မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ခပ်သိမ်းသောတပ်မက်မှုကိုကြဉ်ရှောင်ကြလော့’

‘ခပ်သိမ်းသောတပ်မက်မှုကိုကြဉ်ရှောင်ကြလော့’

‘ခပ်သိမ်းသောတပ်မက်မှုကိုကြဉ်ရှောင်ကြလော့’

“လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်။”—⁠လုကာ ၁၂:၁၅၊ ကဘ။

၁၊ ၂။ (က) ယနေ့ လူတို့၏စိတ်ဝင်စားရာ၊ လိုက်စားရာတို့နှင့်ပတ်သက်၍ အဘယ်အရာကို သင်သတိပြုမိသနည်း။ (ခ) ထိုသို့သောသဘောထားများသည် ကျွန်ုပ်တို့ကို မည်သို့ထိခိုက်နိုင်သနည်း။

 ငွေကြေး၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်ပကာသန၊ ဝင်ငွေကောင်းသည့်အလုပ်၊ မိသားစု—⁠လူအများစုက ယင်းတို့ကို အောင်မြင်မှုအတိုင်းအတာ သို့မဟုတ် အနာဂတ်လုံခြုံမှုအတွက် အာမခံချက်အဖြစ် သတ်မှတ်ကြသည်။ ချမ်းသာသည့်နိုင်ငံတွင်ဖြစ်စေ၊ ဆင်းရဲသည့်နိုင်ငံတွင်ဖြစ်စေ လူများစွာ၏ အဓိကစိတ်ဝင်စားရာ၊ လိုက်စားရာတို့မှာ ရုပ်ပစ္စည်းပိုင်ဆိုင်မှုနှင့် အောင်မြင်ကျော်ကြားမှုသာ ဖြစ်ပုံရသည်။ သို့သော် ဝိညာဉ်ရေးရာများအပေါ် စိတ်ဝင်စားမှုမှာ—⁠ရှိမည်ဆိုလျှင်ပင်—⁠ဆုတ်ယုတ်ကျဆင်းလျက်ရှိသည်။

ဤသည်မှာ သမ္မာကျမ်းစာကြိုဟောထားချက်အတိုင်းဖြစ်၏။ ဤသို့ဆိုထား၏– ‘နောက်ဆုံးသောနေ့ရက်များ၌ ခဲယဉ်းသောကာလများဖြစ်မည်ဟု သိမှတ်လော့။ အကြောင်းမူကား လူတို့သည် ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ . . . ဘုရားသခင်ကိုနှစ်သက်သည်ထက် ပျော်မွေ့ခြင်းကို သာ၍နှစ်သက်သောသူ၊ ဘုရားသခင်ဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်း၏တန်ခိုးကို ငြင်းပယ်သောသူများဖြစ်ကြလိမ့်မည်။’ (၂ တိမောသေ ၃:၁-၅သမ္မာ) ထိုသို့သောလူများကြားတွင် နေ့စဉ်ရက်ဆက် အသက်ရှင်နေထိုင်ရခြင်းကြောင့် ခရစ်ယာန်စစ်များသည် ယင်းသို့သောအတွေးအခေါ်နှင့် ဘဝပုံစံအတိုင်းလိုက်ရန် မပြတ်ဖိအားပေးခံရကြ၏။ ‘ကျွန်ုပ်တို့ကို အတင်းအကျပ်ပုံသွင်းရန်’ ဤလောက၏ကြိုးစားအားထုတ်မှုကို တွန်းလှန်ရာတွင် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီနိုင်သနည်း။—⁠ရောမ ၁၂:၂The New Testament in Modern English, by J. B. Phillips။

၃။ ယေရှု၏ အဘယ်ဆုံးမစကားကို ယခု သုံးသပ်ကြမည်နည်း။

“ယုံကြည်ခြင်းကိုအစအဦးစီရင်၍ စုံလင်စေတော်မူသောသခင်” အနေနှင့် ယေရှုခရစ်သည် ယင်းကိစ္စနှင့်ပတ်သက်၍ တန်ခိုးပါသောသင်ခန်းစာများကို သွန်သင်ခဲ့သည်။ (ဟေဗြဲ ၁၂:၂) တစ်ခါက မှန်သောဝတ်ပြုရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပို၍နားလည်သဘောပေါက်စေရန် လူအုပ်အား ယေရှုသွန်သင်ပေးနေချိန်တွင် လူတစ်ဦးက ဤသို့ကြားဖြတ်တောင်းဆိုခဲ့၏– “ဆရာ၊ ကျွန်ုပ်ကို အမွေခွဲဝေပေးရန် ကျွန်ုပ်၏အစ်ကိုအား အမိန့်ရှိတော်မူပါ။” ယေရှု ပြန်လည်တုံ့ပြန်ရာတွင် ထိုသူနှင့် နားထောင်နေသူအားလုံးအတွက် အရေးကြီးသောဆုံးမစကားတချို့ကို မိန့်ဆိုခဲ့သည်။ တပ်မက်မှုနှင့်ပတ်သက်၍ ပြတ်သားသည့်သတိပေးချက်တစ်ခုကို မိန့်တော်မူခဲ့ပြီး အလေးအနက်စဉ်းစားစေသောပုံဥပမာတစ်ခုဖြင့် ယင်းသတိပေးချက်ကို အားဖြည့်ခဲ့သည်။ ကျွန်ုပ်တို့သည် ထိုစဉ်ကယေရှုမိန့်တော်မူခဲ့ရာကို လေးလေးနက်နက်ဂရုပြုကာ ကျွန်ုပ်တို့၏အသက်တာတွင် ယင်းကိုလက်တွေ့ကျင့်သုံးခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်ပုံကို သိမြင်နားလည်သင့်သည်။—⁠လုကာ ၁၂:၁၃-၂၁

မသင့်လျော်သည့် တောင်းဆိုချက်

၄။ ယေရှုအား လူတစ်ဦးကြားဖြတ်တောင်းဆိုမှုသည် အဘယ်ကြောင့် မသင့်လျော်သနည်း။

ထိုသူကြားဖြတ်မပြောမီ ယေရှုက မိမိ၏တပည့်များနှင့် အခြားသူတို့အား အရေခြုံခြင်းကိုကြဉ်ရှောင်ရန်၊ လူသားနှင့်တစ်လုံးတစ်ဝတည်းဖြစ်ကြောင်း ဝန်ခံရဲသည့်သတ္တိရှိရန်နှင့် သန့်ရှင်းသောဝိညာဉ်တော်အကူအညီရရှိရန် စသည့်အကြောင်းတို့ကို မိန့်ဆိုနေသည်။ (လုကာ ၁၂:၁-၁၂) ယင်းတို့သည် တပည့်များ အလေးအနက်ထားရမည့် အရေးကြီးသောအကြောင်းအရာများဖြစ်သည်မှာ သေချာပါသည်။ သို့သော် အလေးအနက်စဉ်းစားစေသော ထိုဟောပြောချက်ကိုဟောနေစဉ် လူတစ်ဦးသည် ရုတ်တရက်ကြားဖြတ်ကာ မိသားစုတစ်ခု၏ ရုပ်ပစ္စည်းပိုင်ဆိုင်မှုနှင့်ပတ်သက်သည့်အငြင်းပွားမှုကို ဖြေရှင်းပေးရန် ယေရှုအား တောင်းဆိုခဲ့သည်။ ကျွန်ုပ်တို့သည် ယင်းအဖြစ်အပျက်မှ အရေးကြီးသောသင်ခန်းစာတစ်ခုကို သင်ယူနိုင်ပါသည်။

၅။ ထိုသူ၏တောင်းဆိုချက်က သူနှင့်ပတ်သက်၍ အဘယ်အရာဖော်ပြသနည်း။

“ဝတ်ပြုရေးနှင့်ဆိုင်သည့် တိုက်တွန်းအားပေးချက်ကို နားထောင်နေစဉ် လူတစ်ဦးစဉ်းစားတွေးတောနေသည့်အရာက ထိုသူ၏စရိုက်လက္ခဏာကို အများအားဖြင့်ဖော်ပြသည်” ဟုအဆိုရှိသည်။ အရေးကြီးသောဝိညာဉ်ရေးအကြောင်းများကို ယေရှုမိန့်ဆိုနေစဉ် ထိုသူသည် ငွေကြေးအကျိုးအမြတ်တချို့ရရန် မိမိလုပ်နိုင်သည့်အရာကို စဉ်းစားနေပုံရသည်။ အမွေကိစ္စနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ရသည့်အကြောင်းရင်းကို မဖော်ပြထားပါ။ ယေရှု၏အခွင့်အာဏာနှင့် လူ့ရေးလူ့ရာတို့တွင် ပညာရှိစွာစီရင်သူအဖြစ် ဂုဏ်သတင်းကျော်ဇောမှုကို အမြတ်ထုတ်ရန် သူကြိုးစားခဲ့ခြင်းဖြစ်ပေမည်။ (ဟေရှာယ ၁၁:၃၊ ၄; မဿဲ ၂၂:၁၆) မည်သို့ပင်ဖြစ်ပါစေ သူ၏မေးခွန်းက သူ၏စိတ်နှလုံးတွင်ပြဿနာရှိကြောင်း—⁠ဝိညာဉ်ရေးရာများကို တန်ဖိုးထားလေးမြတ်မှုကင်းမဲ့ကြောင်း ဖော်ပြရာရောက်သည်။ ယင်းသည် ကျွန်ုပ်တို့ကိုယ်ကို ဆန်းစစ်သင့်သည့် အကြောင်းကောင်းတစ်ခုမဟုတ်လော။ ဥပမာ၊ ခရစ်ယာန်အစည်းအဝေးများတွင် ကျွန်ုပ်တို့ စိတ်ပျံ့လွင့်ဖို့ သို့မဟုတ် စည်းဝေးပြီးနောက် လုပ်ဆောင်မည့်အရာအပေါ် စိတ်ရောက်နေဖို့ လွယ်ကူပေမည်။ ယင်းသို့ ဖြစ်မည့်အစား ကျွန်ုပ်တို့သည် ဟောပြောနေသည့်အကြောင်းအရာကို အာရုံစိုက်သင့်ပြီး ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်၊ ခရစ်ယာန်ချင်းများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး တိုးတက်ကောင်းမွန်နိုင်ရန်အလို့ငှာ အချက်အလက်များထဲမှ ကိုယ်တိုင်လက်တွေ့ကျင့်သုံးမည့် နည်းလမ်းများကို စဉ်းစားသင့်သည်။—⁠ဆာလံ ၂၂:၂၂; မာကု ၄:၂၄

၆။ ယေရှုသည် ထိုသူ၏တောင်းဆိုချက်ကို ဆောင်ရွက်ရန် အဘယ်ကြောင့်ငြင်းပယ်ခဲ့သနည်း။

မည်သည့်အကြောင်းကြောင့် တောင်းဆိုသည်ဖြစ်ပါစေ ယင်းတောင်းဆိုချက်ကို ယေရှုငြင်းပယ်ခဲ့သည်။ သူ့ကို ယေရှုဤသို့မိန့်တော်မူ၏– “အချင်းလူ၊ သင်တို့၏တရားသူကြီးအဖြစ်၊ အမွေခွဲဝေသူအဖြစ် ငါ့ကို မည်သူခန့်အပ်သနည်း။” (လုကာ ၁၂:၁၄ကဘ) ယင်းသို့မိန့်ဆိုခြင်းဖြင့် မောရှေပညတ်အရ ထိုသို့သောကိစ္စများကို ဖြောင့်မတ်စွာတရားစီရင်ရန် တရားသူကြီးတို့ကို မြို့များတွင်ခန့်အပ်ထားသည်ဟူသော လူအများကောင်းစွာသိထားသည့်အချက်ကို ယေရှုရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ (တရားဟောရာ ၁၆:၁၈-၂၀; ၂၁:၁၅-၁၇; ရုသ ၄:၁၊ ၂) သို့သော် ယေရှုသည် ဘုရားသခင့်နိုင်ငံတော်အမှန်တရားကို သက်သေခံရန်နှင့် လူတို့အား ဘုရားသခင့်အလိုတော်ကို သွန်သင်ပေးရန်ဟူသည့် ပို၍အရေးကြီးသောအကြောင်းအရာများအပေါ် အာရုံစိုက်ခဲ့သည်။ (ယောဟန် ၁၈:၃၇) ယေရှု၏ပုံသက်သေကိုလိုက်လျှောက်ကာ သာမန်ပြဿနာများကြောင့် စိတ်ပျံ့လွင့်မည့်အစား ကျွန်ုပ်တို့၏အချိန်နှင့် ခွန်အားကို သတင်းကောင်းဟောပြောရာတွင်နှင့် ‘လူမျိုးတကာတို့ကို တပည့်ဖြစ်စေ’ ရာတွင် အသုံးပြုကြသည်။—⁠မဿဲ ၂၄:၁၄; ၂၈:၁၉

တပ်မက်မှုကို သတိပြုလော့

၇။ ယေရှုသည် အဘယ်အရာကို ထိုးထွင်းသိမြင်ခဲ့သနည်း။

ယေရှုသည် အတွင်းအကျဆုံးစိတ်သဘောထားများကို သိရှိနိုင်ခြင်းကြောင့် ကိုယ်ရေးကိုယ်တာကိစ္စတွင်ကြားဝင်ပေးရန် ထိုသူ၏တောင်းဆိုချက်၌ ပို၍အရေးကြီးသောအရာတစ်ခု ပါဝင်ပတ်သက်နေကြောင်း ကိုယ်တော်သိရှိခဲ့သည်။ ထို့ကြောင့် တောင်းဆိုချက်ကို ငြင်းပယ်ရုံငြင်းပယ်မည့်အစား ကိစ္စရပ်၏နောက်ကွယ်တွင်ရှိသော အဓိကအချက်ကိုသိရှိကာ ဤသို့မိန့်တော်မူ၏– “သင်တို့သည် ခပ်သိမ်းသောတပ်မက်မှုကို သတိထားလျက် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်။”—⁠လုကာ ၁၂:၁၅ကဘ။

၈။ တပ်မက်မှုမှာ အဘယ်နည်း၊ ယင်းက မည်သို့ဖြစ်သွားစေနိုင်သနည်း။

တပ်မက်မှုဟူသည် တော်သင့်သလို၊ ရည်ရွယ်ချက်ရှိရှိအသုံးပြုနိုင်သည့် ငွေ သို့မဟုတ် တစ်စုံတစ်ရာကို လိုချင်သည့်ဆန္ဒရှိရုံထက်မက ပါဝင်သည်။ အဘိဓာန်တစ်ခု၏အဆိုအရ “စည်းစိမ်ဥစ္စာ၊ ပိုင်ဆိုင်ရာများ သို့မဟုတ် အခြားသူတစ်ဦး၏ ပိုင်ဆိုင်ရာများကို အလွန့်အလွန်လိုချင်သည့်ဆန္ဒ” ဖြစ်သည်။ မိမိလိုအပ်သလော သို့မဟုတ် အခြားသူများအား ထိခိုက်စေသလော စသည်တို့ကို ထည့်မစဉ်းစားဘဲ အခြားသူတစ်ဦးပိုင်ဆိုင်ရာဖြစ်နိုင်သည့် ပစ္စည်းဥစ္စာများကို အရယူရန်ရည်ရွယ်ချက်ဖြင့် မရောင့်ရဲမတင်းတိမ်နိုင်ဘဲ လိုဘကြီးစွာကြိုးစားခြင်း ပါဝင်နိုင်သည်။ တပ်မက်သူတစ်ဦး၏စိတ်နှင့် လုပ်ဆောင်မှုတို့တွင် မိမိလိုချင်သောအရာသာ လွှမ်းမိုးနေပြီး ယင်းက မိမိ၏ဘုရားသခင်ဖြစ်လာသည်အထိပင်။ တမန်တော်ပေါလုက လိုဘလွန်ကျူးသောသူကို ရုပ်ပုံကိုးကွယ်သောသူနှင့်တူသည်ဟု ဖော်ပြထားပြီး ထိုသူသည် ဘုရားသခင့်နိုင်ငံတော်တွင် အမွေခံရမည်မဟုတ်ကြောင်း သတိရပါ။—⁠ဧဖက် ၅:၅; ကောလောသဲ ၃:၅

၉။ မည်သည့်နည်းများဖြင့် တပ်မက်မှုကို တင်ပြနိုင်သနည်း။ နမူနာတချို့ပေးပါ။

စိတ်ဝင်စားစရာမှာ၊ ယေရှုက “ခပ်သိမ်းသောတပ်မက်မှု” အကြောင်း သတိပေးခဲ့သည်။ တပ်မက်မှုသည် ပုံစံအမျိုးမျိုးရှိ၏။ ယင်းတို့ထဲမှအချို့ကို ပညတ်တော်ဆယ်ပါးမှ နောက်ဆုံးပညတ်တွင် ဤသို့စာရင်းပြုဖော်ပြထား၏– “ကိုယ်နှင့်သက်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယား၊ သူ၏ကျွန်ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။” (ထွက်မြောက်ရာ ၂၀:၁၇) တပ်မက်မှုတစ်မျိုးမျိုးကြောင့် ကြီးလေးသည့်အမှားပြုမိခဲ့ကြသူတို့၏ ပုံနမူနာများ သမ္မာကျမ်းစာတွင် များစွာပါရှိသည်။ တစ်ဦးတစ်ယောက်ပိုင်ဆိုင်သည့်အရာကို တပ်မက်သူတို့ထဲတွင် စာတန်သည် ဦးဆုံးသူဖြစ်သည်၊ သူသည် ယေဟောဝါတစ်ပါးတည်းသာပိုင်ဆိုင်သော ဘုန်းအသရေနှင့် အခွင့်အာဏာကို တပ်မက်ခဲ့သည်။ (ဗျာ. ၄:၁၁) ဧဝသည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ကို တပ်မက်ခဲ့ပြီး ယင်းကြောင့် လှည့်ဖြားခံခဲ့ရကာ လူသားမျိုးနွယ်အား အပြစ်နှင့်သေခြင်းလမ်းပေါ်သို့ တွန်းပို့ခဲ့သည်။ (ကမ္ဘာဦး ၃:၄-၇) နတ်ဆိုးများမှာ “မိမိတို့အခွင့်အရာ” နှင့်ကျေနပ်ရောင့်ရဲမှုမရှိဘဲ မိမိတို့ရပိုင်ခွင့်မရှိသည့်အရာအတွက် “မိမိတို့နေရာအရပ်ကိုစွန့်ပစ်သော” ကောင်းကင်တမန်များဖြစ်ကြသည်။ (ယုဒ ၆; ကမ္ဘာဦး ၆:၂) ဗာလမ်၊ အာခန်၊ ဂေဟာဇိနှင့် ယုဒရှကာရုတ် တို့ကိုလည်း စဉ်းစားကြည့်ပါ။ ဘဝတွင်မိမိတို့ပိုင်ဆိုင်ရာနှင့်သာ ကျေနပ်ရောင့်ရဲမည့်အစား ရုပ်ပစ္စည်းပိုင်ဆိုင်ရာများကို အလွန်အမင်းလိုချင်တပ်မက်စိတ်ကို ခွင့်ပြုခဲ့ကာ မိမိတို့၏အနေအထားကို တလွဲအသုံးချပြီး ယိုယွင်းပျက်စီးခြင်းထဲသို့ ကျဆင်းခဲ့ကြသည်။

၁၀။ ယေရှု၏ဆုံးမစကားနှင့်အညီ ကျွန်ုပ်တို့သည် မည်သို့ “သတိထား” သင့်သနည်း။

၁၀ တပ်မက်မှုနှင့်ပတ်သက်၍ ယေရှုသတိပေးရာတွင် အစပိုင်း၌ “သတိထားလျက်” ဟူသောစကားကို အသုံးပြုထားခြင်းမှာ အလွန်သင့်လျော်ပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ တစ်ဦးတစ်ယောက်၏ လိုဘကြီးမှု သို့မဟုတ် တပ်မက်မှုကို တွေ့မြင်ရန်မှာ အလွန်လွယ်ကူပြီး မိမိတို့ကိုယ်တိုင် ယင်းသို့ဖြစ်နေသည်ကိုမူ သတိပြုမိသူ ရှားပါသည်။ ထို့အပြင် တမန်တော်ပေါလုက “ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း” ဟု ထောက်ပြထားသည်။ (၁ တိမောသေ ၆:၉၊ ၁၀) တပည့်ဖြစ်သူယာကုပ်က မှားယွင်းသောစိတ်ဆန္ဒသည် ‘မကောင်းမှုကိုဖွားတတ်၏’ ဟု ရှင်းပြထားသည်။ (ယာကုပ် ၁:၁၅) ယေရှု၏ဆုံးမစကားနှင့်အညီ ကျွန်ုပ်တို့သည် ‘ခပ်သိမ်းသောတပ်မက်မှုကို ကြဉ်ရှောင်’ ရန်အလို့ငှာ အခြားသူတို့တွင် တပ်မက်သောစိတ်ရှိမရှိကို စီရင်ရန် စောင့်ကြည့်နေကြမည်မဟုတ်ဘဲ ကျွန်ုပ်တို့၏စိတ်နှလုံးထဲရှိအရာကို တွေ့မြင်ရန် မိမိတို့ကိုယ်ကို ဆန်းစစ်ကာ “သတိထား” သင့်သည်။

ကုံလုံကြွယ်ဝသည့်အသက်တာ

၁၁၊ ၁၂။ (က) တပ်မက်မှုနှင့်ပတ်သက်၍ အဘယ်သတိပေးချက်ကို ယေရှုပေးခဲ့သနည်း။ (ခ) ကျွန်ုပ်တို့သည် အဘယ်ကြောင့် ယေရှု၏သတိပေးချက်ကို လိုက်နာဖို့ လိုသနည်း။

၁၁ တပ်မက်မှုကိုရှောင်ကြဉ်ရမည့် နောက်ထပ်အကြောင်းရင်း ရှိသေးသည်။ ယေရှုဆက်၍မိန့်တော်မူရာကို မှတ်သားပါ– “လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်။” (လုကာ ၁၂:၁၅ကဘ) ရုပ်ပစ္စည်းပေါများကြွယ်ဝမှုကို ပျော်ရွှင်မှု၊ အောင်မြင်မှုတို့နှင့် ဆက်စပ်ဖော်ပြသော ရုပ်ဝါဒလိုက်စားသည့်ကျွန်ုပ်တို့ခေတ်တွင် ယင်းကို အသေအချာ ဆင်ခြင်သုံးသပ်သင့်သည်။ မည်မျှပင်ကုံလုံကြွယ်ဝပါစေ အမှန်အဓိပ္ပာယ်ပြည့်ဝပြီး ကျေနပ်မှုဖြစ်စေသည့်အသက်သည် ရုပ်ပစ္စည်းပိုင်ဆိုင်မှုပေါ်တွင် မမူတည်ကြောင်း ထိုစကားများဖြင့် ယေရှုဖော်ပြခဲ့သည်။

၁၂ သို့သော် အချို့သူတို့က သဘောတူချင်မှတူပေမည်။ ရုပ်ပစ္စည်းပိုင်ဆိုင်မှုများက ဘဝကို ပို၍သက်သောင့်သက်သာဖြစ်စေပြီး ပျော်မွေ့ဖွယ်ဖြစ်စေသောကြောင့် ပို၍တန်ဖိုးရှိစေသည်ဟု သူတို့ဆင်ခြင်ကြပေမည်။ ထို့ကြောင့် သူတို့သည် မိမိတို့လိုချင်ရာရုပ်ပစ္စည်းများနှင့် အီလက်ထရောနစ်ကိရိယာအားလုံးကို ရယူပိုင်ဆိုင်နိုင်စေမည့် လိုက်စားမှုများတွင် မိမိတို့ကိုယ်ကို မြှုပ်နှံထားကြသည်။ ယင်းက အောင်မြင်သောဘဝကိုဖြစ်စေမည်ဟု သူတို့ယူမှတ်ကြ၏။ သို့သော် ယင်းသို့ယူမှတ်ရခြင်းမှာ သူတို့သည် ယေရှုဖော်ပြခဲ့သောအချက်ကို နားမလည်သဘောမပေါက်ကြ၍ဖြစ်သည်။

၁၃။ အသက်၊ ပိုင်ဆိုင်ရာတို့နှင့်ပတ်သက်၍ မျှတသည့်ရှုမြင်ချက်မှာ အဘယ်နည်း။

၁၃ ကုံလုံကြွယ်ဝခြင်းသည် မှန်၏၊ မှား၏ဟူသည့်အချက်ကို ယေရှုအဓိကထားပြောဆိုမည့်အစား လူတစ်ဦး၏အသက်သည် မိမိပိုင်ဆိုင်ထားသော “စည်းစိမ်” ပေါ်တွင်မူမတည်ကြောင်း အလေးပေးဖော်ပြခဲ့ခြင်းဖြစ်သည်။ အမှန်ဆိုလျှင် ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အသက်ရှင်ရန် သို့မဟုတ် ကျွန်ုပ်တို့၏အသက်ကိုထောက်ပံ့ရန် များစွာမလိုအပ်ကြောင်း ကျွန်ုပ်တို့အားလုံး သိထားကြသည်။ စားစရာအနည်းငယ်၊ ဝတ်စရာတချို့၊ အိပ်စက်အနားယူစရာတစ်နေရာသာ လိုအပ်သည်။ ချမ်းသာကြွယ်ဝသူတွင် ထိုအရာများ အလျှံပယ်ရှိပြီး ဆင်းရဲသားမှာမူ မိမိလိုအပ်ရာကိုရရှိရန် ကြိုးစားရုန်းကန်နေရပေမည်။ သို့သော် ချမ်းသာသူဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ အသက်ဆုံးသွားသည့်အခါ အတူတူပင်ဖြစ်သည်—⁠အရာအားလုံး အချည်းနှီးဖြစ်သွား၏။ (ဒေ. ၉:၅၊ ၆) ထို့ကြောင့် ဘဝတွင် ရည်ရွယ်ချက်ရှိပြီး တန်ဖိုးရှိဖို့ဆိုလျှင် လူတစ်ဦးရယူနိုင်ရာများ သို့မဟုတ် ပိုင်ဆိုင်ရာများရှိရုံဖြင့် မဖြစ်နိုင်ပါ၊ ဖြစ်လည်းမဖြစ်သင့်ပါ။ ယေရှုမိန့်ဆိုခဲ့သော အသက်မျိုးကို ဆန်းစစ်ကြည့်သည့်အခါ ယင်းသို့ယူမှတ်ရသည့်အကြောင်း ထင်ရှားလာသည်။

၁၄။ သမ္မာကျမ်းစာမှတ်တမ်းတွင်တွေ့ရသော “အသက်” အတွက်စကားလုံးမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။

၁၄ “သူ၏စည်းစိမ်၌အသက်မတည်” ဟုယေရှုမိန့်တော်မူသောအခါ လုကာခရစ်ဝင်ကျမ်းတွင် “အသက်” အတွက် အသုံးပြုထားသောစကားလုံး (ဂရိ၊ zo·eʹ [ဇိုအီ]) မှာ အသက်ရှင်နေထိုင်သည့်ပုံစံကိုမဟုတ်ဘဲ အသက်ကိုယ်နှိုက်၊ ပကတိအသက်ကို ရည်ညွှန်းသည်။ a ကျွန်ုပ်တို့သည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ဇိမ်ကျကျနေထိုင်သည်ဖြစ်စေ၊ လောက်ငရုံသာရှိသည်ဖြစ်စေ ကျွန်ုပ်တို့ မည်မျှအထိအသက်ရှင်မည် သို့မဟုတ် မနက်ဖြန်အသက်ရှင်မည်မရှင်မည်ကိုပင် အပြည့်အဝမထိန်းချုပ်နိုင်ကြောင်း ယေရှုမိန့်ဆိုနေခြင်းဖြစ်သည်။ တောင်ပေါ်တရားတော်တွင် ယေရှုဤသို့မိန့်တော်မူခဲ့၏– “အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။” (မဿဲ ၆:၂၇) ယေဟောဝါတစ်ပါးတည်းသာလျှင် “အသက်စမ်းရေတွင်း” သို့မဟုတ် အသက်၏ပင်ရင်းအမြစ်ဖြစ်ပြီး ကိုယ်တော်တစ်ပါးတည်းသာလျှင် တည်ကြည်သူတို့ကို ကောင်းကင်တွင်ဖြစ်စေ၊ မြေကြီးတွင်ဖြစ်စေ “မှန်သောအသက်” သို့မဟုတ် အဆုံးမရှိသော “ထာဝရအသက်” ကိုပေးနိုင်တော်မူကြောင်း သမ္မာကျမ်းစာတွင် ရှင်းလင်းစွာဖော်ပြထားသည်။—⁠ဆာလံ ၃၆:၉; ၁ တိမောသေ ၆:၁၂၊ ၁၉

၁၅။ များစွာသောသူတို့သည် အဘယ်ကြောင့် ရုပ်ပစ္စည်းပိုင်ဆိုင်ရာများကို ကိုးစားကြသနည်း။

၁၅ လူတို့သည် အသက်နှင့်ပတ်သက်၍ အလွဲလွဲအမှားမှားရှုမြင်ရန် အလွန်လွယ်ကူကြောင်း ယေရှု၏စကားများက ဖော်ပြသည်။ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ လူသားအားလုံးသည် မစုံလင်သူများဖြစ်ပြီး ဖြစ်နိုင်ခြေတစ်ခုသာရှိသည်။ ရှေးဘိုးဘေးမောရှေ ဤသို့ဖော်ပြခဲ့၏– ‘အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ်အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍ အကျွန်ုပ်တို့သည် သေဆုံးကြပါ၏။’ (ဆာလံ ၉၀:၁၀; ယောဘ ၁၄:၁၊ ၂; ၁ ပေတရု ၁:၂၄) ဤအချက်ကြောင့် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိအောင် မလုပ်ဆောင်သူတို့သည် တမန်တော်ပေါလုဖော်ပြခဲ့သော “စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်” ဟူသည့်သဘောထားမျိုးကို လက်ခံကြလေ့ရှိသည်။ (၁ ကောရိန္သု ၁၅:၃၂) အခြားသူတို့မှာမူ အသက်သည် ကုန်မြန်ပြီး မရေရာမသေချာဖြစ်သည်ဟု ယူမှတ်ကြသောကြောင့် ရုပ်ပစ္စည်းပိုင်ဆိုင်ရာများတွင် လုံခြုံမှု၊ တည်မြဲမှုရှာတွေ့ရန် ကြိုးစားကြသည်။ အကောင်အထည်ရှိသောရုပ်ပစ္စည်းများစွာ ပိုင်ဆိုင်ထားခြင်းက ဘဝကို ပို၍လုံခြုံမှုရှိရန် အတော်အတန်လုပ်ဆောင်ပေးမည်ဟု ယူမှတ်ကြ၍ဖြစ်ပေမည်။ ထို့ကြောင့် ပစ္စည်းဥစ္စာ၊ ပိုင်ဆိုင်ရာများသည် လုံခြုံမှု၊ ပျော်ရွှင်တို့နှင့်ဆက်နွှယ်သည်ဟု မှားယွင်းစွာယူမှတ်ကာ ယင်းတို့ကိုရရှိရန် မနားမနေအလုပ်လုပ်ကြသည်။—⁠ဆာလံ ၄၉:၆၊ ၁၁၊ ၁၂

လုံခြုံစိတ်ချရသောအနာဂတ်

၁၆။ အသက်၏တန်ဖိုးအစစ်အမှန်သည် အဘယ်အရာပေါ် အခြေမခံသနည်း။

၁၆ အဆင့်မြင့်မြင့်နေထိုင်ခြင်း—⁠အစားအသောက်၊ အဝတ်အထည်၊ နေစရာနှင့် အခြားဇိမ်ခံပစ္စည်းများ အလျှံပယ်ရှိခြင်း—⁠သည် ပို၍သက်သောင့်သက်သာရှိသောအသက်တာဖြင့်နေထိုင်နိုင် သို့မဟုတ် ပို၍ကောင်းသောဆေးကုသမှုကိုပင် ရရှိနိုင်သောကြောင့် လူတစ်ဦး၏သက်တမ်းကို နှစ်အနည်းငယ် တိုး၍ရှည်စေနိုင်သည်မှာ မှန်ပါသည်။ သို့သော် ထိုသို့သောအသက်တာက ပို၍အဓိပ္ပာယ်ပြည့်ဝပြီး ပို၍လုံခြုံစိတ်ချရသည့်အသက်တာ အမှန်ပင်ဖြစ်ပါသလော။ အသက်၏တန်ဖိုးအစစ်အမှန်ကို လူတစ်ဦးအသက်ရှင်နိုင်သည့် နှစ်အရေအတွက် သို့မဟုတ် လူတစ်ဦးပိုင်ဆိုင်၊ ပျော်မွေ့နိုင်သည့် ရုပ်ပစ္စည်းပမာဏတို့ဖြင့် မတိုင်းတာပါ။ ထိုအရာများအပေါ် အလွန်အမင်းကိုးစားခြင်း၏ အန္တရာယ်ကို တမန်တော်ပေါလု ဖော်ပြခဲ့သည်။ တိမောသေထံသို့ ဤသို့ရေးခဲ့၏– “ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာနစိတ်နှင့်ကင်းလွတ်၍ မမြဲသောစည်းစိမ်ကိုမကိုးစားဘဲ ငါတို့ခံစားဖို့ရာအလုံးစုံတို့ကို ကြွယ်ဝစွာပေးသနားတော်မူသော အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားရမည်။”—⁠၁ တိမောသေ ၆:၁၇

၁၇၊ ၁၈။ (က) ရုပ်ပစ္စည်းပိုင်ဆိုင်ရာများနှင့်ပတ်သက်၍ အဘယ်ထူးခြားသောပုံနမူနာများကို ကျွန်ုပ်တို့တုပထိုက်သနည်း။ (ခ) ယေရှု၏အဘယ်ပုံဥပမာကို နောက်ဆောင်းပါးတွင် သုံးသပ်ကြမည်နည်း။

၁၇ စည်းစိမ်ဥစ္စာသည် “မမြဲ” သောကြောင့် လူတစ်ဦး ယင်းကို ကိုးစားခြင်းသည် ပညာရှိရာမကျပါ။ ရှေးဘိုးဘေးယောဘသည် အလွန်ချမ်းသာကြွယ်ဝသူဖြစ်သည်၊ သို့သော် ရုတ်တရက်ဘေးဆိုးကျရောက်သည့်အခါ သူ၏စည်းစိမ်ဥစ္စာသည် သူ့ကိုမကယ်တင်နိုင်ဘဲ တစ်ညချင်းတွင် ပျောက်ဆုံးကုန်သည်။ ယင်းစမ်းသပ်မှုများနှင့် ခက်ခဲဆင်းရဲမှုများတစ်လျှောက် သူ့အား ခံရပ်စေနိုင်ခဲ့သည့်အရာမှာ ဘုရားသခင်နှင့် သူ၏ခိုင်မြဲသောဆက်ဆံရေးဖြစ်သည်။ (ယောဘ ၁:၁၊ ၃၊ ၂၀-၂၂) အာဗြဟံသည် ဘုရားသခင်ထံမှ ခက်ခဲသောတာဝန်ကိုလက်ခံရာတွင် သူ၏များပြားလှသောရုပ်ပစ္စည်းပိုင်ဆိုင်ရာများကြောင့် အတားအဆီးမဖြစ်ခဲ့ပါ၊ သူသည် “လူမျိုးအများတို့၏အဘ” ဖြစ်ခွင့်ကောင်းချီး ရရှိခဲ့သည်။ (ကမ္ဘာဦး ၁၂:၁၊ ၄; ၁၇:၄-၆) ယင်းတို့နှင့် အခြားပုံနမူနာများကို ကျွန်ုပ်တို့ တုပထိုက်ပါသည်။ ကျွန်ုပ်တို့သည် လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ကျွန်ုပ်တို့၏အသက်တာတွင် အဘယ်အရာသည် အမှန်အရေးကြီးသည့်အရာဖြစ်ပြီး အဘယ်အရာကို ကျွန်ုပ်တို့ကိုးစားနေကြောင်းသိမြင်ရန် မိမိကိုယ်ကို ဆန်းစစ်ဖို့လိုသည်။—⁠ဧဖက် ၅:၁၀; ဖိလိပ္ပိ ၁:၁၀

၁၈ တပ်မက်မှုနှင့် အသက်အပေါ် လျောက်ပတ်သောရှုမြင်ပုံတို့နှင့်ပတ်သက်၍ ယေရှုမိန့်ဆိုခဲ့သော စကားလုံးအနည်းငယ်သည် အထူးအဓိပ္ပာယ်ပြည့်ဝပြီး အမှန်ပင်မှတ်သားဖွယ်ဖြစ်သည်။ သို့သော် ယေရှု၏စိတ်တွင် ထပ်မံသွန်သင်ပေးစရာရှိနေပြီး အလေးအနက်စဉ်းစားစေသည့် မိုက်သောသူဌေးတစ်ဦးပုံဥပမာကို ကိုယ်တော် ဆက်၍မိန့်ဆိုခဲ့သည်။ ယင်းပုံဥပမာသည် ယနေ့ကျွန်ုပ်တို့အသက်တာနှင့် မည်သို့သက်ဆိုင်ပြီး ယင်းမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ အဖြေကို နောက်ဆောင်းပါးတွင် ဖော်ပြပါမည်။

[အောက်ခြေမှတ်ချက်]

a “အသက်” ဟူ၍ပြန်ဆိုသော အခြားဂရိစကားလုံးမှာ biʹ·os (ဘိုင်အိုစ်) ဖြစ်ပြီး ယင်းမှ အင်္ဂလိပ်စကားလုံး “biography” (အတ္ထုပ္ပတ္တိ) နှင့် “biology” (ဇီဝဗေဒ) စသည့်စကားလုံးများ ဆင်းသက်လာသည်။ ဗိုင်း၏ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းစကားလုံးများ ရှင်းလင်းချက်အဘိဓာန်အရ ဂရိစကားလုံး biʹ·os သည် “သက်တမ်း၊” “ဘဝပုံစံ၊” “ဘဝအခြေအနေ” ကိုရည်ညွှန်းသည်။

သင်၏အဖြေကား အဘယ်နည်း

• လူအုပ်ထဲမှလူတစ်ဦး၏ တောင်းဆိုချက်ကို ဆောင်ရွက်ပေးရန် ယေရှု၏ငြင်းပယ်မှုမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။

• ကျွန်ုပ်တို့သည် တပ်မက်မှုကို အဘယ်ကြောင့် ကြဉ်ရှောင်ရမည်နည်း၊ မည်သို့ ကြဉ်ရှောင်နိုင်သနည်း။

• အသက်သည် ရုပ်ပစ္စည်းပိုင်ဆိုင်ရာအပေါ် အဘယ်ကြောင့် မတည်သနည်း။

• အဘယ်အရာက အသက်ကိုအမှန်တန်ဖိုးရှိစေပြီး လုံခြုံစိတ်ချ မှုရှိစေနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

လူတစ်ဦး၏တောင်းဆိုချက်ကို ဆောင်ရွက်ပေးရန် ယေရှု အဘယ်ကြောင့် ငြင်းပယ်ခဲ့သနည်း

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

တပ်မက်မှုကခါးသီးသောဆိုးကျိုးများကို ခံရစေနိုင်

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံများ]

အာဗြဟံသည် ရုပ်ပစ္စည်းပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ လျောက်ပတ်သောရှုမြင်ပုံကို မည်သို့ဖော်ပြခဲ့သနည်း