မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သင်သွား၍ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့’

‘သင်သွား၍ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့’

‘သင်သွား၍ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့’

ယေရှုသည် မျက်မမြင်တစ်ဦး၏မျက်စိကို ရွှံ့နှင့်လူး၍ ကုသပေးပြီးနောက် “သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့” ဟုမိန့်တော်မူ၏။ ထိုသူသည် သွား၍ဆေးပြီးမှ “မျက်စိမြင်လျက်ပြန်လေ၏။” (ယောဟန် ၉:၆၊ ၇) ရှိလောင်ရေကန်သည် မည်သည့်နေရာတွင် တည်ရှိသနည်း။ မကြာသေးမီက ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှုတစ်ခုအရ ရေကန်၏တည်နေရာနှင့်ပတ်သက်သော အချက်အလက်သစ်များ သိရှိရသည်။

ယေရုရှလင်မြို့ရှိ ရှိလောင်ရေကန်ဟု သိထားကြသောနေရာသို့ ကမ္ဘာလှည့်ခရီးသည်များစွာ လည်ပတ်ကြသည်။ ယင်းသည် ယောဟန် ၉:၇ တွင် ဖော်ပြထားသော ရေကန်ပင်ဖြစ်သည်ဟု ယူဆကြ၏။ ထိုနေရာသည် ဘီစီရှစ်ရာစုတွင် တည်ဆောက်ခဲ့သော ပေ ၁,၇၅၀ အရှည်ရှိ ဟေဇကိတူးမြောင်းအဆုံးတွင်ရှိသည်။ အမည်ခံဘိုင်ဇန်တိုင်ခရစ်ယာန်များက ယောဟန်ခရစ်ဝင်ကျမ်းပါ ရေကန်သည် ထိုတူးမြောင်း၏အဆုံးတွင်ရှိမည်ဟု မှားယွင်းစွာယူဆသောကြောင့် အေဒီလေးရာစုတွင် ယင်းကို တည်ဆောက်ခဲ့ခြင်းဖြစ်၏။

သို့သော် ၂၀၀၄ ခုနှစ်တွင် ရှေးဟောင်းသုတေသနပညာရှင်များသည် ရေကန်တစ်ကန်ကို ရှာဖွေတွေ့ရှိခဲ့ရာ ယင်းသည် ယေရှုမြေကြီးပေါ်ရှိစဉ်က တည်ရှိခဲ့သော ရှိလောင်ရေကန်ဖြစ်သည်ဟု သူတို့ကောက်ချက်ချကြ၏။ ယင်းသည် ရှိလောင်ရေကန်ဟု မှားယွင်းစွာထင်မှတ်သောနေရာ၏ အရှေ့တောင်ဘက် ပေ ၁၀၀ အကွာတွင် တည်ရှိသည်။ ယင်းကို သူတို့ မည်သို့ရှာဖွေတွေ့ရှိခဲ့သနည်း။ ထိုဒေသရှိ မိလ္လာပိုက်တစ်ခုပြုပြင်ရန် လိုအပ်လာသောကြောင့် မြို့တော်အာဏာပိုင်များသည် အလုပ်သမားများကို စေလွှတ်ခဲ့၏။ ထိုသူတို့တူးဖော်နေစဉ် အနီးအနားတွင် အလုပ်လုပ်နေသော ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက စောင့်ကြည့်နေရာ လှေကားနှစ်ဆင့်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ပိုက်ပြင်သည့်လုပ်ငန်းကို ရပ်ဆိုင်းလိုက်ပြီး အစ္စရေးရှေးဟောင်းပစ္စည်းအာဏာပိုင်များသည် ထိုဒေသကို တူးဖော်ခွင့်ပေးလိုက်၏။ ရေကန်၏တစ်ဖက်သည် ၂၂၅ ပေခန့်ရှည်ပြီး ကန်ထောင့်နှစ်ထောင့်ကို တူးဖော်ပြီးဖြစ်သည်။

တူးဖော်စဉ် တွေ့ရှိရသောဒ င်္ဂါးအချို့သည် ရောမကို ဂျူးများပုန်ကန်ခဲ့သည့် ဒုတိယ၊ တတိယ၊ စတုတ္ထနှစ်များမှဖြစ်သည်။ ထိုပုန်ကန်မှုသည် အေဒီ ၆၆ နှင့် ၇၀ ကြားတွင်ဖြစ်၏။ ဒ င်္ဂါးများအရ ယေရုရှလင်ကို ရောမတို့ဖျက်ဆီးခဲ့သည့် အေဒီ ၇၀ အထိ ထိုရေကန်ကိုအသုံးပြုခဲ့ကြောင်း သိရသည်။ ကျမ်းဆိုင်ရာရှေးဟောင်းသုတေသနသုံးသပ်ချက် စာစောင်က ဤသို့ဆို၏– “ပုန်ကန်မှုပြီးဆုံးသည့်အချိန်တိုင် ထိုရေကန်ကိုအသုံးပြုခဲ့ပြီး နောက်ပိုင်း အသုံးမပြုကြတော့ပေ။ ထိုဒေသသည် ယေရုရှလင်တစ်ခွင်လုံးတွင် အနိမ့်ဆုံးအပိုင်းဖြစ်ပြီး ဘိုင်ဇန်တိုင်အချိန်အထိ လူသူမနေတော့ချေ။ နှစ်စဉ် ဆောင်းမိုးရွာစဉ် ချိုင့်ဝှမ်းအတွင်း ရေစီးဆင်းမှုကြောင့် ရေကန်တွင် ရွှံ့နွံများစုပုံလာသည်။ မြို့တော်ကို ရောမတို့ဖျက်ဆီးပြီးနောက် ရေကန်မှာ မသန့်ရှင်းတော့ပေ။ ရာစုနှစ်များတစ်လျှောက် ရွှံ့များထူထပ်စုပုံလာရာ ရေကန်မှာ ပျောက်ကွယ်သွားတော့သည်။ အချို့နေရာများတွင် ရွှံ့များမှာ ၁၀ ပေနီးပါးရှိကြောင်း ရှေးဟောင်းသုတေသနပညာရှင်များ တွေ့ရှိခဲ့ကြသည်။”

ရှိလောင်ရေကန်၏တည်နေရာကို စိတ်ရင်းမှန်သော ကျမ်းစာကျောင်းသားများ အဘယ်ကြောင့် စိတ်ဝင်စားကြသနည်း။ အကြောင်းမှာ ယေရှုဘဝနှင့်ဓမ္မအမှုအကြောင်းပါရှိသည့် ခရစ်ဝင်ကျမ်းများမှ ပထမရာစုယေရုရှလင်မြို့၏ ပထဝီအနေအထားကို ပို၍သဘောပေါက်စေသောကြောင့်ဖြစ်သည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အသစ်တူးဖော်တွေ့ ရှိသော ရှိလောင်ရေကန်

[Credit Line]

© 2003 BiblePlaces.com