မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သန့်ရှင်းသောဝိညာဉ်တော်ကိုသင် ပြစ်မှားမိပြီလော

သန့်ရှင်းသောဝိညာဉ်တော်ကိုသင် ပြစ်မှားမိပြီလော

သန့်ရှင်းသောဝိညာဉ်တော်ကိုသင် ပြစ်မှားမိပြီလော

‘သေပြစ်သင့်သောအပြစ် ရှိ၏။’—⁠၁ ယောဟန် ၅:၁၆

၁၊ ၂။ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမိနိုင်ကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း။

“သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမိပြီဆိုတဲ့အတွေးက ကျွန်မကို တစ်ချိန်လုံးနှိပ်စက်နေတယ်။” ဂျာမနီနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ဘုရားသခင်ကိုဝတ်ပြုနေသည့်တိုင် အထက်ပါအတိုင်း ရေးခဲ့သည်။ ခရစ်ယာန်တစ်ဦးသည် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို အမှန်ပင် ပြစ်မှားမိနိုင်သလော။

ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်ကို အမှန်ပင် ပြစ်မှားမိနိုင်ပါသည်။ ‘ပြစ်မှားသောအပြစ်၊ ဘုရားသခင်ကိုကဲ့ရဲ့သော အပြစ်အမျိုးမျိုးတို့နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကိုကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ’ ဟုယေရှုခရစ်မိန့်ဆို၏။ (မဿဲ ၁၂:၃၁) ‘အမှန်တရားကိုသိပြီးမှ ကိုယ်အလိုသို့လိုက်၍ပြစ်မှားပြန်လျှင် နောက်တစ်ဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့်မရှိဘဲ ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဖွယ်သောမျှော်လင့်ရသောအကြောင်းရှိ၏’ ဟုကျွန်ုပ်တို့ကို သတိပေးထားသည်။ (ဟေဗြဲ ၁၀:၂၆၊ ၂၇) တမန်တော်ယောဟန်ကလည်း ‘သေပြစ်သင့်သောအပြစ် ရှိ၏’ ဟုရေးခဲ့သည်။ (၁ ယောဟန် ၅:၁၆) သို့သော် ကြီးလေးသောအပြစ်ကျူးလွန်သူသည် ‘သေပြစ်သင့်သောအပြစ်’ ကျူးလွန်ခြင်းရှိမရှိ မိမိကိုယ်တိုင်ဆုံးဖြတ်ရမည်လော။

နောင်တယူခြင်းက ခွင့်လွှတ်မှုရစေ

၃။ ကျွန်ုပ်တို့ကျူးလွန်သောအပြစ်အတွက် အလွန်ယူကျုံးမရဖြစ်နေပါက အဘယ်အရာဖြစ်ဖွယ်ရှိသနည်း။

အပြစ်ပြုသူကို အပြီးသတ်တရားစီရင်သူမှာ ယေဟောဝါဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်နှင့် စာရင်းရှင်းရမည်ဖြစ်ပြီး ကိုယ်တော်သည် အမြဲပင် တရားသဖြင့်ပြုတော်မူသည်။ (ကမ္ဘာဦး ၁၈:၂၅; ရောမ ၁၄:၁၂) ခွင့်မလွှတ်ထိုက်သောအပြစ်ကျူးလွန်ခြင်းရှိမရှိ ယေဟောဝါဆုံးဖြတ်ပြီး ကိုယ်တော်၏ဝိညာဉ်တော်ကို ရုပ်သိမ်းနိုင်သည်။ (ဆာလံ ၅၁:၁၁) သို့သော် ကျွန်ုပ်တို့ကျူးလွန်သောအပြစ်အတွက် အလွန်ယူကျုံးမရဖြစ်နေပါက စစ်မှန်သောနောင်တရခြင်းဖြစ်နိုင်သည်။ သို့ဆိုလျှင် စစ်မှန်သောနောင်တဟူသည် အဘယ်နည်း။

၄။ (က) နောင်တကို သင်မည်သို့ အနက်ဖွင့်မည်နည်း။ (ခ) ဆာလံ ၁၀၃:၁၀-၁၄ က အဘယ်ကြောင့် အလွန်နှစ်သိမ့်မှုဖြစ်စေသနည်း။

နောင်တရခြင်းဟူသည် ကျူးလွန်ခဲ့သော သို့မဟုတ် ကျူးလွန်ရန် ကြံရွယ်ထားသောအပြစ်နှင့်ပတ်သက်သည့် သဘောထားကို ပြောင်းလဲခြင်းဖြစ်၏။ ဆိုလိုသည်မှာ ဝမ်းနည်းကြေကွဲကာ ယူကျုံးမရဖြစ်ပြီး အပြစ်လမ်းစဉ်ကို ကျောခိုင်းခြင်းဖြစ်သည်။ ကြီးလေးသောအပြစ်ကျူးလွန်သော်လည်း အမှန်နောင်တရကြောင်းဖော်ပြလျှင် ဆာလံဆရာ၏ ဤစကားများမှ နှစ်သိမ့်မှုရနိုင်ပါသည်– ‘ငါတို့ပြစ်မှားခြင်းနှင့်အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့အပြစ်ရှိသည်အတိုင်း အပြစ်ကိုပေးတော်မမူတတ်။ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည်အတိုင်း ထာဝရဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။ အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့်ဝေးသည်အတိုင်း ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေတော်မူ၏။ အဘသည် သားတို့ကိုသနားစုံမက်သည်နည်းတူ ထာဝရဘုရားသခင်သည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား ငါတို့ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။’—⁠ဆာလံ ၁၀၃:၁၀-၁၄

၅၊ ၆။ ၁ ယောဟန် ၃:၁၉-၂၂ ပါ အဓိကအချက်များကို ဖော်ပြပြီး ထိုစကားများ၏အဓိပ္ပာယ်ကို ရှင်းပြပါ။

တမန်တော်ယောဟန်၏ ဤစကားများလည်း နှစ်သိမ့်မှုဖြစ်စေသည်– ‘ထိုသို့ချစ်လျှင်၊ ကိုယ်တိုင်အမှန်တရားနှင့်ဆိုင်သည်ကို ကိုယ်သိရ၍ ဘုရားသခင့်ရှေ့တော်၌ ကိုယ်စိတ်နှလုံးကို သက်သာစေကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်လျှင် ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်သည်ဖြစ်၍ အလုံးစုံတို့ကိုသိတော်မူသည်ကို ငါတို့သိကြ၏။ ချစ်သူတို့၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်လျှင် ဘုရားသခင့်ရှေ့တော်၌ ရဲရင့်ရသောအခွင့်ရှိကြ၏။ ငါတို့သည် ပညတ်တော်တို့ကိုစောင့်ရှောက်၍ နှစ်သက်တော်မူသောအကျင့်တို့ကို ကျင့်သောကြောင့် ဆုတောင်းသမျှတို့ကို ဘုရားသခင့်ထံတော်မှရကြ၏။’—⁠၁ ယောဟန် ၃:၁၉-၂၂

ညီရင်းအစ်ကိုမေတ္တာတင်ပြပြီး အပြစ်မပြုခြင်းဖြင့် ကျွန်ုပ်တို့သည် ‘အမှန်တရားနှင့်ဆိုင်’ ကြောင်းသိရသည်။ (ဆာလံ ၁၁၉:၁၁) အပြစ်ရှိသည်ဟုခံစားနေရပါက “ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်” ကြောင်း သတိရသင့်သည်။ ကျွန်ုပ်တို့သည် “ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်” ကြောင်း၊ အပြစ်ကိုတိုက်လှန်နေကြောင်း၊ ယေဟောဝါအလိုတော်ထမ်းဆောင်ရန် ကြိုးစားအားထုတ်နေကြောင်း ကိုယ်တော်သိသောကြောင့် ကျွန်ုပ်တို့ကို ကရုဏာပြတော်မူသည်။ (၁ ပေတရု ၁:၂၃) ကျွန်ုပ်တို့သည် ယေဟောဝါကို ယုံကြည်ကိုးစားမည်၊ ညီရင်းအစ်ကိုမေတ္တာပြမည်၊ အပြစ်ကို တမင်တကာမပြုကျင့်ဘဲနေမည်ဆိုလျှင် ကျွန်ုပ်တို့၏စိတ်နှလုံးသည် “ကိုယ်ကိုအပြစ်တင်” မည်မဟုတ်ပေ။ ဆုတောင်းရာတွင် “ဘုရားသခင့်ရှေ့တော်၌ ရဲရင့်ရသောအခွင့်ရှိ” မည်ဖြစ်ပြီး ကိုယ်တော့်ပညတ်များကို ကျွန်ုပ်တို့လိုက်နာခြင်းကြောင့် ဆုတောင်းချက်များ နားညောင်းခံရမည်ဖြစ်သည်။

ဝိညာဉ်တော်ကို သူတို့ပြစ်မှားခဲ့ကြ

၇။ ခွင့်လွှတ်ထိုက်သောအပြစ် ဖြစ်မဖြစ်ကို မည်သည့်အရာက ဆုံးဖြတ်သနည်း။

ခွင့်မလွှတ်ထိုက်သောအပြစ်များကား  အဘယ်နည်း။ အဖြေရရန် ကျမ်းစာမှသာဓကအချို့ကို သုံးသပ်ကြည့်ကြစို့။ ကျွန်ုပ်တို့သည် နောင်တရသော်လည်း ကြီးလေးသောအမှားများကြောင့် အလွန်စိတ်သောကရောက်နေဆဲဖြစ်ပါက ထိုသာဓကများမှ နှစ်သိမ့်မှုရရှိနိုင်သည်။ လူတစ်ဦးကျူးလွန်သော အပြစ်အမျိုးအစားသည် အဓိကမဟုတ်ကြောင်း ကျွန်ုပ်တို့တွေ့ရမည်။ ယင်းအစား ရည်ရွယ်ချက်၊ နှလုံးအခြေအနေ၊ အပြစ်ကျူးလွန်ရာတွင် မည်မျှစိတ်ပါလက်ပါရှိခြင်းပေါ်မူတည်၍ ခွင့်လွှတ်ထိုက်သောအပြစ် ဖြစ်မဖြစ် ဆုံးဖြတ်သည်။

၈။ ပထမရာစုမှ ဂျူးဘာသာရေးခေါင်းဆောင်များသည် သန့်ရှင်းသောဝိညာဉ်တော်ကို မည်သို့ပြစ်မှားခဲ့ကြသနည်း။

ယေရှုခရစ်ကို မုန်းတီးစွာဆန့်ကျင်သော ပထမရာစုမှ ဂျူးဘာသာရေးခေါင်းဆောင်များသည် သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားခဲ့ကြ၏။ ယေရှုသည် ယေဟောဝါ၏ဘုန်းတော်ထင်ရှားစေသော အံ့ဖွယ်အမှုများပြုလုပ်စဉ် ကိုယ်တော်၌ ဘုရားသခင့်ဝိညာဉ်တော်ရှိကြောင်း သူတို့တွေ့မြင်ခဲ့ကြသည်။ သို့တိုင် ထိုတန်ခိုးတော်သည် စာတန်ထံမှဖြစ်သည်ဟု သူတို့စွပ်စွဲကြ၏။ သို့ဖြင့် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားသော ထိုသူတို့သည် “ယခုဘဝ နောင်ဘဝ၌ မလွှတ်နိုင်” သောအပြစ်ကို ကျူးလွန်ကြသည်ဟု ယေရှုမိန့်ဆို၏။—⁠မဿဲ ၁၂:၂၂-၃၂

၉။ ဘုရားသခင်ကိုပြစ်မှားပြောဆိုခြင်းဟူသည် အဘယ်နည်း။ ယင်းနှင့်ပတ်သက်၍ ယေရှုမည်သို့မိန့်ဆိုခဲ့သနည်း။

ဘုရားသခင်ကိုပြစ်မှားပြောဆိုခြင်းသည် အသရေဖျက်သော၊ ထိခိုက်စေသော၊ ရင့်သီးရိုင်းစိုင်းသောစကားဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ထံမှလာသောကြောင့် ယင်းကိုဆန့်ကျင်ပြောဆိုသူသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့်အတူတူပင်ဖြစ်၏။ နောင်တမယူဘဲ ထိုသို့ပြောဆိုနေခြင်းကို ခွင့်မလွှတ်ထိုက်ပေ။ ထိုသို့သောအပြစ်နှင့်ပတ်သက်သည့် ယေရှု၏စကားများက ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို တမင်ဆန့်ကျင်သူများအား ရည်ညွှန်းကြောင်း ဖော်ပြ၏။ အကြောင်းမှာ ယေရှုတွင် ယေဟောဝါ၏ဝိညာဉ်တော်ရှိသော်လည်း ကိုယ်တော်ကို ဆန့်ကျင်သူများက ယင်းသည် စာတန်ထံမှဖြစ်သည်ဟုပြောဆိုခြင်းဖြင့် ဝိညာဉ်တော်ကို ပြစ်မှားပြောဆိုသောကြောင့်ဖြစ်၏။ ထို့ကြောင့် ယေရှုက “သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှမရနိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏” ဟုမိန့်ဆိုသည်။—⁠မာကု ၃:၂၀-၂၉

၁၀။ ယေရှုသည် ယုဒကို “ပျက်စီးခြင်း၏သား” ဟု အဘယ်ကြောင့်ခေါ်ခဲ့သနည်း။

၁၀ ယုဒရှကာရုတ်၏အဖြစ်ကိုလည်း သုံးသပ်ကြည့်ပါ။ သူထိန်းသိမ်းရသော ငွေသေတ္တာမှ ငွေခိုးယူခြင်းဖြင့် မရိုးသားသောလမ်းစဉ်ကို လိုက်ခဲ့သည်။ (ယောဟန် ၁၂:၅၊ ၆) နောက်ပိုင်းတွင် ယုဒသည် ဂျူးခေါင်းဆောင်များထံသွားပြီး ငွေအကျပ်သုံးဆယ်ဖြင့် ယေရှုကို သစ္စာဖောက်ခဲ့သည်။ သစ္စာဖောက်ပြီးနောက် သူမှားမှန်းသိသော်လည်း တမင်တကာကျူးလွန်သောအပြစ်အတွက် နောင်တမယူခဲ့ပေ။ ယုဒသည် ရှင်ပြန်ထမြောက်ခြင်းနှင့် မထိုက်တန်သောကြောင့် ယေရှုက “ပျက်စီးခြင်း၏သား” ဟုခေါ်ခဲ့သည်။—⁠ယောဟန် ၁၇:၁၂; မဿဲ ၂၆:၁၄-၁၆

ဝိညာဉ်တော်ကို သူတို့ မပြစ်မှားခဲ့ကြ

၁၁-၁၃။ ဘုရင်ဒါဝိဒ်သည် ဗာသရှေဘနှင့် မည်သို့အပြစ်ကျူးလွန်ခဲ့သနည်း၊ ထိုအပြစ်ကို ဘုရားသခင် ကိုင်တွယ်ဖြေရှင်းပုံမှ အဘယ်နှစ်သိမ့်မှု ရရှိနိုင်သနည်း။

၁၁ ကြီးလေးသောအပြစ်များကို ဝန်ချပြီး အသင်းတော်အကြီးအကဲများထံမှ ဝိညာဉ်ရေးအကူအညီယူခဲ့သော ခရစ်ယာန်များသည် ဘုရားသခင့်ပညတ်ကို ချိုးဖောက်မိသောကြောင့် စိတ်သောကရောက်နေဆဲဖြစ်ပေမည်။ (ယာကုပ် ၅:၁၄) ကျွန်ုပ်တို့ကိုယ်တိုင် ထိုသို့ခံစားနေရပါက အပြစ်လွှတ်ခံရသူများနှင့်ပတ်သက်ပြီး ကျမ်းစာဖော်ပြထားရာကို သုံးသပ်ခြင်းမှ အကျိုးခံစားရပေမည်။

၁၂ ဘုရင်ဒါဝိဒ်သည် ဥရိယ၏မယား ဗာသရှေဘနှင့် ကြီးလေးသောအပြစ် ကျူးလွန်ခဲ့သည်။ အနီးအနားရှိ အိမ်မိုးပေါ်မှ ငုံ့ကြည့်စဉ် မိန်းမချောတစ်ဦး ရေချိုးနေသည်ကို တွေ့သွားပြီး နန်းတော်သို့ခေါ်ကာ သူနှင့်ပြစ်မှားလေသည်။ နောက်ပိုင်း ဗာသရှေဘတွင် ကိုယ်ဝန်ရှိကြောင်း သိရသောအခါ သူ့ခင်ပွန်းဥရိယကိုခေါ်ပြီး သူနှင့်အိပ်စေရန် ကြံစည်ခဲ့ခြင်းဖြင့် ဒါဝိဒ်သည် သူ့မယားပြစ်မှားသည့်အပြစ်ကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့သည်။ ထိုအကြံအစည်မအောင်မြင်သော် ဥရိယကို တိုက်ပွဲ၌သေစေရန် စီစဉ်ပြန်သည်။ ထို့နောက် ဗာသရှေဘကို ဇနီးအဖြစ်သိမ်းယူပြီး သူနှင့်ရသောကလေး သေဆုံးသွားခဲ့သည်။—⁠၂ ဓမ္မရာဇဝင် ၁၁:၁-၂၇

၁၃ ဒါဝိဒ်နှင့်ဗာသရှေဘ ကျူးလွန်သောအပြစ်ကို ယေဟောဝါ ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ဘုရားသခင်သည် ဒါဝိဒ်၏နောင်တကို လက်ခံပြီး ခွင့်လွှတ်ခဲ့သည်။ သူနှင့်နိုင်ငံတော်ပဋိညာဉ်ကိုပင် ဖွဲ့ခဲ့၏။ (၂ ဓမ္မရာဇဝင် ၇:၁၁-၁၆; ၁၂:၇-၁၄) ဗာသရှေဘသည်လည်း နောင်တရကြောင်းထင်ရှားသည်၊ အကြောင်းမှာ သူသည် ဘုရင်ရှောလမုန်၏မိခင်နှင့် ယေရှုခရစ်၏ဘေးမ ဖြစ်ခွင့်ရရှိခဲ့၍ဖြစ်၏။ (မဿဲ ၁:၁၊ ၆၊ ၁၆) ကျွန်ုပ်တို့ အပြစ်ပြုမိပါက ကျွန်ုပ်တို့၏နောင်တကို ဘုရားသခင်လက်ခံတော်မူကြောင်း သတိရသင့်သည်။

၁၄။ ဘုရင်မနာရှေ၏အဖြစ်တွင် ယေဟောဝါ၏ခွင့်လွှတ်မှု မည်သို့ပေါ်လွင်သနည်း။

၁၄ ယေဟောဝါ၏ခွင့်လွှတ်မှုကို ယုဒရှင်ဘုရင် မနာရှေ၏အဖြစ်တွင်လည်း တွေ့နိုင်သည်။ သူသည် ယေဟောဝါရှေ့တော်၌ မကောင်းမှုပြုခဲ့၏။ ဗာလနတ်ဘုရားအဖို့ ယဇ်ပလ္လင်တို့ကိုတည်ပြီး “မိုးကောင်းကင်တန်ဆာများကိုလည်း ဝတ်ပြုကိုးကွယ်၏။” ဝတ်ပြုရာအိမ်တော်တန်တိုင်းနှစ်ရပ်တွင်ပင် နတ်ဘုရားများအတွက် ယဇ်ပလ္လင်တို့ကိုတည်၏။ ထို့ပြင် မိမိသားတို့ကို မီးဖြင့်ပူဇော်၏၊ နတ်ဝိဇ္ဇာအတတ်ကို အားပေးအားမြှောက်ပြု၏၊ ယုဒနှင့်ယေရုရှလင်မြို့သားများကို လမ်းလွဲစေပြီး ‘ထာဝရဘုရားသခင်ဖျက်ဆီးတော်မူသော လူမျိုးတို့ပြုသည်ထက် သာ၍ဆိုးသောအမှုကို ပြုစေ’ ၏။ ဘုရားသခင့်ပရောဖက်များ၏ သတိပေးချက်ကို သူနားမထောင်ခဲ့ပေ။ နောက်ဆုံး အာရှုရိရှင်ဘုရင်သည် မနာရှေကို ဖမ်းဆီးခေါ်ဆောင်သွား၏။ ဖမ်းဆီးခံရစဉ် မနာရှေသည် နောင်တယူပြီး ယေဟောဝါထံနှိမ့်ချစွာဆုတောင်းခဲ့ရာ အပြစ်လွှတ်ခံခဲ့ရသည်။ သူသည် ယေရုရှလင်တွင် ဘုရင်အဖြစ်စိုးစံခွင့်ပြန်ရရှိပြီး စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်မြှင့်တင်ခဲ့သည်။—⁠၂ ရာဇဝင်ချုပ် ၃၃:၂-၁၇

၁၅။ တမန်တော်ပေတရု၏ အဘယ်အဖြစ်တွင် ယေဟောဝါသည် “အထူးသဖြင့်” ခွင့်လွှတ်တော်မူကြောင်း ပေါ်လွင်သနည်း။

၁၅ ရာစုနှစ်များကြာပြီးနောက် တမန်တော်ပေတရုသည် ယေရှုကိုငြင်းပယ်ခြင်းဖြင့် ကြီးလေးသောအပြစ်ပြုခဲ့သည်။ (မာကု ၁၄:၃၀၊ ၆၆-၇၂) သို့သော် ယေဟောဝါသည် ပေတရုကို ‘အထူးသဖြင့် အပြစ်လွှတ်တော်မူ၏။’ (ဟေရှာယ ၅၅:⁠၇) အဘယ်ကြောင့်နည်း။ ပေတရုသည် စစ်မှန်သောနောင်တယူခဲ့သောကြောင့်ဖြစ်၏။ (လုကာ ၂၂:၆၂) ထိုသို့ငြင်းပယ်ပြီးနောက် ရက် ၅၀ အလွန်၊ ပင်တေကုတ္တေပွဲနေ့တွင် ပေတရုသည် ယေရှုအကြောင်း ရဲရင့်စွာသက်သေခံခွင့်ရခဲ့ခြင်းဖြင့် ဘုရားသခင့်ခွင့်လွှတ်မှုရရှိကြောင်း ထင်ရှားသည်။ (တမန်တော် ၂:၁၄-၃၆) ယနေ့ နောင်တစစ်တင်ပြသော ခရစ်ယာန်များကိုလည်း ဘုရားသခင်ခွင့်မလွှတ်ဘဲနေပါမည်လော။ ‘အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် အပြစ်များကိုမှတ်တော်မူလျှင် အဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည် အပြစ်လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏’ ဟုဆာလံဆရာသီဆိုခဲ့သည်။—⁠ဆာလံ ၁၃၀:၃၊ ၄

အပြစ်အတွက် စိုးရိမ်သောကလျော့ပါးခြင်း

၁၆။ ကျွန်ုပ်တို့သည် မည်သည့်အရာများလုပ်ဆောင်လျှင် ဘုရားသခင်၏ခွင့်လွှတ်မှုရရှိနိုင်သနည်း။

၁၆ အထက်ပါသာဓကများက သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမိပြီဟု ခံစားရ၍ စိတ်သောကရောက်နေခြင်းကို သက်သာစေနိုင်သည်။ ယင်းတို့က နောင်တရသောအပြစ်သားများကို ယေဟောဝါခွင့်လွှတ်ကြောင်း ဖော်ပြသည်။ အရေးကြီးဆုံးကား ယေဟောဝါထံစိတ်ထက်သန်စွာ ဆုတောင်းခြင်းဖြစ်သည်။ ကျွန်ုပ်တို့အပြစ်ပြုမိပါက ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာ၊ ယေဟောဝါ၏ကရုဏာ၊ အမွေခံရသောမစုံလင်မှုနှင့် သစ္စာရှိရှိအမှုဆောင်ခဲ့ခြင်းတို့ကို အခြေခံ၍ ခွင့်လွှတ်မှုတောင်းခံနိုင်သည်။ ယေဟောဝါ၏မဟာကရုဏာကို သိရှိခြင်းကြောင့် ကျွန်ုပ်တို့ ခွင့်လွှတ်ခံရမည်ကို ယုံကြည်စိတ်ချလျက် တောင်းလျှောက်နိုင်သည်။—⁠ဧဖက် ၁:၈

၁၇။ ကြီးလေးသောအပြစ်ပြုမိပြီး ဝိညာဉ်ရေးအကူအညီလိုအပ်ပါက အဘယ်အရာလုပ်ဆောင်သင့်သနည်း။

၁၇ အပြစ်ပြုမိပြီး ဝိညာဉ်ရေးအားနည်းသွားသောကြောင့် ယေဟောဝါထံ ဆုမတောင်းနိုင်တော့ဟု ခံစားရလျှင်ကော။ ယာကုပ် ဤသို့ရေးခဲ့သည်– ‘နာသောသူရှိလျှင် သင်းအုပ်တို့ကိုခေါ်၍ သူတို့သည် သခင်ဘုရား၏နာမတော်ကိုအမှီပြုလျက် လူနာကိုဆီနှင့်လူး၍ သူ့အပေါ်မှာဆုတောင်းကြစေ။ ထိုသို့ပြုလျှင် ယုံကြည်ခြင်း၏ဆုတောင်းချက်သည် လူနာကိုကယ်ဆယ်၍ သခင်ဘုရားသည် သူ့ကိုထမြောက်စေတော်မူမည်။ သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကိုလွှတ်တော်မူမည်။’—⁠ယာကုပ် ၅:၁၄၊ ၁၅

၁၈။ အပြစ်ပြုသူတစ်ဦး အသင်းတော်မှနှင်ထုတ်ခံရသည့်တိုင် သူ၏အပြစ်ကို ခွင့်မလွှတ်ထိုက်သောအပြစ်ဟု အဘယ်ကြောင့် မယူဆသင့်သနည်း။

၁၈ အပြစ်ပြုသူသည် အတန်ကြာနောင်တမယူဘဲ အသင်းတော်မှနှင်ထုတ်ခံရမည်ဆိုလျှင်ပင် သူ၏အပြစ်ကို ခွင့်မလွှတ်ထိုက်သောအပြစ်ဟု မယူဆနိုင်ပေ။ ကောရိန္သုမြို့ရှိ နှင်ထုတ်ခံရသူ ဝိညာဉ်တော်ဖွားတစ်ဦးနှင့်ပတ်သက်၍ ပေါလု ဤသို့ရေးခဲ့သည်– “အများသောသူတို့စီရင်သောဒဏ်သည် ထိုသူ၏အပြစ်နှင့်တန်ပြီ။ သို့ဖြစ်၍ ထိုသို့သောသူသည် ဝမ်းနည်းခြင်းအားကြီးလျက် မိန်းမောတွေဝေခြင်းမရှိစေခြင်းငှာ သင်တို့သည် ခြားနားသောအားဖြင့် သူ၏အပြစ်ကိုလွှတ်၍ သူ့ကိုနှစ်သိမ့်စေခြင်းငှာပြုသင့်၏။” (၂ ကောရိန္သု ၂:၆-၈; ၁ ကောရိန္သု ၅:၁-၅) သို့သော် အပြစ်ပြုသူများသည် ဝိညာဉ်ရေးပြန်ကောင်းမွန်လာရန် ခရစ်ယာန်အကြီးအကဲများပေးသော ကျမ်းစာအခြေပြုဝိညာဉ်ရေးအကူအညီကို လက်ခံပြီး စစ်မှန်သောနောင်တ တင်ပြဖို့လိုသည်။ သူတို့သည် “နောင်တရခြင်းနှင့်ထိုက်တန်သောအကျင့်ကို ကျင့်” ရမည်။—⁠လုကာ ၃:၈

၁၉။ “ယုံကြည်ခြင်း . . . ၌ စိတ်သန်သောသူဖြစ်” နေရန် အဘယ်အရာက ကူညီနိုင်သနည်း။

၁၉ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမိပြီဟု အဘယ်ကြောင့် ခံစားရနိုင်သနည်း။ ကိုယ်ကိုကိုယ်သိစိတ် အကဲဆတ်လွန်းခြင်း သို့မဟုတ် ကိုယ်စိတ်နှစ်ပါးမကျန်းမာခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင် ဆုတောင်းခြင်းနှင့် အနားယူခြင်းက အကူအညီဖြစ်ပေမည်။ အထူးသဖြင့် ဘုရားသခင့်အမှုတော်မဆောင်လိုတော့သည့်အထိ ကျွန်ုပ်တို့စိတ်ဓာတ်ကျသွားစေဖို့ စာတန်ကို အခွင့်မပေးသင့်ပေ။ ဆိုးသောသူ သေခြင်းအမှုကိုပင် ယေဟောဝါမနှစ်သက်သောကြောင့် မိမိကျေးကျွန်တစ်ဦးတစ်ယောက် ဆုံးရှုံးသွားသည်ကို ကိုယ်တော်ပို၍မနှစ်သက်ပေ။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမိပြီဟုခံစားရလျှင် ဆာလံကျမ်းကဲ့သို့ နှစ်သိမ့်မှုဖြစ်စေသောကျမ်းစာစောင်များပါဝင်သည့် သမ္မာကျမ်းစာကို ဆက်၍ဖတ်ရှုသင့်သည်။ အသင်းတော်အစည်းအဝေးများကို အမြဲတက်ရောက်ရန်၊ ဟောပြောခြင်းလုပ်ငန်းတွင် ဆက်ပါဝင်ရန် လိုအပ်သည်။ ထိုသို့ပြုခြင်းဖြင့် “ယုံကြည်ခြင်း . . . ၌ စိတ်သန်သောသူဖြစ်” လာပြီး ခွင့်မလွှတ်ထိုက်သောအပြစ် ကျူးလွန်မိပြီလောဟူသည့် စိုးရိမ်သောက ကင်းဝေးနိုင်သည်။—⁠တိတု ၂:၂

၂၀။ သန့်ရှင်းသောဝိညာဉ်တော်ကို မပြစ်မှားမိကြောင်း လူတစ်ဦးသိနိုင်ရန် အဘယ်ကျိုးကြောင်းဆင်ခြင်မှုက ကူညီပေးနိုင်သနည်း။

၂၀ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမိပြီဟု ခံစားရသူတိုင်း မိမိကိုယ်ကိုဤသို့မေးနိုင်သည်– ‘သန့်ရှင်းသောဝိညာဉ်တော်ကို ငါ ပြစ်မှားပြောဆိုမိသလား။ ငါ့ရဲ့အပြစ်အတွက် စစ်မှန်တဲ့နောင်တ ရရဲ့လား။ ဘုရားသခင်ရဲ့ခွင့်လွှတ်မှုကို ငါယုံကြည်သလား။ ဝိညာဉ်ရေးအလင်းကို ငြင်းပယ်တဲ့ အယူဖောက်ပြန်သူတစ်ယောက် ဖြစ်နေသလား။’ ထိုသို့မေးမြန်းခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားခြင်း၊ အယူဖောက်ပြန်ခြင်းမဟုတ်ကြောင်း သိရှိလာနိုင်သည်။ သူတို့သည် နောင်တယူပြီး ယေဟောဝါ၏ခွင့်လွှတ်မှုကို အခိုင်အမာယုံကြည်လာကြသည်။ သို့ဆိုလျှင် သူတို့သည် ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားခြင်းမဟုတ်ပေ။

၂၁။ နောက်ဆောင်းပါးတွင် အဘယ်မေးခွန်းများကို သုံးသပ်မည်နည်း။

၂၁ သန့်ရှင်းသောဝိညာဉ်တော်ကို မပြစ်မှားမိကြောင်း သေချာသိရသည့်အခါ မည်မျှစိတ်သက်သာစရာပါတကား။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်သော ထပ်ဆင့်မေးခွန်းများကို နောက်ဆောင်းပါးတွင်သုံးသပ်ပါမည်။ ဥပမာ၊ ‘ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဦးဆောင်မှုကို ငါတကယ်ခံယူနေရဲ့လား။ ဝိညာဉ်တော်က သီးပွင့်စေတဲ့ အရည်အသွေးတွေကို ငါ့အသက်တာမှာ ထင်ရှားပြနေရဲ့လား’ ဟုကိုယ့်ကိုယ်ကိုမေးနိုင်သည်။

သင့်အဖြေကားအဘယ်နည်း

• သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမိနိုင်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

• နောင်တရခြင်းဟူသည် အဘယ်နည်း။

• ယေရှု မြေကြီးပေါ်ရှိစဉ် မည်သူတို့သည် ဝိညာဉ်တော်ကို ပြစ်မှားခဲ့သနည်း။

• ခွင့်မလွှတ်ထိုက်သောအပြစ် ကျူးလွန်မိပြီဟူသော စိုးရိမ်သောကကို မည်သို့ကျော်လွှားနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

စာတန်၏တန်ခိုးဖြင့် ယေရှု အံ့ဖွယ်အမှုများပြုသည်ဟု ဆိုသူများသည်ဘုရားသခင့်သန့် ရှင်းသောဝိညာဉ်တော်ကို ပြစ်မှား

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ပေတရုသည် ယေရှုကိုငြင်းပယ်ခဲ့သော်လည်း ခွင့်မလွှတ်ထိုက်သောအပြစ်ကို မကျူးလွန်ခဲ့