မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဇကျေလကျမ်းမှ ပေါ်လွင်ချက်များ—၁

ယေဇကျေလကျမ်းမှ ပေါ်လွင်ချက်များ—၁

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

ယေဇကျေလကျမ်းမှ ပေါ်လွင်ချက်များ—⁠၁

ဘီစီ ၆၁၃ ခုနှစ်ကဖြစ်သည်။ ပရောဖက်ယေရမိသည် ယုဒပြည်တွင်ရှိပြီး ကြုံတွေ့ရတော့မည့် ယေရုရှလင်မြို့ပျက်စီးခြင်းနှင့် ယုဒပြည် လူဆိတ်ညံရာဖြစ်မည့်အကြောင်းကို မကြောက်မရွံ့ကြွေးကြော်နေသည်။ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည် ဂျူးသုံ့ပန်းများစွာကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးဖြစ်သည်။ ထိုသူတို့ထဲတွင် ဒံယေလနှင့် သူ၏အဖော်သုံးဦးပါဝင်ပြီး သူတို့သည် ခါလဒဲနန်းတော်တွင် အမှုထမ်းကြသည်။ ပြည်နှင်ခံဂျူးအများစုမှာ “ခါလဒဲပြည်” ရှိ ခေဗာမြစ်နားတွင် နေထိုင်ကြရသည်။ (ယေဇကျေလ ၁:၁-၃) ယေဟောဝါသည် ထိုသုံ့ပန်းများအတွက် တမန်တစ်ပါးမျှမရှိဘဲ ဤအတိုင်းပစ်မထားခဲ့ပါ။ အသက် ၃၀ ရှိသောယေဇကျေလကို ပရောဖက်အဖြစ် ကိုယ်တော်ခန့်အပ်တော်မူသည်။

ဘီစီ ၅၉၁ တွင်ရေးသားပြီးစီးခဲ့သော ယေဇကျေလကျမ်းသည် ၂၂ နှစ်ကြာကာလကို ငုံမိသည်။ ယေဇကျေလသည် သူရေးသောကျမ်းကို အထူးဂရုပြုသေချာစွာရေးသားသည်။ သူ ပရောဖက်ပြုသောရက်စွဲများကို ဖော်ပြပြီး ခုနှစ်အပြင် ရက်နှင့်လတို့ကိုပင် ဖော်ပြသည်။ ယေဇကျေလ၏သတင်းစကား ပထမအပိုင်းတွင် ယေရုရှလင်မြို့ကျရှုံးခြင်းနှင့် ပျက်စီးခြင်းကို အဓိကထားဖော်ပြသည်။ ဒုတိယအပိုင်းတွင် ဝန်းကျင်နိုင်ငံများနှင့်ပတ်သက်သည့် ကြေညာချက်များပါဝင်ပြီး နောက်ဆုံးအပိုင်းတွင် ယေဟောဝါ၏ဝတ်ပြုရေး ပြန်လည်တည်ထောင်ခြင်းအကြောင်း ဖြစ်သည်။ ဤဆောင်းပါးတွင် ယေဇကျေလ ၁:၁–၂၄:၂၇ မှပေါ်လွင်ချက်များကို ဆွေးနွေးထားပါသည်၊ ယင်းတွင် စိတ်အာရုံများ၊ ပရောဖက်ပြုချက်များ၊ ယေရုရှလင်မြို့ကြုံတွေ့ရမည့်အရာနှင့်ပတ်သက်သော သရုပ်ဖော်ချက်များ ခြုံငုံပါဝင်သည်။

“ကင်းစောင့်အရာ၌ ငါခန့်ထား”

(ယေဇကျေလ ၁:၁–၁၉:၁၄)

ယေဟောဝါ၏ ပလ္လင်တော်နှင့်ပတ်သက်သော စိုးရွံ့ထိတ်လန့်ဖွယ်စိတ်အာရုံတစ်ခုကို မြင်တွေ့ရပြီးနောက် ယေဇကျေလ တာဝန်ခန့်အပ်ခံရသည်။ ယေဇကျေလအား ယေဟောဝါဤသို့မိန့်တော်မူ၏– “သင့်ကို ဣသရေလအမျိုးတွင် ကင်းစောင့်အရာ၌ ငါခန့်ထားသောကြောင့် ငါသတိပေးသောစကားကိုနားထောင်၍ သူတို့အားဆင့်ဆိုလော့။” (ယေဇကျေလ ၃:၁၇) ယေရုရှလင်မြို့ဝိုင်းရံခံရခြင်းနှင့် ယင်း၏အကျိုးဆက်များကို ပရောဖက်ပြုရာတွင် သရုပ်ဖော်ချက်နှစ်ခုကို သရုပ်ဆောင်ရန် ယေဇကျေလတာဝန်ရခဲ့သည်။ ယုဒပြည်ကိုရည်ညွှန်းကာ ယေဇကျေလမှတစ်ဆင့် ယေဟောဝါဤသို့မိန့်တော်မူ၏– “ငါသည် ကိုယ်တိုင် သင်တို့အပေါ်သို့ ဓားကိုရောက်စေ၍ မြင့်သောအရပ်တို့ကို ဖြိုဖျက်မည်။” (ယေဇကျေလ ၆:၃) ပြည်သားတို့အား ဤသို့ဆိုသည်– “ဆုံးပါးပျက်စီးရာအချိန် ရောက်လာပေတော့အံ့။”—⁠ယေဇကျေလ ၇:၇ခမ။

ဘီစီ ၆၁၂ တွင် စိတ်အာရုံတစ်ခု၌ ယေဇကျေလကို ယေရုရှလင်မြို့သို့ ခေါ်ဆောင်သွားသည်။ ဘုရားသခင်၏ ဝတ်ပြုရာအိမ်တော်တွင်ဖြစ်ပျက်နေသော ရွံရှာဖွယ်အရာများကို သူတွေ့မြင်ရလေသည်။ အယူဖောက်ပြန်မှုအတွက် ယေဟောဝါ၏အမျက်တော်ကိုဖော်ပြရာတွင် ကောင်းကင်မှ ကိုယ်တော်၏လက်မရွံ့သား (“လူခြောက်ယောက်” ဖြင့် တင်စားခံရသူ) တို့ကို စေလွှတ်တော်မူသောအခါ ‘နဖူးတွင် အမှတ်’ ထိုးမှတ်ခံရသူတို့သာလျှင် လွတ်မြောက်ကြမည်။ (ယေဇကျေလ ၉:၂-၆) သို့သော် ဦးဆုံး ဖျက်ဆီးခြင်းဆိုင်ရာ ဘုရားသခင်၏ အမျက်တော်မီးသတင်းစကားဖြစ်သည့် “မီးခဲ” ကို မြို့အပေါ်တွင် ကြဲဖြန့်ရမည်ဖြစ်သည်။ (ယေဇကျေလ ၁၀:၂) ယေဟောဝါသည် ‘သူတို့၏အပြစ်ကို သူတို့၏ခေါင်းပေါ်သို့ ရောက်စေ’ သော်လည်း ကွဲလွင့်နေသောဣသရေလလူတို့ကို ပြန်စုသိမ်းမည်ဟု ကိုယ်တော်ကတိပြုထားသည်။—⁠ယေဇကျေလ ၁၁:၁၇-၂၁

ဘုရားသခင်၏စွမ်းအားတော်က ယေဇကျေလကို ခါလဒဲပြည်သို့ ပြန်ပို့ဆောင်လေသည်။ ယေရုရှလင်မြို့မှ ဘုရင်ဇေဒကိနှင့်လူများ ထွက်ပြေးကြသည်ကို သရုပ်ဖော်ချက်တစ်ရပ်တွင် ပုံဖော်ပြသည်။ ပရောဖက်နှင့် ပရောဖက်မအတုအယောင်များကို ထုတ်ဖော်ပြစ်တင်သည်။ ရုပ်ပုံကိုးကွယ်သူတို့သည် ငြင်းပယ်ခံရသည်။ ယုဒပြည်ကို အသုံးမဝင်သောစပျစ်နွယ်ပင်တစ်ပင်နှင့် ခိုင်းနှိုင်းသည်။ ရွှေလင်းတကြီးနှင့် စပျစ်နွယ်ပင်စကားထာက အကူအညီအတွက် အီဂျစ်ပြည်သို့ဦးလှည့်ခြင်းကြောင့် ယေရုရှလင်ခံရသည့် ဆိုးဝါးလှသောအကျိုးဆက်များကို ဖော်ပြသည်။ ‘နုသောအညွန့်ကိုဆိတ်၍ မြင့်မြတ်သောတောင်ပေါ်မှာ ယေဟောဝါစိုက်ပျိုးမည်’ ဟူသောကတိတော်ဖြင့် စကားထာကို နိဂုံးချုပ်ထားသည်။ (ယေဇကျေလ ၁၇:၂၂) သို့သော် ယုဒပြည်တွင် “အစိုးရသောရာဇလှံတံဖို့ . . . တစ်စုံတစ်ခုမျှမကျန်ကြွင်း” တော့ပါ။—⁠ယေဇကျေလ ၁၉:၁၄

ကျမ်းစာမေးခွန်းများ၏အဖြေ–

၁:၄-၂၈—⁠ကောင်းကင်ရထားသည် အဘယ်အရာကို ပုံတင်ပြသနည်း။ ရထားသည် တည်ကြည်သောဝိညာဉ်သတ္တဝါများဖြင့် ဖွဲ့စည်းထားသည့် ယေဟောဝါ၏ကောင်းကင်အဖွဲ့အစည်းကို ပုံတင်ပြသည်။ ယင်း၏တန်ခိုးရင်းမြစ်မှာ ယေဟောဝါ၏သန့်ရှင်းသောစွမ်းအားတော်ဖြစ်သည်။ ရထားကိုစီးနင်းသူမှာ မဖော်ပြနိုင်လောက်အောင်ဘုန်းတန်ခိုးထွန်းတောက်သော ယေဟောဝါကို ပုံတင်ပြသည်။ ကိုယ်တော်၏တည်ငြိမ်မှုကို လှပသောသက်တံဖြင့် သရုပ်ဖော်ထားသည်။

၁:၅-၁၁—⁠သတ္တဝါလေးပါးတို့မှာ မည်သူတို့နည်း။ ရထားနှင့်ဆိုင်သော ယေဇကျေလ၏ဒုတိယစိတ်အာရုံတွင် သတ္တဝါလေးပါးကို ခေရုဗိမ်များအဖြစ် ဖော်ပြထားသည်။ (ယေဇကျေလ ၁၀:၁-၁၁; ၁၁:၂၂) ယင်းနှင့်ပတ်သက်၍ နောက်ပိုင်းဖော်ပြချက်တွင် နွားမျက်နှာကို “ခေရုဗိမ်မျက်နှာ” အဖြစ်ဖော်ပြသည်။ (ယေဇကျေလ ၁၀:၁၄) ယင်းသည် သင့်လျော်ပါသည်၊ အကြောင်းမှာ နွားသည် တန်ခိုး၊ ခွန်အား၏ သင်္ကေတဖြစ်ပြီး ခေရုဗိမ်တို့သည် တန်ခိုးကြီးသောဝိညာဉ်သတ္တဝါများဖြစ်ကြသည်။

၂:၆—⁠ယေဇကျေလကို “လူသား” ဟူ၍ အဘယ်ကြောင့် အကြိမ်ကြိမ်ခေါ်ဆိုထားသနည်း။ ယေဟောဝါက ယေဇကျေလအား ယင်းသို့ခေါ်ဆိုခြင်းမှာ ပရောဖက်က မိမိသည် အသွေးအသားဖြင့်တည်ဆောက်ထားသူဖြစ်ကြောင်း သတိရစေရန်ဖြစ်သည်၊ သို့ဖြင့် လူသားတမန်နှင့် သတင်းစကား၏မူလအရှင်ဖြစ်သော ဘုရားသခင်အကြားတွင် အလွန်ကွာခြားကြောင်း ပေါ်လွင်စေသည်။ ခရစ်ဝင်ကျမ်းများထဲတွင် ယေရှုခရစ်အား ထိုအသုံးအနှုန်းဖြင့် အကြိမ် ၈၀ ခန့်ခေါ်ဆိုထားသည်၊ ယင်းက ဘုရားသခင်၏သားတော်သည် လူအယောင်ဆောင်ထားသော ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦးအဖြစ်မဟုတ်ဘဲ လူသားတစ်ဦးအဖြစ်ကြွလာခြင်းဖြစ်ကြောင်း ဖော်ပြသည်မှာထင်ရှားသည်။

၂:၉–၃:၃—⁠ငိုကြွေးမြည်တမ်းခြင်း၊ စိတ်မသာညည်းတွားခြင်းအကြောင်းပါသော  စာလိပ်သည် ယေဇကျေလအဖို့ အဘယ်ကြောင့် ချိုသည့်အရသာရှိသနည်း။ စာလိပ်သည် ယေဇကျေလအဖို့ ချိုသောအရသာဖြစ်ရခြင်းမှာ မိမိတာဝန်အပေါ် သူ၏သဘောထားကြောင့်ဖြစ်သည်။ ယေဇကျေလသည် ပရောဖက်တစ်ပါးအဖြစ် ယေဟောဝါအမှုတော်ဆောင်ရန် နှစ်သက်မြတ်နိုးသူဖြစ်သည်။

၄:၁-၁၇—⁠ယေရုရှလင်မြို့ ဝိုင်းရံတိုက်ခိုက်ခံရတော့မည့်အကြောင်း သရုပ်ဖော်ချက်ကို ယေဇကျလ အမှန်ပင် သရုပ်ဆောင်ခဲ့သလော။ ချက်ပြုတ်သည့်လောင်စာ ပြောင်းလဲပေးရန် ယေဇကျေလ၏တောင်းဆိုချက်နှင့် သူ၏တောင်းဆိုချက်ကို ယေဟောဝါခွင့်ပြုခြင်းတို့က ပရောဖက်သည် သရုပ်ဖော်ချက်ကို အမှန်ပင်သရုပ်ဆောင်ကြောင်း ဖော်ပြသည်။ လက်ဝဲနံစောင်းဖြင့်အိပ်ခြင်းက ဆယ်နွယ်နိုင်ငံ၏အမှားများကြောင့်ခံရသည့် နှစ်ပေါင်း ၃၉၀ အတွက်ဖြစ်သည်၊ ယင်းသည် ဘီစီ ၉၉၇ တွင်စတင်ပြီး ယေရုရှလင်မြို့ဖျက်ဆီးခံရသည့် ဘီစီ ၆၀၇ အထိဖြစ်သည်။ လက်ယာနံစောင်းဖြင့်အိပ်ခြင်းက ယုဒ၏အပြစ်ကြောင့်ခံရသည့် အနှစ် ၄၀ အတွက်ဖြစ်သည်၊ ယင်းသည် ယေရမိကို ပရောဖက်အဖြစ် တာဝန်ခန့်အပ်ခဲ့သော ဘီစီ ၆၄၇ မှ ဘီစီ ၆၀၇ အထိကြာသောကာလဖြစ်သည်။ စုစုပေါင်း ၄၃၀ ရက်ကြာသည့်အချိန်အတွင်း ယေဇကျေလသည် မလောက်မငအစားအစာနှင့် ရေကို သုံးဆောင်ခဲ့ပြီး ယင်းက ယေရုရှလင်မြို့ဝိုင်းရံတိုက်ခိုက်ခံရချိန်အတွင်း အစာခေါင်းပါးမည်ကို ပရောဖက်ပြုဖော်ပြခြင်းဖြစ်သည်။

၅:၁-၃—⁠ယေဇကျေလသည် ဆံပင်တစ်စုထဲမှ အနည်းငယ်ကိုယူကာ လေတိုက်ရာ၌လွှင့်ခြင်း၊ အဝတ်နှင့်ထုပ်ခြင်းတို့သည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ အနှစ် ၇၀ ကြာလူဆိတ်ညံရာဖြစ်ပြီးနောက် အကြွင်းအကျန်တို့သည် ယုဒပြည်သို့ပြန်ကြမည်ဖြစ်ကာ မှန်သောဝတ်ပြုရေးကို ပြန်လည်တည်ထောင်မည်ဖြစ်ကြောင်း ယင်းကတင်ပြသည်။—⁠ယေဇကျေလ ၁၁:၁၇-၂၀

၁၇:၁-၂၄—⁠ရွှေလင်းတ [“လင်းယုန်ငှက်၊” ကဘ] ကြီးနှစ်ကောင်မှာ မည်သူတို့နည်း၊ အာရဇ်ပင်၏အညွန့်တို့ကို မည်သို့ချိုးဆိတ်သွားသနည်း၊ ယေဟောဝါ စိုက်ပျိုးတော်မူသော “နုသောအညွန့်” မှာမည်သူနည်း။ ရွှေလင်းတကြီးနှစ်ကောင်မှာ ဗာဗုလုန်နှင့် အီဂျစ်အုပ်စိုးရှင်တို့ကို ကိုယ်စားပြုသည်။ ပထမရွှေလင်းတသည် အာရဇ်ပင်၏အဖျားသို့ လာသည်၊ ဆိုလိုသည်မှာ ဒါဝိဒ်မင်းဆက်ထဲမှ အစိုးရအုပ်ချုပ်သူထံလာခြင်းဖြစ်သည်။ ထိုရွှေလင်းတသည် ယုဒဘုရင်ယေခေါနိနေရာတွင် ဇေဒကိကိုအစားထိုးခြင်းဖြင့် အညွန့်တို့ကို ချိုးဆိတ်သွားသည်။ ဇေဒကိသည် ကျေးဇူးသစ္စာစောင့်သိမည်ဟုကျိန်ဆိုထားသည့်အတိုင်း နေထိုင်မည့်အစား အခြားရွှေလင်းတဖြစ်သော အီဂျစ်အုပ်စိုးရှင်ထံမှ အကူအညီရှာလေရာ အချည်းနှီးသာဖြစ်သည်။ သူသည် သုံ့ပန်းအဖြစ်ခေါ်ဆောင်ခံရပြီး ဗာဗုလုန်တွင် သေဆုံးရန်ဖြစ်သည်။ ယေဟောဝါသည်လည်း မေရှိယဘုရင်ဖြစ်သော “နုသောအညွန့်” ကိုချိုးဆိတ်ယူတော်မူသည်။ ယင်းကို “မြင့်မြတ်သောတောင်ပေါ်၊” ကောင်းကင်ဇိအုန်တောင်ပေါ်တွင် စိုက်ပျိုးတော်မူပြီး ယင်းသည် မြေကြီးသားအပေါင်းတို့အတွက် စစ်မှန်သောကောင်းချီးများ၏ရင်းမြစ်ဖြစ်သည့် “ကောင်းမွန်သောစပျစ်နွယ်ပင် [“အာရဇ်ပင်၊” ကဘ]” ဖြစ်လာမည်။—⁠ဗျာ. ၁၄:၁

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၂:၆-၈; ၃:၈၊ ၉၊ ၁၈-၂၁ကျွန်ုပ်တို့သည် လူဆိုးများကို မကြောက်ရွံ့သင့်သကဲ့သို့ သူတို့ကို သတိပေးချက်ပါသည့် ဘုရားသခင့်သတင်းစကားကို မကြွေးကြော်ဘဲလည်း မနေသင့်ပါ။ လျစ်လျူရှုမှု သို့မဟုတ် ဆန့်ကျင်မှုနှင့် ရင်ဆိုင်ရသည့်အခါ ကျွန်ုပ်တို့သည် စိန်ကဲ့သို့မာဖို့လိုသည်။ သို့သော် ကျွန်ုပ်တို့သည် စိတ်ခိုင်မာ၊ စာနာထောက်ထားမှုမရှိ၊ ကြင်နာမှုမဲ့လာခြင်းတို့ကိုမူ မဖြစ်စေရန်သတိပြုသင့်သည်။ ယေရှုသည် မိမိဟောပြောသောသူတို့ကို သနားခြင်းစိတ်ရှိတော်မူခဲ့သည်၊ ကျွန်ုပ်တို့လည်း အခြားသူတို့ကို ဟောပြောရာတွင် သနားကြင်နာမှု၏လှုံ့ဆော်မှုကြောင့် ဖြစ်သင့်သည်။—⁠မဿဲ ၉:၃၅-၃၆

၃:၁၅ယေဇကျေလသည် တာဝန်ကိုလက်ခံရရှိပြီးနောက် တေလဗိဗရွာတွင်နေကာ မိမိကြေညာရမည့်သတင်းစကားကို စိတ်နှလုံးထဲမှတ်ကျုံးနေရင်း “ခုနစ်ရက်ပတ်လုံး မိန်းမောတွေဝေလျက်နေ၏။” ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှနက်နဲသောအမှန်တရားများကို နားလည်ရန်အလို့ငှာ လုံ့လစိုက်ထုတ်လေ့လာရန်၊ ဆင်ခြင်တွေးတောရန် အချိန်ယူသင့်သည်မဟုတ်လော။

၄:၁–၅:⁠၄ပရောဖက်ပြုချက်ဆိုင်ရာ သရုပ်ဖော်ချက်နှစ်ခုကို ယေဇကျေလသရုပ်ဆောင်ရန်မှာ သူ့တွင် နှိမ့်ချမှုနှင့် ရဲစွမ်းသတ္တိလိုအပ်ခဲ့သည်။ ကျွန်ုပ်တို့လည်း ဘုရားသခင်ပေးအပ်သော မည်သည့်တာဝန်ကိုမဆိုထမ်းဆောင်ရာတွင် နှိမ့်ချမှုနှင့် ရဲစွမ်းသတ္တိရှိသင့်သည်။

၇:၄၊ ၉; ၈:၁၈; ၉:၅၊ ၁၀ဘုရားသခင်၏ တရားစီရင်ခြင်းခံရသူတို့ကို သနားစရာ သို့မဟုတ် နှမြောစုံမက်စရာမလိုပါ။

၇:၁၉ယေဟောဝါသည် ဤအစီအစဉ်စနစ်ကို တရားစီရင်ချိန်တွင် ငွေသည် တန်ဖိုးမရှိသောအရာ ဖြစ်သွားမည်။

၈:၅-၁၈အယူဖောက်ပြန်ခြင်းသည် လူတစ်ဦး၏ ဘုရားသခင်နှင့်ဆက်ဆံရေးကို ပျက်စီးစေသည်။ “လူ [အယူဖောက်ပြန်သူ] သည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကိုဖျက်တတ်၏။” (သု. ၁၁:၉) အယူဖောက်ပြန်သူတို့၏စကားကို နားထောင်မည်ဟုကြံစည်ခြင်းကိုပင် ရှောင်ပါက ပညာရှိရာရောက်သည်။

၉:၃-၆ကျွန်ုပ်တို့သည် ဘုရားသခင်ထံအပ်နှံပြီးသူ၊ နှစ်ခြင်းခံပြီးသူကျေးကျွန်များဖြစ်ကြောင်းနှင့် ခရစ်ယာန်အရည်အသွေးများ ပိုင်ဆိုင်ကြောင်း သက်သေအထောက်အထားဖြစ်သော အမှတ်အသားရရှိထားခြင်းသည် ‘ကြီးစွာသောဆင်းရဲခြင်း’ တွင် ကပ်ကျော်ရန်အတွက် မရှိမဖြစ်ရှိအပ်သည်။ (မဿဲ ၂၄:၂၁) မင်အိုးပါသောသူကိုကိုယ်စားပြုသော ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ထိုးမှတ်ခြင်းအလုပ်ဖြစ်သော ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ဦးဆောင်နေကြသည်။ ကျွန်ုပ်တို့၏အမှတ်အသားကို ထိန်းသိမ်းလိုပါက ယင်းလုပ်ငန်းတွင် သူတို့ကို ဇွဲထက်သန်စွာ ထောက်မရမည်။

၁၂:၂၆-၂၈မိမိ၏သတင်းစကားကို ပြောင်လှောင်သူတို့ကိုပင် ယေဇကျေလဤသို့ဆိုခဲ့၏– ‘[ယေဟောဝါ] ၏စကားပြည့်စုံချိန် မရွေ့ရ။ ပြောသည်အတိုင်းလည်း ပြည့်စုံစေမည်။’ ဤအစီအစဉ်စနစ်ကို ယေဟောဝါအဆုံးမတိုင်စေမီတွင် အခြားသူများ ကိုယ်တော်ကို ယုံကြည်ကိုးစားလာစေရန် ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ကူညီပေးရမည်။

၁၄:၁၂-၂၃ကယ်တင်ခြင်းရရန်မှာ ကျွန်ုပ်တို့ကိုယ်တိုင်၏တာဝန်ဖြစ်သည်။ ကျွန်ုပ်တို့အတွက် မည်သူမျှ မလုပ်ဆောင်ပေးနိုင်ပါ။—⁠ရောမ ၁၄:၁၂

၁၈:၁-၂၉ကိုယ့်လုပ်ရပ်များ၏ အကျိုးဆက်များအတွက် ကျွန်ုပ်တို့တွင်တာဝန်ရှိသည်။

“ငါမှောက်လှန်မည်။ မှောက်လှန်မည်။မှောက်လှန်မည်”

(ယေဇကျေလ ၂၀:၁–၂၄:၂၇)

ပြည်နှင်ခံရပြီး ခုနစ်နှစ်မြောက်ဖြစ်သည့် ဘီစီ ၆၁၁ တွင် ဣသရေလအသက်ကြီးသူတို့သည် ‘ထာဝရဘုရားသခင်ကို မေးလျှောက်ခြင်းငှာ’ ယေဇကျေလထံသို့လာကြသည်။ သူတို့သည် ဣသရေလလူမျိုး၏ ရှည်လျားသောပုန်ကန်မှုသမိုင်းကြောင်းနှင့် သူတို့တစ်ဖက် ‘ယေဟောဝါသည် ဓားကိုထုတ်မည်’ ဟူသည့်သတိပေးချက်ကို ကြားရကြသည်။ (ယေဇကျေလ ၂၀:၁; ၂၁:၃) ဣသရေလလူမျိုး၏အုပ်စိုးရှင် (ဇေဒကိ) ကိုရည်ရွယ်ကာ ယေဟောဝါဤသို့မိန့်တော်မူ၏– “ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကိုချွတ်လော့။ နောက်တစ်ဖန်မရှိရ။ နိမ့်သောသူကိုချီးမြှောက်ရမည်။ မြင့်သောသူကိုနှိမ့်ချရမည်။ နိုင်ငံကို ဆုံးစေခြင်းငှာလည်းကောင်း၊ အစိုးပိုင်သောသူ [ယေရှုခရစ်] မရောက်မီတိုင်အောင်လည်းကောင်း ငါမှောက်လှန်မည်။ မှောက်လှန်မည်။ မှောက်လှန်မည်။ အစိုးပိုင်သောသူ၌ ငါအပ်မည်။”—⁠ယေဇကျေလ ၂၁:၂၆၊ ၂၇

ယေရုရှလင်မြို့  တရားစွဲဆိုခံရသည်။  အဟောလ (ဣသရေလ) နှင့် အဟောလိဗ (ယုဒ) တို့၏အပြစ် ဖော်ထုတ်ခံရသည်။ အဟောလသည် “သူတပ်မက်သောရည်းစား၊ အာရှုရိလူတို့” လက်ထဲအပ်ခံရပြီးဖြစ်သည်။ (ယေဇကျေလ ၂၃:၉) အဟောလိဗသည် မကြာမီပျက်စီးတော့မည်ဖြစ်သည်။ ဘီစီ ၆၀၉ တွင် ယေရုရှလင်မြို့ကို ၁၈ လကြာဝိုင်းရံတိုက်ခိုက်မှု စတင်လေသည်။ နောက်ဆုံး မြို့တော်ကျရှုံးသွားချိန်တွင် ဂျူးတို့သည် မိမိတို့၏ဝမ်းနည်းကြေကွဲမှုကို မဖော်ပြနိုင်လောက်အောင် ကြောင်အမ်းအမ်းဖြစ်သွားကြမည်။ မြို့တော်ဖျက်ဆီးခံရခြင်းမှ “လွတ်သောသူတစ်စုံတစ်ယောက်” ထံမှ သတင်းမရမချင်း ယေဇကျေလသည် ပြည်နှင်ခံရသူတို့အား ဘုရားသခင်၏သတင်းစကားကို မပြောဘဲနေရမည်ဖြစ်သည်။—⁠ယေဇကျေလ ၂၄:၂၆၊ ၂၇

ကျမ်းစာမေးခွန်းများ၏အဖြေ–

၂၁:၃—⁠ဓားအိမ်မှ ယေဟောဝါထုတ်တော်မူသော “ဓား” မှာ အဘယ်နည်း။ ယေရုရှလင်မြို့နှင့် ယုဒပြည်ကို တရားစီရင်ရန် ယေဟောဝါအသုံးပြုသည့် “ဓား” မှာ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှင့် သူ၏စစ်တပ်ဖြစ်ကြောင်း ထင်ရှားသည်။ တန်ခိုးကြီးဝိညာဉ်သတ္တဝါများဖြင့် ဖွဲ့စည်းထားသော ဘုရားသခင်၏ ကောင်းကင်အဖွဲ့အစည်းလည်း ပါဝင်နိုင်ပါသည်။

၂၄:၆-၁၄—⁠သံချေးတက်သောအိုးကင်းသည် အဘယ်အရာကို ပုံတင်ပြသနည်း။ ဝိုင်းရံတိုက်ခိုက်ခံနေရသည့် ယေရုရှလင်မြို့ကို အဝကျယ်သောအိုးကင်းတစ်ခုနှင့် ခိုင်းနှိုင်းနိုင်သည်။ သံချေးက မြို့တွင်းရှိကိုယ်ကျင့်တရားဖောက်ပြန်ခြင်း—⁠ညစ်ညမ်းခြင်း၊ အကျင့်ပျက်ခြင်း၊ သွေးသွန်းခြင်းတို့ကို ပုံတင်ပြပြီး ယင်းတို့အတွက် သူ့တွင်တာဝန်ရှိသည်။ မြို့၏ညစ်ညမ်းမှုသည် အလွန်ကြီးမားသောကြောင့် အဘယ်အရာမျှမပါဘဲ အိုးအလွတ်ကိုမီးဖိုပေါ်တင်ကာ မီးပြင်းပြင်းထိုးသည့်တိုင် ယင်း၏သံချေးများ မပျောက်သွားပါ။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၂၀:၁၊ ၄၉ဣသရေလအသက်ကြီးသူတို့၏ တုံ့ပြန်ပုံစကားက ယေဇကျေလပြောသည့်စကားကို သံသယဝင်ကြကြောင်း ဖော်ပြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သတိပေးချက်များကို ဘယ်တော့မျှသံသယမဝင်ဘဲ နေနိုင်ကြပါစေ။

၂၁:၁၈-၂၂နေဗုခဒ်နေဇာသည် ဗေဒင်အတတ်ကို အသုံးပြုခဲ့သော်လည်း ယေရုရှလင်မြို့ကို အယူမှားအုပ်စိုးရှင် အမှန်ပင်တိုက်ခိုက်စေရန် ယေဟောဝါ ပြုခဲ့ခြင်းဖြစ်သည်။ ယင်းက ယေဟောဝါ၏ရည်ရွယ်ချက်ပြီးမြောက်စေရန် လုပ်ဆောင်မည့် ကိုယ်တော်၏ တရားစီရင်မည့်ကိုယ်စားလှယ်များကို နတ်ဆိုးများပင် မတားဆီးနိုင်ကြောင်း တင်ပြသည်။

၂၂:၆-၁၆ရှုတ်ချဂုဏ်ဖျက်မှု၊ အကျင့်ပျက်မှု၊ အာဏာအလွဲသုံးစားပြုမှုနှင့် လာဘ်စားမှုတို့ကို ယေဟောဝါရွံမုန်းတော်မူသည်။ ယင်းအမှားများကိုရှောင်မည်ဟူသော ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ခိုင်မာစေသင့်သည်။

၂၃:၅-၄၉ဣသရေလနှင့်ယုဒသည် နိုင်ငံရေးမဟာမိတ်များဖွဲ့ခြင်းကြောင့် သူတို့၏မဟာမိတ်များထံမှ မှားယွင်းသောဝတ်ပြုရေး ရရှိခဲ့ကြသည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းပျက်စီးစေနိုင်သည့် လောကသားများနှင့် ရင်းနှီးစွာပေါင်းဖော်ခြင်းကို သတိပြုကြစို့။—⁠ယာကုပ် ၄:၄

အသက်ရှင်၍ တန်ခိုးနှင့်ပြုပြင်တတ်သောသတင်းစကားတစ်ရပ်

ယေဇကျေလကျမ်း၏ ပထမအခန်းကြီး ၂၄ ခန်းမှ အလွန်ကောင်းမွန်သည့်သင်ခန်းစာများကို ကျွန်ုပ်တို့သင်ယူရရှိခဲ့သည်။ ထိုတွင် ဘုရားသခင့်မျက်နှာသာဆုံးရှုံးစေသည့်အရာ၊ ကိုယ်တော်၏ကြင်နာမှုရရှိနိုင်ပုံ၊ လူဆိုးတို့ကို ကျွန်ုပ်တို့ အဘယ်ကြောင့် သတိပေးသင့်ကြောင်းတို့နှင့်ပတ်သက်သော မူများကို ဖော်ပြထားသည်။ ယေရုရှလင်မြို့ပျက်စီးခြင်းနှင့်ပတ်သက်သော ပရောဖက်ပြုချက်က ယေဟောဝါသည် ‘အသစ်သောအရာတို့ မပေါ်လာမီ ကိုယ်တော်၏လူတို့အား ဖော်ပြ’ သောဘုရားသခင်ဖြစ်ကြောင်း အထင်အရှားဖော်ပြသည်။—⁠ဟေရှာယ ၄၂:၉

ယေဇကျေလ ၁၇:၂၂-၂၄ နှင့် ၂၁:၂၆၊ ၂၇ ပါမှတ်တမ်းကဲ့သို့သော ပရောဖက်ပြုချက်များသည် ကောင်းကင်တွင် မေရှိယနိုင်ငံတော်တည်ထောင်ခြင်းကို ဖော်ပြခဲ့သည်။ မကြာမီအချိန်တွင် ယင်းအုပ်ချုပ်မှုသည် ဘုရားသခင့်အလိုတော်ကို မြေကြီးပေါ်တွင်ပြည့်စုံစေမည်။ (မဿဲ ၆:၉၊ ၁၀) ကျွန်ုပ်တို့သည် ခိုင်မာသောယုံကြည်ခြင်း၊ ယုံကြည်စိတ်ချမှုတို့ဖြင့် ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများကို မျှော်လင့်နိုင်ကြသည်။ မှန်ပါသည်၊ ‘ဘုရားသခင်၏နှုတ်မြွက်စကားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်းနှင့်ပြည့်စုံသည်။’—⁠ဟေဗြဲ ၄:၁၂

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ကောင်းကင်ရထားသည်အဘယ်အရာကိုပုံတင်ပြသနည်း

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ဟောပြောခြင်းလုပ်ငန်းတွင် ဇွဲထက်သန်စွာပါဝင်နေခြင်းကကျွန်ုပ်တို့၏ ‘အမှတ်အသား’ ကိုထိန်းသိမ်းရန်ထောက်ကူ