မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် ‘ဘုရားသခင့်ဝိညာဉ်တော်ဖြင့် လျှောက်လှမ်း’ နေမည်လော

သင်သည် ‘ဘုရားသခင့်ဝိညာဉ်တော်ဖြင့် လျှောက်လှမ်း’ နေမည်လော

သင်သည် ‘ဘုရားသခင့်ဝိညာဉ်တော်ဖြင့် လျှောက်လှမ်း’ နေမည်လော

“ဘုရားသခင့်ဝိညာဉ်တော်ဖြင့် သင်တို့ လျှောက်လှမ်းနေကြမည်ဆိုလျှင် သွေးသားအလိုဆန္ဒနောက်သို့လိုက်ကြတော့မည် မဟုတ်။”—⁠ဂလာတိ ၅:၁၆၊ ကဘ။

၁။ ဝိညာဉ်တော်ကိုပြစ်မှားမိပြီဟူသည့် စိုးရိမ်သောကကို မည်သို့ဖယ်ရှားနိုင်သနည်း။

ယေဟောဝါ၏ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမိပြီဟူသည့် စိုးရိမ်သောကကို ဖယ်ရှားနိုင်သော နည်းတစ်နည်းရှိသည်။ ယင်းမှာ “ဘုရားသခင့်ဝိညာဉ်တော်ဖြင့် သင်တို့ လျှောက်လှမ်းနေကြမည်ဆိုလျှင် သွေးသားအလိုဆန္ဒနောက်သို့ လိုက်ကြတော့မည် မဟုတ်” ဟူသော တမန်တော်ပေါလု၏စကားကို လိုက်နာခြင်းဖြစ်၏။ (ဂလာတိ ၅:၁၆ကဘ) ဘုရားသခင့်ဝိညာဉ်တော်၏လမ်းပြမှုကို ခံယူမည်ဆိုလျှင် မလျောက်ပတ်သောသွေးသားဆန္ဒများ၏ လွှမ်းမိုးမှု ခံရတော့မည်မဟုတ်။—⁠ရောမ ၈:၂-၁၀

၂၊ ၃။ ဝိညာဉ်တော်ဖြင့်လျှောက်လှမ်းနေမည်ဆိုလျှင် မည်သို့အကျိုးခံစားရမည်နည်း။

ကျွန်ုပ်တို့သည် ‘ဝိညာဉ်တော်ဖြင့် လျှောက်လှမ်းနေ’ သောကြောင့် ထိုတန်ခိုးတော်က ယေဟောဝါကိုနာခံရန် လှုံ့ဆော်ပေးပါလိမ့်မည်။ ခရစ်ယာန်ဓမ္မအမှု၊ အသင်းတော်၊ အိမ်နှင့်အခြားနေရာများတွင် ဘုရားရေးရာအရည်အသွေးများ တင်ပြကြပါလိမ့်မည်။ အိမ်ထောင်ဖက်၊ သားသမီး၊ ယုံကြည်သူချင်း၊ အခြားသူများနှင့်ဆက်ဆံရာတွင် ဝိညာဉ်တော်ကသီးပွင့်စေသော အရည်အသွေးများ ထင်ရှားနေလိမ့်မည်။

‘ဘုရားသခင့်ရှေ့တော်၌ ဝိညာဉ်တော်အားဖြင့် အသက်ရှင်’ ခြင်းက အပြစ်ကိုရှောင်ရှားစေနိုင်သည်။ (၁ ပေတရု ၄:၁-၆) ဝိညာဉ်တော်၏လွှမ်းမိုးမှုကိုခံယူပါက ခွင့်မလွှတ်ထိုက်သောအပြစ်ကို ကျူးလွန်မည်မဟုတ်ပေ။ ထို့ပြင် ဝိညာဉ်တော်ဖြင့်လျှောက်လှမ်းနေမည်ဆိုလျှင် ကျွန်ုပ်တို့၏ဘဝတွင် အခြားအဘယ်ကောင်းကျိုးများ ရရှိမည်နည်း။

ဘုရားသခင်၊ ခရစ်တော်နှင့် နီးကပ်စွာနေလော့

၄၊ ၅။ ဝိညာဉ်တော်ဖြင့်လျှောက်လှမ်းခြင်းသည် ယေရှုနှင့်ပတ်သက်သော ကျွန်ုပ်တို့၏ရှုမြင်ပုံကို မည်သို့အကျိုးသက်ရောက်သနည်း။

ကျွန်ုပ်တို့သည် ဝိညာဉ်တော်ဖြင့်လျှောက်လှမ်းသောကြောင့် ဘုရားသခင်၊ ကိုယ်တော့်သားတော်နှင့် ရင်းနှီးသောဆက်ဆံရေး ထိန်းသိမ်းနိုင်ကြသည်။ ဝိညာဉ်ဆုကျေးဇူးနှင့်ပတ်သက်၍ ကောရိန္သုမြို့ရှိယုံကြည်သူချင်းများထံ ပေါလု ဤသို့ရေး၏– “ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်ဟောပြော၍ အဘယ်သူမျှ ယေရှုကိုမကျိန်ဆဲနိုင်သည်ကိုလည်းကောင်း၊ ယေရှုသည် သခင်ဘုရားဖြစ်တော်မူ၏ဟု သန့်ရှင်းသောဝိညာဉ်တော်ကိုအမှီမပြုလျှင် အဘယ်သူမျှမပြောနိုင်သည်ကိုလည်းကောင်း သင်တို့သည် [ယခင်က ရုပ်ပုံကိုးကွယ်သူတို့] သိနားလည်စေခြင်းငှာ ငါသတိပေး၏။” (၁ ကောရိန္သု ၁၂:၁-၃) ယေရှုအားကျိန်ဆဲရန် လူတို့ကိုလှုံ့ဆော်ပေးသော မည်သည့်ဝိညာဉ်မဆိုသည် စာတန်ထံမှအရင်းခံခြင်းသာ ဖြစ်၏။ သို့သော် ခရစ်ယာန်များသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် လျှောက်လှမ်းနေသောကြောင့် ယေဟောဝါသည် ယေရှုကို သေခြင်းမှထမြောက်စေပြီး ဖန်ဆင်းရာအားလုံးထက် ချီးမြှောက်ကြောင်း ယုံကြည်စိတ်ချကြသည်။ (ဖိလိပ္ပိ ၂:၅-၁၁) ကျွန်ုပ်တို့သည် ခရစ်တော်၏ပူဇော်ရာယဇ်ကို ယုံကြည်ကြသည်၊ ဘုရားသခင်သည် ကိုယ်တော့်ကို ကျွန်ုပ်တို့၏သခင်အဖြစ်ခန့်အပ်ကြောင်း လက်ခံကြသည်။

အေဒီပထမရာစုမှ အမည်ခံခရစ်ယာန်အချို့သည် သွေးသားခန္ဓာနှင့် ယေရှုကြွလာခဲ့ကြောင်းကို ငြင်းပယ်ကြ၏။ (၂ ယောဟန် ၇-၁၁) ထိုမှားယွင်းသောအမြင်ကို လက်ခံကြသူအချို့သည် မေရှိယနှင့်ပတ်သက်သည့် စစ်မှန်သောသွန်သင်ချက်များကို ငြင်းပယ်ကြလေသည်။ (မာကု ၁:၉-၁၁; ယောဟန် ၁:၁၊ ၁၄) သန့်ရှင်းသောဝိညာဉ်တော်ဖြင့် လျှောက်လှမ်းခြင်းသည် ထိုသို့သောအယူဖောက်ပြန်မှုနောက် လိုက်ပါမသွားရန် တားဆီးပေးသည်။ သို့သော် ဝိညာဉ်ရေးတွင် နိုးနိုးကြားကြားရှိနေခြင်းဖြင့်သာ ယေဟောဝါ၏မဟာကရုဏာတော် ဆက်ခံစားရမည်ဖြစ်ပြီး ‘အမှန်တရား၌ကျင်လည်’ နိုင်မည်ဖြစ်သည်။ (၃ ယောဟန် ၃၊ ၄) ထို့ကြောင့် ကောင်းကင်ခမည်းတော်နှင့် ရင်းနှီးသောဆက်ဆံရေး ရှိနေနိုင်ရန် အယူဖောက်ပြန်မှုအားလုံးကို ငြင်းပယ်ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။

၆။ ဘုရားသခင့်ဝိညာဉ်တော်သည် ဝိညာဉ်တော်ဖြင့်လျှောက်လှမ်းသူတို့တွင် အဘယ်အရည်အသွေးများ သီးပွင့်စေသနည်း။

ပေါလုသည် ရုပ်ပုံကိုးကွယ်ခြင်းနှင့် သင်းခွဲခြင်းကို မတရားသောမေထုန်၌မှီဝဲခြင်း၊ အကျင့်ပျက်ခြင်းကဲ့သို့သော “ဇာတိပကတိအကျင့်” များနှင့်ယှဉ်တွဲဖော်ပြထားသည်။ သို့သော် “ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကိုလည်းကောင်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကိုလည်းကောင်း လက်ဝါးကပ်တိုင်မှာရိုက်ထားကြပြီ။ သို့ဖြစ်၍ ငါတို့သည် ဝိညာဉ်ပကတိကြောင့်အသက်ရှင်လျှင် ဝိညာဉ်ပကတိအတိုင်းကျင့်ကြကုန်အံ့” ဟုသူဆက်ရှင်းပြသည်။ (ဂလာတိ ၅:၁၉-၂၁၊ ၂၄၊ ၂၅) ဘုရားသခင့်ဝိညာဉ်တော်သည် ဝိညာဉ်တော်ဖြင့်လျှောက်လှမ်းသူတို့တွင် အဘယ်အရည်အသွေးများ သီးပွင့်စေသနည်း။ “ဝိညာဉ်ပကတိ၏အကျိုးမူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ [“ယုံကြည်ခြင်း၊” ကဘ]၊ နူးညံ့သိမ်မွေ့ ခြင်း၊ ချုပ်တည်းခြင်းပေတည်း” ဟုပေါလုရေးခဲ့သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ထိုအရည်အသွေးများကို သုံးသပ်ကြည့်ကြစို့။

“အချင်းချင်းချစ်” ကြလော့

၇။ မေတ္တာဟူသည် အဘယ်နည်း၊ ယင်း၏ အသွင်အပြင်အချို့ကား အဘယ်နည်း။

ဝိညာဉ်တော်က သီးပွင့်စေသော အရည်အသွေးတစ်ခုမှာ ချစ်ခြင်းမေတ္တာဖြစ်သည်။ ယင်းတွင် အခြားသူများကို နက်နက်ရှိုင်းရှိုင်းချစ်ခြင်း၊ ကိုယ်ကျိုးမဖက်သောစိတ်ဝင်စားမှု တင်ပြခြင်း၊ သူတို့နှင့်ရင်းရင်းနှီးနှီးရှိခြင်းတို့ ပါဝင်လေ့ရှိသည်။ ဘုရားသခင်သည် မေတ္တာ၏အရင်းမူလဖြစ်သည်။ ထို့ကြောင့် “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုသမ္မာကျမ်းစာကဆိုထားသည်။ ယေရှုခရစ်၏ရွေးဖိုးပူဇော်သကာသည် လူသားတို့ကိုချစ်သော ဘုရားသခင်နှင့်ကိုယ်တော့်သားတော်၏ အကြီးမားဆုံးမေတ္တာပင်ဖြစ်သည်။ (၁ ယောဟန် ၄:၈; ယောဟန် ၃:၁၆; ၁၅:၁၃; ရောမ ၅:၈) အချင်းချင်းချစ်သောမေတ္တာက ကျွန်ုပ်တို့သည် ယေရှု၏နောက်လိုက်များဖြစ်ကြောင်း ခွဲခြားသိမြင်စေသည်။ (ယောဟန် ၁၃:၃၄၊ ၃၅) အမှန်မှာ “အချင်းချင်းချစ်” ရန် ကျွန်ုပ်တို့မိန့်မှာခံရ၏။ (၁ ယောဟန် ၃:၂၃) ထို့ပြင် မေတ္တာသည် စိတ်ရှည်တတ်၏၊ ကရုဏာပြတတ်၏၊ ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကိုမရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟုမထင်တတ်၊ မတရားသောအမှု၌ဝမ်းမြောက်ခြင်းမရှိတတ်၊ အမှန်တရား၌ဝမ်းမြောက်တတ်၏၊ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏၊ ယုံတတ်၏၊ မျှော်လင့်တတ်၏၊ သည်းခံတတ်၏၊ ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏ဟု ပေါလုဆိုသည်။—⁠၁ ကောရိန္သု ၁၃:၄-၈

၈။ ယေဟောဝါကိုဝတ်ပြုသူချင်းတို့အား အဘယ်ကြောင့် မေတ္တာတင်ပြသင့်သနည်း။

ဘုရားသခင့်ဝိညာဉ်တော်၏လှုံ့ဆော်မှုကြောင့် ကျွန်ုပ်တို့တွင် ချစ်ခြင်းမေတ္တာရှိလာပါက ဘုရားသခင်နှင့်လူသားချင်းကို ကျွန်ုပ်တို့ချစ်မည်ဖြစ်သည်။ (မဿဲ ၂၂:၃၇-၃၉) “မိမိညီအစ်ကို,ကို မချစ်သောသူသည် သေခြင်း၌တည်၏။ မိမိညီအစ်ကို,ကို မုန်းသောသူမည်သည်ကား လူအသက်ကိုသတ်သောသူဖြစ်၏။ လူအသက်ကိုသတ်သောသူ တစ်စုံတစ်ယောက်မျှ ထာဝရအသက်မတည်သည်ကို သင်တို့သိကြ၏” ဟုတမန်တော်ယောဟန်ရေးသားခဲ့သည်။ (၁ ယောဟန် ၃:၁၄၊ ၁၅) ရှေးဣသရေလနိုင်ငံ၌ လူတစ်ဦးသည် မုန်းတီးစိတ်ကြောင့်မဟုတ်ဘဲ မတော်တဆလူသတ်မိမှသာ ခိုလှုံရာမြို့တွင် အကာအကွယ်ရရှိနိုင်မည်ဖြစ်သည်။ (တရားဟောရာ ၁၉:၄၊ ၁၁-၁၃) ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်မှုကို ခံယူနေလျှင် ဘုရားသခင်၊ ဝတ်ပြုသူချင်းနှင့် အခြားသူများကိုချစ်ကြောင်း တင်ပြမည်ဖြစ်သည်။

“ယေဟောဝါ၏ဝမ်းမြောက်ခြင်းသည်သင်တို့ခိုလှုံရာဖြစ်”

၉၊ ၁၀။ ဝမ်းမြောက်ခြင်းဟူသည် အဘယ်နည်း၊ ဝမ်းမြောက်စေသည့် အကြောင်းရင်းအချို့ကား အဘယ်နည်း။

ဝမ်းမြောက်ခြင်းသည် အလွန်ပျော်ရွှင်နေသော အခြေအနေဖြစ်သည်။ ယေဟောဝါသည် “ပျော်ရွှင်သောဘုရားသခင်” ဖြစ်တော်မူ၏။ (၁ တိမောသေ ၁:၁၁ကဘ; ဆာလံ ၁၀၄:၃၁) သားတော်သည်လည်း ခမည်းတော်၏အလိုတော်ကို အားရဝမ်းမြောက်စွာ ထမ်းဆောင်ခဲ့သည်။ (ဆာလံ ၄၀:၈; ဟေဗြဲ ၁၀:၇-၉) “ယေဟောဝါ၏ဝမ်းမြောက်ခြင်းသည် [ကျွန်ုပ်]တို့ခိုလှုံရာဖြစ်သည်။”—⁠နေဟမိ ၈:၁၀ကဘ။

၁၀ ဘုရားသခင်ပေးတော်မူသော ဝမ်းမြောက်ခြင်းသည် ခက်ခဲချိန်၊ ဝမ်းနည်းကြေကွဲနေချိန် သို့မဟုတ် နှိပ်စက်ညှဉ်းပန်းခံရချိန်တွင်ပင် ဘုရားသခင့်အလိုတော်ထမ်းဆောင်ရာ၌ ကြီးစွာသောပျော်ရွှင်ကျေနပ်မှု ခံစားရစေသည်။ “ဘုရားသခင်ကိုသိသောဉာဏ်” သည် ကျွန်ုပ်တို့ကို အလွန်ပျော်ရွှင်စေသည်။ (သု. ၂:၁-၅) ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ ပျော်ရွှင်ကျေနပ်ဖွယ်ဆက်ဆံရေးသည် တိကျမှန်ကန်သောအသိပညာရှိခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊ ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်ခြင်းတို့အပေါ် အခြေခံသည်။ (၁ ယောဟန် ၂:၁၊ ၂) အပြည်ပြည်ဆိုင်ရာညီအစ်ကိုအသင်းအပင်းတွင် ပါဝင်ခွင့်ရခြင်းသည်လည်း ကျွန်ုပ်တို့ကို ဝမ်းမြောက်စေသည့် နောက်အကြောင်းရင်းဖြစ်၏။ (ဇေဖနိ ၃:၉; ဟဂ္ဂဲ ၂:၇) ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်နှင့် သတင်းကောင်းကြေညာရသည့် အခွင့်ထူးကလည်း ဝမ်းမြောက်စေသည်။ (မဿဲ ၆:၉၊ ၁၀; ၂၄:၁၄) ထာဝရအသက်မျှော်လင့်ချက်သည်လည်း ထိုနည်းတူပင်။ (ယောဟန် ၁၇:၃) ထိုကောင်းမွန်လှသော မျှော်လင့်ချက်ကြောင့် “အမှန်ရွှင်လန်း” သင့်ပေသည်။—⁠တရားဟောရာ ၁၆:၁၅

ငြိမ်သက်ခြင်းရှိပြီး စိတ်ရှည်လော့

၁၁၊ ၁၂။ (က) ငြိမ်သက်ခြင်းကို သင်မည်သို့အနက်ဖွင့်မည်နည်း။ (ခ) ဘုရားရေးရာငြိမ်သက်ခြင်းသည် ကျွန်ုပ်တို့ကို မည်သို့အကျိုးသက်ရောက်သနည်း။

၁၁ ဝိညာဉ်တော်က သီးပွင့်စေသော နောက်အရည်အသွေးတစ်ခုမှာ ငြိမ်သက်ခြင်းဖြစ်သည်။ ယင်းသည် သောကကင်းဝေးငြိမ်းအေးသည့် အခြေအနေဖြစ်သည်။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ငြိမ်သက်ခြင်းအရှင်ဖြစ်ပြီး “မိမိလူစုအား ငြိမ်သက်ခြင်းကောင်းချီးမင်္ဂလာကို ပေးတော်မူမည်” ဟုအာမခံထားသည်။ (ဆာလံ ၂၉:၁၁; ၁ ကောရိန္သု ၁၄:၃၃) ယေရှုသည် မိမိတပည့်များအား “ငြိမ်သက်ခြင်းကို သင်တို့ ၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏” ဟုဆိုခဲ့သည်။ (ယောဟန် ၁၄:၂၇) ငြိမ်သက်ခြင်းက ကိုယ်တော်၏နောက်လိုက်များကို မည်သို့ထောက်ကူမည်နည်း။

၁၂ တပည့်များကို ယေရှုပေးခဲ့သောငြိမ်သက်ခြင်းသည် သူတို့စိတ်နှလုံးကို ငြိမ်သက်စေပြီး ကြောက်ရွံ့မှုလျော့ပါးစေသည်။ သန့်ရှင်းသောဝိညာဉ်တော်ရရှိချိန်တွင် အထူးသဖြင့် သူတို့၌ ငြိမ်သက်ခြင်းရှိခဲ့၏။ (ယောဟန် ၁၄:၂၆) ယနေ့ ကျွန်ုပ်တို့လည်း ဝိညာဉ်တော်၏သြဇာလွှမ်းမိုးမှုခံရခြင်း၊ ဆုတောင်းချက်များ ဖြေကြားခံရခြင်းဖြင့် အဘယ်သူမျှကြံ၍မမီနိုင်သော “ဘုရားသခင်၏ငြိမ်သက်ခြင်း” ခံစားရပြီး စိတ်နှလုံးကို ငြိမ်သက်စေသည်။ (ဖိလိပ္ပိ ၄:၆၊ ၇) ထို့ ပြင် ယေဟောဝါ၏ဝိညာဉ်တော်သည် ယုံကြည်သူချင်းများ၊ အခြားသူများနှင့် သင့်တင့်ငြိမ်သက်စေသည်။—⁠ရောမ ၁၂:၁၈; ၁ သက်သာလောနိတ် ၅:၁၃

၁၃၊ ၁၄။ စိတ်ရှည်ခြင်းဟူသည် အဘယ်နည်း၊ ယင်းကို အဘယ်ကြောင့် တင်ပြသင့်သနည်း။

၁၃ စိတ်ရှည်ခြင်းသည် ငြိမ်သက်ခြင်းနှင့်ဆက်စပ်နေ၏။ အကြောင်းမှာ အခြေအနေတိုးတက်ကောင်းမွန်လာမည်ဟူသော မျှော်လင့်ချက်ဖြင့် အမျက်ဒေါသကို ချုပ်တည်းစေသည် သို့မဟုတ် အမှားတစ်ခုကို သည်းခံစေသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် စိတ်ရှည်တော်မူ၏။ (ရောမ ၉:၂၂-၂၄) ယေရှုလည်း ထိုအရည်အသွေးကိုတင်ပြခဲ့သည်။ ‘ထာဝရအသက်အလို့ငှာ ယုံကြည်လတ္တံ့သောသူတို့ လိုက်စရာပုံသက်သေဖြစ်စေခြင်းငှာ အကြီးဆုံးသောအပြစ်ရှိသောငါ၌ ယေရှုခရစ်သည် ခပ်သိမ်းသောသည်းခံခြင်းကို ပြတော်မူမည်အကြောင်း ငါ့ကိုသနားတော်မူပြီ’ ဟုပေါလုရေးခဲ့သောကြောင့် ကျွန်ုပ်တို့လည်း ယေရှု၏သည်းခံခြင်းမှ အကျိုးကျေးဇူးရရှိနိုင်ပါသည်။—⁠၁ တိမောသေ ၁:၁၆

၁၄ စိတ်ရှည်ခြင်းအရည်အသွေးသည် အခြားသူတို့၏မကြင်မနာ၊ မစဉ်းမစား ပြောဆိုပြုမူရာများကို ခံရပ်နိုင်စေသည်။ ခရစ်ယာန်ချင်းများကို ပေါလုက “ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိစေကြလော့” ဟုတိုက်တွန်းခဲ့သည်။ (၁ သက်သာလောနိတ် ၅:၁၄) ကျွန်ုပ်တို့အားလုံးသည် မစုံလင်သူများဖြစ်ပြီး မှားတတ်ကြရာ ကျွန်ုပ်တို့၏အမှားများကိုလည်း အခြားသူတို့ စိတ်ရှည်သည်းခံပေးရန် မျှော်လင့်မည်မှာသေချာသည်။ ထို့ကြောင့် “ဝမ်းမြောက်သောစိတ်နှင့် . . . စိတ်ရှည်” ရန်ကြိုးစားကြပါစို့။—⁠ကောလောသဲ ၁:၉-၁၂

ကျေးဇူးပြုခြင်းနှင့်ကောင်းမြတ်ခြင်းကို တင်ပြလော့

၁၅။ ကျေးဇူးပြုခြင်းကို အနက်ဖွင့်ဆိုပြီး ယင်းနှင့်ပတ်သက်သောဥပမာများ ကိုးကားတင်ပြပါ။

၁၅ ခင်မင်ရင်းနှီးသော၊ တည်ဆောက်မှုဖြစ်စေသော အပြောအဆိုအပြုအမူအားဖြင့် အခြားသူများကို စိတ်ဝင်စားမှုပြခြင်းသည် ကျေးဇူးပြုခြင်းဖြစ်၏။ ယေဟောဝါသည် ကျေးဇူးပြုသောဘုရားသခင်ဖြစ်ပြီး ကိုယ်တော့်သားတော်လည်း ထိုနည်းတူပင်။ (ရောမ ၂:၄; ၁ ပေတရု ၂:၁) ထို့ကြောင့် ဘုရားသခင်နှင့်ခရစ်တော်၏ကျေးကျွန်များသည် ကျေးဇူးပြုဖို့လို၏။ (ကောလောသဲ ၃:၁၂) ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးမရှိသူအချို့ပင် “အထူးသဖြင့် ကျေးဇူးပြုကြ၏။” (တမန်တော် ၂၇:၃; ၂၈:⁠၂) သို့ဖြစ်၍ ကျွန်ုပ်တို့သည် ‘ဘုရားသခင့်ဝိညာဉ်တော်ဖြင့် လျှောက်လှမ်းနေကြမည်ဆိုလျှင်’ အမှန်ကျေးဇူးပြုနိုင်ကြပါသည်။

၁၆။ ကျေးဇူးပြုသင့်သည့် အခြေအနေအချို့ကားအဘယ်နည်း။

၁၆ တစ်စုံတစ်ဦး၏ ထိုးနှက်သောစကား သို့မဟုတ် စာနာမှုမဲ့သောလုပ်ရပ်သည် အမျက်ထွက်စရာဖြစ်သည့်တိုင် ကျွန်ုပ်တို့ ကျေးဇူးပြုနိုင်ပါသည်။ ‘အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။ စာတန်ကိုအခွင့်မပေးကြနှင့်။ . . . အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့’ ဟုပေါလုဆိုသည်။ (ဧဖက် ၄:၂၆၊ ၂၇၊ ၃၂) စမ်းသပ်မှုများရင်ဆိုင်နေရသူတို့ကို ကျေးဇူးပြုခြင်းသည် အထူးသင့်လျော်၏။ ခရစ်ယာန်အကြီးအကဲတစ်ဦးသည် “ကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်း” လမ်းစဉ်မှ သွေဖည်သွားတော့မည့်သူတစ်ဦး စိတ်ထိခိုက်မည်ကိုစိုး၍ ကျမ်းစာသွန်သင်ချက်မပေးပါက ကျေးဇူးပြုခြင်းမဖြစ်နိုင်ပေ။—⁠ဧဖက် ၅:၉-၁၀

၁၇၊ ၁၈။ ကောင်းမြတ်ခြင်းကို မည်သို့အနက်ဖွင့်ထားသနည်း၊ ထိုအရည်အသွေးသည် ကျွန်ုပ်တို့အသက်တာ၏ မည်သည့်ကဏ္ဍတွင် ရှိသင့်သနည်း။

၁၇ ကောင်းမြတ်ခြင်းဟူသည် ကောင်းမှုပြုခြင်း၊ ကိုယ်ကျင့်တရားဖြောင့်မတ်စင်ကြယ်ခြင်း သို့မဟုတ် ကောင်းမြတ်သောအရည်အသွေး၊ ကောင်းမြတ်သောအခြေအနေဖြစ်သည်။ ဘုရားသခင်သည် အပြည့်ဝဆုံးသဘောဖြင့် ကောင်းမြတ်တော်မူ၏။ (ဆာလံ ၂၅:၈; ဇာခရိ ၉:၁၇) ယေရှုသည် အခြားသူများကို ကောင်းမှုပြုပြီး ကိုယ်ကျင့်တရားဖြောင့်မတ်စင်ကြယ်၏။ သို့တိုင် “ကောင်းမြတ်သောဆရာ” ဟုအခေါ်ခံရစဉ် “ကောင်းမြတ်သော” ဟူသည့်ဂုဏ်ပုဒ်ကို လက်မခံခဲ့ပေ။ (မာကု ၁၀:၁၇၊ ၁၈) ဘုရားသခင်သာ အကောင်းမြတ်ဆုံးဖြစ်ကြောင်း သူအသိအမှတ်ပြုသည်မှာ ထင်ရှား၏။

၁၈ အမွေခံရသောအပြစ်သည် ကျွန်ုပ်တို့၏ကောင်းမြတ်ခြင်းအရည်အသွေးကို အဟန့်အတားဖြစ်စေသည်။ (ရောမ ၅:၁၂) သို့တိုင် “ကောင်းမြတ်ခြင်းကို သွန်သင်တော်မူပါ” ဟုဘုရားသခင်ထံတောင်းလျှောက်မည်ဆိုလျှင် ထိုအရည်အသွေးကို တင်ပြနိုင်မည်ဖြစ်သည်။ (ဆာလံ ၁၁၉:၆၆ကဘ) ရောမမြို့ရှိခရစ်ယာန်ချင်းတို့ကို ပေါလုက “ညီအစ်ကိုတို့၊ သင်တို့သည် ကောင်းသောပကတိသဘောနှင့်ပြည့်စုံ၍ အရာရာတို့ကိုသိနားလည်သဖြင့် အချင်းချင်းဆုံးမခြင်းငှာ တတ်နိုင်သည်ကို ငါသဘောကျလျက်ရှိ၏” ဟုဆိုသည်။ (ရောမ ၁၅:၁၄) ခရစ်ယာန်ကြီးကြပ်မှူးတစ်ဦးသည် “ကောင်းမြတ်ခြင်းကိုနှစ်သက်သောသူ” ဖြစ်ရမည်။ (တိတု ၁:၇၊ ၈ကဘ) ဘုရားသခင့်ဝိညာဉ်တော်၏ ဦးဆောင်မှုကိုခံယူပါက ကျွန်ုပ်တို့၏ကောင်းမြတ်ခြင်းထင်ရှားလာမည်ဖြစ်ပြီး ယေဟောဝါသည် ‘ကျွန်ုပ်တို့ပြုသောကောင်းမြတ်ခြင်းအတွက် ကျွန်ုပ်တို့ကိုအောက်မေ့’ မည်ဖြစ်သည်။—⁠နေဟမိ ၅:၁၉; ၁၃:၃၁

“ဟန်ဆောင်ခြင်းကင်းသောယုံကြည်ခြင်း”

၁၉။ ဟေဗြဲ ၁၁:၁ အရ ယုံကြည်ခြင်းကို အနက်ဖွင့်ဆိုပါ။

၁၉ ဝိညာဉ်တော်က သီးပွင့်စေသော ယုံကြည်ခြင်းအရည်အသွေးသည် “မျှော်လင့်သောအရာများကို စိတ်ချစွာစောင့်မျှော်ခြင်း၊ မမြင်ရသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေဖြစ်၏။” (ဟေဗြဲ ၁၁:၁ကဘ) ကျွန်ုပ်တို့တွင် ယုံကြည်ခြင်းရှိပါက ယေဟောဝါကတိပြုသမျှ အမှန်တကယ်ပြည့်စုံမည်ကို ယုံကြည်စိတ်ချမည်ဖြစ်သည်။ မမြင်ရသော်လည်း အမှန်တည်ရှိသောအရာတို့၏ ယုံကြည်စိတ်ချရသောသက်သေသည် အလွန်ခိုင်မာသည်၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည်လည်း ထိုသက်သေနည်းတူ ခိုင်မာ၏။ ဥပမာ၊ ဖန်ဆင်းရာများတည်ရှိခြင်းက ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း ကျွန်ုပ်တို့ကို ယုံကြည်စိတ်ချစေသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်ဝိညာဉ်တော်ဖြင့် လျှောက်လှမ်းနေပါက ထိုသို့သောယုံကြည်ခြင်းမျိုး တင်ပြနိုင်ပေမည်။

၂၀။ ‘နှောင့်ယှက်တတ်သောအပြစ်’ ဟူသည်အဘယ်နည်း၊ ထိုအပြစ်နှင့် ဇာတိအကျင့်များကို မည်သို့ရှောင်နိုင်သနည်း။

၂၀ ယုံကြည်ခြင်းကင်းမဲ့ခြင်းသည် ကျွန်ုပ်တို့ကို ‘နှောင့်ယှက်တတ်သောအပြစ်’ ဖြစ်၏။ (ဟေဗြဲ ၁၂:⁠၁) ယုံကြည်ခြင်းကိုပျက်စီးစေသည့် ဇာတိပကတိအကျင့်များ၊ ရုပ်ဝါဒဆန်ခြင်း၊ မှားယွင်းသောသွန်သင်ချက်များကို ရှောင်နိုင်ရန် ဘုရားသခင့်ဝိညာဉ်တော်ကို မှီခိုအားထားဖို့လိုသည်။ (ကောလောသဲ ၂:၈; ၁ တိမောသေ ၆:၉၊ ၁၀; ၂ တိမောသေ ၄:၃-၅) ကျမ်းစာမှတ်တမ်းတွင်ပါသော ခရစ်ယာန်ခေတ်မတိုင်မီကသက်သေခံများနှင့် အခြားသူများ၏ ယုံကြည်ခြင်းမျိုး တင်ပြနိုင်ရန် ယေဟောဝါ၏မျက်မှောက်ခေတ်ကျေးကျွန်များကို ဝိညာဉ်တော်က လှုံ့ဆော်ပေးသည်။ (ဟေဗြဲ ၁၁:၂-၄၀) ထို့ပြင် ကျွန်ုပ်တို့၏ “ဟန်ဆောင်ခြင်းကင်းသောယုံကြည်ခြင်း” သည် အခြားသူများ၏ယုံကြည်ခြင်းကို တိုးပွားစေနိုင်သည်။—⁠၁ တိမောသေ ၁:၅သမ္မာ; ဟေဗြဲ ၁၃:၇

နူးညံ့သိမ်မွေ့ခြင်းနှင့်ချုပ်တည်းခြင်း တင်ပြလော့

၂၁၊ ၂၂။ နူးညံ့သိမ်မွေ့ ခြင်းကို မည်သို့အနက်ဖွင့်ထားသနည်း၊ ယင်းကို အဘယ်ကြောင့်တင်ပြသင့်သနည်း။

၂၁ နူးညံ့သိမ်မွေ့ခြင်းဟူသည် စိတ်သဘောနှင့်အပြုအမူတို့တွင် သိမ်မွေ့ ညင်သာခြင်းဖြစ်သည်။ ဘုရားသခင်၏အရည်အသွေးတစ်ခုမှာ စိတ်နူးညံ့သိမ်မွေ့ ခြင်းဖြစ်၏။ ထိုသို့ပြောနိုင်ရခြင်းမှာ နူးညံ့သိမ်မွေ့သော ယေရှုသည် ယေဟောဝါ၏ဥပဓိရုပ်တော်ကို အပြည့်အဝထင်ဟပ်သောကြောင့်ဖြစ်သည်။ (မဿဲ ၁၁:၂၈-၃၀; ယောဟန် ၁:၁၈; ၅:၁၉) သို့ဆိုလျှင် ဘုရားသခင့်ကျေးကျွန်များဖြစ်သော ကျွန်ုပ်တို့ အဘယ်အရာပြုဖို့လိုသနည်း။

၂၂ ခရစ်ယာန်များဖြစ်သော ကျွန်ုပ်တို့သည် “ခပ်သိမ်းသောသူတို့ ၌ အလွန်နူးညံ့သိမ်မွေ့ စွာပြု” ဖို့လို၏။ (တိတု ၃:⁠၂) ခရစ်ယာန်ဓမ္မအမှုတွင် နူးညံ့သိမ်မွေ့ ခြင်း တင်ပြကြသည်။ အမှားပြုမိသော ခရစ်ယာန်တစ်ဦးကို “သိမ်မွေ့နူးညံ့သောသဘောနှင့်” သူ၏နေရာ၌တည်မြဲတည်စေပြန်ရန် ဝိညာဉ်ရေးအရည်အချင်းရှိသူတို့အား မိန့်မှာထားသည်။ (ဂလာတိ ၆:⁠၁) ကျွန်ုပ်တို့အားလုံးသည် “စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း” ကိုတင်ပြခြင်းဖြင့် ခရစ်ယာန်စည်းလုံးမှုနှင့် ငြိမ်သက်မှုတိုးပွားစေနိုင်သည်။ (ဧဖက် ၄:၁-၃) ဝိညာဉ်တော်ဖြင့်လျှောက်လှမ်းနေကာ ချုပ်တည်းခြင်းရှိမည်ဆိုလျှင် နူးညံ့သိမ်မွေ့ ခြင်း တင်ပြနိုင်မည်ဖြစ်သည်။

၂၃၊ ၂၄။ ချုပ်တည်းခြင်းဟူသည် အဘယ်နည်း၊ ယင်းသည် ကျွန်ုပ်တို့ကို မည်သို့ကူညီနိုင်သနည်း။

၂၃ ချုပ်တည်းခြင်းသည် မှားယွင်းသော အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူများကို တားဆီးပေးနိုင်သည်။ ယေဟောဝါသည် ယေရုရှလင်မြို့ကိုဖျက်ဆီးခဲ့သော ဗာဗုလုန်လူမျိုးနှင့်ဆက်ဆံရာတွင် “ကိုယ်ကိုချုပ်တည်း၍နေ” ခဲ့သည်။ (ဟေရှာယ ၄၂:၁၄) သားတော်ယေရှုသည်လည်း ဆင်းရဲဝေဒနာခံစားရချိန်တွင် ချုပ်တည်းမှုတင်ပြရာ၌ “ပုံသက်သေ” ချမှတ်ခဲ့၏။ ‘ပညာ၌ ချုပ်တည်းခြင်းကိုထပ်ဆင့်’ ရန် ခရစ်ယာန်ချင်းများကို တမန်တော်ပေတရု တိုက်တွန်းခဲ့သည်။—⁠၁ ပေတရု ၂:၂၁-၂၃; ၂ ပေတရု ၁:၅-၈

၂၄ ခရစ်ယာန်အကြီးအကဲများသည် ချုပ်တည်းမှုတင်ပြဖို့လို၏။ (တိတု ၁:၇၊ ၈) အမှန်မှာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ဦးဆောင်မှု ခံယူသူအားလုံးသည် ချုပ်တည်းမှုတင်ပြနိုင်ကြ၏။ ဤနည်းဖြင့် အကျင့်ပျက်ပြားမှု၊ ညစ်ညမ်းသောအပြောအဆို သို့မဟုတ် ယေဟောဝါ၏မျက်နှာသာဆုံးရှုံးစေနိုင်သည့် အရာမှန်သမျှကို ရှောင်ရှားနိုင်ပေမည်။ ဘုရားသခင့်ဝိညာဉ်တော်၏လှုံ့ဆော်မှုဖြင့် ချုပ်တည်းမှုတင်ပြပါက ယင်းသည် ကျွန်ုပ်တို့၏အပြောအဆို၊ အပြုအမူတို့တွင် ပေါ်လွင်နေပြီး အခြားသူတို့ သတိပြုမိပါလိမ့်မည်။

ဝိညာဉ်တော်ဖြင့်လျှောက်လှမ်းနေလော့

၂၅၊ ၂၆။ ဝိညာဉ်တော်ဖြင့်လျှောက်လှမ်းခြင်းသည် ယခုနှင့်အနာဂတ်အလားအလာကို မည်သို့အကျိုးသက်ရောက်မှုရှိမည်နည်း။

၂၅ ဝိညာဉ်တော်ဖြင့် လျှောက်လှမ်းနေပါက ကျွန်ုပ်တို့သည် သတင်းကောင်းကို ဇွဲရှိရှိဟောပြောကြမည်။ (တမန်တော် ၁၈:၂၄-၂၆) ကျွန်ုပ်တို့သည် နှစ်သက်ဖွယ်ကောင်းသူများဖြစ်လာမည်။ အထူးသဖြင့် ဘုရားသခင်ကို ဆည်းကပ်ဝတ်ပြုသူများသည် ကျွန်ုပ်တို့နှင့်ပေါင်းသင်းရသည်ကို နှစ်ခြိုက်ပေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ဦးဆောင်မှု ခံယူကြသော ကျွန်ုပ်တို့သည် ယေဟောဝါအားဝတ်ပြုသူချင်းတို့ကို ဝိညာဉ်ရေးအရ အားပေးတည်ဆောက်နိုင်ကြမည်။ (ဖိလိပ္ပိ ၂:၁-၄) ခရစ်ယာန်အားလုံး ထိုသို့ဖြစ်လိုကြသည် မဟုတ်လော။

၂၆ စာတန့်ထိန်းချုပ်မှုအောက်ရှိ ဤလောကတွင် ဝိညာဉ်တော်ဖြင့် လျှောက်လှမ်းနေရန် မလွယ်ကူပေ။ (၁ ယောဟန် ၅:၁၉) သို့သော် ယနေ့ လူသန်းပေါင်းများစွာသည် ထိုသို့လျှောက်လှမ်းနေကြ၏။ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားပါက ယခုပင် ပျော်ရွှင်သောအသက်တာကို ခံစားရနိုင်ပြီး သန့်ရှင်းသောဝိညာဉ်တော်ကို မေတ္တာဖြင့်ပြင်ဆင်ပေးရှင်၏ ဖြောင့်မတ်သောလမ်းစဉ်တွင် ထာဝစဉ်လျှောက်လှမ်းနိုင်ပါလိမ့်မည်။—⁠ဆာလံ ၁၂၈:၁; သု. ၃:၅၊ ၆

သင့်အဖြေကားအဘယ်နည်း

• “ဝိညာဉ်တော်ဖြင့်လျှောက်လှမ်း” ခြင်းသည် ဘုရားသခင်၊ ကိုယ်တော့်သားတော်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို မည်သို့အကျိုးသက်ရောက်သနည်း။

• သန့်ရှင်းသောဝိညာဉ်တော်က သီးပွင့်စေသော အရည်အသွေးများကား အဘယ်နည်း။

• ဘုရားသခင့်ဝိညာဉ်တော်၏ အရည်အသွေးများကို တင်ပြနိုင်သည့် နည်းလမ်းအချို့ကား အဘယ်နည်း။

• ဝိညာဉ်တော်ဖြင့်လျှောက်လှမ်းခြင်းသည် ယခုနှင့်အနာဂတ်အလားအလာကို မည်သို့အကျိုးသက်ရောက်မှု ရှိမည်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယေဟောဝါ၏သန့် ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူချင်းများအားချစ်သောမေတ္တာကို တိုးပွားစေ

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

တည်ဆောက်မှုဖြစ်စေသော အပြောအဆိုအပြုအမူတို့အားဖြင့် ကျေးဇူးပြုပါ