မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဇကျေလကျမ်းမှ ပေါ်လွင်ချက်များ—⁠၂

ယေဇကျေလကျမ်းမှ ပေါ်လွင်ချက်များ—⁠၂

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

ယေဇကျေလကျမ်းမှ ပေါ်လွင်ချက်များ—⁠၂

ဘီစီ ၆၀၉၊ ဒီဇင်ဘာလတွင်ဖြစ်သည်။ ဗာဗုလုန်ဘုရင်သည် ယေရုရှလင်မြို့ကို နောက်ဆုံးအကြိမ် စတင်ဝိုင်းရံတိုက်ခိုက်၏။ ထိုအချိန်အထိ ဗာဗုလုန်ရှိပြည်နှင်ခံများအတွက် ယေဇကျေလ၏သတင်းစကားမှာ သူတို့ချစ်မြတ်နိုးသော ယေရုရှလင်မြို့ ကျရှုံးပျက်စီးခြင်းအကြောင်းတစ်ခုကိုသာ အဓိကအလေးပေးဖော်ပြသည်။ သို့သော် ယခု ယေဇကျေလ၏ပရောဖက်ပြုချက်များသည် ဘုရားသခင့်လူမျိုးတော် ဘေးဆိုးကြုံရသည်ကို ဝမ်းသာအားရဖြစ်ကြမည့် အယူမှားလူမျိုးများ ပျက်စီးခြင်းအကြောင်းဘက်သို့ ပြောင်းလဲသွားသည်။ ယေရုရှလင်မြို့ကျရှုံးပြီး ၁၈ လအကြာတွင် ယေဇကျေလ၏သတင်းစကားသည် မှန်သောဝတ်ပြုရေး ကြီးကျယ်ခမ်းနားစွာ ပြန်လည်ထူထောင်ခြင်းဖြစ်သော အကြောင်းအရာအသစ်သို့ တစ်ဖန်ပြောင်းလဲသွားပြန်သည်။

ယေဇကျေလ ၂၅:၁–၄၈:၃၅ တွင် ဣသရေလနိုင်ငံဝန်းကျင်ရှိ လူမျိုးများအကြောင်းနှင့် ဘုရားသခင့်လူမျိုးတော် လွတ်မြောက်ခြင်းအကြောင်းတို့နှင့်ပတ်သက်သော ပရောဖက်ပြုချက်များပါဝင်သည်။ a ယေဇကျေလ ၂၉:၁၇-၂၀ မှလွဲ၍ ကျန်မှတ်တမ်းကို ဒေသန္တရအဖြစ်အပျက်အစဉ်အလိုက်သာမက သက္ကရာဇ်စဉ်အလိုက်ပါ ဖော်ပြထားသည်။ သို့သော် ယင်းအခန်းငယ်လေးခုသည် အီဂျစ်နှင့်ပတ်သက်သော ဒေသန္တရပရောဖက်ပြုချက်ဖြစ်သည်။ မှုတ်သွင်းခံကျမ်းစာအပိုင်းတစ်ခုအနေနှင့် ယေဇကျေလကျမ်းတွင် ‘အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်းတို့နှင့်ပြည့်စုံ’ သည့်သတင်းစကားတစ်ခုပါရှိသည်။—⁠ဟေဗြဲ ၄:၁၂

“ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ဖြစ်လေပြီ”

(ယေဇကျေလ ၂၅:၁–၃၉:၂၉)

ယေရုရှလင်မြို့ကျရှုံးခြင်းနှင့်ပတ်သက်၍ အမ္မုန်၊ မောဘ၊ ဧဒုံ၊ ဖိလိတ္တိ၊ တုရုနှင့် ဇိဒုန်တို့တုံ့ပြန်ကြမည့်ပုံကို ယေဟောဝါသည် ယေဇကျေလအား ကြိုတင်ပရောဖက်ပြုစေသည်။ အီဂျစ်ပြည်သည် လုယူသိမ်းပိုက်ခံရမည် ဖြစ်သည်။ “အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းနှင့် သူ၏အလုံးအရင်း” တို့ကို အာရဇ်ပင်နှင့် ခိုင်းနှိုင်းဖော်ပြထားပြီး ယင်းသည် “ဗာဗုလုန်ရှင်ဘုရင်၏ဓား” ဖြင့် ခုတ်လှဲခံရမည်ဖြစ်သည်။—⁠ယေဇကျေလ ၃၁:၂၊ ၃၊ ၁၂; ၃၂:၁၁၊ ၁၂

ဘီစီ ၆၀၇၊ ယေရုရှလင်မြို့ပျက်စီးပြီးနောက် ခြောက်လခန့်အကြာတွင် လွတ်မြောက်သောသူတစ်ဦးသည် ယေဇကျေလထံသို့လာကာ “မြို့ကိုလုပ်ကြံကြပြီ” ဟုသတင်းကြားပြော၏။ ပရောဖက်သည် ပြည်နှင်ခံများအား ‘စကားမပြောဘဲနေရသောအချိန်ကုန်ဆုံး’ သွားလေပြီ။ (ယေဇကျေလ ၃၃:၂၁၊ ၂၂) သူသည် ပြန်လည်တည်ထောင်ခြင်း ပရောဖက်ပြုချက်များကို ကြေညာဖို့ရှိသည်။ ယေဟောဝါသည် “[ကိုယ်တော်၏] ကျွန်ဒါဝိဒ်” တည်းဟူသော ‘သိုးထိန်းတစ်ဦးကို ခန့်ထားလိမ့်မည်။’ (ယေဇကျေလ ၃၄:၂၃) ဧဒုံသည် သိမ်းရုံးဖျက်ဆီးခံရမည်ဖြစ်သော်လည်း ၎င်း၏အလွန်တွင်ရှိသော ယုဒပြည်မူကား “ဧဒင်ဥယျာဉ်ကဲ့သို့” ဖြစ်လာမည်။ (ယေဇကျေလ ၃၆:၃၅) ယေဟောဝါသည် ပြန်လည်တည်ထောင်ထားသောလူမျိုးကို “ဂေါဂ” ၏တိုက်ခိုက်မှုမှ ကာကွယ်မည်ဟု ကတိပြု၏။—⁠ယေဇကျေလ ၃၈:၂

ကျမ်းစာမေးခွန်းများ၏အဖြေ–

၂၉:၈-၁၂—⁠အီဂျစ်ပြည်သည် အဘယ်အချိန်တွင် အနှစ် ၄၀ ကြာ လူဆိတ်ညံရာအရပ်ဖြစ်သွားခဲ့သနည်း။ ဘီစီ ၆၀၇၊ ယေရုရှလင်မြို့ပျက်စီးပြီးနောက် ယုဒအကြွင်းအကျန်သည် ပရောဖက်ယေရမိသတိပေးနေသည့်ကြားမှ အီဂျစ်ပြည်သို့ ထွက်ပြေးခဲ့ကြသည်။ (ယေရမိ ၂၄:၁၊ ၈-၁၀; ၄၂:၇-၂၂) သို့သော်လည်း သူတို့မလွတ်မြောက်ခဲ့ပါ၊ အကြောင်းမှာ နေဗုခဒ်နေဇာသည် အီဂျစ်ပြည်သို့ချီတက်ပြီး သိမ်းပိုက်အောင်နိုင်ခဲ့သောကြောင့်ဖြစ်သည်။ ယင်းသို့အောင်နိုင်ပြီးနောက် အီဂျစ်ပြည်သည် အနှစ် ၄၀ ကြာလူဆိတ်ညံရာကာလ ဖြစ်ခဲ့ပေမည်။ လောကသမိုင်းတွင် ထိုသို့လူဆိတ်ညံခဲ့သည်ဟူသောအထောက်အထား မရှိသော်လည်း ယေဟောဝါသည် ပရောဖက်ပြုချက်ကို ပြည့်စုံစေသည့်အရှင်ဖြစ်သောကြောင့် ယင်းသို့ဖြစ်ခဲ့မည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။—⁠ဟေရှာယ ၅၅:၁၁

၂၉:၁၈—⁠မည်သို့သောအားဖြင့် ‘စစ်သူရဲတိုင်း ခေါင်းတုံးဖြစ်ကာ ပခုံးလည်းပွန်း’ ကုန်ကြသနည်း။ တုရုကုန်းတွင်းပိုင်းမြို့ကို ဝိုင်းရံတိုက်ခိုက်ရာတွင် အလွန်အားစိုက်လုပ်ဆောင်ခဲ့ရသည်၊ ဗာဗုလုန်စစ်သားများ၏ခေါင်းသည် သံခမောက်ပွတ်တိုက်မှုကြောင့် ခေါင်းတုံးဖြစ်ကုန်ပြီး မျှော်စင်များနှင့် ခံတပ်များအတွက် ဆောက်လုပ်ရေးပစ္စည်းများထမ်းရ၍ ပခုံးလည်း ပွန်းကုန်လေသည်။—⁠ယေဇကျေလ ၂၆:၇-၁၂

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၂၉:၁၉၊ ၂၀ တုရုလူမျိုးတို့သည် မိမိတို့၏စည်းစိမ်ဥစ္စာများစွာနှင့်အတူ ကျွန်းမြို့သို့ ပြောင်းရွှေ့လွတ်မြောက်သွားကြသောကြောင့် ဘုရင်နေဗုခဒ်နေဇာသည် တုရုမြို့မှ လက်ရဥစ္စာအနည်းငယ်သာ ရရှိခဲ့သည်။ နေဗုခဒ်နေဇာသည် မာနကြီးပြီး ကိုယ်ကျိုးကိုသာရှာသည့် အယူမှားအုပ်စိုးရှင်တစ်ဦးဖြစ်သည့်တိုင် ကိုယ်တော်၏အမှုကို ဆောင်ရွက်သောကြောင့် ယေဟောဝါသည် “အမှုဆောင်ရွက်ခ” အဖြစ် အီဂျစ်ပြည်ကို သူ့အား ပေးခဲ့သည်။ ကျွန်ုပ်တို့အတွက် အစိုးရကပေးသော ဝန်ဆောင်မှုများအတွက် အခွန်ငွေများပေးခြင်းဖြင့် စစ်မှန်သောဘုရားသခင်ကို တုပသင့်သည်မဟုတ်လော။ လောကအာဏာပိုင်များ၏ အမူအကျင့်မည်သို့ပင်ရှိပါစေ၊ အခွန်ငွေကိုမည်သို့ပင်သုံးစွဲပါစေ ယင်းက ကျွန်ုပ်တို့ကို အခွန်ဆောင်ခြင်းတာဝန်မှ မလွတ်ကင်းစေပါ။—⁠ရောမ ၁၃:၄-၇

၃၃:၇-၉ မျက်မှောက်ခေတ် ကင်းစောင့်အတန်းအစားဖြစ်သော ဝိညာဉ်တော်ဖွားအကြွင်းအကျန်နှင့် သူတို့၏အပေါင်းပါတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းနှင့် ရောက်ရှိလာတော့မည့် ‘ကြီးစွာသောဆင်းရဲခြင်း’ အကြောင်း လူတို့အားသတိပေးခြင်းကို ဘယ်တော့မျှ မတွန့်ဆုတ်သင့်ပါ။—⁠မဿဲ ၂၄:၂၁

၃၃:၁၀-၂၀ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ဆိုးသောလမ်းကိုစွန့်ပစ်ပြီး ဘုရားသခင့်တောင်းဆိုရာများကို လိုက်လျှောက်ခြင်းပေါ်တွင် မူတည်သည်။ ယေဟောဝါ၏စီရင်ချက်သည် အမှန်ပင် ‘ဖြောင့်မတ်’ ၏။

၃၆:၂၀၊ ၂၁ ‘ယေဟောဝါ၏လူမျိုး’ ဖြစ်သော ဣသရေလလူမျိုးသည် တောင်းဆိုချက်များအတိုင်း အသက်မရှင်ကြသောကြောင့် တစ်ကျွန်းတစ်နိုင်ငံအရပ်ရပ်တို့၌ ဘုရားသခင်၏နာမတော်မြတ်ကို ရှုတ်ချခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဘယ်တော့မျှ အမည်ခံဝတ်ပြုသူများမဖြစ်သင့်ချေ။

၃၆:၂၅၊ ၃၇၊ ၃၈ ယနေ့ ကျွန်ုပ်တို့ ပျော်မွေ့နေကြသော ဝိညာဉ်ရေးပရဒိသုတွင် “သန့်ရှင်းသောသိုးစု” ဖြင့်ပြည့်နေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သန့်ရှင်းစင်ကြယ်မှုကိုဆက်ထိန်းသိမ်းထားရန် ကြိုးစားသင့်သည်။

၃၈:၁-၂၃ မာဂေါဂပြည်သား ဂေါဂမင်း၏တိုက်ခိုက်ခြင်းမှ မိမိလူမျိုးအား ယေဟောဝါကယ်တင်မည်ကို သိရခြင်းသည် အလွန်နှစ်သိမ့်အားပေးမှုဖြစ်စေသည်။ ဂေါဂဟူသည်မှာ ကောင်းကင်မှပစ်ချခံရပြီးနောက် “ဤလောကကိုအစိုးရသောမင်း” စာတန်အားပေးသည့် နာမည်ဖြစ်သည်။ မာဂေါဂပြည်မှာ စာတန်နှင့် သူ၏နတ်ဆိုးများအတွက် ကန့်သတ်ထားသည့် မြေကြီးဝန်းကျင်ကို ရည်ညွှန်းသည်။—⁠ယောဟန် ၁၂:၃၁; ဗျာ. ၁၂:၇-၁၂

“ငါပြလတ္တံ့သမျှတို့ကို နှလုံးသွင်းလော့”

(ယေဇကျေလ ၄၀:၁–၄၈:၃၅)

ယေရုရှလင်မြို့ဖျက်ဆီးခံရပြီးနောက် ၁၄ နှစ်မြောက်တွင်ဖြစ်သည်။ (ယေဇကျေလ ၄၀:၁) ပြည်နှင်ခံရမည့်အချိန် ငါးဆယ့်ခြောက်နှစ် ကျန်ရှိသေးသည်။ (ယေရမိ ၂၉:၁၀) ယေဇကျေလသည် ယခု အသက် ၅၀ နီးပါးရှိနေပြီဖြစ်သည်။ စိတ်အာရုံတစ်ခုတွင် သူသည် ဣသရေလပြည်သို့ ခေါ်ဆောင်ခြင်းခံရသည်။ သူ့ကို ဤသို့ပြော၏– “အချင်းလူသား စေ့စေ့ကြည့်ရှုလော့။ စေ့စေ့နားထောင်လော့။ ငါပြလတ္တံ့သမျှတို့ကို နှလုံးသွင်းလော့။” (ယေဇကျေလ ၄၀:၂-၄) ယေဇကျေလသည် ဝတ်ပြုရာအိမ်တော်အသစ်နှင့်ဆိုင်သော စိတ်အာရုံကို မြင်တွေ့ခွင့်ရရှိခဲ့၍ အလွန်ဝမ်းသာပီတိဖြစ်ခဲ့ရမည်။

ယေဇကျေလမြင်တွေ့သော ဘုန်းကျက်သရေနှင့်ပြည့်စုံသည့် ဝတ်ပြုရာအိမ်တော်တွင် တံခါးဝ ၆ ခု၊ ထမင်းစားခန်း ၃၀၊ သန့်ရှင်းရာအခန်း၊ အသန့်ရှင်းဆုံးအခန်း၊ သစ်သားယဇ်ပလ္လင်နှင့် မီးရှို့ရာယဇ်ပူဇော်သည့် ယဇ်ပလ္လင်တို့ရှိသည်။ ဗိမာန်တော်မှ “ထွက်သော” စမ်းချောင်းသည် ရေစီးသန်သည့်မြစ်တစ်စင်းဖြစ်လာသည်။ (ယေဇကျေလ ၄၇:၁) ယေဇကျေလသည် မျိုးနွယ်အလိုက်နယ်မြေခွဲဝေသည့် စိတ်အာရုံတစ်ခုကိုလည်း တွေ့မြင်ရသည်၊ နယ်မြေတစ်ခုစီကို အရှေ့မှအနောက်ပိုင်းခြားထားပြီး ယုဒနှင့် ဗင်ယာမိန်နယ်မြေကြားတွင်ရှိသောမြေသည် စီမံခန့်ခွဲအုပ်ချုပ်သူတို့အတွက် ဖြစ်သည်။ ‘ထာဝရဘုရားသခင်၏သန့်ရှင်းရာဌာန’ နှင့် ယေဟောဝါရှမ္မ အမည်ရှိသော “မြို့” တို့သည် ထိုအပိုင်းတွင်တည်ရှိသည်။—⁠ယေဇကျေလ ၄၈:၉၊ ၁၀၊ ၁၅၊ ၃၅

ကျမ်းစာမေးခွန်းများ၏အဖြေ–

၄၀:၃-၄၇:၁၂—⁠စိတ်အာရုံမှဝတ်ပြုရာအိမ်တော်သည် အဘယ်အရာကို ပုံတင်ပြသနည်း။ စိတ်အာရုံတွင် ယေဇကျေလမြင်တွေ့ခဲ့ရသည့် အလွန်ကြီးမားသော ဝတ်ပြုရာအိမ်တော်ကို မည်သည့်အခါကမျှမတည်ဆောက်ခဲ့ပါ။ ယင်းသည် ယနေ့ကျွန်ုပ်တို့ခေတ်တွင် စင်ကြယ်သောဝတ်ပြုရေးအတွက် ဝတ်ပြုရာအိမ်တော်အစီအစဉ်နှင့်တူသည့် ဘုရားသခင်၏ ဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်ကို ပုံတင်ပြသည်။ (ယေဇကျေလ ၄၀:၂; မိက္ခာ ၄:၁; ဟေဗြဲ ၈:၂; ၉:၂၃၊ ၂၄) ဝတ်ပြုရာအိမ်တော်စိတ်အာရုံသည် ယဇ်ပုရောဟိတ်အတန်းအစား သန့်စင်ခံရသည့် “နောက်ဆုံးသောကာလ” အတွင်း ပြည့်စုံခဲ့သည်။ (၂ တိမောသေ ၃:၁; ယေဇကျေလ ၄၄:၁၀-၁၆; မာလခိ ၃:၁-၃) သို့သော် ပရဒိသုတွင် အပြီးသတ်ပြည့်စုံမည်ဖြစ်သည်။ ဝတ်ပြုရာအိမ်တော်စိတ်အာရုံက ပြည်နှင်ခံဂျူးများအတွက်မူ စင်ကြယ်သောဝတ်ပြုရေး ပြန်လည်တည်ထောင်ပြီး ဂျူးမိသားစုတိုင်း ပြည်တော်တွင် အမွေခံရမည်ဟူသည့်ကတိဖြစ်သည်။

၄၀:၃–၄၃:၁၇—⁠ဝတ်ပြုရာအိမ်တော်တိုင်းတာခြင်းသည် အဘယ်အထူးအဓိပ္ပာယ်ရှိသနည်း။ ဝတ်ပြုရာအိမ်တော်ကိုတိုင်းတာခြင်းသည်  မှန်သောဝတ်ပြုရေးနှင့်ပတ်သက်သော ဘုရားသခင့်ရည်ရွယ်ချက် အမှန်ပြည့်စုံမည့် အမှတ်လက္ခဏာဖြစ်သည်။

၄၃:၂-၄၊ ၇၊ —⁠ဝတ်ပြုရာအိမ်တော်မှ ဖယ်ရှားပစ်ရမည့် “ရှင်ဘုရင်၏အသေကောင်များ” မှာအဘယ်နည်း။ အသေကောင်များမှာ ရုပ်ပုံများကို ရည်ညွှန်းခြင်းဖြစ်ပုံရသည်။ ယေရုရှလင်မြို့ကို အုပ်စိုးသူတို့နှင့် ပြည်သူတို့သည် ဘုရားသခင်၏ဝတ်ပြုရာအိမ်တော်ကို ရုပ်ပုံများဖြင့် ညစ်ညမ်းစေခဲ့ကြသည်—⁠ယင်းတို့ကို မိမိတို့၏ဘုရင်များအဖြစ် အမှန်ချီးမြှောက်ခဲ့ကြသည်။

၄၃:၁၃-၂၀—⁠စိတ်အာရုံတွင် ယေဇကျေလမြင်တွေ့ခဲ့သော ယဇ်ပလ္လင်သည် အဘယ်အရာကို ကိုယ်စားပြုသနည်း။ ပုံဆောင်ယဇ်ပလ္လင်မှာ ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်နှင့်ပတ်သက်သည့် ဘုရားသခင့်အလိုတော်ကို ကိုယ်စားပြုသည်။ ယင်းပြင်ဆင်ပေးချက်ကြောင့် ကောင်းကင်အတန်းအစားသည် ဖြောင့်မတ်ကြောင်းကြေညာခံရပြီး ‘လူအုပ်ကြီး’ သည် ဘုရားသခင့်အမြင်တွင် သန့်ရှင်းစင်ကြယ်သည့်အနေအထား၌ ရှိကြသည်။ (ဗျာ. ၇:၉-၁၄; ရောမ ၅:၁၊ ၂) ထို့ကြောင့် ရှောလမုန်တည်ဆောက်ခဲ့သော ဝတ်ပြုရာအိမ်တော်ရှိ ယဇ်ပုရောဟိတ်များ ဆေးကြောသန့်ရှင်းရာတွင် အသုံးပြုသည့် ရေအင်တုံကြီးဖြစ်သော “ကြေးဝါရေကန်” ကို စိတ်အာရုံမှဝတ်ပြုရာအိမ်တော်တွင် မတွေ့ရခြင်းဖြစ်ပုံရသည်။—⁠၃ ဓမ္မရာဇဝင် ၇:၂၃-၂၆

၄၄:၁၀-၁၆—⁠ယဇ်ပုရောဟိတ်အတန်းအစားမှာ မည်သူ့ကိုပုံတင်ပြသနည်း။ ယဇ်ပုရောဟိတ်အတန်းအစားမှာ ကျွန်ုပ်တို့ခေတ်တွင် ကောင်းကင်အတန်းအစားအုပ်စုကို ပုံရိပ်ပြခြင်းဖြစ်သည်။ ယေဟောဝါသည် ကိုယ်တော်၏ဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်တွင် “သန့်ရှင်းစေသောသူကဲ့သို့” ထိုင်သည့် ၁၉၁၈ ခုနှစ်တွင် သူတို့ကို ချေးချွတ်သန့်စင်ခဲ့သည်။ (မာလခိ ၃:၁-၅) သန့်ရှင်းသူတို့ သို့မဟုတ် နောင်တရသူတို့သည် အမှုတော်ဆောင်ခြင်းအခွင့်ထူးကို ဆက်ရရှိနိုင်ခဲ့ကြသည်။ ယင်းနောက် သူတို့သည် မိမိတို့ကိုယ်ကို ‘လောကအညစ်အကြေးနှင့် ကင်းစင်အံ့သောငှာ’ ကြိုးစားစောင့်ထိန်းခဲ့ကြသောကြောင့် ယဇ်ပုရောဟိတ်အတန်းအစားမဟုတ်သူတို့ကို ပုံဆောင်သည့် ‘လူအုပ်ကြီး’ အတွက် ပုံသက်သေများ ဖြစ်လာခဲ့ကြသည်။—⁠ယာကုပ် ၁:၂၇; ဗျာ. ၇:၉၊ ၁၀

၄၅:၁; ၄၇:၁၃–၄၈:၂၉—⁠“မြေ” နှင့် ယင်း၏မြေအပိုင်းအခြားများသည် အဘယ်အရာကို ပုံတင်ပြသနည်း။ မြေမှာ ဘုရားသခင့်လူမျိုး၏ လုပ်ဆောင်မှုနယ်ပယ်ကို ပုံဆောင်သည်။ ယေဟောဝါအားဝတ်ပြုကိုးကွယ်သူတစ်ဦးသည် မည်သည့်နေရာ၌ပင်နေထိုင်ပါစေ ထိုသူသည် မှန်သောဝတ်ပြုရေးကို ထောက်ခံနေသ၍ ပြန်လည်တည်ထောင်ထားသောနယ်မြေတွင် ရှိနေပါသည်။ တည်ကြည်သူယောက်တိုင်း နေရာတစ်နေရာကို အမွေခံရကြမည့်အချိန်ဖြစ်သော ကမ္ဘာသစ်တွင် နယ်မြေခွဲဝေခြင်းသည် အပြီးသတ်ပြည့်စုံပါလိမ့်မည်။—⁠ဟေရှာယ ၆၅:၁၇၊ ၂၁

၄၅:၇၊ ၁၆—⁠ယဇ်ပုရောဟိတ်အဖွဲ့နှင့် အကဲအမှူးတို့အတွက် လူတို့၏အလှူမြေသည် အဘယ်အရာကို ပုံတင်ပြသနည်း။ ဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်တွင် ယင်းသည် အကူအညီပေးခြင်း၊ ပူးပေါင်းလုပ်ဆောင်သည့်စိတ်ဓာတ် တင်ပြခြင်းဖြစ်သော ဝိညာဉ်ရေးထောက်ပံ့မှုကို အဓိကရည်ညွှန်းသည်။

၄၇:၁-၅—⁠ယေဇကျေလ၏စိတ်အာရုံတွင်ပါသော မြစ်ရေသည် အဘယ်အရာကို ပုံတင်ပြသနည်း။ ရေမှာ အသက်အတွက် ယေဟောဝါ၏ ဝိညာဉ်ရေးပြင်ဆင်ပေးချက်များကို ပုံတင်ပြသည်၊ ယင်းတွင် ခရစ်တော်ယေရှု၏ ရွေးနုတ်ဖိုးပူဇော်ရာယဇ်၊ သမ္မာကျမ်းစာတွင်တွေ့ရသော ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာတို့ ပါဝင်သည်။ (ယေရမိ ၂:၁၃; ယောဟန် ၄:၇-၂၆; ဧဖက် ၅:၂၅-၂၇) မှန်သောဝတ်ပြုရေးသို့ လူသစ်များအစုလိုက်အပြုံလိုက် ဝင်ရောက်လာစေရန် မြစ်ရေသည် တဖြည်းဖြည်းနက်လာသည်။ (ဟေရှာယ ၆၀:၂၂) မြစ်ရေသည် အနှစ်တစ်ထောင်အတွင်းတွင် အာနိသင်အထက်မြက်ဆုံး အသက်ရေများ ဆက်စီးဆင်းနေမည်ဖြစ်ပြီး ယင်းရေတွင် ထိုအချိန်တွင်ဖွင့်မည့် “စာစောင်များ” မှရရှိမည့် နောက်ထပ်သိနားလည်မှုတို့ ပါဝင်မည်ဖြစ်သည်။—⁠ဗျာ. ၂၀:၁၂; ၂၂:၁၊ ၂

၄၇:၁၂—⁠အသီးများစွာသီးသောအပင်တို့သည် အဘယ်အရာကို ပုံတင်ပြသနည်း။ ပုံဆောင်သစ်ပင်တို့မှာ လူသားများ စုံလင်ခြင်းအဖြစ်သို့ ပြန်လည်ရောက်ရှိစေရန်အတွက် ဘုရားသခင်၏ဝိညာဉ်ရေးပြင်ဆင်ချက်များကို ပုံတင်ပြသည်။

၄၈:၁၅-၁၉၊ ၃၀-၃၅—⁠ယေဇကျေလ၏စိတ်အာရုံမှမြို့သည် အဘယ်အရာကို ပုံတင်ပြသနည်း။ “ယေဟောဝါရှမ္မ” သည် “သန့်ရှင်းမြင့်မြတ်သည့်မြေမဟုတ်” [ခမ] သောအရပ်တွင်တည်ရှိခြင်းက ယင်းသည် မြေကြီးနှင့်ဆိုင်သောအရာကို ကိုယ်စားပြုရမည်ဖြစ်ကြောင်း တင်ပြသည်။ ဖြောင့်မတ်သော “မြေကြီးသစ်” တွင်ပါဝင်ကြမည့်သူတို့အတွက် အကျိုးဖြစ်စေသည့် မြေကြီးနှင့်ဆိုင်သောစီမံခန့်ခွဲမှုကို ထိုမြို့က ပုံတင်ပြခြင်း ဖြစ်ပုံရသည်။ (၂ ပေတရု ၃:၁၃) မြို့ဘေးပတ်လည်တွင် တံခါးများရှိခြင်းက အလွယ်တကူဝင်ရောက်နိုင်သည်ကို တင်ပြသည်။ ဘုရားသခင့်လူမျိုးတော်အတွင်းရှိ ကြီးကြပ်မှူးများသည် ချဉ်းကပ်လွယ်သူများ ဖြစ်ရမည်။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၄၀:၁၄၊ ၁၆၊ ၂၂၊ ၂၆ ဝတ်ပြုရာအိမ်တော်အဝင်လမ်းများရှိ နံရံတွင်ထွင်းထုထားသော စွန်ပလွံပင်ပုံများက ကိုယ်ကျင့်တရားဘက်တွင် ဖြောင့်မတ်သူတို့သာ ဝင်ခွင့်ရသည်ကို ဖော်ပြသည်။ ကျွန်ုပ်တို့ ဖြောင့်မတ်မှသာလျှင် ကျွန်ုပ်တို့၏ဝတ်ပြုမှုကို ယေဟောဝါလက်ခံမည်ဖြစ်ကြောင်း ယင်းကသင်ပေးသည်။

၄၄:၂၃ မျက်မှောက်ခေတ် ယဇ်ပုရောဟိတ်အတန်းအစား၏ လုပ်ဆောင်မှုများအတွက် ကျွန်ုပ်တို့ အလွန်ကျေးဇူးတင်လေးမြတ်နိုင်ကြသည်။ ယေဟောဝါ၏ရှေ့မှောက် စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ကျွန်ုပ်တို့ပိုင်းခြားသိစေရန် ထောက်ကူပေးသည့် အချိန်တန်ဝိညာဉ်အစာ ပြင်ဆင်ပေးရာတွင် ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ မှဦးဆောင်လျက်ရှိသည်။—⁠မဿဲ ၂၄:၄၅

၄၇:၉၊ ၁၁ ပုံဆောင်ရေ၏အဓိကအသွင်အပြင်တစ်ခုဖြစ်သော အသိပညာကြောင့် ကျွန်ုပ်တို့အချိန်တွင် အံ့ဖွယ်ကုသမှုတစ်ခု ဖြစ်မြောက်အောင်မြင်လျက်ရှိသည်။ ယင်းအသိပညာရောက်ရှိသောအရပ်၌ရှိသူတို့ကို ဝိညာဉ်ရေးတွင် ပြန်ရှင်သန်လာစေသည်။ (ယောဟန် ၁၇:၃) သို့သော် အသက်ပေးရေကို လက်မခံသူတို့သည် “အစဉ်ငန်ရလိမ့်မည်”—⁠ထာဝရဖျက်ဆီးခြင်းပေတည်း။ ‘အမှန်တရားကို မှန်ကန်စွာပိုင်းခြားတတ်စေခြင်းငှာ ကြိုးစားအားထုတ်’ ဖို့အလွန်အရေးကြီးပါသည်။—⁠၂ တိမောသေ ၂:၁၅

“ငါ၏မဟာနာမတော်ကို ငါချီးမြှောက်မည်”

ဒါဝိဒ်မင်းမျိုးမှ နောက်ဆုံးဘုရင်ကို ဖယ်ရှားပစ်ပြီးနောက် ဘုရင့်အရိုက်အရာကိုဆက်ခံမည့် “အစိုးပိုင်သောသူ” မရောက်လာမီအထိ ကြာရှည်သောအချိန်ကာလတစ်ခု ကုန်လွန်စေရန် မှန်သောဘုရားသခင် ခွင့်ပြုခဲ့သည်။ သို့သော် ဘုရားသခင်သည် ဒါဝိဒ်နှင့်ဖွဲ့ထားသောပဋိညာဉ်ကို မမေ့လျော့ခဲ့ပါ။ (ယေဇကျေလ ၂၁:၂၇; ၂ ဓမ္မရာဇဝင် ၇:၁၁-၁၆) ယေဇကျေလ၏ပရောဖက်ပြုချက်တွင် “သိုးထိန်း” တစ်ဦးနှင့် “ဘုရင်” တစ်ဦးဖြစ်လာမည့် “ငါ၏ကျွန်ဒါဝိဒ်” အကြောင်း ဖော်ပြထားသည်။ (ယေဇကျေလ ၃၄:၂၃၊ ၂၄; ၃၇:၂၂၊ ၂၄၊ ၂၅) ထိုသူမှာ နိုင်ငံတော်တန်ခိုးအာဏာရရှိသော ယေရှုခရစ်မှလွဲ၍ အခြားမည်သူမျှ မဖြစ်နိုင်ပါ။ (ဗျာ. ၁၁:၁၅) ယေဟောဝါသည် မေရှိယနိုင်ငံတော်အားဖြင့် ‘[ကိုယ်တော်၏] နာမတော်ကို ချီးမြှောက်မည်။’—⁠ယေဇကျေလ ၃၆:၂၃

မကြာမီအချိန်တွင် ဘုရားသခင့်သန့်ရှင်းသောနာမတော်ကို ရှုတ်ချသူအားလုံး ဖျက်ဆီးခံရမည်ဖြစ်သည်။ နှစ်သက်လက်ခံဖွယ်နည်းဖြင့် ယေဟောဝါအား ဝတ်ပြုကိုးကွယ်ခြင်းဖြင့် မိမိတို့၏အသက်တာတွင် ထိုနာမတော်ကို ချီးမြှောက်ကြသူတို့သည် ထာဝရအသက်ရရှိကြမည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ခေတ်တွင် အလျှံပယ်စီးဆင်းနေသော အသက်ရေမှ အကျိုးကျေးဇူးအပြည့်အဝရယူကာ မှန်သောဝတ်ပြုရေးကို ကျွန်ုပ်တို့အသက်တာ၏အဓိကနေရာတွင် ထားကြစို့။

[အောက်ခြေမှတ်ချက်]

a ယေဇကျေလ ၁:၁–၂၄:၂၇ ပါအကြောင်းများကို ၂၀၀၇၊ ဇူလိုင် ၁ ရက် ကင်းမျှော်စင်၊ယေဇကျေလကျမ်းမှ ပေါ်လွင်ချက်များ—⁠၁” တွင်ရှု။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ယေဇကျေလစိတ်အာရုံမှ ဘုန်းကျက်သရေနှင့်ပြည့်စုံသော ဝတ်ပြုရာအိမ်တော်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေဇကျေလ၏စိတ်အာရုံမှ အသက်ရေသည် အဘယ်အရာကို ပုံတင်ပြသနည်း

[Credit Line]

Pictorial Archive (Near Eastern History) Est.