ဘုရားသခင်သည် သင့်အားဂရုတစိုက်စောင့်ကြည့်နေပါသလော
ဘုရားသခင်သည် သင့်အားဂရုတစိုက်စောင့်ကြည့်နေပါသလော
ကျွမ်းကျင်သောဖန်ဆင်းရှင်၊ ယေဟောဝါတွင် မြင်နိုင်စွမ်းရှိပါသလော။ အမှန်ပင်ရှိပါသည်! ကျမ်းစာက ဤသို့ပွင့်လင်းစွာကျိုးကြောင်းပြထားသည်– “မျက်စိကိုဖန်ဆင်းတော်မူသောသူသည် မမြင်ရသလော။” (ဆာလံ ၉၄:၉) ယေဟောဝါ၏မြင်နိုင်စွမ်းသည် လူသားတို့၏မြင်နိုင်စွမ်းထက် များစွာသာလွန်လှပါသည်။ ကိုယ်တော်သည် အပြင်ပန်းသဏ္ဌာန်ကိုသာမြင်နိုင်သည်မဟုတ်ဘဲ “စိတ်နှလုံးကို စစ်တော်မူ” ပြီး “စိတ်နှလုံးတို့ကို ချိန်တော်မူ၏။” (သု. ၁၇:၃; ၂၁:၂) မှန်ပါသည်၊ ကိုယ်တော်သည် ကျွန်ုပ်တို့၏အတွေးအခေါ်၊ စိတ်လှုံ့ဆော်မှုနှင့် အတွင်းကျဆုံးဆန္ဒများကို အကဲဖြတ်နိုင်စွမ်းရှိတော်မူသည်။
ယေဟောဝါသည် ဘဝတွင် ကျွန်ုပ်တို့တွေ့ကြုံနိုင်သည့်အခက်အခဲများကို သိတော်မူပြီး ကျွန်ုပ်တို့၏အသနားခံချက်များကို ဖြေကြားတော်မူ၏။ ဆာလံဆရာဤသို့ရေးသားခဲ့သည်– ‘ထာဝရဘုရားသခင်သည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏။ ထာဝရဘုရားသခင်သည် ကျိုးပဲ့သောစိတ်ရှိသောသူတို့ နှင့် နှလုံးကြေကွဲသောသူတို့ကိုနီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏။’ (ဆာလံ ၃၄:၁၅၊ ၁၈) ကျွန်ုပ်တို့၏အခြေအနေများကို ယေဟောဝါနားလည်တော်မူပြီး ကျွန်ုပ်တို့၏နှလုံးပါပါ တိုးလျှိုးအသနားခံချက်များကို ဖြေကြားတော်မူကြောင်း သိရခြင်းသည် မည်မျှနှစ်သိမ့်မှုဖြစ်စေသည်တကား!
ယေဟောဝါဘုရားသခင်သည် တိတ်တဆိတ် ကျူးလွန်သောအမှားများကိုပင် သိတော်မူ၏။ မှန်ပါသည်၊ “ငါတို့ကိုစစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည် အကွယ်အကာမရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ၏။” (ဟေဗြဲ ၄:၁၃) ထို့ကြောင့် ကျွန်ုပ်တို့၏လုပ်ရပ်များသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ယင်းတို့အားလုံးကို ဘုရားသခင်မြင်တော်မူသည်။ (သု. ၁၅:၃) ဥပမာ၊ ကမ္ဘာဦး ၆:၈၊ ၉ တွင် ဤသို့ဖော်ပြထားသည်– ‘နောဧမူကား ထာဝရဘုရားသခင်စိတ်တော်နှင့်တွေ့သောသူဖြစ်’ ပြီး သူသည် “ဘုရားသခင်နှင့်အတူသွားလာ၏။” မှန်ပါသည်၊ နောဧသည် ယေဟောဝါ၏စကားကို နားထောင်ခဲ့ပြီး ဘုရားသခင်၏ဖြောင့်မတ်သောမူများကို စွဲကိုင်ခဲ့သောကြောင့် ကိုယ်တော်၏မျက်နှာသာတော်နှင့် ကောင်းချီးခံစားခဲ့ရသည်။ (ကမ္ဘာဦး ၆:၂၂) ယင်းနှင့်ဆန့်ကျင်လျက် နောဧခေတ်က လူတို့သည် ရက်စက်ကြမ်းကြုတ်ပြီး အကျင့်ပျက်ပြားခဲ့ကြသည်။ ဘုရားသခင်သည် ဤအခြေအနေကို မမြင်ဘဲမနေခဲ့ပါ။ ကိုယ်တော်သည် ‘မြေကြီးပေါ်မှာလူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို သိမြင်တော်မူ၏။’ နောက်ဆုံးတွင် ယေဟောဝါသည် ဆိုးသွမ်းသူတို့အပေါ် ဖျက်ဆီးခြင်းဘေးကျရောက်စေခဲ့၏၊ သို့သော် နောဧနှင့် သူ၏မိသားစုမူကား အသက်ချမ်းသာရခဲ့ကြသည်။—ကမ္ဘာဦး ၆:၅; ၇:၂၃။
သင်သည် ယေဟောဝါ၏စိတ်တော်နှင့်တွေ့သောသူ ဖြစ်မည်လော။ အမှန်မှာ ယေဟောဝါ၏မျက်စိတော်သည် “စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏။” (၂ ရာဇဝင်ချုပ် ၁၆:၉) မကြာမီတွင် ကိုယ်တော်သည် ကမ္ဘာမြေပေါ်မှ ဆိုးသွမ်းသူအားလုံးကို တစ်ဖန်ဖယ်ရှားတော်မူမည်ဖြစ်ပြီး စိတ်နှိမ့်ချသောသူတို့ကို ကယ်တင်တော်မူလိမ့်မည်။—ဆာလံ ၃၇:၁၀၊ ၁၁။