာလံ ၉၂:၁၃၊ ၁၄

၁၊ ၂။ (က) ဇရာအိုအရွယ်ကို အများအားဖြင့် မည်သို့ဖော်ပြကြသနည်း။ (ခ) အာဒံ၏အပြစ်အကျိုးဆက်များနှင့်ပတ်သက်၍ သမ္မာကျမ်းစာက အဘယ်အရာကတိပြုထားသနည်း။

ဇရာအိုအရွယ်ဟု ပြောသည့်အခါ သင့်စိတ်ထဲ အဘယ်အရာပေါ်လာသနည်း။ အသားအရေတွန့်ရှုံ့နေခြင်းကိုလော။ နားလေးခြင်းကိုလော။ ခြေလက်များတုန်ချည့်တုန်ချည့်ဖြစ်နေခြင်းကိုလော။ သို့မဟုတ် ဒေ. ၁၂:၁-၇ တွင် အသေးစိတ်ကွင်းကွင်းကွက်ကွက်ဖော်ပြထားသော “ဆိုးသောကာလ” ၏ အခြားအသွင်အပြင်များကိုလော။ ထိုသို့ဖြစ်မည်ဆိုလျှင် ဒေ. အခန်းကြီး ၁၂ ပါ အသက်အရွယ်ကြီးရင့်မှု ပုံဖော်ထားချက်သည် ဖန်ဆင်းရှင်ယေဟောဝါဘုရားသခင်၏ မူလရည်ရွယ်ချက်မဟုတ်ဘဲ အာဒံအပြစ်ကြောင့် လူ့ခန္ဓာကိုယ်တွင်ပေါ်လာသော အကျိုးဆက်များသာဖြစ်ကြောင်း စိတ်စွဲမှတ်ရန် အရေးကြီးသည်။—⁠ရောမ ၅:၁၂

ဆက်အသက်ရှင်ရပ်တည်ရန်မှာ နှစ်များစွာကုန်လွန်သွားရန်လိုအပ်သောကြောင့် အသက်အရွယ်ကြီးရင့်ခြင်းကိုယ်နှိုက်က ကျိန်စာတစ်ခုမဟုတ်ပါ။ အမှန်မှာ ကြီးထွားခြင်းနှင့် ရင့်ကျက်ခြင်းသည် သက်ရှိအားလုံး၏ နှစ်သက်ဖွယ်ကောင်းသော သွင်ပြင်လက္ခဏာဖြစ်သည်။ ကျွန်ုပ်တို့ဝန်းကျင်တွင်တွေ့နေရသော နှစ်ပေါင်းခြောက်ထောင်ကြာခဲ့ပြီဖြစ်သည့် အပြစ်နှင့်မစုံလင်မှု၏ဆိုးကျိုးများသည် မကြာမီ အတိတ်ကဖြစ်ရပ်တစ်ခုအဖြစ် ကျန်ရှိတော့မည်ဖြစ်ပြီး နာခံမှုရှိသောလူသားတို့သည် အသက်အရွယ်အိုမင်းခြင်းနှင့် သေခြင်းကြောင့်ဖြစ်သောနာကျင်ခံစားမှုများ မရှိတော့သည့် ဘဝအသက်တာတွင် မူလရည်ရွယ်ချက်နှင့်အညီ ပျော်မွေ့ခွင့်ရကြမည်။ (ကမ္ဘာဦး ၁:၂၈; ဗျာ. ၂၁:၄၊ ၅) ထိုအချိန်တွင် “မြို့သားကလည်း ငါနာသည်ဟု မဆို” တော့ပါ။ (ဟေရှာယ ၃၃:၂၄) သက်ကြီးရွယ်အိုတို့သည် ‘လူငယ့်အားမာန်’ ကိုတစ်ဖန်ပြန်လည်ရရှိကြကာ သူတို့၏အသားအရေသည် ‘ငယ်ရွယ်စဉ်ကထက် ပို၍နုပျိုလာ’ ကြမည်။ (ယောဘ ၃၃:၂၅ကဘ) သို့သော် ယခုလောလောဆယ်တွင် အားလုံးသည် အာဒံထံမှရရှိသောအပြစ်အမွေနှင့် ဆိုင်ပြိုင်တိုက်လှန်နေကြရသည်။ သို့တိုင် ယေဟောဝါ၏ကျေးကျွန်များသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ အထူးနည်းလမ်းများဖြင့် အကျိုးခံစားကြရသည်။

၃။ ခရစ်ယာန်များသည် အဘယ်နည်းများဖြင့် “အသက်ကြီးသောကာလတွင်ပင် အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်” နည်း။

ဘုရားသခင့်နှုတ်မြွက်စကားတော်က ‘ယေဟောဝါ၏အိမ်တော်၌ စိုက်ပျိုးသောသူတို့သည် . . . အသက်ကြီးသောကာလတွင်ပင် အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်’ ဟုအာမခံထားသည်။ (ဆာလံ ၉၂:၁၃၊ ၁၄) ဘုရားသခင်၏တည်ကြည်သောကျေးကျွန်များသည် ရုပ်ခန္ဓာက ဆုတ်ယုတ်ကျဆင်းနေလျှင်ပင် ဘုရားသခင့်အမှုတော်ဆောင်ခြင်းတွင် ဆက်၍တိုးတက်၊ ရှင်သန်၊ အောင်မြင်နိုင်သည့် အခြေခံအမှန်တရားကို ဆာလံဆရာက ဥပစာစကားဖြင့် ဖော်ပြထားသည်။ ကျမ်းစာပါပုံနမူနာများနှင့် မျက်မှောက်ခေတ်ပုံနမူနာများက ယင်းအဆိုမှန်ကန်ကြောင်း သက်သေထူသည်။

“မခွာဘဲနေ၏”

၄။ သက်ကြီးရွယ်အို ပရောဖက်မအန္နသည် ဘုရားသခင်အပေါ် မိမိ၏တည်ကြည်မှုကို မည်သို့ပြခဲ့သနည်း။ မည်သို့ဆုချခံခဲ့ရသနည်း။

ပထမရာစုအချိန်က ပရောဖက်မအန္နကို သုံးသပ်ကြည့်ပါ။ အသက် ၈၄ နှစ်အရွယ်တွင် သူသည် ‘ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညမပြတ်ဘုရားသခင်၏ဝတ်ကိုပြု၍ ဝတ်ပြုရာအိမ်တော်နှင့် မခွာဘဲနေ၏။’ ဖခင်မှာ လေဝိအမျိုးမဟုတ်၊ “အာရှာအမျိုး” ဖြစ်သည့်ပြင် အမျိုးသမီးတစ်ဦးအနေနှင့် အန္နသည် စာသားအတိုင်း ဝတ်ပြုရာအိမ်တော်တွင်နေ၍မရနိုင်ပါ။ နံနက်ဝတ်ပြုချိန်တွင် ရောက်ရှိနေပြီး ညနေဝတ်ပြုချိန်အထိ ရှိနေဖို့ မည်မျှအားထုတ်ခဲ့ရမည်ကို စဉ်းစားကြည့်ပါ။ သို့သော် သူ၏တည်ကြည်မှုကြောင့် ကြွယ်ဝစွာဆုချခံခဲ့ရသည်။ ပညတ်တရားအရ ယောသပ်နှင့်မာရိသည် သူငယ်ယေရှုကို ယေဟောဝါထံဆက်ကပ်ဖို့ ဝတ်ပြုရာအိမ်တော်သို့ ခေါ်ဆောင်လာချိန်တွင် အန္နသည် ထိုတွင်ရှိနေခဲ့သည်။ ယေရှုကိုမြင်သည်နှင့် အန္နသည် ‘ထာဝရဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကာ ယေရုရှလင်မြို့၌ ရွေးနုတ်ခြင်းအရာကိုမျှော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏အကြောင်းကို ပြောလေ၏။’—⁠လုကာ ၂:၂၂-၂၄၊ ၃၆-၃၈; တောလည်ရာ ၁၈:၆၊ ၇

၅၊ ၆။ ယနေ့ သက်ကြီးရွယ်အိုများစွာသည် အန္နကဲ့သို့သောစိတ်ဓာတ်ကို အဘယ်နည်းများဖြင့် တင်ပြနေကြသနည်း။

ယနေ့ ကျွန်ုပ်တို့အလယ်တွင်ရှိသော သက်ကြီးရွယ်အိုများစွာသည် အန္နကဲ့သို့ အစည်းအဝေးပုံမှန်တက်ရောက်ကြသည်၊ မှန်သောဝတ်ပြုရေးတိုးတက်ရန် ထက်ထက်သန်သန်ဆုတောင်းပေးကြသည်၊ သတင်းကောင်းဟောပြောလိုသည့်ဆန္ဒ ရှင်သန်ဆဲဖြစ်ကြသည်။ မိမိဇနီးနှင့်အတူ ခရစ်ယာန်အစည်းအဝေးများကို ပုံမှန်တက်ရောက်သူ အသက် ၈၀ ကျော်ပြီဖြစ်သော ညီအစ်ကိုတစ်ဦး ဤသို့ပြော၏– “အစည်းအဝေးတွေတက်တဲ့အကျင့်ရှိဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ကြတယ်။ တခြားတစ်နေရာရာမှာ ရှိမနေချင်ဘူး။ ဘုရားသခင့်လူမျိုးရှိတဲ့နေရာမှာပဲ ရှိနေချင်တယ်။ အဲဒီနေရာက ကျွန်တော်တို့ကို စိတ်ပျော်စေတယ်။” အားလုံးအတွက် အားပေးမှုဖြစ်စေသော ပုံနမူနာပင်။—⁠ဟေဗြဲ ၁၀:၂၄၊ ၂၅

“မှန်သောဝတ်ပြုကိုးကွယ်မှုနှင့်သက်ဆိုင်သည့် အရာတစ်ခုခုပေါ်လာလျှင် ကျွန်ုပ်လည်း ပါဝင်ပတ်သက်လိုပြီး ယင်းကို ကျွန်ုပ် လုပ်ဆောင်လိုပါသည်။” ဤသည်မှာ အသက် ၈၀ ကျော်ပြီဖြစ်သော ခရစ်ယာန်မုဆိုးမဖြစ်သူ ဂျင်းန်၏ဆောင်ပုဒ်တိုလေးဖြစ်သည်။ သူဤသို့ဆက်ဖော်ပြထား၏– “ကျွန်ုပ်ဝမ်းနည်းသော အချိန်များတော့ရှိပါသည်၊ သို့သော် ကျွန်ုပ်ဝမ်းနည်းနေချိန်တွင် အခြားသူများကိုလည်း ကျွန်ုပ်အနားတွင် အဘယ်ကြောင့်ဝမ်းနည်းစေရမည်နည်း။” တည်ဆောက်မှုဖြစ်စေသော ဝတ်ပြုရေးအခါသမယများအတွက် အခြားဒေသများသို့လည်ပတ်ခြင်း၏ ရွှင်လန်းမှုအကြောင်းကို တောက်ပသည့်မျက်လုံးများဖြင့် သူပြောပြတတ်သည်။ မကြာသေးမီကသွားခဲ့သောခရီးစဉ်တစ်ခုတွင် သူ၏အဖော်များအား “နောက်ထပ်ရဲတိုက်တွေကို သွားမကြည့်ချင်တော့ဘူး၊ လယ်ကွင်းအမှုဆောင်လုပ်ငန်းကိုပဲ သွားချင်တယ်” ဟုသူပြောခဲ့သည်။ ဒေသခံဘာသာစကားကို သူနားမလည်သည့်တိုင် ဂျင်းန်သည် သမ္မာကျမ်းစာသတင်းကို လူများစိတ်ဝင်စားလာစေရန် လှုံ့ဆော်ပေးနိုင်စွမ်းရှိသည်။ ထို့ပြင် ဘာသာစကားအသစ်သင်ယူဖို့လိုသည့်အပြင် အစည်းအဝေးတစ်ခါတက်တိုင်း တစ်နာရီကြာသွားရသည့် အကူအညီလိုအပ်နေသော အသင်းတော်တစ်ခုတွင် သူအမှုဆောင်နေသည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။

စိတ်ဓာတ်ကိုထက်သန်နေစေခြင်း

၇။ မောရှေသည် ဇရာအိုအရွယ်တွင် ဘုရားသခင်နှင့်သူ၏ဆက်ဆံရေး ပိုကောင်းစေလိုသည့်သူ၏ဆန္ဒကို မည်သို့ဖော်ပြခဲ့သနည်း။

အသက်ကြီးလာသည်နှင့်အမျှ ဘဝအတွေ့အကြုံ ရရှိလာကြသည်။ (ယောဘ ၁၂:၁၂) သို့သော် ဘုရားသခင်နှင့်ဆက်ဆံရေးတိုးတက်မှုများသည် အသက်ပေါ်မူတည်ပြီး အလိုအလျောက် ရရှိမလာပါ။ ထို့ကြောင့် ယခင်က ဆည်းပူးခဲ့သောအသိပညာအပေါ်သာ မှီခိုမည့်အစား ဘုရားသခင်၏တည်ကြည်သောကျေးကျွန်များသည် အသက်ကြီးလာသည်နှင့်အမျှ ‘အသိပညာတိုးပွား’ ရန် ကြိုးစားကြသည်။ (သု. ၉:၉) မောရှေအား ယေဟောဝါတာဝန်ပေးချိန်တွင် သူသည် အသက် ၈၀ ရှိနေပြီဖြစ်သည်။ (ထွက်မြောက်ရာ ၇:၇) “အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ်အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့် . . . ပါ၏” ဟုသူရေးခဲ့ခြင်းက သူ့ခေတ်တွင် ထိုအသက်အရွယ်အထိ အသက်ရှင်ခြင်းသည် ဖြစ်ခေါင့်ဖြစ်ခဲဖြစ်ပုံရသည်။ (ဆာလံ ၉၀:၁၀) သို့တိုင် မိမိသည် သင်ယူရန်အသက်ကြီးလွန်းပြီဟု မောရှေတစ်ခါမျှ မယူမှတ်ခဲ့ပါ။ ဘုရားသခင့်အမှုတော်တွင် အခွင့်ထူးများစွာနှင့် ကြီးလေးသည့်တာဝန်များကို ဆယ်စုနှစ်ချီ ရွှင်လန်းစွာဆောင်ရွက်ပြီးနောက် မောရှေသည် “အကျွန်ုပ်သိပါမည်အကြောင်း ကိုယ်တော်၏လမ်းကိုပြတော်မူပါ” ဟုယေဟောဝါထံ အသနားခံခဲ့သည်။ (ထွက်မြောက်ရာ ၃၃:၁၃) မောရှေသည် ယေဟောဝါနှင့် သူ၏ဆက်ဆံရေး ပိုကောင်းလာစေလိုသည့်ဆန္ဒ အမြဲရှိခဲ့သည်။

၈။ ဒံယေလသည် အသက် ၉၀ ကျော်အရွယ်တွင် သူ၏စိတ်ဓာတ်ကိုထက်သန်နေစေရန် မည်သို့လုပ်ဆောင်ခဲ့သနည်း၊ အဘယ်ရလဒ် ရရှိခဲ့သနည်း။

ပရောဖက်ဒံယေလသည် ဖြစ်နိုင်သည်မှာ အသက် ၉၀ ကျော်အရွယ်လောက်တွင် သန့်ရှင်းသောကျမ်းစောင်များကို အသေအချာဆန်းစစ်ကြည့်ရှုနိုင်ဆဲဖြစ်သည်။ ဝတ်ပြုရာ၊ ဟေရှာယ၊ ယေရမိ၊ ဟောရှေနှင့် အာမုတ်ကျမ်းတို့ဖြစ်ဖွယ်ရှိသော “ကျမ်းစာ” ကိုလေ့လာရာမှ သူသိရှိသဘောပေါက်ရာများက စိတ်အားထက်သန်စွာဆုတောင်းကာ ယေဟောဝါကိုရှာရန် သူ့အား လှုံ့ဆော်ပေးခဲ့သည်။ (ဒံယေလ ၉:၁၊ ၂) မေရှိယကြွလာခြင်းနှင့် အနာဂတ်စင်ကြယ်သောဝတ်ပြုရေးတို့နှင့်ပတ်သက်သော မှုတ်သွင်းခံအချက်အလက်များဖြင့် သူ၏ဆုတောင်းချက် ဖြေကြားခံခဲ့ရသည်။—⁠ဒံယေလ ၉:၂၀-၂၇

၉၊ ၁၀။ စိတ်ဓာတ်ကိုထက်သန်နေစေရန် အချို့သူတို့ အဘယ်အရာလုပ်ဆောင်ခဲ့ကြသနည်း။

မောရှေနှင့် ဒံယေလကဲ့သို့ပင် ကျွန်ုပ်တို့သည် တတ်စွမ်းနိုင်သရွေ့ ဘုရားသခင်နှင့်ဆိုင်သော အရေးကိစ္စများကို အာရုံစိုက်ခြင်းဖြင့် ကျွန်ုပ်တို့၏စိတ်ဓာတ်ကို ထက်သန်နေစေရန် ကြိုးစားနိုင်သည်။ များစွာသောသူတို့သည် ထိုသို့လုပ်ဆောင်နေကြသည်။ အသက် ၈၀ ကျော်အရွယ်၊ ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်သူ ဝေါ့သ်သည် ‘တည်ကြည်ပြီး သတိပညာရှိကျေးကျွန်’ စီမံပေးသော ဝိညာဉ်ရေးဆိုင်ရာ အစားအစာဖြစ်သည့် နောက်ဆုံးရှင်းပြချက်များနှင့်အညီ ရင်ပေါင်တန်းနေရန် ကြိုးစားအားထုတ်သည်။ (မဿဲ ၂၄:၄၅) သူဤသို့ပြော၏– “ကျွန်တော် အမှန်တရားကို အရမ်းမြတ်နိုးတယ်၊ အမှန်တရားအလင်း ထွန်းလင်းသထက် ထွန်းလင်းလာတာကိုမြင်ရတာ အရမ်းပီတိဖြစ်မိတယ်။” (သု. ၄:၁၈) အလားတူပင် အချိန်ပြည့်အမှုဆောင်လုပ်ငန်းတွင် နှစ်ပေါင်း ၆၀ ကျော်ပါဝင်ခဲ့သူ ဖရက်ဒ်သည် ယုံကြည်သူချင်းများနှင့် သမ္မာကျမ်းစာဆွေးနွေးခန်းများအစပြုရခြင်းက သူ့အား လန်းဆန်းမှုဖြစ်စေကြောင်း တွေ့ရှိသည်။ သူဤသို့ပြော၏– “ကျွန်တော့်ရဲ့စိတ်ထဲမှာ သမ္မာကျမ်းစာကို ရှင်သန်နေစေရတယ်။ သင့်ရဲ့အသက်တာမှာ သမ္မာကျမ်းစာကို အဓိပ္ပာယ်ရှိရှိ ရှင်သန်နေစေပြီး သင်ယူသိရှိတဲ့အရာတွေကို လိုက်လျှောက်ရမယ့် ‘တရားစကားပုံစံ’ ထဲကို အံဝင်ခွင်ကျအောင်ထည့်သွင်းနိုင်မယ်ဆိုရင် အဲဒီသင်ယူသိရှိထားတဲ့အရာတွေဟာ သီးခြားအချက်အလက် အပိုင်းအစလေးတွေလောက်ပဲ ဖြစ်နေမှာမဟုတ်တော့ဘူး။ အဲဒီအပိုင်းအစတစ်ခုစီဟာ နေရာတကျစီစီရီရီ လင်းလက်လှပနေတာကို သင်တွေ့ရှိရပါလိမ့်မယ်။”—⁠၂ တိမောသေ ၁:၁၃ကဘ။

၁၀ အသက်အရွယ်အိုမင်းမှုကြောင့် အသစ်သောအရာ၊ ခက်ခဲသောအရာတို့ကို သင်ယူ၍မရတော့ဟု မယူမှတ်ပါနှင့်။ အသက် ၆၀၊ ၇၀ ကျော်နှင့် ၈၀ ကျော်တို့ပင်လျှင် စာရေးတတ်ဖတ်တတ်လာပြီး ဘာသာစကားအသစ်များ သင်ယူတတ်မြောက်ခဲ့ကြသည်။ ယေဟောဝါသက်သေအချို့သည် လူမျိုးခြားတို့ကို သတင်းကောင်းဝေငှမည်ဟူသော ရည်ရွယ်ချက်ဖြင့် ယင်းသို့ပြုလုပ်ခဲ့ကြသည်။ (မာကု ၁၃:၁၀) ဟယ်ရီနှင့် သူ၏ဇနီးသည် ပေါ်တူဂီရပ်ကွက်တွင် အကူအညီပေးရန် ဆုံးဖြတ်ချက်ချချိန်တွင် အသက် ၇၀ နီးပါးရှိနေကြပြီဖြစ်သည်။ ဟယ်ရီဤသို့ပြောပြ၏– “အသက်ကြီးနေပြီဖြစ်တဲ့အတွက် ဘဝရဲ့ဘယ်တာဝန်မဆိုဟာ ပိုခက်ခဲတယ်ဆိုတာ ဝန်ခံပါတယ်။” သို့သော် ကြိုးစားအားထုတ်မှုနှင့် မလျှော့သောဇွဲတို့ဖြင့် သူတို့သည် ပေါ်တူဂီလူမျိုးတို့နှင့် ကျမ်းစာသင်အံမှုများကို ကျင်းပနိုင်ခဲ့ကြသည်။ နှစ်အတန်ကြာပြီဖြစ်သော ယခုအချိန်တွင် ဟယ်ရီသည် ထိုဘာသာစကားအသစ်ဖြင့် ခရိုင်စည်းဝေးကြီးဟောပြောချက်များကိုပင် ပေးနေပြီဖြစ်သည်။

၁၁။ တည်ကြည်သောသက်ကြီးရွယ်အိုတို့၏ ပြီးမြောက်အောင်မြင်မှုများကို အဘယ်ကြောင့်သုံးသပ်ရသနည်း။

၁၁ ထိုစိန်ခေါ်ချက်များကိုလက်ခံစေသည့် ကျန်းမာရေး သို့မဟုတ် အခြေအနေများ ယောက်တိုင်းတွင်တော့ ရှိမည်မဟုတ်ပါ။ သို့ဖြစ်လျှင် သက်ကြီးရွယ်အိုအချို့ ပြီးမြောက်အောင်မြင်ခဲ့ရာကို အဘယ်ကြောင့်သုံးသပ်ရသနည်း။ အားလုံးသည် တညီတည်းပြီးမြောက်အောင်မြင်ရန် ကြိုးစားသင့်သည်ဟု ဆိုလိုခြင်းမဟုတ်သည်မှာ အသေအချာပင်။ ယင်းအစား တည်ကြည်သောအသင်းတော်အကြီးအကဲများနှင့်ပတ်သက်၍ ဟေဗြဲခရစ်ယာန်များထံ တမန်တော်ပေါလုရေးသားခဲ့သည့် သဘောဖြင့်ဖြစ်သည်– ‘သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူသည်ကို စေ့စေ့ဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို မီအောင်လိုက်ကြလော့။’ (ဟေဗြဲ ၁၃:၇) ထိုဇွဲရှိသည့်ပုံနမူနာများကို ဆင်ခြင်သည့်အခါ ထိုသက်ကြီးရွယ်အိုတို့အား ဘုရားသခင့်အမှုတော်ဆောင်စေရန် လှုံ့ဆော်ပေးသည့် ခိုင်မာသောယုံကြည်ခြင်းကို တုပရန် အားပေးခံရနိုင်ပါသည်။ ယခု အသက် ၈၇ နှစ်ရှိပြီဖြစ်သော ဟယ်ရီသည် မိမိအားလှုံ့ဆော်ပေးသည့်အရာနှင့်ပတ်သက်၍ ဤသို့ရှင်းပြ၏– “ကျန်ရှိသေးတဲ့ ကျွန်တော့်ရဲ့အချိန်တွေကို ပညာရှိရှိအသုံးပြုချင်တယ်၊ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ကျွန်တော်ပါဝင်နိုင်သရွေ့ အသုံးဝင်တဲ့သူတစ်ဦးဖြစ်ချင်တယ်။” အစပိုင်းတွင်ဖော်ပြခဲ့သော ဖရက်ဒ်သည် ဗေသလတာဝန်ထမ်းဆောင်ရာတွင် စိတ်ကျေနပ်မှုကို ခံစားရသည်။ သူဤသို့ပြော၏– “ယေဟောဝါရဲ့အမှုတော်ကို သင်အတတ်နိုင်ဆုံး ဘယ်လိုလုပ်ဆောင်နိုင်တယ်၊ အဲဒီမှာဘယ်လိုစွဲမြဲနေနိုင်တယ်ဆိုတာကို သင်ရှာကိုရှာတွေ့ရမယ်။”

အခြေအနေများပြောင်းလဲသည့်ကြားမှ တည်ကြည်ကြ

၁၂၊ ၁၃။ ဗာဇိလဲသည် သူ၏အခြေအနေပြောင်းလဲနေပြီဖြစ်သည့်တိုင် ဘုရားသခင်အားတည်ကြည်မှုကို မည်သို့တင်ပြခဲ့သနည်း။

၁၂ ကာယပိုင်းပြောင်းလဲမှုများကို အရှိအတိုင်းလက်ခံကာ နေထိုင်သွားရန်မှာ ခက်ခဲနိုင်ပါသည်။ သို့တိုင် ထိုအပြောင်းအလဲများကြားမှ ဘုရားသခင်အား ဆက်၍တည်ကြည်နိုင်ပါသည်။ ယင်းနှင့်ပတ်သက်၍ ဂိလဒ်အမျိုးသား ဗာဇိလဲသည် ပုံသက်သေကောင်းတစ်ခုဖြစ်သည်။ အသက် ၈၀ အရွယ်တွင် ဒါဝိဒ်နှင့် သူ၏လူတို့အပေါ် အထူးဧည့်ဝတ်ကျေပွန်မှုကို တင်ပြခဲ့သည်၊ အဗရှလုံပုန်ကန်ချိန်အတွင်း အစားအစာနှင့် နေစရာတို့ကို ပြင်ဆင်ပေးခဲ့သည်။ ယေရုရှလင်မြို့သို့ ဒါဝိဒ်ပြန်သည့်အခါ ဗာဇိလဲသည် ယော်ဒန်မြစ်တစ်ဖက်သို့ကူးကာ လိုက်ပို့ခဲ့သည်။ ဒါဝိဒ်က ဗာဇိလဲအား နန်းတော်တွင်လိုက်နေရန် ကမ်းလှမ်းသောအခါ ဗာဇိလဲ မည်သို့တုံ့ပြန်ခဲ့သနည်း။ “ယနေ့ ကျွန်တော် အသက်ရှစ်ဆယ်ရှိပါပြီ။ . . . ကိုယ်တော်ကျွန်သည် အစားအသောက်အရသာကို မြည်းနိုင်ပါမည်လော။ သီချင်းသည်ယောက်ျား၊ သီချင်းသည်မိန်းမဆိုသောအသံကို ကြားနိုင်ပါမည်လော။ . . . သို့ရာတွင် ကိုယ်တော်ကျွန် ခိမဟံရှိပါ၏။ အရှင်မင်းကြီးနှင့်အတူ လိုက်စေတော်မူပါ။ စိတ်တော်ရှိသည်အတိုင်း သူ၌ပြုတော်မူပါဟု လျှောက်လေ၏။”—⁠၂ ဓမ္မရာဇဝင် ၁၇:၂၇-၂၉; ၁၉:၃၁-၄၀

၁၃ သူ၏အခြေအနေပြောင်းလဲနေပြီဖြစ်သည့်တိုင် ဗာဇိလဲသည် ယေဟောဝါခန့်အပ်ထားသောဘုရင်ကိုထောက်မရန် သူလုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ခဲ့သည်။ သူ၏ရသာရုံ၊ အကြားအာရုံတို့ ပျောက်ကုန်ပြီကို သူအသိအမှတ်ပြုသော်လည်း ယင်းကြောင့် စိတ်ပျက်နာကြည်းနေခြင်းမရှိခဲ့ပါ။ ယင်းအစား ဗာဇိလဲသည် မိမိအားကမ်းလှမ်းသည့် အခွင့်ထူးများကို ခိမဟံရရှိစေရန် တစ်ကိုယ်ကောင်းစိတ်ကင်းစွာ ထောက်ခံပေးခြင်းဖြင့် သူ၏အတွင်းစိတ်သဘောထားကို ဖော်ပြခဲ့သည်။ ဗာဇိလဲကဲ့သို့ပင် ယနေ့ သက်ကြီးရွယ်အိုများသည် တစ်ကိုယ်ကောင်းမဆန်သည့်သဘောထားနှင့် ရက်ရောမှုကို တင်ပြကြသည်။ မှန်သောဝတ်ပြုရေးကို ထောက်မရန် သူတို့လုပ်ဆောင်နိုင်ရာကိုလုပ်ဆောင်ကြပြီး “ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ” ကြောင်းကိုလည်း သိထားကြသည်။ တည်ကြည်သူတို့ ကျွန်ုပ်တို့အလယ်တွင်ရှိနေခြင်းသည် ကောင်းချီးတစ်ရပ်ပင်။—⁠ဟေဗြဲ ၁၃:၁၆

၁၄။ ဒါဝိဒ်၏ဇရာအရွယ်အကြောင်းက ဆာလံ ၃၇:၂၃-၂၅ တွင်မှတ်တမ်းတင်ထားသောစကားများကို မည်သို့ပိုမိုအဓိပ္ပာယ်ရှိစေသနည်း။

၁၄ နှစ်များတစ်လျှောက် ဒါဝိဒ်၏အခြေအနေများ များစွာပြောင်းလဲခဲ့သော်လည်း တည်ကြည်သောကျေးကျွန်များအပေါ် ယေဟောဝါ၏ဂရုစိုက်မှုသည် ဘယ်တော့မျှမပြောင်းလဲကြောင်း သူဆက်၍ယုံကြည်စိတ်ချခဲ့သည်။ သူ၏အသက်တာအဆုံးပိုင်းအချိန်တွင် ယနေ့ ဆာလံ ၃၇ အဖြစ်သိထားသောသီချင်းကို ဒါဝိဒ်စပ်ဆိုခဲ့သည်။ အလေးအနက်သဘောထားဖြင့် ဤစာသားများကို စောင်းတီးကာသီဆိုနေသော ဒါဝိဒ်ကို မြင်ယောင်ကြည့်ပါ– ‘ကောင်းသောသူ၏ခြေရာတို့ကို ယေဟောဝါသည် ပဲ့ပြင်၍ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။ ထိုသူသည် လဲသော်လည်းဆုံးရာသို့မရောက်ရ။ အကြောင်းမူကား ယေဟောဝါသည် သူ၏လက်ကို ကိုင်မတော်မူ၏။ ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင် မမြင်စဖူး။’ (ဆာလံ ၃၇:၂၃-၂၅) ဤမှုတ်သွင်းခံဆာလံကျမ်းထဲတွင် ဒါဝိဒ်၏ဇရာအရွယ်အကြောင်းဖော်ပြချက် ပါဝင်ရန်သင့်လျော်ကြောင်း ယေဟောဝါ တွေ့မြင်တော်မူခဲ့သည်။ ယင်းသည် ပိုမိုပြင်းပြလှိုက်လှဲနွေးထွေးသော စကားလုံးများပင်တည်း!

၁၅။ တမန်တော်ယောဟန်သည် အခြေအနေအပြောင်းအလဲများနှင့် အိုမင်းမစွမ်းဖြစ်နေသည့်ကြားမှ တည်ကြည်မှုရှိသူအဖြစ် မည်သို့ပုံနမူနာပြခဲ့သနည်း။

၁၅ တမန်တော်ယောဟန်သည် အခြေအနေအပြောင်းအလဲများနှင့် အိုမင်းမစွမ်းဖြစ်နေသည့်ကြားမှ တည်ကြည်မှုရှိသူ နောက်ထပ်ပုံနမူနာတစ်ခုဖြစ်သည်။ ဘုရားသခင့်အမှုတော်ကို နှစ်ပေါင်း ၇၀ နီးပါးအမှုဆောင်ပြီးနောက် ယောဟန်သည် “ဘုရားသခင့်အကြောင်းကိုပြောခြင်း၊ ယေရှုအကြောင်းသက်သေခံခြင်းကြောင့်” ပတ်မုကျွန်းသို့ ပြည်နှင်ခံခဲ့ရသည်။ (ဗျာ. ၁:၉ကဘ) သို့တိုင် သူ၏အလုပ် မပြီးဆုံးခဲ့ပါ။ ယောဟန်ရေးသားခဲ့သော သမ္မာကျမ်းစာတွင်ပါသည့် ကျမ်းစောင်အားလုံးသည် သူ၏အသက်တာ အဆုံးပိုင်းအချိန်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ ပတ်မုကျွန်းတွင်ရှိစဉ် နောင်ဖြစ်မည့်အကြောင်းနှင့်စပ်လျဉ်း၍ အံ့သြမိန်းမောဖွယ်စိတ်အာရုံကို မြင်တွေ့ ခဲ့ရပြီး ယင်းကို အသေအချာ ချရေးခဲ့ရသည်။ (ဗျာ. ၁:၁၊ ၂) ရောမဧကရာဇ် နားဗာအုပ်ချုပ်ချိန်အတွင်း ပြည်နှင်ခံရသည့်အဖြစ်မှ လွတ်မြောက်ခဲ့သည်ဟု အများအားဖြင့်ယူမှတ်ကြသည်။ ယင်းနောက်ပိုင်း အေဒီ ၉၈ ခန့်၊ သူ၏အသက် ၉၀၊ သို့မဟုတ် ၁၀၀ ခန့်အရွယ်တွင် ယောဟန်သည် မိမိအမည်တပ်ထားသော စာသုံးစောင်ကို ရေးသားခဲ့သည်။

မှေးမှိန်ပျောက်ကွယ်သွားမည်မဟုတ်သောခံနိုင်ရည်ရှိခြင်းဆိုင်ရာ မှတ်တမ်းတစ်ခု

၁၆။ ပြောဆိုဆက်သွယ်သည့်စွမ်းရည် ယုတ်လျော့ကျဆင်းလာကြသူတို့သည် ယေဟောဝါအပေါ် မိမိတို့၏တည်ကြည်မှုကို မည်သို့တင်ပြနိုင်ကြသနည်း။

၁၆ အကန့်အသတ်ဖြစ်မှုများသည် ပုံစံမျိုးစုံနှင့် မတူညီသောအတိုင်းအတာဖြင့် ဖြစ်လာနိုင်ပါသည်။ ဥပမာ၊ အချို့သူတို့သည် ပြောဆိုဆက်သွယ်သည့်စွမ်းရည်ပင် ယုတ်လျော့ကျဆင်းလာကြသည်။ သို့သော် ဘုရားသခင့်မေတ္တာတော်နှင့် ကိုယ်တော်၏မဟာကြင်နာမှုဆိုင်ရာ နှစ်သက်ဖွယ်အမှတ်တရများနှင့် ပျော်မွေ့ကြဆဲဖြစ်သည်။ သူတို့၏နှုတ်ဖြင့်ပြောရန် အကန့်အသတ်ရှိနိုင်ကြသော်လည်း သူတို့၏နှလုံးထဲတွင် ယေဟောဝါအား ဤသို့ပြောနေကြ၏– “ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက်နေပါ၏။” (ဆာလံ ၁၁၉:၉၇) ယေဟောဝါဘက်မှလည်း “နာမတော်ကိုအောက်မေ့သောသူတို့” ကို ကိုယ်တော်သိရှိတော်မူပြီး ကိုယ်တော်၏နည်းလမ်းတော်များကို ဂရုမစိုက်ကြသော လူသားထုအများစုနှင့် ကွဲပြားခြားနားသည့် ထိုကဲ့သို့သောသူတို့ကို ကိုယ်တော် တန်ဖိုးထားလေးမြတ်တော်မူ၏။ (မာလခိ ၃:၁၆; ဆာလံ ၁၀:၄) ကျွန်ုပ်တို့၏စိတ်နှလုံးအကြံအစည်သည် ယေဟောဝါရှေ့တော်တွင် နှစ်သက်ဖွယ်ဖြစ်ကြောင်း သိရခြင်းသည် အလွန်နှစ်သိမ့်မှုဖြစ်စေသည်။—⁠၁ ရာဇဝင်ချုပ် ၂၈:၉; ဆာလံ ၁၉:၁၄

၁၇။ ယေဟောဝါ၏သက်တမ်းကြာကျေးကျွန်တို့သည် အမှန်ပင်ထူးခြားသော အဘယ်အရာကို ပိုင်ဆိုင်ကြသနည်း။

၁၇ လျစ်လျူမရှုသင့်သည့်အရာမှာ ယေဟောဝါ၏အမှုတော်ကို ဆယ်စုနှစ်ချီ တည်ကြည်စွာ ထမ်းဆောင်ခဲ့ကြသူတို့သည် အမှန်ပင်ထူးခြားသော၊ အခြားမည်သည့်နည်းလမ်းနှင့်မျှမရနိုင်သော မှေးမှိန်ပျောက်ကွယ်သွားမည်မဟုတ်သည့် ခံနိုင်ရည်ရှိခြင်းဆိုင်ရာ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ကြသည် ဟူသည့်အချက်ဖြစ်သည်။ ယေရှု ဤသို့မိန့်တော်မူခဲ့၏– “သင်တို့သည် တည်ကြည်သော [ခံနိုင်ရည်ရှိခြင်း] အားဖြင့် ကယ်တင်ခြင်းသို့ရောက်ကြလော့။” (လုကာ ၂၁:၁၉) ခံနိုင်ရည်ရှိခြင်းသည် ထာဝရအသက်ရရန် မရှိမဖြစ်သောအရာဖြစ်သည်။ “ဘုရားသခင်၏အလိုတော်ကိုဆောင်” ရွက်ခဲ့ကြပြီး အသက်တာလမ်းစဉ်အားဖြင့် တည်ကြည်ကြောင်းတင်ပြကြသူ အသင်တို့သည် “ကတိတော်အတိုင်း အကျိုးကိုရ” ရန်မျှော်လင့်နိုင်ကြပါသည်။—⁠ဟေဗြဲ ၁၀:၃၆

၁၈။ (က) သက်ကြီးရွယ်အိုများနှင့်ပတ်သက်၍ အဘယ်အရာက ယေဟောဝါအား အထူးနှစ်မြို့စေသနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်း သုံးသပ်ကြမည်နည်း။

၁၈ သင့်လုပ်ဆောင်နိုင်မှုသည် များသည်ဖြစ်စေ၊ နည်းသည်ဖြစ်ပါစေ သင်၏စိုးလ်အကြွင်းမဲ့လုပ်ဆောင်နေမှုကို ယေဟောဝါတန်ဖိုးထားတော်မူ၏။ သက်ကြီးရွယ်အိုတစ်ဦးအနေနှင့် ‘အပြင်လူ’ သည် မည်သို့ပင်ဖြစ်နေပါစေ “အတွင်းလူ” မှာမူ တစ်နေ့ထက်တစ်နေ့ ပြုပြင်ခြင်းခံရနိုင်ပါသည်။ (၂ ကောရိန္သု ၄:၁၆) အတိတ်က သင်လုပ်ဆောင်ခဲ့သော ပြီးမြောက်အောင်မြင်မှုများကို ယေဟောဝါတန်ဖိုးထားတော်မူကြောင်း သံသယရှိစရာမလိုပါ၊ ထို့ပြင် ကိုယ်တော်၏နာမတော်အတွက် ယခု သင်လုပ်ဆောင်နေသည့်အရာများကိုလည်း ကိုယ်တော်တန်ဖိုးထားကြောင်း အထူးထင်ရှားပါသည်။ (ဟေဗြဲ ၆:၁၀) ထိုသို့သောတည်ကြည်မှု၏ ကြီးမားသည့်အကျိုးကျေးဇူးများကို နောက်ဆောင်းပါးတွင် သုံးသပ်ကြပါမည်။

သင်မည်သို့ဖြေဆိုမည်နည်း

• အန္နသည် ယနေ့ သက်ကြီးရွယ်အိုခရစ်ယာန်များအတွက် အဘယ်ပုံသက်သေကောင်း ပြသခဲ့သနည်း။

• အသက်အရွယ်ကြီးရင့်မှုသည် လူတစ်ယောက်လုပ်ဆောင်နိုင်ရာကို လုံးလုံးကန့်သတ်လိုက်ခြင်း အဘယ်ကြောင့်မဟုတ်သနည်း။

• သက်ကြီးရွယ်အိုများသည် ဘုရားသခင်အား တည်ကြည်ကြောင်း မည်သို့ဆက်၍တင်ပြနိုင်သနည်း။

• သက်ကြီးရွယ်အိုများ ယေဟောဝါ၏အမှုတော်ဆောင်ရွက်ခြင်းကို ကိုယ်တော်မည်သို့ရှုမြင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

သက်ကြီးရွယ်အိုဒံယေလသည် ယုဒလူမျိုး ပြည်နှင်ခံရသည့် ကြာချိန်ကို “ကျမ်းစာ” အားဖြင့်သိရှိခဲ့

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံများ]

သက်ကြီးရွယ်အိုများစွာသည်အစည်းအဝေးပုံမှန်တက်ရောက်ခြင်း၊ဇွဲနှင့်ဟောပြောခြင်း၊ သင်ယူလိုစိတ်ထက်သန်ခြင်းတို့တွင် ပုံသက်သေဖြစ်ကြ