မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏နာခံမှုကိုယေဟောဝါ တန်ဖိုးထားတော်မူ၏

သင်၏နာခံမှုကိုယေဟောဝါ တန်ဖိုးထားတော်မူ၏

သင်၏နာခံမှုကိုယေဟောဝါ တန်ဖိုးထားတော်မူ၏

“ငါ့သား ပညာရှိလော့။ . . . ငါ့စိတ်ကို ရွှင်လန်းစေလော့။”—⁠သု. ၂၇:၁၁

၁။ ယနေ့လူ့အဖွဲ့အစည်းတွင် အဘယ်သဘောထားပြည့်နှက်နေသနည်း။

ယနေ့လောကတွင် လွတ်လပ်လိုစိတ်နှင့် နာခံမှုကင်းမဲ့စိတ်တို့ ပြည့်နှက်နေသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို ဧဖက်မြို့မှခရစ်ယာန်များထံ တမန်တော်ပေါလု ဤသို့စာရေးဖော်ပြသည်– ‘သင်တို့သည် အထက်က လောကတရားသို့လိုက်၍ အာကာသကောင်းကင်၏တန်ခိုးကို အစိုးရသောမင်းတည်းဟူသော ငြင်းဆန်သောသူတို့ ၌ပြုပြင်သောဝိညာဉ်၏ အလိုနှင့်အညီ မကောင်းမှုအပြစ်တို့ ၌ ကျင်လည်ကြ၏။’ (ဧဖက် ၂:၁၊ ၂) မှန်ပါသည်၊ “အာကာသကောင်းကင်၏တန်ခိုးကို အစိုးရသောမင်း” တည်းဟူသော စာတန်သည် တစ်ကမ္ဘာလုံးတွင် မနာခံသည့်စိတ်ပျံ့ နှံ့အောင် ပြုလုပ်နေသည်။ ပထမရာစု၌ သူထိုသို့ပြုခဲ့ပြီး ပထမကမ္ဘာစစ်အချိန်တွင် ကောင်းကင်မှနှင်ချခံရပြီးကတည်းက ပို၍ပြုလုပ်နေသည်။—⁠ဗျာ. ၁၂:၉

၂၊ ၃။ ယေဟောဝါကို နာခံရန် အဘယ်အကြောင်းရင်းများရှိသနည်း။

သို့သော် ယေဟောဝါသည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်၊ အသက်ကိုထောက်မပေးရှင်၊ မေတ္တာပြည့်ဝသောပိုင်သအုပ်စိုးရှင်နှင့် ကယ်နုတ်ရှင်ဖြစ်သောကြောင့် ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့နာခံထိုက်ကြောင်း ကျွန်ုပ်တို့သိကြသည်။ (ဆာလံ ၁၄၈:၅၊ ၆; တမန်တော် ၄:၂၄; ကောလောသဲ ၁:၁၃; ဗျာ. ၄:၁၁) ယေဟောဝါသည် အသက်ပေးရှင်နှင့် ကယ်လွှတ်ပေးရှင်ဖြစ်ကြောင်း မောရှေလက်ထက်မှ ဣသရေလလူတို့ သိခဲ့ကြ၏။ ထို့ကြောင့် ‘သင်တို့၏ဘုရားသခင် မှာထားတော်မူသည်အတိုင်း သင်တို့သည်ကျင့်အံ့သောငှာ စောင့်နေရကြမည်’ ဟု သူတို့ကို မောရှေမှာကြားသည်။ (တရားဟောရာ ၅:၃၂) မှန်ပါသည်၊ ပိုင်သအုပ်စိုးရှင် ယေဟောဝါကို သူတို့ နာခံထိုက်သည်။ သို့သော် သူတို့မနာခံခဲ့ကြပေ။

စကြဝဠာဖန်ဆင်းရှင်ကို နာခံခြင်းသည် မည်မျှအရေးကြီးသနည်း။ တစ်ကြိမ်တွင် ဘုရားသခင်က “နာခံခြင်းသည် ယဇ်မျိုးထက်သာ၍ကောင်း၏” ဟု ရှမွေလမှတစ်ဆင့် ဘုရင်ရှောလုကို မိန့်ဆိုခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၅:၂၂၊ ၂၃ကဘ) အဘယ်ကြောင့်နည်း။

နာခံခြင်းသည် မည်သည့်နည်းဖြင့်“ယဇ်မျိုးထက်သာ၍ကောင်း” သနည်း

၄။ ကျွန်ုပ်တို့သည် မည်သည့်နည်းဖြင့် ယေဟောဝါအား တစ်စုံတစ်ခုပေးဆက်နိုင်သနည်း။

ယေဟောဝါသည် ဖန်ဆင်းရှင်ဖြစ်သောကြောင့် ကျွန်ုပ်တို့၌ရှိသည့် ရုပ်ပစ္စည်းအားလုံးကို ကိုယ်တော်ပိုင်ဆိုင်သည်။ သို့ဖြစ်လျှင် ကိုယ်တော့်ကိုပေးဆက်နိုင်သောအရာ တစ်စုံတစ်ခုရှိပါသလော။ ရှိပါသည်၊ အလွန်တန်ဖိုးရှိသည့်အရာတစ်ခုကို ကျွန်ုပ်တို့ပေးဆက်နိုင်သည်။ အဘယ်အရာနည်း။ အဖြေကို အောက်ပါတိုက်တွန်းချက်တွင် တွေ့ရှိနိုင်သည်– “ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကို ရွှင်လန်းစေလော့။” (သု. ၂၇:၁၁) ဘုရားသခင်အား ကျွန်ုပ်တို့၏နာခံမှုကို ပေးဆက်နိုင်သည်။ အခြေအနေအမျိုးမျိုး၊ နောက်ခံအသီးသီးရှိသည့်တိုင် နာခံမှုတင်ပြခြင်းဖြင့် လူသားများသည် စမ်းသပ်မှုကြုံရချိန်တွင် ဘုရားသခင်အား သစ္စာတည်ကြည်မည်မဟုတ်ဟူသော စာတန်၏ယုတ်မာသည့်စွဲချက်ကို ကျွန်ုပ်တို့တစ်ဦးစီ ချေပနိုင်ပါသည်။ အခွင့်ထူးလိုက်လေခြင်း!

၅။ မနာခံခြင်းက ဖန်ဆင်းရှင်ကို မည်သို့ထိခိုက်သနည်း။ ဥပမာပေးပါ။

ကျွန်ုပ်တို့ချသောဆုံးဖြတ်ချက်များကို ယေဟောဝါစိတ်ဝင်စားတော်မူသည်။ ကျွန်ုပ်တို့နာခံမှုမရှိပါက ကိုယ်တော့်ကိုထိခိုက်သည်။ မည်သို့အားဖြင့်နည်း။ တစ်စုံတစ်ဦးသည် ထိုသို့သောပညာမဲ့လမ်းစဉ်လိုက်သည်ကို မြင်ရသည့်အခါ ကိုယ်တော်စိတ်ထိခိုက်၏။ (ဆာလံ ၇၈:၄၀၊ ၄၁) ဆီးချိုရောဂါရှင်တစ်ဦးသည် ကျန်းမာရေးကောင်းမွန်စေရန် ညွှန်းထားသော အစာအာဟာရကိုမမှီဝဲဘဲ မတည့်သောအစာများကိုသာ ဆက်စားသုံးနေသည်ဆိုပါစို့။ သူ့ကို ဂရုစိုက်ကုသပေးနေသည့်ဆရာဝန် မည်သို့ခံစားရမည်နည်း။ ထိုနည်းတူ ယေဟောဝါလည်း မိမိ၏ညွှန်ကြားချက်များကို လူသားတို့မနာခံသောအခါ စိတ်ထိခိုက်မည်မှာ သေချာသည်။ အကြောင်းမှာ မနာခံမှု၏ဆိုးကျိုးများကို ကိုယ်တော်သိရှိထားသောကြောင့်ဖြစ်၏။

၆။ ဘုရားသခင်ကို နာခံရန် အဘယ်အရာက ထောက်ကူပေးမည်နည်း။

နာခံမှုရှိရန် ကျွန်ုပ်တို့တစ်ဦးစီကို အဘယ်အရာက ထောက်ကူပေးမည်နည်း။ ဘုရင်ရှောလမုန်ကဲ့သို့ ကျွန်ုပ်တို့တစ်ဦးစီလည်း “နာခံသည့်နှလုံး” ရှိရန် ဘုရားသခင်ထံ တောင်းဆိုသင့်သည်။ ရှောလမုန်တွင် ထိုသို့သောနှလုံးရှိမှသာ ဣသရေလလူတို့ကို တရားစီရင်နိုင်ရန် “ကောင်းမကောင်းကို ပိုင်းခြား၍သိတတ်သောဉာဏ်” ရမည်ဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၃:⁠၉ကဘ) ကျွန်ုပ်တို့လည်း နာခံမှုကင်းမဲ့သည့်စိတ်ဓာတ် လွှမ်းခြုံနေသောလောကတွင် ကောင်းမကောင်းကို ပိုင်းခြား၍သိနိုင်ရန် “နာခံသည့်နှလုံး” ရှိဖို့လိုသည်။ ကျွန်ုပ်တို့တွင် “နာခံသည့်နှလုံး” ရှိလာနိုင်ရန် သမ္မာကျမ်းစာ၊ ကျမ်းစာအထောက်အကူပြုစာပေများ၊ ခရစ်ယာန်အစည်းအဝေးများ၊ မေတ္တာပြည့်ဝသော အသင်းတော်အကြီးအကဲများကို ဘုရားသခင် ပြင်ဆင်ပေးထားသည်။ ထိုမေတ္တာပါပြင်ဆင်ပေးမှုများကို ကျွန်ုပ်တို့ ကောင်းစွာအသုံးချနေပါသလော။

၇။ ယဇ်ပူဇော်ခြင်းထက် နာခံခြင်းကို ယေဟောဝါ အဘယ်ကြောင့် တန်ဖိုးထားသနည်း။

နာခံခြင်းသည် တိရစ္ဆာန်ယဇ်များပူဇော်ခြင်းထက် သာ၍အရေးကြီးသည်ဟု ရှေးခေတ်လူမျိုးတော်ကို ယေဟောဝါမိန့်ဆိုခဲ့ကြောင်း ပြန်အမှတ်ရပါ။ (သု. ၂၁:၃၊ ၂၇; ဟောရှေ ၆:၆; မဿဲ ၁၂:၇) သို့သော် ယဇ်ပူဇော်ရန် ယေဟောဝါကိုယ်တိုင်မိန့်မှာခဲ့ရာ အဘယ်ကြောင့် ထိုသို့ဆိုရသနည်း။ အမှန်မှာ လူတစ်ဦး ယဇ်ပူဇော်ရသည့် ရည်ရွယ်ချက်ကား အဘယ်နည်း။ ဘုရားသခင့်စိတ်တော်နှင့် တွေ့ရန်လော။ သို့မဟုတ် ထုံးစံရှိ၍သာ ပူဇော်ခြင်းလော။ ဘုရားသခင့်စိတ်တော်နှင့်တွေ့လိုသောဆန္ဒ အမှန်တကယ်ရှိသူသည် ကိုယ်တော့်ပညတ်အားလုံးကို နာခံရန် ကြိုးစားပေမည်။ တိရစ္ဆာန်ယဇ်များကို ဘုရားသခင်မလိုအပ်သော်လည်း နာခံခြင်းသည် ကိုယ်တော့်ကို ကျွန်ုပ်တို့ပေးဆက်နိုင်သည့် အဖိုးတန်အရာတစ်ခုဖြစ်၏။

သတိပေးပုံနမူနာ

၈။ ဘုရားသခင်သည် ရှောလုကို ဘုရင်အဖြစ်မှ အဘယ်ကြောင့် ငြင်းပယ်ခဲ့သနည်း။

ဘုရင်ရှောလုနှင့်ပတ်သက်သော ကျမ်းစာမှတ်တမ်းက နာခံခြင်း၏အရေးကြီးမှုကို ပေါ်လွင်စေသည်။ ရှောလုသည် မိမိကိုယ်ကို “ငယ်သောသူ” အဖြစ်ယူမှတ်ကာ ဘုရင်ဖြစ်စတွင် နှိမ့်ချကျိုးနွံခဲ့၏။ သို့သော် နောက်ပိုင်းတွင် မာနနှင့် မှားယွင်းသောကျိုးကြောင်းဆင်ခြင်မှုတို့က သူ့ဆုံးဖြတ်ချက်များကို လွှမ်းမိုးစပြုလာ၏။ (၁ ဓမ္မရာဇဝင် ၁၀:၂၁၊ ၂၂; ၁၅:၁၇) တစ်ကြိမ်တွင် ရှောလုသည် ဖိလိတ္တိလူတို့နှင့် စစ်တိုက်ခဲ့ရ၏။ ယေဟောဝါအား ယဇ်ပူဇော်ရန်နှင့် ထပ်ဆင့်ညွှန်ကြားချက်များရရှိရန် မိမိကိုစောင့်ပါဟု သူ့ကို ရှမွေလပြောခဲ့သည်။ သို့သော် သူမျှော်လင့်ထားသောအချိန်တွင် ရှမွေလရောက်မလာသည့်အပြင် လူတို့လည်း ထွက်ပြေးစပြုလာကြ၏။ ထိုအခါ ရှောလုသည် “မီးရှို့ရာယဇ်ကိုပူဇော်လေ၏။” ယင်းကို ယေဟောဝါ မနှစ်သက်ပေ။ နောက်ဆုံး ရှမွေလရောက်လာသော် ဘုရင်က ရှမွေလနောက်ကျနေသဖြင့် ဘုရားသခင့်မျက်နှာသာရရန် “ကိုယ်ကိုအနိုင်ပြု၍ မီးရှို့ရာယဇ်ကိုပူဇော်မိပြီ” ဟုမိမိ၏မနာခံမှုအတွက် အကြောင်းပြပြောဆိုလေသည်။ ယဇ်ပူဇော်ရန် ရှမွေလကိုစောင့်ပါဟူသော ညွှန်ကြားချက်ကို နာခံခြင်းထက် ယဇ်ပူဇော်ခြင်းက ဘုရင်ရှောလုအတွက် ပိုအရေးကြီးခဲ့သည်။ ထို့ကြောင့် ရှမွေလက ‘သင်သည် မှားပြီ။ သင်၏ဘုရားသခင် မှာထားတော်မူသော ပညတ်တရားကိုမစောင့်ပါတကား’ ဟုဆိုလေသည်။ ရှောလုသည် ယေဟောဝါကို မနာခံသောကြောင့် ဘုရင့်အရိုက်အရာ ဆုံးရှုံးခဲ့ရ၏။—⁠၁ ဓမ္မရာဇဝင် ၁၀:၈; ၁၃:၅-၁၃

၉။ ဘုရားသခင်ကိုမနာခံကြောင်း မည်သည့်နည်းဖြင့် ရှောလုတင်ပြခဲ့သနည်း။

ထိုအဖြစ်အပျက်မှ ရှောလု သင်ခန်းစာယူခဲ့သလော။ လုံးဝမယူခဲ့ပေ။ ဣသရေလလူတို့အား အကြောင်းမဲ့တိုက်ခိုက်ခဲ့သော အာမလက်လူတို့ကို ရှင်းရှင်းဖျက်ဆီးရန် နောက်ပိုင်းတွင် ရှောလုကို ယေဟောဝါမိန့်မှာခဲ့၏။ သူတို့၏တိရစ္ဆာန်များကိုပင် ချန်မထားရန်ဖြစ်သည်။ “ရှောလုသည် ဟဝိလမြို့မှစ၍ . . . ရှုရမြို့တိုင်အောင် အာမလက်လူတို့ကိုလုပ်ကြံ” သည့်အချိန်အထိ နာခံမှုပြခဲ့သည်။ ရှမွေလရောက်လာသောအခါ ရှောလုသည် အောင်ပွဲအတွက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ‘ထာဝရဘုရားသခင်သည် ကိုယ်တော်ကို ကောင်းချီးပေးတော်မူပါစေသော။ အကျွန်ုပ်သည် ထာဝရဘုရားသခင်အမိန့်တော်အတိုင်း ပြုပါပြီ’ ဟုဆို၏။ သို့သော် ရှောလုနှင့်သူ့လူတို့သည် ရှင်းလင်းသောညွှန်ကြားချက်များအတိုင်း မလုပ်ဆောင်ခဲ့ကြပေ။ အာဂတ်မင်းနှင့်တကွ “သိုးနွားအမြတ်အလတ်၊ ဆူသောသိုးသငယ်၊ ကောင်းသောဥစ္စာရှိသမျှကို” မဖျက်ဆီးခဲ့ကြပေ။ ရှောလုက ‘လူများတို့သည် ကိုယ်တော်၏ဘုရားသခင်အား ယဇ်ပူဇော်လိုသောငှာ အကောင်းဆုံးသောသိုးနွားတို့ကို နှမြော’ သောကြောင့် ထိုသို့ပြုခြင်းဖြစ်သည်ဟု မိမိ၏မနာခံမှုကို ဆင်ခြေပေးလေ၏။—⁠၁ ဓမ္မရာဇဝင် ၁၅:၁-၁၅

၁၀။ အဘယ်သင်ခန်းစာကို သင်ယူရန် ရှောလုပျက်ကွက်ခဲ့သနည်း။

၁၀ ထိုအခါ ရှမွေလက “ယေဟောဝါ၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကိုပူဇော်ခြင်း၌ အားရတော်မူမည်လော။ နာခံခြင်းသည် ယဇ်မျိုးထက်သာ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ကောင်း၏” ဟုရှောလုကိုဆိုလေသည်။ (၁ ဓမ္မရာဇဝင် ၁၅:၂၂ကဘ) ထိုတိရစ္ဆာန်များကို ဖျက်ဆီးရန် ယေဟောဝါ ဆုံးဖြတ်ထားပြီးဖြစ်ရာ ယင်းတို့ကို ပူဇော်သကာအဖြစ် ကိုယ်တော် လက်ခံမည်မဟုတ်ပေ။

အရာရာ၌ နာခံမှုတင်ပြလော့

၁၁၊ ၁၂။ (က) ဝတ်ပြုရေးတွင် ယေဟောဝါစိတ်တော်နှင့်တွေ့ရန် ကြိုးစားအားထုတ်မှုများကို ကိုယ်တော်မည်သို့ရှုမြင်သနည်း။ (ခ) လူတစ်ဦးသည် မည်သို့ဆင်ခြင်ခြင်းဖြင့် မိမိကိုယ်ကို လှည့်စားမိနိုင်သနည်း။

၁၁ နှိပ်စက်ညှဉ်းပန်းမှုကြား သစ္စာတည်ကြည်နေသော၊ လူတို့ ဥပေက္ခာပြုငြား သတင်းကောင်းဆက်ဟောပြောနေသော၊ စားဝတ်နေရေးကျပ်တည်းသည့်ကြားမှ ခရစ်ယာန်အစည်းအဝေးများ တက်ရောက်နေသော သစ္စာရှိကျေးကျွန်များကို တွေ့မြင်ရသည့်အခါ ယေဟောဝါ ကျေနပ်ပျော်ရွှင်လိုက်မည်ဖြစ်ခြင်း! အရေးကြီးသော ထိုဝိညာဉ်ရေးကဏ္ဍများတွင် နာခံမှုရှိခြင်းက ကိုယ်တော့်စိတ်တော်ကို ရွှင်လန်းစေသည်။ ဝတ်ပြုရေးတွင် မေတ္တာဖြင့်ကြိုးစားလုပ်ဆောင်မှုများကို ယေဟောဝါ အလွန်တန်ဖိုးထားသည်။ ကျွန်ုပ်တို့၏ ကြိုးစားအားထုတ်မှုများကို လူတို့သတိမပြုမိသည့်တိုင် ဘုရားသခင်မူကား ကျွန်ုပ်တို့ စိတ်နှလုံးအကြွင်းမဲ့ပေးဆက်ရာများကို သတိပြုမိပြီး အမှတ်ရတော်မူ၏။—⁠မဿဲ ၆:၄

၁၂ သို့သော် ဘုရားသခင့်စိတ်တော်နှင့် အပြည့်အဝတွေ့နိုင်ရန် ကျွန်ုပ်တို့၏ဘဝကဏ္ဍတိုင်းတွင် နာခံမှုတင်ပြရမည်။ အခြားဘဝကဏ္ဍများတွင် ဘုရားသခင်ကို ဝတ်ပြုနေသရွေ့ ဘုရားသခင့်တောင်းဆိုချက်အချို့ကို မလိုက်လျှောက်လျှင်လည်းရသည်ဟု ဆင်ခြင်ခြင်းဖြင့် မိမိကိုယ်ကို ဘယ်တော့မျှမလှည့်စားပါနှင့်။ ဥပမာ၊ လူတစ်ဦးသည် ထုံးစံအတိုင်းဝတ်ပြုကိုးကွယ်နေလျှင် အကျင့်ယိုယွင်းမှု သို့မဟုတ် အခြားကြီးလေးသောအပြစ်ကျူးလွန်မှုကို ကိုယ်တော် မသိကျိုးကျွံပြုလိမ့်မည်ဟု ဆင်ခြင်ခြင်းဖြင့် မိမိကိုယ်ကို လှည့်စားမိနိုင်သည်။ ယင်းသည် အမှားကြီးမှားလိုက်မည်ဖြစ်ခြင်း!—⁠ဂလာတိ ၆:၇၊ ၈

၁၃။ လူကွယ်ရာတွင် ယေဟောဝါကိုနာခံမှု မည်သို့စမ်းသပ်ခံရနိုင်သနည်း။

၁၃ ထို့ကြောင့် ‘နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ လူကွယ်ရာမှာလုပ်တဲ့ကိစ္စတွေမှာတောင် ယေဟောဝါကို ငါနာခံနေသလား’ ဟုကိုယ့်ကိုယ်ကိုမေးနိုင်သည်။ “အနည်းငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ” ဟုယေရှုမိန့်ဆို၏။ (လုကာ ၁၆:၁၀) ကျွန်ုပ်တို့သည် အခြားသူများမမြင်သော ‘ကိုယ်အိမ်တွင်ပင် သမာဓိရှိရှိလျှောက်လှမ်း’ နေပါသလော။ (ဆာလံ ၁၀၁:⁠၂ကဘ) အိမ်ထဲ၌ရှိနေစဉ်ပင် ကျွန်ုပ်တို့၏သမာဓိစမ်းသပ်ခံရနိုင်သည်။ နိုင်ငံများစွာတွင် ကွန်ပျူတာသည် အိမ်သုံးပစ္စည်းအဖြစ် အသုံးတွင်လာပြီဖြစ်ရာ ခလုတ်နှိပ်ရုံဖြင့် ညစ်ညမ်းသောရုပ်ပုံများပေါ်လာနိုင်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်တွင် ထိုသို့သောရုပ်ပုံများကို အကျင့်ပျက်အပန်းဖြေနေရာများသို့ သွားမှသာ တွေ့မြင်နိုင်သည်။ ထို့ကြောင့် “ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်သောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ” ဟူသော ယေရှု၏စကားများကို ကျွန်ုပ်တို့နာခံမည်လော။ ညစ်ညမ်းသောရုပ်ပုံများ ကြည့်ခြင်းကို ကျွန်ုပ်တို့ရှောင်မည်လော။ (မဿဲ ၅:၂၈; ယောဘ ၃၁:၁၊ ၉၊ ၁၀; ဆာလံ ၁၁၉:၃၇; သု. ၆:၂၄၊ ၂၅; ဧဖက် ၅:၃-၅) အကြမ်းဖက်တီဗွီဇာတ်လမ်းများကော အသို့နည်း။ “အကြမ်းဖက်မှုကိုနှစ်သက်သူအား မုန်းတော်မူ” သောဘုရားသခင်၏သဘောထားမျိုး ကျွန်ုပ်တို့တွင်ရှိသလော။ (ဆာလံ ၁၁:⁠၅ကဘ) သို့မဟုတ် လူကွယ်ရာတွင် အရက် အလွန်အကျွံသောက်သုံးခြင်းကော။ သမ္မာကျမ်းစာက သောက်ကြူးခြင်းကို တားမြစ်ထားသည့်အပြင် “စပျစ်ရည်၌မလွန်ကြူး” ရန်လည်း သတိပေးထားသည်။—⁠တိတု ၂:၃; လုကာ ၂၁:၃၄၊ ၃၅; ၁ တိမောသေ ၃:⁠၃

၁၄။ ငွေရေးကြေးရေးကိစ္စတွင် ဘုရားသခင်ကိုနာခံကြောင်း ဖော်ပြနိုင်သည့် နည်းလမ်းအချို့ကား အဘယ်နည်း။

၁၄ ကျွန်ုပ်တို့သတိထားရမည့် နောက်ကဏ္ဍတစ်ခုမှာ ငွေရေးကြေးရေးကိစ္စဖြစ်သည်။ ဥပမာ၊ ဖြတ်လမ်းဖြင့်ချမ်းသာနိုင်မည့် လိမ်လည်လှည့်စားသောနည်းများတွင် ကျွန်ုပ်တို့ပါဝင်မည်လော။ အခွန်မပေးရရန် တရားမဝင်သောနည်းများ အသုံးပြုဖို့ သွေးဆောင်ခံနေရသလော။ သို့မဟုတ် ‘လူအသီးအသီးခံထိုက်သည်အတိုင်း ပေးကြလော့။ အခွန်ကိုခံထိုက်သောသူအား အခွန်ကိုပေးကြလော့’ ဟူသည့်အမိန့်ကို အသိစိတ်ရှိရှိ နာခံနေပါသလော။—⁠ရောမ ၁၃:၇

မေတ္တာကိုအခြေပြုသော နာခံမှု

၁၅။ ယေဟောဝါ၏ပညတ်များကို သင် အဘယ်ကြောင့်နာခံသနည်း။

၁၅ ဘုရားသခင့်ပညတ်များကို နာခံခြင်းက ကောင်းချီးများစွာရရှိစေသည်။ ဥပမာ၊ ဆေးရွက်ကြီးနှင့်ဆေးလိပ်ကို ရှောင်ခြင်း၊ ကိုယ်ကျင့်တရားစင်ကြယ်စွာ နေထိုင်ခြင်း၊ သွေး၏မြင့်မြတ်မှုကို လေးစားခြင်းဖြင့် ရောဂါအချို့ကို ရှောင်ရှားနိုင်ပေမည်။ ထို့ပြင် အခြားဘဝကဏ္ဍများတွင်လည်း ကျမ်းစာအမှန်တရားနှင့်အညီ အသက်ရှင်ခြင်းဖြင့် စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးတို့တွင် အကျိုးခံစားရမည်။ (ဟေရှာယ ၄၈:၁၇) ထိုအကျိုးကျေးဇူးများသည် ဘုရားသခင့်ပညတ်များ၏ လက်တွေ့ကျမှုကိုဖော်ပြသော ကောင်းချီးများဖြစ်သည်။ သို့တိုင် ယေဟောဝါကို ကျွန်ုပ်တို့နာခံရသည့် အဓိကအကြောင်းရင်းမှာ ကိုယ်တော့်ကိုချစ်သောကြောင့်ဖြစ်သည်။ ကိုယ်ကျိုးအတွက် ဘုရားသခင်ကို ဝတ်ပြုနေကြခြင်းမဟုတ်ချေ။ (ယောဘ ၁:၉-၁၁; ၂:၄၊ ၅) ဘုရားသခင်သည် ကျွန်ုပ်တို့ မည်သူ့အား နာခံမည်ကို လွတ်လပ်စွာရွေးချယ်ခွင့် ပေးထားသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏စိတ်တော်ကို ရွှင်လန်းစေလိုပြီး မှန်ရာကို လုပ်ဆောင်လိုသောကြောင့် ကိုယ်တော့်အား နာခံရန် ရွေးချယ်ကြသည်။—⁠ရောမ ၆:၁၆၊ ၁၇; ၁ ယောဟန် ၅:၃

၁၆၊ ၁၇။ (က) ယေရှုသည် ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ချစ်၍ နာခံကြောင်း မည်သို့တင်ပြခဲ့သနည်း။ (ခ) ယေရှုကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။

၁၆ ယေဟောဝါအား စိတ်နှလုံးအကြွင်းမဲ့ချစ်၍ နာခံမှုတင်ပြရာတွင် ယေရှုသည် အကောင်းဆုံးစံနမူနာရှင်ဖြစ်၏။ (ယောဟန် ၈:၂၈၊ ၂၉) ယေရှု မြေကြီးပေါ်ရှိစဉ် ‘ဆင်းရဲခြင်းကိုခံသောအားဖြင့် နာခံခြင်းအကျိုးအကြောင်းကို သင်တော်မူ၏။’ (ဟေဗြဲ ၅:၈၊ ၉) မည်သို့အားဖြင့်နည်း။ ကိုယ်တော်သည် “အသေခံခြင်းသာမဟုတ် လက်ဝါးကပ်တိုင်မှာအသေခံခြင်းတိုင်အောင်ပင် နားထောင်၍ ကိုယ်ကိုနှိမ့်ချတော်မူ၏။” (ဖိလိပ္ပိ ၂:၇၊ ၈သမ္မာ) ကောင်းကင်တွင် နာခံမှုတင်ပြခဲ့သော်လည်း မြေကြီးပေါ်တွင် ကိုယ်တော်၏နာခံမှု ထပ်မံစမ်းသပ်ခံခဲ့ရသည်။ ကိုယ်တော်သည် ဝိညာဉ်တော်ဖွားညီအစ်ကိုများအပြင် ယုံကြည်သူလူသားထုအတွက် ယဇ်ပုရောဟိတ်မင်းအဖြစ် ထမ်းဆောင်ရန် အဘက်ဘက်တွင် အရည်အချင်းပြည့်မီကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။—⁠ဟေဗြဲ ၄:၁၅; ၁ ယောဟန် ၂:၁၊ ၂

၁၇ ကျွန်ုပ်တို့ကော အသို့နည်း။ ဘဝတွင် ဘုရားသခင့်အလိုတော်ကို ဦးစားပေးနာခံခြင်းဖြင့် ယေရှုကို တုပနိုင်ပါသည်။ (၁ ပေတရု ၂:၂၁) ယေဟောဝါအားမနာခံရန် ဖိအားပေးခံရချိန်၊ သွေးဆောင်ခံရချိန်တွင်ပင် ကိုယ်တော်ကိုချစ်သောမေတ္တာ၏ လှုံ့ဆော်မှုကြောင့် ကိုယ်တော်မိန့်မှာသည့်အတိုင်း လုပ်ဆောင်ပါက ပျော်ရွှင်ကျေနပ်မှုခံစားရနိုင်သည်။ (ရောမ ၇:၁၈-၂၀) ယင်းတွင် မစုံလင်သော်လည်း စစ်မှန်သောဝတ်ပြုရေးတွင် ဦးဆောင်နေသူများ၏ ညွှန်ကြားချက်များကို တလိုတလားနာခံခြင်း ပါဝင်သည်။ (ဟေဗြဲ ၁၃:၁၇) ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာကိစ္စများတွင် ယေဟောဝါ၏ပညတ်များကို နာခံခြင်းသည် ကိုယ်တော့်အမြင်တွင် အဖိုးတန်လှ၏။

၁၈၊ ၁၉။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့နာခံခြင်းဖြင့် အဘယ်ရလဒ်များရရှိမည်နည်း။

၁၈ ယနေ့၊ ယေဟောဝါကိုနာခံခြင်းတွင် နှိပ်စက်ညှဉ်းပန်းခံရသည့်တိုင် ဆက်၍သမာဓိစောင့်သိခြင်း ပါဝင်ပေမည်။ (တမန်တော် ၅:၂၉) ထို့ပြင် ဟောပြော၍သွန်သင်ပါဟူသော ယေဟောဝါ၏အမိန့်ကို နာခံနိုင်ရန် ဤအစီအစဉ်စနစ်ဆုံးခန်းအထိ ခံနိုင်ရည်ရှိဖို့လိုသည်။ (မဿဲ ၂၄:၁၃၊ ၁၄; ၂၈:၁၉၊ ၂၀) လောက၏ဖိအားများကြားမှ ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့် ဆက်၍မှန်မှန်ပေါင်းသင်းနိုင်ရန်လည်း ခံနိုင်ရည်လိုအပ်သည်။ ထိုကဏ္ဍများတွင် နာခံမှုရှိရှိ ကျွန်ုပ်တို့ကြိုးစားလုပ်ဆောင်နေကြောင်း မေတ္တာရှင်ဘုရားသခင် ကောင်းစွာသိတော်မူ၏။ သို့သော် အပြည့်အဝနာခံနိုင်ရန် ကျွန်ုပ်တို့၏အပြစ်ရှိသောသွေးသားဆန္ဒကို တွန်းလှန်ပြီး မကောင်းမှုကိုရှောင်ကြဉ်ကာ ကောင်းမှုကို ချစ်မြတ်နိုးစိတ် ပြုစုပျိုးထောင်ဖို့လိုအပ်သည်။—⁠ရောမ ၁၂:၉

၁၉ မေတ္တာနှင့် ကျေးဇူးတင်လေးမြတ်စိတ်ဖြင့် ယေဟောဝါကို ကျွန်ုပ်တို့ဝတ်ပြုသည့်အခါ ကိုယ်တော်သည် မိမိကို “ရှာသောသူအား အကျိုးပေးတော်မူသည်။” (ဟေဗြဲ ၁၁:⁠၆) လျောက်ပတ်သောပူဇော်သကာများသည် လိုအပ်ပြီး နှစ်သက်ဖွယ်ဖြစ်သော်လည်း ယေဟောဝါကိုချစ်သော မေတ္တာကြောင့် အပြည့်အဝနာခံခြင်းကို ကိုယ်တော်အနှစ်သက်ဆုံးဖြစ်သည်။—⁠သု. ၃:၁၊ ၂

သင်မည်သို့ဖြေဆိုမည်နည်း

• ကျွန်ုပ်တို့တွင် ယေဟောဝါကို ပေးဆက်နိုင်သည့်အရာ တစ်စုံတစ်ခုရှိသည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။

• ရှောလု အဘယ်အမှားများ ကျူးလွန်ခဲ့သနည်း။

• နာခံခြင်းသည် ယဇ်မျိုးထက်သာ၍ကောင်းသည်ကို သင်ယုံကြည်ကြောင်း မည်သို့တင်ပြနိုင်သနည်း။

• ယေဟောဝါအား နာခံရန် အဘယ်အရာက သင့်ကို လှုံ့ဆော်ပေးသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

မိမိ၏အကြံပြုချက်များကို မလိုက်နာသော လူနာနှင့်ပတ်သက်၍ဂရုစိုက်တတ်သော ဆရာဝန်တစ်ဦး မည်သို့ခံစားရမည်နည်း

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ဘုရင်ရှောလုကို ယေဟောဝါ အဘယ်ကြောင့် မနှစ်သက်ခဲ့သနည်း

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

အခြားသူများမမြင်သော ကိုယ်အိမ်တွင်ပင် ဘုရားသခင့်ပညတ်များကို သင် နာခံနေသလော