မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏နေ့ကိုခံနိုင်ရည်ရှိရှိ စောင့်ဆိုင်းခြင်း

ယေဟောဝါ၏နေ့ကိုခံနိုင်ရည်ရှိရှိ စောင့်ဆိုင်းခြင်း

ယေဟောဝါ၏နေ့ကိုခံနိုင်ရည်ရှိရှိ စောင့်ဆိုင်းခြင်း

“သင်တို့သည် ယုံကြည်ခြင်း၌ . . . ခံနိုင်ရည်ကို . . . ထပ်ဆင့်ကြလော့။”—⁠၂ ပေတရု ၁:၅-၇၊ ကဘ။

၁၊ ၂။ ခံနိုင်ရည်ဟူသည် အဘယ်နည်း၊ ယင်းကို ခရစ်ယာန်များ အဘယ်ကြောင့်လိုအပ်သနည်း။

ယေဟောဝါ၏နေ့ကြီး အလွန်နီးပြီ။ (ယောလ ၁:၁၅; ဇေဖနိ ၁:၁၄) ဘုရားသခင်အပေါ် သမာဓိစောင့်ထိန်းရန် စိတ်ပိုင်းဖြတ်ထားသော ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းမည့်အချိန်ကို စိတ်ထက်သန်စွာ စောင့်ဆိုင်းနေကြသည်။ ထိုအတောအတွင်း ကျွန်ုပ်တို့သည် ယုံကြည်ခြင်းကြောင့် မုန်းတီးခြင်း၊ ကဲ့ရဲ့ရှုတ်ချခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် သေခြင်းကိုပင် ရင်ဆိုင်ကြရသည်။ (မဿဲ ၅:၁၀-၁၂; ၁၀:၂၂; ဗျာ. ၂:၁၀) ထို့ကြောင့် အခက်အခဲများကို ခံရပ်စေနိုင်သော ခံနိုင်ရည်လိုအပ်သည်။ တမန်တော်ပေတရုက “သင်တို့သည် ယုံကြည်ခြင်း၌ . . . ခံနိုင်ရည်ကို . . . ထပ်ဆင့်ကြလော့” ဟုတိုက်တွန်းခဲ့၏။ (၂ ပေတရု ၁:၅-၇ကဘ) “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ဟုယေရှုမိန့်ဆိုခဲ့သောကြောင့် ခံနိုင်ရည်လိုအပ်သည်။—⁠မဿဲ ၂၄:၁၃

ဖျားနာမှု၊ ဝမ်းနည်းပူဆွေးမှုနှင့် အခြားစမ်းသပ်မှုများကိုလည်း ကျွန်ုပ်တို့ရင်ဆိုင်ကြရသည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်း ပျောက်ဆုံးသွားပါက စာတန် အလွန်ဝမ်းမြောက်ပေမည်! (လုကာ ၂၂:၃၁၊ ၃၂) သို့သော် စမ်းသပ်မှုအမျိုးမျိုးကို ယေဟောဝါ၏ထောက်မမှုဖြင့် ကျွန်ုပ်တို့ခံရပ်နိုင်ပါသည်။ (၁ ပေတရု ၅:၆-၁၁) ယေဟောဝါ၏နေ့ကို ခံနိုင်ရည်၊ မယိမ်းယိုင်သောယုံကြည်ခြင်းတို့ဖြင့် စောင့်ဆိုင်းနိုင်ကြောင်း သက်သေထူသည့် ဘဝဖြစ်ရပ်မှန်အချို့ကို သုံးသပ်ကြည့်ပါ။

ဖျားနာမှုက သူတို့ကို ရပ်တန့်မသွားစေခဲ့

၃၊ ၄။ ဖျားနာမှုကြုံရသည့်တိုင် ယေဟောဝါကို သစ္စာရှိစွာဝတ်ပြုနိုင်ကြောင်း ဥပမာပေးပါ။

ဘုရားသခင်သည် ကျွန်ုပ်တို့ကို အံ့ဖွယ်နည်းဖြင့် ကုသပေးမည်မဟုတ်သော်လည်း ဖျားနာမှုကို ခံရပ်နိုင်ရန် ခွန်အားပေးတော်မူသည်။ (ဆာလံ ၄၁:၁-၃) “ကျွန်မ သိတတ်စအရွယ်ကတည်းက ဘီးတပ်ကုလားထိုင်ဟာ ကျွန်မရဲ့ထာဝရအဖော်ဖြစ်ခဲ့တယ်။ မွေးကင်းစအရွယ်မှာ ဦးနှောက်သွက်ချာပါဒရောဂါဖြစ်ခဲ့တဲ့အတွက် ကလေးဘဝရဲ့ပျော်ရွှင်မှုတွေကို မခံစားခဲ့ရဘူး” ဟုရှာရွန်ပြောပြသည်။ ယေဟောဝါအကြောင်းနှင့် စုံလင်သောကျန်းမာရေးရရှိစေမည့် ကိုယ်တော့်ကတိတော်အကြောင်း သင်ယူသိရှိခြင်းက ရှာရွန်ကို မျှော်လင့်ချက်ရှိစေသည်။ စကားပြောရ၊ လမ်းလျှောက်ရခက်ခဲသော်လည်း ခရစ်ယာန်ဓမ္မအမှုတွင် ပျော်ရွှင်မှုခံစားနေရသည်။ လွန်ခဲ့သော ၁၅ နှစ်ခန့်က သူဤသို့ဆိုသည်– “ကျွန်မရဲ့ကျန်းမာရေး တဖြည်းဖြည်းဆုတ်ယုတ်လာပေမဲ့ ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး ကိုယ်တော်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတာက ကျွန်မကို အသက်ဆက်စေတယ်။ ယေဟောဝါရဲ့လူမျိုးအဝင်ဖြစ်ခွင့်ရပြီး ကိုယ်တော့်ထောက်မမှုကို အမြဲခံစားရတဲ့အတွက် ကျွန်မဝမ်းသာလိုက်တာ!”

တမန်တော်ပေါလုက “စိတ်ငယ်သောသူတို့ကို အားပေးကြလော့” ဟု သက်သာလောနိတ်မြို့ရှိ ခရစ်ယာန်များကို တိုက်တွန်းခဲ့သည်။ (၁ သက်သာလောနိတ် ၅:၁၄) အကြီးအကျယ်စိတ်ပျက်ခြင်းကဲ့သို့သော အကြောင်းများကြောင့် စိတ်ဓာတ်ကျနိုင်သည်။ ၁၉၉၃ ခုနှစ်တွင် ရှာရွန် ဤသို့ရေးသည်– “အရှုံးသမားတစ်ယောက်လို့ ခံစားရတဲ့အတွက် သုံးနှစ်လုံးလုံး အရမ်းစိတ်ဓာတ်ကျခဲ့တယ်။ . . . ဒါပေမဲ့ အကြီးအကဲတွေဆီကနေ အားပေးနှစ်သိမ့်မှုနဲ့ အကြံဉာဏ်တွေရခဲ့တယ်။ . . . ကင်းမျှော်စင်ကတစ်ဆင့် စိတ်ဓာတ်ကျမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မေတ္တာပါစွာ ယေဟောဝါ ပြင်ဆင်ပေးခဲ့တယ်။ ကိုယ်တော်က သူ့လူမျိုးတော်ကို အရမ်းဂရုစိုက်ပြီး ကျွန်မတို့ရဲ့ခံစားချက်တွေကို နားလည်တယ်။” (၁ ပေတရု ၅:၆၊ ၇) ရှာရွန်သည် ယေဟောဝါ၏နေ့ကြီးကို စောင့်မျှော်စဉ် ကိုယ်တော်အား သစ္စာရှိစွာဝတ်ပြုလျက်ရှိသည်။

၅။ အကြီးအကျယ်စိတ်ဖိစီးမှုများကို ခရစ်ယာန်များခံရပ်နိုင်ကြောင်း အဘယ်သာဓကရှိသနည်း။

ခရစ်ယာန်အချို့သည် အတိတ်ဖြစ်ရပ်များကြောင့် အကြီးအကျယ်စိတ်ဖိစီးမှုခံစားကြရသည်။ ဟာလီသည် ဒုတိယကမ္ဘာစစ်အတွင်း ရက်စက်သောတိုက်ပွဲများကို ကြုံတွေ့ခဲ့ရာ အိပ်မက်ဆိုးများမက်ခဲ့၏။ သူအိပ်ပျော်နေစဉ် “သတိထား! သတိထား!” ဟုအော်ဟစ်လေ့ရှိသည်။ နိုးလာသောအခါ တစ်ကိုယ်လုံး ချွေးများစိုရွှဲနေတတ်သည်။ သို့သော် သူသည် ဘုရားသခင့်လမ်းညွှန်မှုအတိုင်း အသက်ရှင်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် ထိုအိပ်မက်ဆိုးများ မမက်တော့ပေ။

၆။ ခရစ်ယာန်တစ်ဦးသည် စိတ်ပိုင်းဆိုင်ရာရောဂါကို မည်သို့ရင်ဆိုင်ဖြေရှင်းခဲ့သနည်း။

စိတ်ကြွစိတ်ကျရောဂါ ခံစားနေရသော ခရစ်ယာန်တစ်ဦးသည် တစ်အိမ်မှတစ်အိမ်ဟောပြောရန် အလွန်အခက်တွေ့ခဲ့၏။ သို့သော် ခရစ်ယာန်ဓမ္မအမှုသည် မိမိနှင့်နားထောင်သူများ၏ အသက်ရေးဖြစ်ကြောင်း သိရှိထားသောကြောင့် ထိုလုပ်ငန်းတွင် ဇွဲရှိရှိပါဝင်လေသည်။ (၁ တိမောသေ ၄:၁၆) တစ်ခါတစ်ရံ၊ သူသည် တံခါးခေါင်းလောင်း မနှိပ်နိုင်သည့်အထိဖြစ်ခဲ့၏။ သို့သော် သူဤသို့ပြောခဲ့သည်– “တဖြည်းဖြည်းနဲ့ ကျွန်တော့်ရဲ့ခံစားချက်ကို ထိန်းချုပ်လာနိုင်လို့ နောက်တစ်အိမ်ဆက်သွားပြီး ကြိုးစားဟောခဲ့တယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ဆက်ပါဝင်နေတဲ့အတွက် ဝိညာဉ်ရေးအရ ကျန်းမာနေတယ်။” သူသည် အစည်းအဝေးများတက်ရောက်ရန် မလွယ်ကူသော်လည်း ထိုတွင် ညီအစ်ကိုညီအစ်မများနှင့်ပေါင်းသင်းရန် အရေးကြီးကြောင်း သိထားသည်။ ထို့ကြောင့် အစည်းအဝေးများတက်ရောက်နိုင်ရန် ကြိုးစားအားထုတ်ခဲ့သည်။—⁠ဟေဗြဲ ၁၀:၂၄၊ ၂၅

၇။ လူထုရှေ့စကားပြောရန် သို့မဟုတ် အစည်းအဝေးတက်ရန်ပင် ကြောက်ရွံ့သူအချို့သည် မည်သို့ခံနိုင်ရည်တင်ပြနေကြသနည်း။

ခရစ်ယာန်အချို့သည် အကြောက်လွန်ရောဂါကို ခံစားနေရသည်။ ယင်းသည် အခြေအနေတစ်ခု သို့မဟုတ် တစ်စုံတစ်ခုကို အလွန်အမင်းကြောက်ရွံ့ခြင်းဖြစ်၏။ ဥပမာ၊ သူတို့သည် လူထုရှေ့စကားပြောရန် သို့မဟုတ် အစည်းအဝေးတက်ရန်ပင် ကြောက်ရွံ့ကြပေမည်။ အစည်းအဝေးများတွင် မှတ်ချက်ပေးရန်၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ဟောပြောချက်ပေးရန် သူတို့အတွက် မည်မျှခက်ခဲမည်ကို စဉ်းစားကြည့်ပါ။ သို့တိုင် သူတို့ ခံနိုင်ရည်ရှိကြ၏။ ထိုသို့ အစည်းအဝေးများတွင် သူတို့တက်ရောက်ပါဝင်ခြင်းကို ကျွန်ုပ်တို့ အလွန်လေးမြတ်ပါသည်။

၈။ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ရင်ဆိုင်ဖြေရှင်းရာတွင် အထိရောက်ဆုံးနည်းကား အဘယ်နည်း။

လုံလောက်စွာအိပ်စက်အနားယူခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာများကို ခံရပ်နိုင်ပေမည်။ ထို့ပြင် ဆေးဝါးကုသမှုခံယူဖို့လည်း လိုပေမည်။ သို့သော် ဘုရားသခင်ထံဆုတောင်း၍ မှီခိုအားထားခြင်းက အထိရောက်ဆုံးဖြစ်သည်။ ‘ထမ်းရွက်ရသောဝန်ကို ထာဝရဘုရားသခင်၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ’ ဟု ဆာလံ ၅၅:၂၂ တွင်ဆိုထား၏။ ထို့ထက်ကား ‘ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ကိုးစား’ ပါလေ။—⁠သု. ၃:၅၊ ၆

ဝမ်းနည်းပူဆွေးမှုကို ခံရပ်ခြင်း

၉-၁၁။ (က) ချစ်ရသူတစ်ဦး သေဆုံးသွားသောအခါ အဘယ်အရာက ဝမ်းနည်းပူဆွေးမှုကို ခံရပ်စေနိုင်သနည်း။ (ခ) ဝမ်းနည်းပူဆွေးမှုကို ခံရပ်နိုင်ရန် အန္န၏ပုံသက်သေက မည်သို့ထောက်ကူသနည်း။

မိသားစုဝင်များသေဆုံးသွားသည့်အခါ အကြီးအကျယ်ဝမ်းနည်းပူဆွေးရသည်။ အာဗြဟံသည် ချစ်ဇနီးစာရာ သေဆုံးသွားချိန်တွင် အကြီးအကျယ်ငိုကြွေးခဲ့၏။ (ကမ္ဘာဦး ၂၃:၂) စုံလင်သူယေရှုပင် မိတ်ဆွေလာဇရုသေဆုံးသောအခါ “မျက်ရည်ကျတော်မူ၏။” (ယောဟန် ၁၁:၃၅) ထို့ကြောင့် သင်ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသွားသောအခါ ဝမ်းနည်းပူဆွေးသည်မှာ သဘာဝပင်။ သို့သော် ရှင်ပြန်ထမြောက်ခြင်းရှိကြောင်း ခရစ်ယာန်များသိထားကြ၏။ (တမန်တော် ၂၄:၁၅) ထို့ကြောင့် ‘မျှော်လင့်ခြင်းမရှိသော အခြားသူတို့ ဝမ်းနည်းသကဲ့သို့’ သူတို့ဝမ်းမနည်းကြပေ။—⁠၁ သက်သာလောနိတ် ၄:၁၃

၁၀ ဝမ်းနည်းပူဆွေးမှုကို မည်သို့အောင်မြင်ကျော်လွှားနိုင်သနည်း။ ဥပမာ၊ ခရီးသွားသော မိတ်ဆွေတစ်ဦးကို ပြန်တွေ့ရမည်ဖြစ်ကြောင်း သိထားသောကြောင့် ကြာရှည်ဝမ်းနည်းပူဆွေးနေမည်မဟုတ်ပေ။ အလားတူ၊ သစ္စာရှိခရစ်ယာန်တစ်ဦး သေဆုံးသွားသောအခါ ထိုသို့ရှုမြင်ခြင်းက ဝမ်းနည်းပူဆွေးမှုကို လျော့ပါးစေနိုင်သည်။ အကြောင်းမှာ သူရှင်ပြန်ထမြောက်မည်ကို သိထားသောကြောင့်ဖြစ်၏။—⁠ဒေ. ၇:၁

၁၁ “သက်သာခြင်းအမျိုးမျိုးတို့၏အရှင်” ဘုရားသခင်ကို အကြွင်းမဲ့အားထားခြင်းက ဝမ်းနည်းပူဆွေးမှုကို ခံရပ်စေနိုင်သည်။ (၂ ကောရိန္သု ၁:၃၊ ၄) ပထမရာစုမှ မုဆိုးမအန္န၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူသည် အိမ်ထောင်သက်ခုနစ်နှစ်သာရှိချိန်တွင် မုဆိုးမဖြစ်သွားခဲ့၏။ သို့သော် အသက် ၈၄ နှစ်တွင် ဝတ်ပြုရာအိမ်တော်၌ ယေဟောဝါ၏မြင့်မြတ်သောအမှုတော်ကို ထမ်းဆောင်နေဆဲဖြစ်သည်။ (လုကာ ၂:၃၆-၃၈) ထိုသို့ သူ၏ဘဝတစ်ခုလုံးကို ဘုရားသခင်အတွက် ပေးဆပ်ခြင်းဖြင့် ဝမ်းနည်းမှုနှင့်အထီးကျန်မှုကို အောင်မြင်ကျော်လွှားနိုင်ခဲ့မည်မှာ သေချာသည်။ ကျွန်ုပ်တို့လည်း ဟောပြောခြင်းလုပ်ငန်းအပါအဝင် ခရစ်ယာန်လုပ်ငန်းဆောင်တာများတွင် မှန်မှန်ပါဝင်ခြင်းဖြင့် ဝမ်းနည်းပူဆွေးမှုကို ခံရပ်နိုင်ပါသည်။

စမ်းသပ်မှုအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းခြင်း

၁၂။ ခရစ်ယာန်အချို့သည် အဘယ်မိသားစုပြဿနာကို ရင်ဆိုင်နေရသနည်း။

၁၂ ခရစ်ယာန်အချို့သည် မိသားစုပြဿနာများကို ရင်ဆိုင်ကြရ၏။ ဥပမာ၊ အိမ်ထောင်ဖက်တစ်ဦး ဖောက်ပြန်သောအခါ မိသားစုကို အလွန်ထိခိုက်နစ်နာစေနိုင်သည်။ သစ္စာဖောက်ခံရသော အိမ်ထောင်ဖက်ခမျာ တုန်လှုပ်ချောက်ချားကာ ဝမ်းနည်းကြေကွဲမှုကြောင့် အိပ်မပျော်နိုင်ဘဲ ငိုကြွေးနေရပေမည်။ စိတ်ဖိစီးမှုကြောင့် အသေးအဖွဲအလုပ်များကိုပင် အမှားမှားအယွင်းယွင်း လုပ်မိနိုင်သည် သို့မဟုတ် မတော်တဆမှုများပင် ဖြစ်နိုင်သည်။ အပြစ်မဲ့သောအိမ်ထောင်ဖက်သည် မစားနိုင်မသောက်နိုင်၊ ကိုယ်အလေးချိန်ကျဆင်းလာပြီး စိတ်ဒုက္ခရောက်ပေမည်။ ခရစ်ယာန်လုပ်ငန်းဆောင်တာများတွင် ပါဝင်ရန်လည်း အခက်တွေ့ပေမည်။ သားသမီးများကိုလည်း အကြီးအကျယ်ဂယက်ရိုက်နိုင်သည်။

၁၃၊ ၁၄။ (က) ဝတ်ပြုရာအိမ်တော် အပ်နှံပွဲတွင် ရှောလမုန်၏ဆုတောင်းချက်မှ အဘယ်အားပေးမှု ရရှိသနည်း။ (ခ) ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်အတွက် အဘယ်ကြောင့် ဆုတောင်းရသနည်း။

၁၃ ထိုသို့သောစမ်းသပ်မှုများ ကြုံရသည့်အခါ ကျွန်ုပ်တို့လိုအပ်သောအကူအညီကို ယေဟောဝါပြင်ဆင်ပေးတော်မူ၏။ (ဆာလံ ၉၄:၁၉) ဝတ်ပြုရာအိမ်တော် အပ်နှံပွဲတွင် ဘုရင်ရှောလမုန်၏ဆုတောင်းချက်က ဖော်ပြသည့်အတိုင်း ယေဟောဝါသည် မိမိလူမျိုး၏ဆုတောင်းချက်များကို နားညောင်းတော်မူ၏။ ‘ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့သည် အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက် ဤအိမ်တော်သို့ မိမိလက်ဝါးတို့ကိုဖြန့်၍ တစ်စုံတစ်ခုသောဆုတောင်းစကားအားဖြင့် ဆုတောင်းလျှင် ကျိန်းဝပ်တော်မူရာကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနားတော်မူသောပြည်၌ သူတို့သည် အသက်ရှင်သောကာလပတ်လုံး ကိုယ်တော်ကိုကြောက်ရွံ့ပါမည်အကြောင်း ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်းတို့၏ စိတ်နှလုံးသဘောကို သိတော်မူသည်ဖြစ်၍ ဆုတောင်းသောသူတို့၏စိတ်နှလုံးသဘောကို သိလျက် သူတို့အပြစ်ကိုလွှတ်တော်မူပါ။ အသီးအသီးပြုကြသည်အတိုင်း စီရင်တော်မူပါ’ ဟုဘုရားသခင်ထံ ရှောလမုန်ဆုတောင်းခဲ့သည်။—⁠၃ ဓမ္မရာဇဝင် ၈:၃၈-၄၀

၁၄ သန့်ရှင်းသောဝိညာဉ်တော်အတွက် ဆုတောင်းခြင်းကလည်း အထူးသဖြင့် အထောက်အကူပြုသည်။ (မဿဲ ၇:၇-၁၁) ဝိညာဉ်တော်ကသီးပွင့်စေသော အရည်အသွေးများတွင် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ပါဝင်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ကောင်းကင်ခမည်းတော် ဖြေကြားပေးသောအခါ မည်မျှစိတ်သက်သာမှု ခံစားရသည်တကား! ဝမ်းနည်းကြေကွဲမှုအစား ဝမ်းမြောက်မှု၊ စိတ်ဆင်းရဲမှုအစား စိတ်ငြိမ်သက်မှု ခံစားရသည်။

၁၅။ အဘယ်ကျမ်းချက်များက စိတ်သက်သာမှုရရှိစေနိုင်သနည်း။

၁၅ ကျွန်ုပ်တို့ အကြီးအကျယ်စိတ်ဖိစီးမှု ခံစားရသည့်အခါ စိတ်သောကရောက်မည်မှာ သေချာသည်။ သို့သော် “အဘယ်သို့စားသောက်ရမည်ဟု အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ဝတ်ရမည်ဟု ကိုယ်အဖို့ မစိုးရိမ်ကြနှင့်။ . . . ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ ပေးတော်မူလတ္တံ့” ဟူသော ယေရှု၏စကားကို စိတ်စွဲမှတ်ထားပါက စိတ်သက်သာမှုခံစားရပေမည်။ (မဿဲ ၆:၂၅၊ ၃၃၊ ၃၄) “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့” ဟုတမန်တော်ပေတရု တိုက်တွန်းထားသည်။ (၁ ပေတရု ၅:၆၊ ၇) ပြဿနာတစ်ခုကို ဖြေရှင်းရန် ကြိုးစားအားထုတ်သင့်သည်။ သို့သော် ကျွန်ုပ်တို့အတတ်နိုင်ဆုံး လုပ်ဆောင်ပြီးနောက် စိုးရိမ်ပူပန်နေမည့်အစား ဆုတောင်းခြင်းက အထောက်အကူပြုနိုင်သည်။ ‘ကိုယ်အမှုအရာကို ထာဝရဘုရားသခင်၌အပ်လော့။ ကိုယ်တော်ကိုကိုးစားလော့။ သို့ပြုလျှင် စီရင်တော်မူမည်’ ဟုဆာလံဆရာသီဆိုခဲ့သည်။—⁠ဆာလံ ၃၇:၅

၁၆၊ ၁၇။ (က) ကျွန်ုပ်တို့သည် အဘယ်ကြောင့် စိတ်သောက လုံးလုံးကင်းဝေးနိုင်မည်မဟုတ်သနည်း။ (ခ) ဖိလိပ္ပိ ၄:၆၊ ၇ အတိုင်း လိုက်နာပါက အဘယ်အရာ တွေ့ကြုံခံစားရမည်နည်း။

၁၆ ‘အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်’ ဟုပေါလုရေးသားခဲ့သည်။ (ဖိလိပ္ပိ ၄:၆၊ ၇) အာဒံ၏မစုံလင်သော သားစဉ်မြေးဆက်များသည် စိတ်သောက လုံးလုံးကင်းဝေးနိုင်မည်မဟုတ်ပေ။ (ရောမ ၅:၁၂) ဧသော၏ ဟိတ္တိအမျိုးမိန်းမများသည် ဣဇာက်နှင့်ရေဗက္ကတို့ “စိတ်နှလုံးပူပန်စရာအကြောင်းဖြစ်” ခဲ့၏။ (ကမ္ဘာဦး ၂၆:၃၄၊ ၃၅) တိမောသေနှင့်တရောဖိမ်တို့သည် ဖျားနာမှုကြောင့် စိတ်သောကရောက်ခဲ့ပေမည်။ (၁ တိမောသေ ၅:၂၃; ၂ တိမောသေ ၄:၂၀) ပေါလုလည်း ယုံကြည်သူချင်းများအတွက် စိတ်သောကရောက်ခဲ့၏။ (၂ ကောရိန္သု ၁၁:၂၈) သို့သော် ‘ဆုတောင်းစကားကို နားထောင်တော်မူသောဘုရားသခင်’ သည် မိမိကိုချစ်သောသူတို့အား ကူညီထောက်မပေးရန် အမြဲအသင့်ရှိတော်မူသည်။—⁠ဆာလံ ၆၅:၂

၁၇ ယေဟောဝါ၏နေ့ကို ကျွန်ုပ်တို့စောင့်မျှော်နေစဉ် “ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်” ထံမှ ထောက်မမှုနှင့်နှစ်သိမ့်မှုရရှိကြသည်။ (ဖိလိပ္ပိ ၄:⁠၉) ယေဟောဝါသည် “ချစ်သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍” “ကောင်းသောသဘော၊ သည်းခံတတ်သောသဘောနှင့်ပြည့်စုံ” ကာ ကျွန်ုပ်တို့သည် “မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။” (ထွက်မြောက်ရာ ၃၄:၆; ဆာလံ ၈၆:၅; ၁၀၃:၁၃၊ ၁၄) ထို့ကြောင့် ‘ကျွန်ုပ်တို့ တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်’ ကြပါစို့။ သို့ဖြင့် အဘယ်သူမျှကြံ၍မမီနိုင်သော “ဘုရားသခင်၏ငြိမ်သက်ခြင်း” ခံစားရပါလိမ့်မည်။

၁၈။ ယောဘ ၄၂:၅ တွင် ဖော်ပြသည့်အတိုင်း ဘုရားသခင်ကို မည်သို့ “မြင်” နိုင်သနည်း။

၁၈ ကျွန်ုပ်တို့၏ဆုတောင်းချက်များ ဖြေကြားခံရသည့်အခါ ကျွန်ုပ်တို့နှင့်အတူ ဘုရားသခင်ရှိကြောင်း ခံစားရသည်။ ယောဘသည် စမ်းသပ်မှုများကြုံရပြီးနောက် “[ယေဟောဝါ၏]သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား ကိုယ်တော်ကိုမျက်စိနှင့်မြင်ရပါ၏” ဟုဆိုခဲ့သည်။ (ယောဘ ၄၂:⁠၅) သိနားလည်ခြင်း၊ ယုံကြည်ခြင်း၊ ကျေးဇူးတင်လေးမြတ်ခြင်းတို့ဖြင့် ကျွန်ုပ်တို့နှင့် ဘုရားသခင်ဆက်ဆံပုံကို တွေးတောနိုင်ပြီး ကိုယ်တော်ကို “မြင်” နိုင်ကြပါသည်။ ထိုသို့သောရင်းနှီးမှုက စိတ်နှလုံးကို အလွန်ငြိမ်သက်အေးချမ်းစေသည်။

၁၉။ ‘ကျွန်ုပ်တို့၏ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ယေဟောဝါ၌အပ်နှံ’ ပါက အဘယ်အရာခံစားရမည်နည်း။

၁၉ ‘ကျွန်ုပ်တို့၏ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ယေဟောဝါ၌အပ်နှံ’ ပါက စမ်းသပ်မှုများကို တည်တည်ငြိမ်ငြိမ် ခံရပ်နိုင်ပြီး ယင်းက ကျွန်ုပ်တို့၏ စိတ်နှလုံးနှင့် တွေးခေါ်နိုင်စွမ်းကို ကာကွယ်ပေးသည်။ ကျွန်ုပ်တို့၏ပုံဆောင်နှလုံးတွင် မသက်မသာဖြစ်ခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်း ရှိတော့မည်မဟုတ်ပေ။ ကျွန်ုပ်တို့၏စိတ်ထဲတွင်လည်း ကြံရာမရဖြစ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း ရှိမည်မဟုတ်ချေ။

၂၀၊ ၂၁။ (က) နှိပ်စက်ညှဉ်းပန်းခံရချိန်တွင် စိတ်ငြိမ်သက်မှုရနိုင်ကြောင်း သတေဖန်၏အဖြစ်အပျက်က မည်သို့သက်သေထူသနည်း။ (ခ) စမ်းသပ်မှုများရင်ဆိုင်ရချိန်တွင် တည်ငြိမ်မှုရှိခဲ့သော မျက်မှောက်ခေတ် ပုံနမူနာတစ်ခုကို ဖော်ပြပါ။

၂၀ သတေဖန်သည် အပြင်းအထန် ယုံကြည်ခြင်းစမ်းသပ်ခံရချိန်တွင် စိတ်တည်ငြိမ်မှုတင်ပြခဲ့သည်။ နောက်ဆုံးအကြိမ်သက်သေမခံမီ “သူ၏မျက်နှာသည် ကောင်းကင်တမန်၏မျက်နှာကဲ့သို့ဖြစ်သည်” ကို လွှတ်တော်၌ထိုင်လျက်ရှိသူအပေါင်းတို့ မြင်တွေ့ခဲ့ကြ၏။ (တမန်တော် ၆:၁၅) သူ၏မျက်နှာသည် ဘုရားသခင့်ကောင်းကင်တမန်တစ်ပါးအလား တည်ငြိမ်နေသည်။ လွှတ်အရာရှိတို့သည် ယေရှုကိုသတ်သည့်အပြစ် ကျူးလွန်ကြောင်း သတေဖန်ဖော်ထုတ်သောအခါ သူတို့ “နှလုံးကွဲပြတ်မတတ်ဖြစ်၍ သတေဖန်၌ အံသွားခဲကြိတ်ခြင်းကိုပြုကြလေ၏။” သူသည်လည်း “သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့် ကောင်းကင်သို့စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ဘုန်းတော်ကိုလည်းကောင်း၊ ဘုရားသခင်၏လက်ယာတော်ဘက်၌ ယေရှုရပ်နေသည်ကိုလည်းကောင်းမြင်” လေ၏။ ထိုမြင်ကွင်းကြောင့် သူအားရှိခဲ့ရာ သေသည့်တိုင် သစ္စာရှိခဲ့သည်။ (တမန်တော် ၇:၅၂-၆၀) ကျွန်ုပ်တို့သည် ထိုသို့အဆင်းအာရုံများမြင်ရမည်မဟုတ်သော်လည်း နှိပ်စက်ညှဉ်းပန်းခံရသည့်အခါ ဘုရားသခင်ပေးတော်မူသော စိတ်တည်ငြိမ်မှုကို ရရှိနိုင်ပါသည်။

၂၁ ဒုတိယကမ္ဘာစစ်အတွင်း နာဇီလက်ချက်ကြောင့် သေပွဲဝင်ခဲ့ရသော ခရစ်ယာန်အချို့၏စိတ်ဓာတ်ကို သုံးသပ်ကြည့်ပါ။ ၎င်းတို့အနက်တစ်ဦးက တရားရုံးတွင် ကြုံတွေ့ခဲ့ရာကို ဤသို့စာရေးခဲ့၏– “ကျွန်တော့်ကို သေမိန့်ချလိုက်ပါတယ်။ စီရင်ချက်ကိုကြားနာပြီးနောက် ‘သေသည့်တိုင်သစ္စာစောင့်လော့’ ဆိုတဲ့စကားနဲ့ သခင့်ရဲ့စကားအနည်းအကျဉ်းကို ကျွန်တော်ပြောပြီးတဲ့နောက်မှာတော့ ကိစ္စအားလုံးပြီးသွားပါပြီ။ ဘာမှစိတ်မပူကြပါနဲ့။ သင်တို့ ဘယ်နည်းနဲ့မှမသိနိုင်တဲ့ အေးချမ်းငြိမ်သက်မှုမျိုးကို ကျွန်တော်ခံစားနေရပါတယ်။” သေခြင်းတရားကိုရင်ဆိုင်ရတော့မည့် ခရစ်ယာန်လူငယ်တစ်ဦးသည် မိဘများထံ ဤသို့စာရေးခဲ့၏– “အခု ညသန်းခေါင်ကျော်သွားပြီ။ ကျွန်တော် စိတ်ပြောင်းမယ်ဆိုရင် ပြောင်းဖို့အချိန်ရှိသေးတယ်။ ဒါပေမဲ့ အရှင်သခင်ကို ငြင်းပယ်ပြီးတဲ့နောက် ကျွန်တော် ဒီလောကမှာ ပျော်နိုင်ပါဦးမလား။ ဘယ်နည်းနဲ့မှ ပျော်မှာမဟုတ်တော့ဘူး။ ဒါပေမဲ့ ကျွန်တော်ဟာ ဒီလောက,ကနေ ပျော်ရွှင်ငြိမ်းချမ်းစွာ ထွက်ခွာသွားတော့မယ်ဆိုတာ အဖေအမေတို့ စိတ်ချကြပါ။” မိမိ၏သစ္စာရှိကျေးကျွန်များကို ယေဟောဝါထောက်မပေးကြောင်း သံသယရှိစရာမလိုပေ။

သင်ခံရပ်နိုင်!

၂၂၊ ၂၃။ ယေဟောဝါ၏နေ့ကို ခံနိုင်ရည်ရှိရှိစောင့်ဆိုင်းစဉ် အဘယ်အရာကို စိတ်ချနိုင်သနည်း။

၂၂ ကျွန်ုပ်တို့သုံးသပ်ခဲ့သော စမ်းသပ်မှုများကို သင်ကြုံရချင်မှ ကြုံရပေမည်။ သို့တိုင် ဘုရားသခင်ကို ကြောက်ရွံ့သော ယောဘ၏ဤစကားများ မှန်ကန်သည်– ‘လူသည် မိန်းမဖွားသောသူဖြစ်သဖြင့် အသက်တို၍ ဆင်းရဲခြင်းနှင့်ပြည့်စုံပါ၏။’ (ယောဘ ၁၄:⁠၁) သင်သည် သားသမီးများကို ဝိညာဉ်ရေးတွင် ကြိုးစားထိန်းကျောင်းနေသော မိဘတစ်ဦးဖြစ်ပေမည်။ သူတို့သည် ကျောင်းတွင် စမ်းသပ်မှုများကြုံရမည်ဖြစ်သော်လည်း ယေဟောဝါနှင့် ကိုယ်တော်၏ဖြောင့်မတ်သောမူများဘက် မားမားမတ်မတ်ရပ်တည်သည့်အခါ သင်အလွန်ပျော်ရွှင်ပေမည်။ သင်သည် အလုပ်ခွင်တွင် အခက်အခဲများ၊ သွေးဆောင်မှုများ ကြုံရကောင်းကြုံရမည်။ သို့သော် ‘သင်၏ဝန်ကို နေ့စဉ်ထမ်းတော်မူသော’ ယေဟောဝါကြောင့် ယင်းအခြေအနေများကို ခံရပ်နိုင်ပါသည်။—⁠ဆာလံ ၆၈:၁၉သမ္မာ။

၂၃ သင့်ကိုယ်သင် အရေးမပါသူတစ်ဦးမျှဖြစ်သည်ဟု ယူဆပေမည်။ သို့သော် သင့်လုပ်ဆောင်မှုနှင့် နာမတော်အတွက်ပြသော မေတ္တာကို ယေဟောဝါမေ့တော်မမူကြောင်း စိတ်စွဲမှတ်ထားပါ။ (ဟေဗြဲ ၆:၁၀) ကိုယ်တော့်ထောက်မမှုဖြင့် ယုံကြည်ခြင်းစမ်းသပ်မှုများကို သင်ခံရပ်နိုင်ပါသည်။ ထို့ကြောင့် သင့်ဆုတောင်းချက်များနှင့် စိတ်ကူးကြံဆောင်ချက်များတွင် ဘုရားသခင့်အလိုတော်ကို အစဉ်ပါဝင်စေပါ။ သို့ဆိုလျှင် ယေဟောဝါ၏နေ့ကို ခံနိုင်ရည်ရှိရှိစောင့်ဆိုင်းစဉ် ကိုယ်တော့်ကောင်းချီးနှင့် ထောက်မမှုရရှိမည်ဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။

သင်မည်သို့ဖြေဆိုမည်နည်း

• ခရစ်ယာန်များသည် အဘယ်ကြောင့် ခံနိုင်ရည်ရှိဖို့လိုသနည်း။

• ဖျားနာမှုနှင့် ဝမ်းနည်းပူဆွေးမှုကို ခံရပ်နိုင်ရန် အဘယ်အရာက ကူညီပေးသနည်း။

• ဆုတောင်းခြင်းက စမ်းသပ်မှုများကို မည်သို့ခံရပ်စေနိုင်သနည်း။

• ယေဟောဝါ၏နေ့ကို အဘယ်ကြောင့် ခံနိုင်ရည်ရှိရှိ စောင့်ဆိုင်းနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ယေဟောဝါအား မှီခိုအားထားခြင်းက ဝမ်းနည်းပူဆွေးမှုကို ခံရပ်စေနိုင်

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

လှိုက်လှိုက်လှဲလှဲဆုတောင်းခြင်းကယုံကြည်ခြင်းစမ်းသပ်မှုများကို ခံရပ်စေနိုင်