မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အကောင်းအားဖြင့် အဆိုးကိုနိုင်လော့”

“အကောင်းအားဖြင့် အဆိုးကိုနိုင်လော့”

“အကောင်းအားဖြင့် အဆိုးကိုနိုင်လော့”

“အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။”—⁠ရောမ ၁၂:၂၁

၁။ အဆိုးကို ကျွန်ုပ်တို့အနိုင်ယူနိုင်ကြောင်း အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။

မှန်သောဝတ်ပြုရေးကို အပြင်းအထန်ဆန့်ကျင်သူတို့တစ်ဖက် မားမားမတ်မတ် ရပ်တည်၍ရနိုင်ပါသလော။ ဆိုးသွမ်းသည့်လောကထဲ ကျွန်ုပ်တို့ပြန်ရောက်သွားစေသည့် ဩဇာလွှမ်းမိုးမှုများကို အောင်နိုင်၍ရပါသလော။ မေးခွန်းနှစ်ခုစလုံး၏အဖြေမှာ ခံရပ်နိုင်၊ အောင်နိုင်သည်ဟူ၍ဖြစ်၏။ အဘယ်ကြောင့် ထိုသို့ဖြေရသနည်း။ ရောမမြို့သားများထံရေးသော တမန်တော်ပေါလု၏စာတွင် ပါရှိသည့်အချက်ကြောင့်ဖြစ်သည်။ သူဤသို့ရေး၏– “အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကိုနိုင်လော့ [“ဆက်၍အနိုင်ယူနေလော့၊” ကဘ]။” (ရောမ ၁၂:၂၁) ကျွန်ုပ်တို့သည် ယေဟောဝါကိုယုံကြည်ကိုးစားပြီး ဤလောက,က ကျွန်ုပ်တို့အားအနိုင်ယူခြင်းကို ခွင့်မပြုဖို့ စိတ်ဆုံးဖြတ်ထားမည်ဆိုပါက အဆိုးသည် ကျွန်ုပ်တို့ကို အနိုင်မယူနိုင်ပါ။ ထို့ပြင် “အဆိုးကိုဆက်၍အနိုင်ယူနေလော့” ဟူသောဖော်ပြချက်က ကျွန်ုပ်တို့သည် အဆိုးကိုမပြတ်ကြိုးစားတွန်းလှန်နေပါက ယင်းကိုအနိုင်ယူနိုင်ကြောင်း ဖော်ပြသည်။ သတိမရှိတော့သူတို့၊ တိုက်လှန်ခြင်းမရှိတော့သောသူတို့သာလျှင် ဤဆိုးသွမ်းသောလောကနှင့် ယင်းဆိုးသွမ်းမှု၏မင်းဖြစ်သော နတ်ဆိုးစာတန်၏ အနိုင်ယူမှုကိုခံရမည်။—⁠၁ ယောဟန် ၅:၁၉

၂။ နေဟမိခေတ်က အဖြစ်အပျက်တချို့ကို ကျွန်ုပ်တို့ အဘယ်ကြောင့် သုံးသပ်ကြမည်နည်း။

ပေါလုခေတ်မတိုင်မီ နှစ်ပေါင်း ၅၀၀ ခန့်က ယေရုရှလင်မြို့ရှိ ဘုရားသခင့်ကျေးကျွန်တစ်ဦးသည် အဆိုးကိုတွန်းလှန်ခြင်းဆိုင်ရာ ပေါလုစကား၏အမှန်တရားကို သက်သေပြခဲ့သည်။ ဘုရားသခင်၏လူဖြစ်သော ထိုသူ နေဟမိသည် ဘုရားသခင်ကိုရိုသေမှုမရှိသူတို့၏ ဆန့်ကျင်မှုကိုသာ ခံရပ်ခဲ့ရသည်မဟုတ်ပါ၊ အဆိုးကို အကောင်းဖြင့် အနိုင်ယူခဲ့သူဖြစ်ခဲ့သည်။ အဘယ်စိန်ခေါ်ချက်များကို သူရင်ဆိုင်ခဲ့ရသနည်း။ အဘယ်အရာက သူ့ကိုအောင်မြင်စေခဲ့သနည်း။ သူ၏ပုံသက်သေကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။ ထိုမေးခွန်းများ၏အဖြေရရန် နေဟမိခေတ်က အဖြစ်အပျက်တချို့ကို သုံးသပ်ကြည့်ကြစို့။ *

၃။ အဘယ်ဝန်းကျင်မျိုးတွင် နေဟမိနေထိုင်ခဲ့ရသနည်း၊ သူသည် အဘယ်ထူးခြားသောလုပ်ဆောင်မှုကို ပြီးမြောက်အောင်မြင်ခဲ့သနည်း။

နေဟမိသည် ပါးရှားဘုရင် အာတဇေရဇ်မင်း၏နန်းတော်တွင် အမှုထမ်းဆောင်သူဖြစ်သည်။ နေဟမိသည် ယုံကြည်ခြင်းမတူသူတို့ကြားတွင် နေထိုင်ခဲ့ရသော်လည်း ထိုခေတ်အချိန်က ‘လောက၏ပုံသဏ္ဌာန်ကိုမဆောင်’ ခဲ့ပါ။ (ရောမ ၁၂:၂) ယုဒပြည်၌အကူအညီလိုအပ်ချိန်တွင် သူသည် မိမိ၏သက်သောင့်သက်သာရှိသော ဘဝပုံစံကိုစွန့်လွှတ်ပြီး ယေရုရှလင်မြို့သို့ ခက်ခဲပင်ပန်းသည့်ခရီးကိုနှင်ကာ မြို့ရိုးတည်ဆောက်ခြင်းဖြစ်သည့် ကြီးလေးသောတာဝန်ကို လုပ်ဆောင်ခဲ့သည်။ (ရောမ ၁၂:၁) သူသည် ယေရုရှလင်မြို့၏ ဘုရင်ခံဖြစ်သော်လည်း “မိုးလင်းသည်မှစ၍ ကြယ်ပေါ်သည်တိုင်အောင်” ဣသရေလအမျိုးသားချင်းတို့နှင့်အတူ နေ့စဉ်လုပ်ဆောင်ခဲ့သည်။ ရလဒ်မှာ နှစ်လအတွင်းပင် အလုပ်ပြီးစီးခဲ့သည်။ (နေဟမိ ၄:၂၁; ၆:၁၅) မြို့ရိုးတည်ဆောက်နေစဉ်အတွင်း ဣသရေလလူမျိုးသည် ဆန့်ကျင်မှုမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ယင်းသည် ထူးခြားသောအောင်မြင်မှုဖြစ်ခဲ့သည်။ နေဟမိကိုဆန့်ကျင်သူတို့မှာ မည်သူတို့နည်း၊ သူတို့၏ပန်းတိုင်မှာ အဘယ်နည်း။

၄။ နေဟမိကိုဆန့်ကျင်သူတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။

အဓိကဆန့်ကျင်သူတို့မှာ ယုဒပြည်အနီးအနားတွင် နေထိုင်ကြသော ဩဇာအာဏာရှိသူတို့ဖြစ်ကြသည့် သမ္ဘာလတ်၊ တောဘိနှင့် ဂေရှင်တို့ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင့်လူမျိုး၏ရန်သူများဖြစ်ကြသောကြောင့် “ဣသရေလအမျိုးသားတို့၏အကျိုးကို ပြုစုခြင်းငှာ လူတစ်ယောက် [နေဟမိ] လာကြောင်းကို . . . ကြားသော် အလွန်နှလုံးမသာရှိကြ၏။” (နေဟမိ ၂:၁၀၊ ၁၉) နေဟမိ၏ရန်သူတို့သည် မြို့ရိုးတည်ဆောက်ရေးအစီအစဉ်ကို ရပ်တန့်အောင်လုပ်ဆောင်ဖို့ စိတ်ဆုံးဖြတ်ထားကြပြီး မကောင်းသည့်အကြံအစည်များကိုပင် အသုံးခဲ့ပြုကြသည်။ နေဟမိသည် ‘အဆိုးဖြင့်တုံ့ပြန် အနိုင်ယူရန်’ ခွင့်ပြုမည်လော။

“အလွန်ဒေါသအမျက်ထွက်”

၅၊ ၆။ (က) နေဟမိ၏ရန်သူတို့သည် တည်ဆောက်ခြင်းအလုပ်ကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ (ခ) နေဟမိသည် ဆန့်ကျင်သူတို့ကို အဘယ်ကြောင့် မကြောက်ရွံ့ခဲ့သနည်း။

နေဟမိသည် မိမိလူတို့အား “ယေရုရှလင်မြို့ရိုးကို တည်ကြကုန်အံ့” ဟုသတ္တိရှိရှိတိုက်တွန်းခဲ့၏။ သူတို့ကလည်း “ငါတို့သည်ထ၍တည်ကြကုန်အံ့” ဟုပြန်ပြောကြသည်။ နေဟမိက ထိုသူတို့သည် “ထိုကောင်းမှုကိုပြီးစေခြင်းငှာ တစ်ယောက်ကိုတစ်ယောက်နှိုးဆော်ကြ၏” ဟုဖော်ပြထားသည်၊ သို့သော် ဆန့်ကျင်သူတို့က “ပြက်ရယ်ပြု၍ ‘သင်တို့သည် အဘယ်သို့ပြုကြမည်နည်း။ ရှင်ဘုရင်ကိုပုန်ကန်ကြမည်လော’ ဟုကဲ့ရဲ့လျက်ဆိုကြ၏။” နေဟမိသည် သူတို့၏ကဲ့ရဲ့ပြောင်လှောင်မှုနှင့် မဟုတ်မမှန်စွပ်စွဲမှုများကို မကြောက်ရွံ့ခဲ့ပါ။ ဆန့်ကျင်သူတို့အား သူဤသို့ပြော၏– “ကောင်းကင်ဘုံ၏အရှင်ဘုရားသခင်သည် ငါတို့ကိုအခွင့်ပေးတော်မူမည်။ ထိုကြောင့် ဘုရားသခင်၏ကျွန်ဖြစ်သောငါတို့သည် ထ၍တည်မည်။” (နေဟမိ ၂:၁၇-၂၀) နေဟမိသည် “ကောင်းမှု” ကိုဆက်၍လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

ဆန့်ကျင်သူတစ်ဦးဖြစ်သူ သမ္ဘာလတ်သည် “အလွန်ဒေါသအမျက်ထွက်၍” စကားလုံးများဖြင့် ထိုးနှက်လေတော့သည်။ “အားမရှိသောထိုယုဒလူတို့သည် အဘယ်သို့ပြုကြမည်နည်း . . . ကျွမ်းလောင်သောကျောက်တို့ကို အမှိုက်ပုံများထဲကထုတ်၍ ပြုပြင်မည်လော” ဟုသူပြောင်လှောင်လေသည်။ တောဘိကလည်း သရော်သည့်စကားဖြင့် ဤသို့ထပ်ဖြည့်ပြောသည်– “သူတို့တည်သောကျောက်ရိုးကို တောခွေးထိခိုက်လျှင် ပြိုလဲလိမ့်မည်။” (နေဟမိ ၄:၁-၃) နေဟမိမည်သို့တုံ့ပြန်ခဲ့သနည်း။

၇။ နေဟမိသည် ဆန့်ကျင်သူတို့၏စွပ်စွဲချက်များကို အဘယ်နည်းများဖြင့် တုံ့ပြန်ခဲ့သနည်း။

နေဟမိသည် ပြောင်လှောင်မှုကို လျစ်လျူရှုထားလိုက်သည်။ သူသည် ဘုရားသခင့်ပညတ်ကို လိုက်လျှောက်ခဲ့ပြီး လက်တုံ့ ပြန်ရန် မကြိုးစားခဲ့ပါ။ (ဝတ်ပြုရာ ၁၉:၁၈) ယင်းအစား ကိစ္စရပ်ကို ဘုရားသခင့်လက်တွင် အပ်နှံထားပြီး ဤသို့ဆုတောင်းခဲ့၏– “အိုအကျွန်ုပ်တို့ဘုရားသခင် နားထောင်တော်မူပါ။ အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကိုခံရပါ၏။ သူတို့ကဲ့ရဲ့သောစကားသည် သူတို့ခေါင်းပေါ်သို့ ပြန်ရောက်ပါစေသော။” (နေဟမိ ၄:၄) “အပြစ်တရားကိုစီရင်ရသောအခွင့်၊ အပြစ်နှင့်အလျောက် ဆပ်ပေးရသောအခွင့်ကို ငါပိုင်၏” ဟူသည့် ယေဟောဝါ၏အာမခံချက်ကို နေဟမိယုံကြည်ကိုးစားခဲ့သည်။ (တရားဟောရာ ၃၂:၃၅) ထို့ပြင် နေဟမိနှင့်သူ၏လူတို့သည် ‘မြို့ရိုးကို ဆက်၍တည်ကြ၏။’ သူတို့သည် အာရုံပျံ့လွင့်သွားစေရန် ခွင့်မပြုခဲ့ကြပါ။ မှန်ပါသည်၊ “တည်လုပ်သောသူတို့သည် စေတနာကြီးသောကြောင့် မြို့ပတ်လည်မြို့ရိုးအမြင့်တစ်ဝက်တိုင်အောင် ပြီးလေ၏။” (နေဟမိ ၄:၆) မှန်သောဝတ်ပြုရေး၏ ရန်သူတို့သည် မြို့ရိုးတည်ဆောက်ခြင်းလုပ်ငန်းကို ရပ်တန့်သွားအောင် မလုပ်နိုင်ခဲ့ကြပါ။ နေဟမိကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။

၈။ (က) ဆန့်ကျင်သူတို့သည် ကျွန်ုပ်တို့ကို မဟုတ်မမှန်စွပ်စွဲကြသည့်အခါ နေဟမိကို ကျွန်ုပ်တို့ မည်သို့တုပနိုင်ကြသနည်း။ (ခ) လက်တုံ့မပြန်ခြင်းဖြင့် ဉာဏ်ပညာရှိရာရောက်သည့်သင်၏တွေ့ကြုံမှု သို့မဟုတ် သင်ကြားဖူးသည့်တွေ့ကြုံမှုတစ်ခုကို ပြောပြပါ။

ယနေ့ ကျောင်းတွင်၊ အလုပ်တွင်၊ အိမ်တွင်း၌ပင် ဆန့်ကျင်သူတို့သည် ကျွန်ုပ်တို့ကို ပြောင်လှောင်သရော်၊ စွပ်စွဲကြပေမည်။ သို့သော် “တိတ်ဆိတ်စွာနေရသောအချိန်. . . ရှိ၏” ဟူသောကျမ်းစာမူကို ကျင့်သုံးခြင်းသည် ထိုသို့သောမဟုတ်မမှန်စွပ်စွဲချက်များကို ဖြေရှင်းသည့်အကောင်းဆုံးနည်းဖြစ်လေ့ရှိသည်။ (ဒေ. ၃:၁၊) ထို့ကြောင့် နေဟမိကဲ့သို့ပင် ကျွန်ုပ်တို့သည် ထိခိုက်နာကျင်စေသောစကားများဖြင့် ပြန်၍လက်တုံ့မပြန်ကြပါ။ (ရောမ ၁၂:၁၇) “အပြစ်နှင့်အလျောက်ငါဆပ်ပေးမည်” ဟု အာမခံသောဘုရားသခင်ကို ယုံကြည်ကိုးစားကာ ကိုယ်တော့်ထံဆုတောင်းကြသည်။ (ရောမ ၁၂:၁၉; ၁ ပေတရု ၂:၁၉၊ ၂၀) ဤနည်းဖြင့် ကျွန်ုပ်တို့သည် ယနေ့အချိန်တွင်လုပ်ဆောင်ရမည့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်း လုပ်ဆောင်နေခြင်းမှ ဆန့်ကျင်သူတို့ကြောင့် ကျွန်ုပ်တို့အာရုံပျံ့လွင့်သွားစေရန် ခွင့်မပြုကြပါ။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ဟောပြောခြင်းလုပ်ငန်းတွင်ကျွန်ုပ်တို့ပါဝင်ပြီး ဆန့်ကျင်မှုကြောင့်အဟန့်အတားမဖြစ်စေသည့်အခါတိုင်း ကျွန်ုပ်တို့သည် နေဟမိတင်ပြခဲ့သော တည်ကြည်သည့်စိတ်ဓာတ်မျိုးကို တင်ပြကြသည်။

‘ငါတို့သည် သင်တို့ကို လုပ်ကြံမည်’

၉။ နေဟမိ၏ရန်သူတို့သည် အဘယ်ဆန့်ကျင်မှုပုံစံဖြင့် ပေါ်ထွက်လာခဲ့ကြသနည်း၊ နေဟမိမည်သို့တုံ့ပြန်ခဲ့သနည်း။

နေဟမိခေတ်က မှန်သောဝတ်ပြုရေးကိုဆန့်ကျင်သူတို့သည် ‘ယေရုရှလင်မြို့ရိုးပြိုပျက်ရာတို့ကို ပြင်စပြုကြသည်’ ကိုကြားသည့်အခါ “ယေရုရှလင်မြို့ကို စစ်ချီ၍တိုက်” ရန်မိမိတို့၏ဓားကို ဆွဲကိုင်ခဲ့ကြသည်။ ဂျူးလူမျိုးအတွက် အခြေအနေမှာ မျှော်လင့်ချက်မဲ့ဖြစ်ပုံရသည်။ မြောက်ဘက်တွင် ရှမာရိလူမျိုး၊ အရှေ့ဘက်တွင် အမ္မုန်လူမျိုး၊ တောင်ဘက်တွင် အာရပ်လူမျိုး၊ အနောက်ဘက်တွင် အာဇုတ်လူမျိုးတို့ရှိကြသည်။ ယေရုရှလင်မြို့သည် ဝိုင်းရံခံထားရပြီး တည်ဆောက်သောသူတို့သည် ပိတ်မိနေပုံရခဲ့သည်။ သူတို့ အဘယ်အရာပြုလုပ်ခဲ့မည်နည်း။ “ငါတို့သည် ငါတို့၏ဘုရားသခင်ကိုဆုတောင်း” ကြသည်ဟု နေဟမိဆို၏။ ရန်သူများက “ငါတို့သည် သူတို့အထဲသို့ဝင်၍လုပ်ကြံသဖြင့် ထိုအလုပ်ကိုဖျက်မည်” ဟုခြိမ်းခြောက်ခဲ့ကြ၏။ နေဟမိသည် တည်ဆောက်သောသူတို့ကို “ဓား၊ လှံ၊ လေးလက်နက်” တို့ဖြင့် မြို့ကိုကာကွယ်ရန်တာဝန်ပေးခြင်းဖြင့် ပြန်တုံ့ပြန်ခဲ့သည်။ မှန်ပါသည်၊ လူ့ရှုထောင့်မှကြည့်လျှင် ဂျူးလူနည်းစုလေးသည် အလွန်များပြားသောရန်သူအင်အားစုကို တားဆီးနိုင်မည့်ပုံမရဖြစ်နေသည်၊ သို့သော် နေဟမိက “မကြောက်ကြနှင့်။ ကြီးမြတ်၍ ကြောက်မက်ဖွယ်ဖြစ်တော်မူသော ထာဝရဘုရားကို အောက်မေ့ကြလော့” ဟုအားပေးခဲ့သည်။—⁠နေဟမိ ၄:၇-၉၊ ၁၁၊ ၁၃၊ ၁၄

၁၀။ (က) နေဟမိ၏ရန်သူတို့ကြားတွင် အဘယ်အရာက အခြေအနေများကို ရုတ်တရက်ပြောင်းလဲစေခဲ့သနည်း။ (ခ) နေဟမိသည် အဘယ်ဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့သနည်း။

၁၀ ယခု အခြေအနေများ ရုတ်တရက်ပြောင်းလဲသွားသည်။ ရန်သူတို့၏တိုက်ခိုက်မှု ရပ်တန့်သွားသည်။ အဘယ်ကြောင့်နည်း။ “ရန်သူအကြံကို ဘုရားသခင်ဖျက်ဆီးတော်မူ” သည်ဟု နေဟမိဖော်ပြ၏။ သို့သော် ရန်သူတို့သည် အန္တရာယ်ပြုနိုင်ဆဲဖြစ်သည်ကို နေဟမိသိထားသည်။ ထို့ကြောင့် တည်ဆောက်သူတို့၏ အလုပ်လုပ်သည့်နည်းလမ်းကို ပညာရှိစွာပြုပြင်ပေးခဲ့သည်။ ထိုအချိန်မှစ၍ ‘တစ်ဦးစီသည် လက်တစ်ဖက်နှင့်လုပ်ကြ၏။ လက်တစ်ဖက်နှင့် လက်နက်ကိုကိုင်ကြ၏။’ နေဟမိသည် “တံပိုးမှုတ်သောသူ” တစ်ဦးကိုတာဝန်ပေးထားပြီး ရန်သူတိုက်ခိုက်လာလျှင် မြို့ရိုးတည်ဆောက်နေသူတို့ကို သတိပေးရန် “တံပိုးမှုတ်” ဖို့ဖြစ်သည်။ အဓိကအနေနှင့် နေဟမိက လူတို့အား “ငါတို့၏ဘုရားသခင်သည် ငါတို့ဘက်၌ စစ်ကူတော်မူမည်” ဟုစိတ်ချစေခဲ့သည်။ (နေဟမိ ၄:၁၅-၂၀) ရန်မူတိုက်ခိုက်မှုကိုဖြေရှင်းရန် အားပေးမှုနှင့် ပြင်ဆင်မှုများရရှိကြကာ တည်ဆောက်သူတို့သည် ဆက်၍လုပ်ဆောင်ကြသည်။ ဤမှတ်တမ်းမှ အဘယ်သင်ခန်းစာ သင်ယူနိုင်သနည်း။

၁၁။ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်း ပိတ်ပင်ထားသည့်ဒေသတွင်ပင် ခရစ်ယာန်စစ်များကို အဘယ်အရာက အဆိုးကိုခံရပ်စေနိုင်သနည်း၊ သူတို့သည် အကောင်းအားဖြင့် အဆိုးကို မည်သို့နိုင်ကြသနည်း။

၁၁ တစ်ခါတစ်ရံ ခရစ်ယာန်စစ်များသည် ပြင်းထန်သည့်ဆန့်ကျင်မှုနှင့် ရင်ဆိုင်ကြရသည်။ အမှန်ပင်၊ အချို့နိုင်ငံများတွင် မှန်သောဝတ်ပြုရေးကို အပြင်းအထန်ဆန့်ကျင်သူများသည် ရန်သူအင်အားစုကြီးအသွင်ဖြင့် ဖြစ်သည်။ လူ့ရှုထောင့်ဖြင့်ကြည့်လျှင် ထိုဒေသရှိကျွန်ုပ်တို့၏ယုံကြည်သူချင်းများသည် တားဆီးနိုင်မည့်ပုံမရဖြစ်နေသည်။ သို့သော် ထိုသက်သေခံများက ‘ဘုရားသခင်သည် မိမိတို့အတွက် စစ်ကူတော်မူသည်’ ကိုယုံကြည်စိတ်ချကြသည်။ အမှန်မှာ၊ မိမိတို့၏ယုံကြည်ချက်ကြောင့် နှိပ်စက်ခံရသူတို့သည် မိမိတို့၏ဆုတောင်းချက်များကို ယေဟောဝါဖြေကြားပေးကြောင်းနှင့် တန်ခိုးကြီးရန်သူတို့၏ ‘အကြံကို ဖျက်ဆီးတော်မူကြောင်း’ မကြာခဏကြုံတွေ့ခဲ့ကြရသည်။ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို ပိတ်ပင်ထားသည့်နိုင်ငံများတွင်ပင် ခရစ်ယာန်များသည် သတင်းကောင်းဟောပြောခြင်းကို ဆက်၍လုပ်ဆောင်ရန် နည်းလမ်းများရှာတွေ့ကြသည်။ ယေရုရှလင်မြို့ရိုးတည်ဆောက်နေသူတို့သည် မိမိတို့၏အလုပ်လုပ်နည်းကို ပြုပြင်ပြောင်းလဲခဲ့ကြသကဲ့သို့ ယနေ့ ယေဟောဝါသက်သေတို့သည် ပိတ်ပင်တိုက်ခိုက်မှုများအောက်တွင် ဟောပြောသည့်နည်းလမ်းများကို ပညာသတိရှိစွာ ပြုပြင်ပြောင်းလဲကြသည်။ အမှန်တွင် သူတို့သည် ပကတိလက်နက်များကို အသုံးမပြုကြပါ။ (၂ ကောရိန္သု ၁၀:၄) ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုအန္တရာယ်ပင်လျှင် သူတို့၏ဟောပြောခြင်းလုပ်ငန်းကို ရပ်တန့်သွားအောင် မပြုလုပ်နိုင်ပါ။ (၁ ပေတရု ၄:၁၆) ယင်းနှင့်ဆန့်ကျင်လျက် ထိုရဲရင့်သောညီအစ်ကို၊ ညီအစ်မများသည် “အကောင်းအားဖြင့် အဆိုးကိုနိုင်” ကြသည်။

“လာပါ။ . . . တွေ့ကြကုန်အံ့”

၁၂၊ ၁၃။ (က) နေဟမိကိုဆန့်ကျင်သူတို့သည် အဘယ်နည်းကို အသုံးပြုခဲ့သနည်း။ (ခ) ဆန့်ကျင်သူတို့နှင့်တွေ့ဆုံရန် ဖိတ်ခေါ်ချက်ကို နေဟမိအဘယ်ကြောင့် ငြင်းပယ်ခဲ့သနည်း။

၁၂ နေဟမိ၏ရန်သူတို့က မိမိတို့၏ထိပ်တိုက်,တိုက်ခိုက်မှုများ မအောင်မြင်ကြောင်း တွေ့မြင်ကြရပြီးနောက် ပို၍စဉ်းလဲသည့်နည်းများသို့ ပြောင်းလိုက်ကြသည်။ အမှန်တွင် သူတို့သည် နည်းသုံးနည်းဖြင့် ကြိုးစားခဲ့ကြသည်။ အဘယ်အရာများနည်း။

၁၃ ဦးဆုံး နေဟမိ၏ရန်သူတို့က နေဟမိကိုလှည့်ဖြားရန် ကြိုးစားခဲ့ကြသည်။ သူတို့ ဤသို့ဆိုကြ၏– “လာပါ။ ဩနောချိုင့်တွင် ခေဖိရိမ်ရွာမှာ တွေ့ကြကုန်အံ့။” ဩနောချိုင့်သည် ယေရုရှလင်နှင့် ရှမာရိကြားတွင်တည်ရှိသည်။ သဘောထားကွဲလွဲမှုကိုဖြေရှင်းရန် နေဟမိသည် လမ်းတစ်ဝက်သို့လာလိမ့်မည်ဟု ရန်သူတို့က ယူဆထားခဲ့ကြသည်။ နေဟမိ ဤသို့တွေးနိုင်ခဲ့ပေမည်– ‘ဒီစကားက ယုတ္တိရှိသားပဲ။ တိုက်ခိုက်တာထက်စာရင် စကားပြောလိုက်တာပိုကောင်းတယ်။’ သို့သော် နေဟမိ ငြင်းဆိုခဲ့သည်။ အဘယ်ကြောင့်ငြင်းဆိုသည်ကို သူဤသို့ရှင်းပြ၏– “မကောင်းသောအကြံရှိ၍ ငါ့ကိုမှာလိုက်ကြ၏။” နေဟမိသည် သူတို့၏အကြံအစည်ကို ထိုးထွင်းသိမြင်ခဲ့ပြီး သူတို့၏လှည့်ဖြားမှု မခံခဲ့ပါ။ ဆန့်ကျင်သူတို့ကို လေးကြိမ်တိုင် သူဤသို့ပြောခဲ့၏– “ငါသည် ကြီးသောအမှုကိုဆောင်ရွက်ရသောကြောင့် မဆင်းမလာနိုင်။ ထိုအမှုကိုမဆောင်ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား၍ အဘယ်ကြောင့်အမှုပြတ်ရမည်နည်း။” နေဟမိနှင့်စေ့စပ်ဆွေးနွေးရန် ရန်သူတို့၏ကြိုးစားအားထုတ်မှုများသည် မအောင်မြင်ခဲ့ပါ။ သူသည် တည်ဆောက်ခြင်းလုပ်ငန်းတွင်သာ မပြတ်အာရုံစိုက်ခဲ့သည်။—⁠နေဟမိ ၆:၁-၄

၁၄။ မိမိအား မဟုတ်မမှန်စွပ်စွဲသူတို့ကို နေဟမိမည်သို့တုံ့ပြန်ခဲ့သနည်း။

၁၄ ဒုတိယအနေနှင့် နေဟမိ၏ရန်သူတို့သည် မဟုတ်မမှန်ကောလာဟလသတင်းများဖြန့်ခြင်းကို ပြန်သုံးခဲ့ကြပြီး နေဟမိသည် ဘုရင်အာတဇေရဇ်ကို “ပုန်ကန်မည်အကြံရှိသည်” ဟုစွပ်စွဲခဲ့သည်။ “တိုင်ပင်ကြကုန်အံ့” ဟုနေဟမိကို ထပ်၍ဆိုလေသည်။ နေဟမိသည် ရန်သူတို့၏ရည်ရွယ်ချက်ကို ပိုင်းခြားသိမြင်သောကြောင့် တစ်ဖန်ထပ်၍ ငြင်းဆိုခဲ့သည်။ နေဟမိဤသို့ရှင်းပြ၏– “ထိုအလုပ်ကိုလက်စမသတ်နိုင်အောင် သူတို့သည်အားလျော့ကြလိမ့်မည်ဟုဆိုလျက် ငါတို့ကိုခြိမ်းခြောက်ကြ၏။” ဤတစ်ကြိမ်တွင် နေဟမိသည် ရန်သူတို့၏စွပ်စွဲချက်ကို ငြင်းပယ်ကာ “သင်ပြောသောစကားတစ်ခွန်းမျှမမှန်။ ကိုယ်စိတ်ထဲမှာ အချည်းနှီးထင်တတ်သည်ချည်း” ဟုပြန်ပြောလေသည်။ ထို့ပြင် နေဟမိသည် အကူအညီရရန် ယေဟောဝါထံသို့လှည့်ကာ “သာ၍အားရှိ” စေရန်ဆုတောင်းခဲ့သည်။ ယေဟောဝါ၏အကူအညီဖြင့် ထိုလူဆိုးတို့၏အကြံအစည်များကို တွန်းလှန်နိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်း ရှေ့ဆက်လုပ်ဆောင်နိုင်မည်ကို သူယုံကြည်စိတ်ချခဲ့သည်။—⁠နေဟမိ ၆:၅-၉

၁၅။ ပရောဖက်အတုအယောင်သည် အဘယ်အရာအကြံပေးသနည်း၊ ယင်းအကြံပေးချက်ကို နေဟမိ အဘယ်ကြောင့်လက်မခံခဲ့သနည်း။

၁၅ တတိယအနေနှင့် နေဟမိ၏ရန်သူတို့သည် ဘုရားသခင့်ပညတ်ကို နေဟမိချိုးဖောက်စေရန်ကြိုးစားရာတွင် ဣသရေလလူမျိုး သစ္စာဖောက်ရှေမာယကို အသုံးပြုခဲ့ကြသည်။ ရှေမာယက နေဟမိအား ဤသို့ဆို၏– ‘ဘုရားသခင်၏အိမ်တော်အတွင်းခန်းထဲမှာ ငါတို့သည်စုဝေး၍ ဝတ်ပြုရာအိမ်တော်တံခါးတို့ကို ပိတ်ထားကြကုန်အံ့။ ကိုယ်တော်ကိုသတ်အံ့သောငှာ လာကြလိမ့်မည်။’ ရှေမာယက နေဟမိသည် အသတ်ခံရတော့မည်ဖြစ်သည်၊ သို့သော် ဝတ်ပြုရာအိမ်တော်ထဲတွင် ပုန်းနေခြင်းဖြင့် မိမိအသက်ကိုကယ်တင်နိုင်သည်ဟု ပြောသည်။ နေဟမိသည် ယဇ်ပုရောဟိတ်တစ်ဦးမဟုတ်ပါ။ ဘုရားသခင်၏အိမ်တော်အတွင်း ပုန်းနေခြင်းသည် အပြစ်ကျူးလွန်ရာရောက်မည်ဖြစ်သည်။ မိမိအသက်ကိုကယ်တင်ဖို့ ကြိုးစားရာတွင် ဘုရားသခင့်ပညတ်ကို သူချိုးဖောက်မည်လော။ နေဟမိက ‘ငါကဲ့သို့သောသူသည် . . . အသက်ချမ်းသာခြင်းငှာ ဝတ်ပြုရာအိမ်တော်ထဲသို့ဝင်ရမည်လော။ ငါမဝင်’ ဟုပြန်ပြော၏။ နေဟမိသည် ချထားသောထောင်ချောက်ထဲသို့ အဘယ်ကြောင့်မကျရောက်ခဲ့သနည်း။ ရှေမာယသည် ဣသရေလအမျိုးသားချင်းဖြစ်သော်လည်း “ထိုသူကို ဘုရားသခင်စေလွှတ်တော်မမူ” ကြောင်း သူသိထားသောကြောင့်ဖြစ်သည်။ အမှန်ဆိုလျှင် စစ်မှန်သောပရောဖက်တစ်ဦးသည် ဘုရားသခင့်ပညတ်ကိုချိုးဖောက်စေရန် ဘယ်တော့မျှ သူ့အားအကြံပေးမည်မဟုတ်ပါ။ ဤတွင်တစ်ဖန် နေဟမိသည် ဆန့်ကျင်သူလူဆိုးများ မိမိအားအနိုင်ယူရန် ခွင့်မပြုခဲ့ပါ။ ယင်းနောက်မကြာမီတွင် သူဤသို့ရေးခဲ့၏– “အရက်ငါးဆယ့်နှစ်ရက်ကြာမှ ဧလုလ,လ နှစ်ဆယ့်ငါးရက်နေ့တွင် မြို့ရိုးကိုလက်စသတ်ကြ၏။”—⁠နေဟမိ ၆:၁၀-၁၅; တောလည်ရာ ၁:၅၁; ၁၈:၇

၁၆။ (က) မိတ်ဆွေအတုအယောင်များ၊ မဟုတ်မမှန်စွပ်စွဲသူများနှင့် ညီအစ်ကိုအတုအယောင်များတို့ကို ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။ (ခ) အိမ်တွင်၊ ကျောင်းတွင် သို့မဟုတ် အလုပ်ခွင်တွင် သင်၏ယုံကြည်ချက်များကို အလျော့ပေးလိုက်လျောခြင်းမပြုရန် သင်ငြင်းဆိုကြောင်း မည်သို့တင်ပြနိုင်သနည်း။

၁၆ နေဟမိကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း မိတ်ဆွေအတုအယောင်များ၊ မဟုတ်မမှန်စွပ်စွဲသူများ၊ ညီအစ်ကိုအတုအယောင်များပုံစံဖြင့်လာသည့် ဆန့်ကျင်သူတို့နှင့် ရင်ဆိုင်ရကောင်း ရင်ဆိုင်ရနိုင်သည်။ တချို့သူတို့သည် ကျွန်ုပ်တို့နှင့် စေ့စပ်ဆွေးနွေးရန် ကျွန်ုပ်တို့ကို ဖိတ်ခေါ်ကောင်းဖိတ်ခေါ်နိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အမှုတော်တွင် အနည်းငယ်ဇွဲလျော့လိုက်မည်ဆိုလျှင် တစ်ဖက်တွင် လောကပန်းတိုင်များကို လိုက်စားနိုင်သည်ဟု ကျွန်ုပ်တို့ကို ကြိုးစားသွေးဆောင်ကြပေမည်။ သို့သော် ဘုရားသခင့်နိုင်ငံတော်ကို ကျွန်ုပ်တို့အသက်တာတွင် ဦးစားထားသောကြောင့် အလျော့ပေးလိုက်လျောမှုမပြုရန် ကျွန်ုပ်တို့ငြင်းဆိုကြသည်။ (မဿဲ ၆:၃၃; လုကာ ၉:၅၇-၆၂) ဆန့်ကျင်သူတို့သည် ကျွန်ုပ်တို့တစ်ဖက် မဟုတ်မမှန်စွပ်စွဲချက်များကိုလည်း ဖြန့်ကြသည်။ အချို့ဒေသများတွင် ကျွန်ုပ်တို့သည် တိုင်းပြည်ကိုအန္တရာယ်ပြုသူများအဖြစ် စွပ်စွဲခံရကြသည်၊ နေဟမိသည် ဘုရင်ကိုပုန်ကန်သူအဖြစ် စွပ်စွဲခံခဲ့ရသကဲ့သို့ပင်ဖြစ်သည်။ စွပ်စွဲချက်တချို့ကို တရားရုံးများတွင် အောင်မြင်စွာဖြေရှင်းခဲ့ပြီးဖြစ်သည်။ သို့သော် တစ်ဦးစီ၏အခြေအနေများ မည်သို့ပင်ရှိပါစေ ယေဟောဝါသည် ကိုယ်တော်၏အလိုတော်နှင့်အညီ ကိစ္စရပ်များကိုလမ်းညွှန်ပေးမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချလျက် ဆုတောင်းကြသည်။ (ဖိလိပ္ပိ ၁:၇) ယေဟောဝါအမှုတော်ဆောင်အဖြစ် ဟန်ဆောင်သူတို့ထံမှလည်း ဆန့်ကျင်မှုများလာနိုင်ပါသည်။ နေဟမိသည် မိမိ၏အသက်ကိုကယ်တင်ရန် ဘုရားသခင့်ပညတ်ကိုချိုးဖောက်ဖို့ ဂျူးအမျိုးသားချင်းတစ်ဦးက သွေးဆောင်ခဲ့သကဲ့သို့ပင် ယခင်ကသက်သေခံဖြစ်ခဲ့သူ အယူဖောက်ပြန်သူတို့သည် တစ်နည်းမဟုတ်တစ်နည်းဖြင့် ကျွန်ုပ်တို့အလျော့ပေးလိုက်လျောစေရန် ကြိုးစားကြပေမည်။ ဘုရားသခင့်ပညတ်ကို ချိုးဖောက်ခြင်းအားဖြင့်မဟုတ်ဘဲ ယင်းတို့ကိုစောင့်ထိန်းခြင်းအားဖြင့် ကျွန်ုပ်တို့၏အသက် ကယ်တင်ခံရမည်ကို ကျွန်ုပ်တို့သိထားကြသောကြောင့် အယူဖောက်ပြန်သူတို့ကို ကျွန်ုပ်တို့ငြင်းပယ်ကြသည်။ (၁ ယောဟန် ၄:၁) မှန်ပါသည်၊ အဆိုးသည် မည်သည့်ပုံစံဖြင့်ပင်လာပါစေ ကျွန်ုပ်တို့သည် ယေဟောဝါ၏အကူအညီဖြင့် အနိုင်ယူနိုင်ပါသည်။

အဆိုးကိုရင်ဆိုင်ရသည့်ကြားမှသတင်းကောင်းကိုဝေမျှခြင်း

၁၇၊ ၁၈။ (က) စာတန်နှင့်သူ၏တမန်တို့သည် အဘယ်အရာကို ကြိုးစားဆောင်ရွက်နေကြသနည်း။ (ခ) သင်၏စိတ်ပိုင်းဖြတ်ချက်မှာအဘယ်နည်း၊ အဘယ်ကြောင့်နည်း။

၁၇ ကောင်းကင်မျှော်လင့်ချက်ရှိသည့် ခရစ်တော်၏ညီတော်များနှင့်ပတ်သက်၍ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤသို့ဖော်ပြ၏– ‘သူတို့သည် မိမိတို့၏သက်သေခံစကားကြောင့် သူ့ [စာတန်] ကိုအောင်နိုင်ခဲ့ပြီ။’ (ဗျာ. ၁၂:၁၁) ထို့ကြောင့် ဆိုးသွမ်းမှု၏ရင်းမြစ်ဖြစ်သော စာတန်ကိုအောင်နိုင်ခြင်းနှင့် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းအကြားတွင် တိုက်ရိုက်ဆက်နွှယ်မှုရှိသည်။ စာတန်သည် ဆန့်ကျင်မှုဖြစ်ပေါ်စေခြင်းဖြင့် ကောင်းကင်မျှော်လင့်ချက်ရှိသည့် အကြွင်းအကျန်များကိုရော “လူအုပ်ကြီး” ကိုပါ အဆက်မပြတ်တိုက်ခိုက်နေသည်မှာ အံ့အားသင့်စရာမဟုတ်ပါ။—⁠ဗျာ. ၇:၉; ၁၂:၁၇

၁၈ ကျွန်ုပ်တို့တွေ့ရှိခဲ့ပြီးဖြစ်သည့်အတိုင်း ဆန့်ကျင်မှုသည် နှုတ်နှင့်တိုက်ခိုက်မှုများ သို့မဟုတ် ကိုယ်ထိလက်ရောက်အကြမ်းဖက်တိုက်ခိုက်မှုများ သို့မဟုတ် ပို၍သိမ်မွေ့သောနည်းများစွာဖြင့် လာနိုင်ပါသည်။ မည်သို့ပင်ဖြစ်ပါစေ စာတန်၏ပန်းတိုင်မှာ တစ်ခုတည်းသာ—⁠ဟောပြောခြင်းလုပ်ငန်းကို ရပ်တန့်သွားစေရန်ဖြစ်သည်။ သို့သော် စာတန်သည် မရှုမလှရှုံးနိမ့်မည်ဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင့်လူတို့သည် ရှေးခေတ်က နေဟမိကိုတုပကာ “အကောင်းအားဖြင့် အဆိုးကိုနိုင်” ရန်စိတ်ပိုင်းဖြတ်ထားကြသောကြောင့်ဖြစ်သည်။ သူတို့သည် အလုပ်ပြီးပြီဟူ၍ ယေဟောဝါမိန့်တော်မမူမချင်း သတင်းကောင်းဟောပြောခြင်းလုပ်ငန်းတွင် ထိုသို့ပင် ဆက်၍ပါဝင်နေကြပါလိမ့်မည်။—⁠မာကု ၁၃:၁၀; ရောမ ၈:၃၁; ဖိလိပ္ပိ ၁:၂၇၊ ၂၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ထိုအဖြစ်အပျက်များ၏နောက်ခံအတွက် နေဟမိ ၁:၁-၄; ၂:၁-၆၊ ၉-၂၀; ၄:၁-၂၃; ၆:၁-၁၅ တို့ကိုဖတ်ပါ။

သင်အမှတ်ရပါသလော

• အတိတ်က ဘုရားသခင့်ကျေးကျွန်များနှင့် ယနေ့ခရစ်ယာန်များသည် အဘယ်ဆန့်ကျင်မှုကို ရင်ဆိုင်ကြရသနည်း။

• နေဟမိရန်သူတို့၏ အဓိကရည်ရွယ်ချက်မှာ အဘယ်နည်း၊ ယနေ့ ဘုရားသခင့်ရန်သူများ၏ အဓိကရည်ရွယ်ချက်မှာ အဘယ်နည်း။

• ယနေ့ ကျွန်ုပ်တို့သည် အဆိုးကို အကောင်းအားဖြင့် မည်သို့ဆက်၍ အနိုင်ယူကြသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၉ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

နေဟမိကျမ်းမှတွေ့ ရှိရသည့်သင်ခန်းစာများ

ဘုရားသခင့်ကျေးကျွန်များ ရင်ဆိုင်ရသည့်အရာ

• ကဲ့ရဲ့ပြောင်လှောင်မှု

• ခြိမ်းခြောက်မှု

• လှည့်ဖြားမှု

လှည့်ဖြားမှုလာနိုင်သည့်နေရာ

• မိတ်ဆွေအတုအယောင်များ

• မဟုတ်မမှန်စွပ်စွဲသူများ

• ညီအစ်ကိုအတုအယောင်များ

ဘုရားသခင့်ကျေးကျွန်များသည် အဆိုးကိုအောင်နိုင်သည့်နည်း

• ဘုရားသခင်ပေးအပ်ထားသော လုပ်ငန်းတွင် စွဲမြဲနေခြင်း

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

နေဟမိနှင့် သူ၏လူတို့သည်ကြီးမားပြင်းထန်သည့် ဆန့်ကျင်မှုကြားမှယေရုရှလင်မြို့ရိုးကို တည်ဆောက်ခဲ့ကြ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ခရစ်ယာန်စစ်များသည် သတင်းကောင်းကို မကြောက်မရွံ့ဟောပြောကြ