မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှောလု မိတ်ဆွေဟောင်း၊ ရန်သူဟောင်းများနှင့်တွေ့ဆုံခြင်း

ရှောလု မိတ်ဆွေဟောင်း၊ ရန်သူဟောင်းများနှင့်တွေ့ဆုံခြင်း

ရှောလု မိတ်ဆွေဟောင်း၊ ရန်သူဟောင်းများနှင့်တွေ့ဆုံခြင်း

တမန်တော်ပေါလုအဖြစ် နောက်ပိုင်းတွင် လူသိများလာသူ ရှောလုသည် ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီးမှ ယေရုရှလင်မြို့သို့ ဦးဆုံးအကြိမ်ပြန်လာချိန်တွင် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရ၏။ * လွန်ခဲ့သောသုံးနှစ်တွင် သူသည် ယေရှု၏တပည့်များကိုခြိမ်းခြောက်၍ အသေသတ်ခြင်းငှာ ယေရုရှလင်မြို့မှ ဒမာသက်မြို့သို့ထွက်သွားခဲ့သည်။ ထိုမြို့၌ တွေ့သမျှသောခရစ်ယာန်များကို ဖမ်းဆီးခွင့်လည်း ရရှိထားသည်။—⁠တမန်တော် ၉:၁၊ ၂; ဂလာတိ ၁:၁၈

ရှောလု ခရစ်ယာန်ဖြစ်လာသည်နှင့် ရှင်ပြန်ထမြောက်ပြီးသောမေရှိယနှင့်ပတ်သက်၍ သူ၏ယုံကြည်ခြင်းကို ရဲရင့်စွာဟောပြောလေသည်။ ရလဒ်အနေနှင့် ဒမာသက်မြို့ရှိဂျူးတို့သည် သူ့ကိုသတ်လိုခဲ့ကြ၏။ (တမန်တော် ၉:၁၉-၂၅) ယေရုရှလင်မြို့ရှိ ဂျူးမိတ်ဆွေဟောင်းများကော သူ့ကို လှိုက်လှဲစွာကြိုဆိုမည်လော။ မည်သို့ပင်ဖြစ်စေ ယေရုရှလင်ရှိ ခရစ်တော်၏နောက်လိုက်များကိုတွေ့ရှိရန် သူ့အတွက် ပိုအရေးကြီးသည်။ သို့သော် ယင်းသည် လွယ်ကူသည့်ကိစ္စမဟုတ်ပေ။

‘ယေရုရှလင်မြို့သို့ရောက်သောအခါ [ယေရှု၏] တပည့်တို့နှင့်ပေါင်းဖော်မည်ပြုသော် သူသည် တပည့်တစ်ဦးဖြစ်ကြောင်းကို တပည့်အပေါင်းတို့သည်မယုံသဖြင့် သူ့ကိုကြောက်ရွံ့ကြ၏။’ (တမန်တော် ၉:၂၆) ယင်းကို သင်နားလည်နိုင်ပါသည်။ ရက်စက်သောနှိပ်စက်ညှဉ်းပန်းသူအဖြစ်သာ ရှောလုကို သူတို့နောက်ဆုံးသိထားကြသည်။ ယခု မိမိသည် ခရစ်ယာန်တစ်ဦးဖြစ်သည်ဟု သူဆိုခြင်းက အသင်းတော်အတွင်း ဝင်ရောက်နိုင်ရန် ပရိယာယ်တစ်ခုသာဖြစ်မည်ဟု သူတို့မြင်ကြသည်။ ထို့ကြောင့် ယေရုရှလင်ရှိခရစ်ယာန်များသည် သူ့ကိုဝေးဝေးရှောင်ကြ၏။

သို့သော် သူတို့ထဲမှတစ်ဦးက ရှောလုကို ကူညီပေးခဲ့၏။ ထိုသူမှာဗာနဗဖြစ်၏။ သူသည် ရှောလုကိုခေါ်၍ ယေရှု၏ညီယာကုပ်၊ ပေတရု (ကေဖ) တို့ဖြစ်နိုင်ဖွယ်ရှိသော “တမန်တော်များထံသို့ ပို့ဆောင်ပြီးလျှင်” ရှောလု၏ဘာသာပြောင်းဝင်ခြင်းအကြောင်းနှင့် ဒမာသက်မြို့၌ သူ၏ဟောပြောခြင်းအကြောင်းတို့ကို ပြောပြလေသည်ဟု ကျမ်းစာကဆို၏။ (တမန်တော် ၉:၂၇; ဂလာတိ ၁:၁၈၊ ၁၉) ရှောလုအား ဗာနဗ မည်သို့ယုံကြည်လာကြောင်းကိုမူ မဖော်ပြထားပေ။ သူတို့နှစ်ဦး သိကျွမ်းခဲ့သောကြောင့် ရှောလုကို အသေအချာမေးမြန်းပြီးမှ အာမခံခြင်းလော။ သို့မဟုတ် ဗာနဗသည် ဒမာသက်မြို့မှ ခရစ်ယာန်များနှင့် အဆက်အသွယ်ရှိသောကြောင့် ရှောလု ပြောင်းလဲလာကြောင်းကို သိရှိခြင်းလော။ မည်သို့ပင်ဖြစ်ပါစေ၊ ဗာနဗသည် ရှောလုနှင့်ပတ်သက်၍ သံသယမရှိစေရန် ဖြေရှင်းပေးခဲ့သည်။ သို့ ဖြစ်၍ ရှောလုသည် တမန်တော်ပေတရုနှင့် ၁၅ ရက် နေထိုင်ခဲ့သည်။

ပေတရုနှင့် ၁၅ ရက် နေထိုင်ခြင်း

ဂလာတိမြို့သားများထံရေးသောစာတွင် အလေးပေးဖော်ပြထားသည့်အတိုင်း ရှောလုကို မည်သည့်လူသားမျှမဟုတ်ဘဲ ယေရှုကိုယ်တိုင် တိုက်ရိုက်ခန့်အပ်ခဲ့ခြင်းဖြစ်၏။ (ဂလာတိ ၁:၁၁၊ ၁၂) သို့သော် ယေရှု၏ဓမ္မအမှုအကြောင်း ကောင်းစွာသိရန် အရေးကြီးကြောင်း ရှောလုအသိအမှတ်ပြုခဲ့သည်မှာ ထင်ရှားသည်။ ပေတရုနှင့်နေထိုင်ခြင်းကြောင့် ထိုအကြောင်းကို သူသိရှိခွင့်ရခဲ့ပေမည်။ (လုကာ ၂၄:၁၂; ၁ ကောရိန္သု ၁၅:၃-၈) ရှောလုသည် ပေတရုနှင့်ယာကုပ်ကို မေးစရာများစွာရှိသကဲ့သို့ သူတို့ကလည်း ရှောလုမြင်ခဲ့သောမြင်ကွင်းနှင့် ရရှိခဲ့သောတာဝန်အကြောင်း မေးစရာများစွာရှိပေမည်။

မိတ်ဆွေဟောင်းများလက်မှ လွတ်မြောက်လာပုံ

သတေဖန်ကို ပထမရာစုအာဇာနည်ဟု ခေါ်ကြသည်။ ယခင်က သတေဖန်နှင့် ဆွေးနွေးငြင်းခုံခဲ့သူများတွင် “လိဗေရတိန်အပေါင်းအသင်းဝင်သောသူမှစ၍ ကုရေနေပြည်သား၊ အာလေဇန္ဒြီပြည်သား၊ ကိလိကိပြည်သား၊ အာရှိပြည်သားအချို့” ပါဝင်သည်။ ယခု ရှောလုသည် ဂရိစကားပြောဂျူးများဖြစ်သော “ဟေလေနစ်လူတို့နှင့်နှီးနှောပြောဆို” ပြီး ရဲရင့်စွာသက်သေခံလေသည်။ သူတို့ မည်သို့တုံ့ပြန်ကြသနည်း။ သူ့ကို သတ်လိုသည့်အထိဖြစ်သည်။—⁠တမန်တော် ၆:၉; ၉:၂၈၊ ၂၉

ရှောလုသည် မိမိဘဝ၏ အကြီးမားဆုံးအပြောင်းအလဲအကြောင်းနှင့် မေရှိယအကြောင်းကို မိတ်ဆွေဟောင်းများအား ပြောပြလိုမည်မှာ မဆန်းပေ။ သို့သော် ထိုဂရိစကားပြောဂျူးများသည် ရှောလုကို သစ္စာဖောက်အဖြစ်ယူမှတ်သောကြောင့် အကြီးအကျယ်အမျက်ထွက်ကြလေသည်။

မိမိအတွက် မည်မျှအန္တရာယ်ကြီးကြောင်း ရှောလုသိပါသလော။ ဝတ်ပြုရာအိမ်တော်၌ ရှောလုဆုတောင်းစဉ် စိတ်အာရုံတွင် ယေရှုကိုမြင်ခဲ့ရသည်။ ကိုယ်တော်က “သင်သည် ကြိုးစား၍ ယေရုရှလင်မြို့မှ အလျင်အမြန်ထွက်သွားလော့။ ငါ၏အကြောင်းကို သင်သည်ပြော၍ သက်သေခံသောစကားကို ဤလူတို့သည် မခံဘဲနေကြလိမ့်မည်” ဟုမိန့်တော်မူ၏။ ထိုအခါ ရှောလုက “သခင်၊ ကိုယ်တော်ကိုယုံကြည်သောသူတို့ကို အကျွန်ုပ်သည် ထောင်ထဲ၌လှောင်ထား၍ တရားဇရပ်များ၌ရိုက်သည်အကြောင်းကို သူတို့သိကြပါ၏။ ကိုယ်တော်၏သက်သေခံဖြစ်သော သတေဖန်၏အသွေးကိုသွန်းသောအခါ အကျွန်ုပ်သည် အနား၌နေလျက် ကွပ်မျက်ခြင်းအမှုကိုဝန်ခံ၍ ကွပ်မျက်သောသူတို့၏အဝတ်ကို စောင့်နေပါ၏” ဟုပြန်လျှောက်လေသည်။—⁠တမန်တော် ၂၂:၁၇-၂၀

ထိုစကားများအရ အန္တရာယ်ကို ရှောလုသိသည်ဟု အချို့ကယူဆ၏။ အချို့ကမူ ရှောလု ဤသို့ပြောနေခြင်းသာဖြစ်သည်ဟု ယူဆကြသည်– ‘ငါလည်း သူတို့လို ယေရှုတပည့်တွေကို နှိပ်စက်ညှဉ်းပန်းခဲ့ဖူးတာ သူတို့သိတယ်။ အခု ငါဘာသာပြောင်းပြီဆိုတော့ ဒီအကြောင်းကို သူတို့ လေးလေးနက်နက်စဉ်းစားကြမှာပဲ။ သူတို့ အမှန်တရားသိလာအောင် ငါကူညီနိုင်မှာပါ။’ သို့တိုင် ဂျူးတို့သည် ရှောလုကို “အယူဖောက်ပြန်သူ” တစ်ဦးအဖြစ် ယူမှတ်သောကြောင့် သူ၏စကားကိုနားထောင်မည်မဟုတ်ကြောင်း ယေရှုသိသည်။ ထို့ကြောင့် ကိုယ်တော်က ရှောလုအား “သွားလော့။ ငါသည် တစ်ပါးအမျိုးသားတို့ရှိရာသို့ သင့်ကိုဝေးလှစွာစေလွှတ်မည်” ဟုဆိုလေသည်။—⁠တမန်တော် ၂၂:၂၁၊ ၂၂

ရှောလုအတွက် အန္တရာယ်ရှိသည်ကို ခရစ်ယာန်ချင်းများသိသောကြောင့် ကဲသရိမြို့ဆိပ်ကမ်းအထိ အလျင်အမြန်လိုက်ပို့ကြပြီး သူ၏ဇာတိမြို့ဖြစ်သော တာရှုမြို့တိုင်အောင် မိုင် ၃၀၀ ခရီးကို စေလွှတ်လိုက်ကြ၏။ (တမန်တော် ၉:၃၀) နှစ်များစွာကြာပြီးနောက်မှ ယေရုရှလင်သို့ ဒုတိယအကြိမ် ရှောလု ပြန်လာခဲ့သည်။

ရှောလု အလျင်အမြန်ထွက်ခွာသွားခြင်းက ခရစ်ယာန်အသင်းတော်အတွက် အကာအကွယ်ဖြစ်ပေမည်။ ယခင်က နှိပ်စက်ညှဉ်းပန်းသူတစ်ဦးဖြစ်ခဲ့သော ရှောလုရှိနေခြင်းက ပြဿနာဖြစ်လာစေနိုင်သည်။ ရှောလုထွက်သွားပြီးနောက် “ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည်အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက်၍တည်ဆောက်ခြင်းရှိကြ၏။ သခင်ဘုရားကိုကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏အဆုံးအမ၌လည်းကောင်း မွေ့လျော်သောအားဖြင့် ပွားများကြ၏။”—⁠တမန်တော် ၉:၃၁

သတိပြုစရာ သင်ခန်းစာများ

ပထမရာစုတွင်ကဲ့သို့ ယနေ့လည်း သတိပြုသင့်သည့် အခြေအနေများ ပေါ်ပေါက်တတ်ပါသည်။ သူစိမ်းများကို ကျွန်ုပ်တို့ အလွန်အကျွံ သံသယဖြစ်စရာမလိုပေ။ သို့သော် တစ်ခါတစ်ရံ ကောက်ကျစ်စဉ်းလဲသူများသည် မိမိအကျိုးအတွက်သော်လည်းကောင်း၊ အသင်းတော်ကို ဖျက်ဆီးရန်ရည်ရွယ်၍သော်လည်းကောင်း ယေဟောဝါ၏လူမျိုးကို အသုံးချရန် ကြိုးစားကြသည်။ ထို့ကြောင့် လိမ်လည်လှည့်ဖြားသူများ၏ လှည့်စားမှုထဲ မကျရောက်စေရန် ပိုင်းခြားသိမြင်မှုရှိဖို့လိုသည်။—⁠သု. ၃:၂၇; ၂ တိမောသေ ၃:၁၃

ယေရုရှလင်တွင်ဟောပြောစဉ် ရှောလုရရှိခဲ့သောရလဒ်က ခရစ်ယာန်များ သတိပြုသင့်သည့် နောက်အခြေအနေတစ်ခုကို ဖော်ပြသည်။ အိမ်နီးချင်း သို့မဟုတ် မိတ်ဆွေဟောင်းအချို့ကို ဟောပြောခြင်းသည် ရုပ်ပိုင်း၊ ဝိညာဉ်ရေးပိုင်းနှင့် ကိုယ်ကျင့်တရားပိုင်းအတွက်ပင် အန္တရာယ်ရှိနိုင်သည်။ အချိန်နှင့်နေရာကို ရွေးချယ်ခြင်းကဲ့သို့ သတိရှိရှိပြုမူခြင်းသည် လျောက်ပတ်ပေ၏။—⁠သု. ၂၂:၃; မဿဲ ၁၀:၁၆

ဤစနစ်ဆိုး၏ဆုံးခန်းမရောက်မီ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောရမည်ကို ကျွန်ုပ်တို့အခိုင်အမာယုံကြည်သည်။ ယင်းနှင့်ပတ်သက်၍ ရှောလုသည် ပုံသက်သေကောင်းချမှတ်ခဲ့၏။ မိတ်ဆွေဟောင်းများ၊ ရန်သူဟောင်းများကိုပင် “သခင်ယေရှု၏နာမတော်ကိုအမှီပြု၍ ရဲရင့်စွာဟော” ခဲ့လေသည်!—⁠တမန်တော် ၉:၂၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ယနေ့အချိန်တွင် ရှောလုကို တမန်တော်ပေါလုဟု လူသိများသည်။ သို့သော် ဤဆောင်းပါးတွင် ကိုးကားထားသော ကျမ်းချက်အများစုတွင် သူ၏ဂျူးနာမည် ရှောလုကို အသုံးပြုထားသည်။—⁠တမန်တော် ၁၃:၉

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယေရုရှလင်မြို့သို့ ရှောလုရောက်သောအခါဂရိစကားပြောဂျူးများကို ရဲရင့်စွာဟောပြော