မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် ‘ဘုရားသခင့်ရှေ့တော်တွင်ကြွယ်ဝသောသူ’ လော

သင်သည် ‘ဘုရားသခင့်ရှေ့တော်တွင်ကြွယ်ဝသောသူ’ လော

သင်သည် ‘ဘုရားသခင့်ရှေ့တော်တွင်ကြွယ်ဝသောသူ’ လော

“ထို့အတူ ကိုယ့်အတွက် ဘဏ္ဍာကို စုဆောင်းထားသော်လည်း ဘုရားသခင့်ရှေ့တော်တွင် မကြွယ်ဝသောသူသည်ထိုသူဌေးနှင့်တူ၏။”—⁠လုကာ ၁၂:၂၁၊ ကဘ။

၁၊ ၂။ (က) လူတို့သည် အဘယ်အရာအတွက် လိုလိုလားလားစွန့်လွှတ်မှုများ ပြုလုပ်ခဲ့ကြသနည်း။ (ခ) အဘယ်စိန်ခေါ်ချက်နှင့် အန္တရာယ်ကို ခရစ်ယာန်များ ကြုံတွေ့ကြရမည်နည်း။

 ရတနာသိုက်ရှာသည့်ကစားနည်းသည် ကလေးများကြိုက်နှစ်သက်သည့် ကစားနည်းမျှသာမဟုတ်ပါ– လူများစွာ၏သက်တမ်းတွင်၊ နိုင်ငံများစွာတွင် အကြိမ်ကြိမ်အဖန်ဖန်လုပ်ဆောင်ခဲ့ကြသည့် ဖြစ်ရပ်မှန်ဇာတ်လမ်းလည်းဖြစ်သည်။ ဥပမာ၊ ၁၉ ရာစုတွင် ဩစတြေးလျ၊ တောင်အာဖရိက၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုရှိ ရွှေတွင်းတို့သည် ဝေးလံသောဒေသမှလူတို့ကို ဆွဲဆောင်ခဲ့ပြီး ထိုသူတို့သည် တစ်ခါတစ်ရံ ရန်လိုတတ်သောသူစိမ်းနယ်မြေတွင် စည်းစိမ်ဥစ္စာရရှိရန်အတွက် အိမ်နှင့်ချစ်ရသူတို့ကိုထားရစ်ခဲ့ကာ ထိုနေရာသို့ အလုအယက်သွားခဲ့ကြသည်။ မှန်ပါသည်၊ များစွာသောသူတို့သည် မိမိတို့အလိုရှိသော စည်းစိမ်ဥစ္စာရရှိဖို့ ကြီးမားသောအခက်အခဲများကို ရင်ဆိုင်ရန်၊ ကြီးမားသောစွန့်လွှတ်မှုများပြုလုပ်ရန် လိုလိုလားလားရှိကြသည်။

ယနေ့ လူအများစုသည် တကယ့်ရတနာသိုက်ရှာဖွေခြင်းကို မပြုလုပ်ကြသော်လည်း အသက်ရှင်နေထိုင်ရန်အတွက် ကြိုးစားလုပ်ဆောင်ကြရသည်။ လက်ရှိအစီအစဉ်စနစ်တွင် အသက်ရှင်နေထိုင်ရန်မှာ စိန်ခေါ်ချက်ဖြစ်ကာ ခက်ခဲကျပ်တည်းနိုင်ပေသည်။ စားဝတ်နေရေးအတွက်သာ အလွန်အမင်း ပူပန်နေသောကြောင့် သာ၍အရေးကြီးသည့်အရာများကို လျစ်လျူရှုမိနိုင် သို့မဟုတ် မေ့ပင်မေ့သွားနိုင်သည်။ (ရောမ ၁၄:၁၇) ဤလူ့သဘောသဘာဝကို အမှန်ဖော်ပြသည့် ပုံဥပမာတစ်ခုကို ယေရှုပေးခဲ့သည်။ ယင်းကို လုကာ ၁၂:၁၆-၂၁ တွင်တွေ့ရသည်။

၃။ လုကာ ၁၂:၁၆-၂၁ တွင်မှတ်တမ်းတင်ထားသော ယေရှု၏ပုံဥပမာကို အတိုချုပ်ဖော်ပြပါ။

တပ်မက်မှုကိုရှောင်ကြဉ်ဖို့လိုသည်ဟု ယေရှုမိန့်တော်မူချိန်၌ပင် ဤဥပမာကို ကိုယ်တော်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းအကြောင်းအသေးစိတ်ကို ရှေ့ဆောင်းပါးတွင် ကျွန်ုပ်တို့ လေ့လာခဲ့ပြီးဖြစ်သည်။ တပ်မက်မှုနှင့်ပတ်သက်၍သတိပေးပြီးနောက် ယေရှုက သူဌေးတစ်ဦးသည် ဥစ္စာများစွာနှင့်ပြည့်နေသည့် ရှိနှင့်ပြီးသားသိုလှောင်ရုံများနှင့်မရောင့်ရဲဘဲ ယင်းတို့ကိုဖျက်ကာ ပို၍များသောဥစ္စာများကို သိုထားရန် ပို၍ကြီးသောသိုလှောင်ရုံများကို တည်ဆောက်ကြောင်း မိန့်တော်မူ၏။ စိတ်အေးလက်အေး၊ သက်သောင့်သက်သာနေထိုင်တော့မည်ဟု သူစဉ်းစားနေချိန်တွင် ဘုရားသခင်က သူသည်အသက်ဆုံးတော့မည်ဖြစ်ကာ သူသိုထားသမျှဥစ္စာအားလုံးသည် အခြားသူတစ်ဦးတစ်ယောက်အတွက် ဖြစ်သွားမည်ဟု မိန့်တော်မူသည်။ ထို့နောက် ယေရှုက ဤစကားများဖြင့် နိဂုံးချုပ်ခဲ့၏– “ထို့အတူ ကိုယ့်အတွက် ဘဏ္ဍာကို စုဆောင်းထားသော်လည်း ဘုရားသခင့်ရှေ့တော်တွင် မကြွယ်ဝသောသူသည် ထိုသူဌေးနှင့်တူ၏။” (လုကာ ၁၂:၂၁ကဘ) ယင်းပုံဥပမာမှ အဘယ်သင်ခန်းစာ သင်ယူနိုင်သနည်း။ ကျွန်ုပ်တို့ကိုယ်တိုင်၏အသက်တာတွင် ယင်းသင်ခန်းစာကို မည်သို့ကျင့်သုံးနိုင်သနည်း။

ပြဿနာရှိနေသူတစ်ဦး

၄။ ယေရှု၏ပုံဥပမာတွင် ပုံဖော်ထားသောသူသည် မည်သို့သောလူစားမျိုးဖြစ်သည်ဟု ပြောနိုင်သနည်း။

ယေရှုပေးခဲ့သောပုံဥပမာကို နိုင်ငံများစွာမှလူများ ရင်းနှီးကျွမ်းဝင်ကြသည်။ ယေရှုက ပုံဥပမာကို “သူဌေးတစ်ဦး၌ မြေကောင်း၍အသီးအနှံများလှ၏” ဟူ၍ရိုးရိုးရှင်းရှင်းမိန့်တော်ခြင်းဖြင့် အစပြုခဲ့သည်ကို ကျွန်ုပ်တို့တွေ့ရသည်။ ထိုသူသည် မရိုးသားသော သို့မဟုတ် တရားမဝင်သောနည်းတချို့ဖြင့် စည်းစိမ်ဥစ္စာကြွယ်ဝခြင်းဖြစ်သည်ဟု ယေရှုမဆိုထားပါ။ သူ့ကို လူဆိုးတစ်ဦးအဖြစ်လည်း ပုံမဖော်ခဲ့ပါ။ ယေရှုမိန့်တော်မူချက်အရ ပုံဥပမာတွင်ပုံဖော်ထားသောထိုလူကို အလုပ်ကြိုးစားသူအဖြစ်ယူမှတ်ရန် ကျိုးကြောင်းဆီလျော်ပါသည်။ မိသားစုကောင်းကျိုးအတွက် ရည်ရွယ်ကာ အနာဂတ်အတွက် အစီအစဉ်များရေးဆွဲပြီး စုဆောင်းသူဖြစ်သည်ဟု အနည်းဆုံး ကျွန်ုပ်တို့ ယူမှတ်နိုင်ပါသည်။ ထို့ကြောင့် ထိုသူကို လူ့အမြင်မှကြည့်လျှင် တာဝန်ကျေပွန်သူ၊ အလုပ်ကြိုးစားသူအဖြစ် ယူမှတ်နိုင်ပါသည်။

၅။ ယေရှု၏ပုံဥပမာပါလူသည် အဘယ်ပြဿနာနှင့် ကြုံတွေ့ရသနည်း။

မည်သို့ပင်ဖြစ်ပါစေ၊ ယေရှုက ပုံဥပမာပါထိုသူကို သူဌေးဟု ခေါ်ဆိုခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ရုပ်ပစ္စည်းများစွာ ပိုင်ဆိုင်ထားသူဖြစ်သည်။ သို့သော် ယေရှုဖော်ပြချက်အရ ထိုသူဌေးတွင် ပြဿနာရှိနေသည်။ သူ၏မြေသည် သူမျှော်လင့်ထားသည်ထက်ပို၍ သီးနှံဖြစ်ထွန်းခဲ့ပြီး သူလိုအပ်သည်ထက် သို့မဟုတ် သူသိုလှောင်နိုင်သည်ထက် များစွာပိုလျှံခဲ့သည်။ သူအဘယ်အရာပြုလုပ်သင့်သနည်း။

၆။ ယနေ့ ဘုရားသခင်၏ကျေးကျွန်များစွာသည် အဘယ်ရွေးချယ်မှုများနှင့် ရင်ဆိုင်ကြရသနည်း။

ယနေ့ ယေဟောဝါ၏ကျေးကျွန်များစွာသည် သူဌေးရင်ဆိုင်နေရသောအခြေအနေများနှင့် ရင်ဆိုင်နေကြရသည်။ ခရစ်ယာန်စစ်တို့သည် ရိုးသားကြိုးစားကာ တာဝန်ကျေပွန်သောလုပ်သားများဖြစ်ရန် ကြိုးစားကြသည်။ (ကောလောသဲ ၃:၂၂၊ ၂၃) သူတို့သည် အလုပ်သမားဖြစ်စေ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်သည်ဖြစ်စေ အလုပ်ကိုကြိုးကြိုးစားစားလုပ်ကိုင်ကြပြီး အောင်မြင်မှု ရရှိကြသည်။ ရာထူးတိုးချိန် သို့မဟုတ် အခွင့်အရေးအသစ်များ ကမ်းလှမ်းခံရချိန်တို့တွင် ဆုံးဖြတ်ချက်ချဖို့ လိုလာသည်။ ရာထူးတိုးပေးခြင်းကို လက်ခံကာ ငွေပိုရရှိအောင် ပြုလုပ်သင့်သလော။ အလားတူပင် သက်သေခံလူငယ်များစွာသည် ကျောင်းတွင်ထူးချွန်ကြသည်။ ရလဒ်အနေနှင့် သူတို့သည် နာမည်ကြီးတက္ကသိုလ်များတွင် အဆင့်မြင့်ပညာရေးဆည်းပူးရန် ပညာသင်ဆုများ၊ ပညာသင်ထောက်ပံ့ကြေးများ ကမ်းလှမ်းခံရပေမည်။ လူအများစု၏လမ်းစဉ်ကိုလိုက်ကာ ကမ်းလှမ်းချက်ကို လက်ခံသင့်သလော။

၇။ ယေရှု၏ပုံဥပမာထဲမှလူသည် သူ၏ပြဿနာကို မည်သို့ဖြေရှင်းခဲ့သနည်း။

ယေရှု၏ပုံဥပမာတွင် သူဌေးသည် သူ၏မြေမှ အသီးအနှံအလျှံပယ်ထွက်ရှိသောကြောင့် သိုလှောင်ရန်နေရာမရှိသည့်အခါ သူအဘယ်အရာပြုလုပ်ခဲ့သနည်း။ သူ့တွင်ရှိနှင့်ပြီးသော သိုလှောင်ရုံများကိုဖျက်ကာ ပိုလျှံနေသောသီးနှံများနှင့် ဥစ္စာရှိသမျှကိုသိုလှောင်ရန်အတွက် ပို၍ကြီးသောသိုလှောင်ရုံတို့ကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ သူ၏အကြံအစည်သည် ဤသို့တွေးတောစေသည့်အထိ လုံခြုံမှု၊ ကျေနပ်မှုပေးခဲ့ပုံရသည်– “ငါသည် နှစ်ပေါင်းများစွာအတွက် ဥစ္စာအများကို သိုထားလျက်ရှိပြီ။ စိတ်ချမ်းသာစွာ နေလော့။ စားသောက်ပြီး ပျော်မွေ့လော့ဟု ငါ့ကိုငါပြောမည်။”—⁠လုကာ ၁၂:၁၉ကဘ။

အဘယ်ကြောင့် “လူမိုက်” ဖြစ်သနည်း

၈။ ယေရှု၏ပုံဥပမာပါလူသည် အဘယ်အရေးကြီးသောအရာကို လျစ်လျူရှုထားသနည်း။

သို့သော် ယေရှု၏ဖော်ပြချက်အရ သူဌေး၏အကြံအစည်သည် လုံခြုံမှုနှင့်ပတ်သက်၍ လွဲမှားသည့်ထင်မြင်ချက်မျှသာဖြစ်သည်။ လက်တွေ့ကျဟန်တူသော်လည်း အရေးကြီးသည့်အချက်ဖြစ်သော ဘုရားသခင့်အလိုတော်ကို ဘေးဖယ်ထားခဲ့သည်။ ထိုသူသည် စိတ်ချမ်းချမ်းသာသာဖြင့် မည်သို့စားသောက်ပျော်မွေ့နေနိုင်မည်စသည်ဖြင့် မိမိအတွက်သာစဉ်းစားခဲ့သည်။ “ဥစ္စာအများ” ရှိခြင်းကြောင့် မိမိသည် “နှစ်ပေါင်းများစွာ” အသက်ရှင်မည်ဟု သူတွေးတောခဲ့သည်။ သို့သော် သူတွေးတောသည့်အတိုင်းဖြစ်မလာသောကြောင့် အကြောင်းမလှခဲ့ပါ။ အစောပိုင်းတွင် ယေရှုမိန့်တော်မူခဲ့သကဲ့သို့ “လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်” ပါ။ (လုကာ ၁၂:၁၅ကဘ) ထိုညတွင်ပင် ထိုသူလုပ်ဆောင်ခဲ့သမျှအရာအားလုံးကို ရုတ်တရက်ဆုံးရှုံးခဲ့ရသည်၊ အကြောင်းမှာ ဘုရားသခင် သူ့အား ဤသို့ဆို၍ဖြစ်သည်– “အချင်းလူမိုက်၊ ယနေ့ညပင် သင်၏အသက်ကို ရုပ်သိမ်းလိမ့်မည်။ သို့ဖြစ်၍ သင်သိုထားသောအရာများကို မည်သူပိုင်မည်နည်း။”—⁠လုကာ ၁၂:၂၀

၉။ ပုံဥပမာမှလူကို အဘယ့်ကြောင့် လူမိုက်ဟုခေါ်ခဲ့သနည်း။

ဤတွင် ကျွန်ုပ်တို့သည် ယေရှု၏ပုံဥပမာမှ အဓိကအပိုင်းသို့ ရောက်လာပြီဖြစ်သည်။ ဘုရားသခင်က ထိုသူကို လူမိုက်ဟု ခေါ်ခဲ့သည်။ ဓမ္မသစ်ကျမ်း အနက်ဖွင့်အဘိဓာန်အရ အသုံးပြုထားသည့် ဂရိစကားလုံးပုံစံများမှာ “နားလည်မှုကင်းမဲ့သည့်သဘောအမြဲဆောင်” ကြောင်း ရှင်းပြထားသည်။ ဤပုံဥပမာတွင် ဘုရားသခင်အား “အနာဂတ်နှင့်ပတ်သက်သည့် သူဌေး၏ လက်တွေ့မကျသောအကြံအစည်များ” ကိုဖော်ထုတ်ရန် ယင်းစကားလုံးကို အသုံးပြုသူအဖြစ် ဖော်ပြထားကြောင်း အဘိဓာန်ကဆို၏။ ယင်းစကားလုံးသည် စဉ်းစားဉာဏ်ကင်းမဲ့သူကိုမဟုတ်ဘဲ “ဘုရားသခင်အား အားထားမှီခိုဖို့လိုကြောင်း အသိအမှတ်ပြုရန် ငြင်းဆိုသူ” ကိုရည်ညွှန်းသည်။ သူဌေးနှင့်ပတ်သက်သောယေရှု၏ပုံဖော်ချက်က နောက်ပိုင်း အာရှမိုင်းနားမှ လောဒိကိအသင်းတော်ရှိ ပထမရာစုခရစ်ယာန်များထံ ကိုယ်တော်မိန့်တော်မူခဲ့ရာကို သတိရစေ၏– “သင်ကလည်း ‘ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းပူးပြီ။ တစ်စုံတစ်ခုကိုမျှမလို’ ဟုပြောဆို၍ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဖွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်းဖြစ်သည်ကို မသိပါတကား။”—⁠ဗျာ. ၃:၁၇

၁၀။ “ဥစ္စာအများ” ပိုင်ဆိုင်ခြင်းသည် “နှစ်ပေါင်းများစွာ” အသက်ရှင်ရန်အတွက် အာမခံချက် အဘယ်ကြောင့်မဟုတ်သနည်း။

၁၀ ကျွန်ုပ်တို့ ကောင်းစွာနှလုံးသွင်းသင့်သည့် သင်ခန်းစာဖြစ်သည်။ ကျွန်ုပ်တို့သည် “ဥစ္စာအများ” ရရှိရန် ကြိုးစားလုပ်ဆောင်နေ၍ “နှစ်ပေါင်းများစွာ” အသက်ရှင်နိုင်ရေးအတွက် လုပ်ဆောင်ရမည့်အရာများတွင် ပျက်ကွက်နေခြင်းဖြင့် ပုံဥပမာထဲမှ သူဌေးနှင့်တူနေသလော။ (ယောဟန် ၃:၁၆; ၁၇:၃) သမ္မာကျမ်းစာက ဤသို့ဆို၏– “အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ်ဥစ္စာသည် အကျိုးမပေးနိုင်၊” “မိမိစည်းစိမ်ကိုကိုးစားသောသူသည် ရှုံးလိမ့်မည်။” (သု. ၁၁:၄၊ ၂၈) ထို့ကြောင့် ယေရှုက ဤနောက်ဆုံး ဆုံးမစကားကို ပုံဥပမာတွင်ထပ်ဖြည့်ခဲ့၏– “ထို့အတူ ကိုယ့်အတွက် ဘဏ္ဍာကို စုဆောင်းထားသော်လည်း ဘုရားသခင့်ရှေ့တော်တွင် မကြွယ်ဝသောသူသည် ထိုသူဌေးနှင့်တူ၏။”—⁠လုကာ ၁၂:၂၁ကဘ။

၁၁။ လူတစ်ဦး၏မျှော်လင့်ချက်နှင့် လုံခြုံမှုအတွက် ရုပ်ပစ္စည်းပိုင်ဆိုင်ရာများအပေါ် တည်ဆောက်ခြင်းသည် အဘယ်ကြောင့်အချည်းနှီးဖြစ်သနည်း။

၁၁ “ထို့အတူ” ဟူသောယေရှု၏မိန့်ဆိုချက်က မိမိမျှော်လင့်ချက်နှင့် လုံခြုံမှုအတွက် မိမိအသက်တာကို ရုပ်ပစ္စည်းပိုင်ဆိုင်ရာများအပေါ်တွင်သာ တည်ဆောက်သူတို့သည်လည်း ပုံဥပမာပါသူဌေးဖြစ်သည့်အတိုင်း ဖြစ်မည်ဟုဖော်ပြခြင်းဖြစ်သည်။ မှားသည့်အချက်မှာ ‘ကိုယ့်အတွက် ဘဏ္ဍာကိုစုဆောင်းခြင်း’ မဟုတ်ဘဲ ‘ဘုရားသခင့်ရှေ့တော်တွင် မကြွယ်ဝခြင်း’ ဖြစ်သည်။ တပည့်ဖြစ်သူယာကုပ်က ယင်းနှင့်ဆင်တူသောသတိပေးချက်ကို ဤသို့ရေးသားခဲ့၏– “‘ယနေ့ နက်ဖြန် ဤမည်သောမြို့သို့သွားကြကုန်အံ့။ ထိုမြို့၌တစ်နှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင်ပြုကြကုန်အံ့’ ဟုဆိုတတ်သောသူတို့ နားထောင်ကြလော့။” သူတို့အဘယ်အရာလုပ်ဆောင်သင့်သနည်း။ ‘ထာဝရဘုရားသခင်သည် အလိုတော်ရှိ၍ ငါတို့သည်လည်း အသက်ရှင်လျှင် ဤသို့ပြုကြကုန်အံ့၊ ထိုသို့ပြုကြကုန်အံ့ဟု သင်တို့ဆိုသင့်ရာဖြစ်၏။’ (ယာကုပ် ၄:၁၃-၁၅) လူတစ်ဦးသည် မည်မျှပင်ကြွယ်ဝပါစေ၊ မည်မျှပင်ပိုင်ဆိုင်ပါစေ ဘုရားသခင်ရှေ့တော်တွင်မကြွယ်ဝလျှင် ယင်းတို့အားလုံးသည် အချည်းနှီးဖြစ်မည်။ သို့ဆိုလျှင် ဘုရားသခင်ရှေ့တော်တွင် ကြွယ်ဝခြင်းဟူသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။

ဘုရားသခင့်ရှေ့တော်တွင် ကြွယ်ဝသူဖြစ်ရန်

၁၂။ အဘယ်အရာကိုပြုလုပ်ခြင်းက ကျွန်ုပ်တို့ကို ဘုရားသခင့်ရှေ့တော်တွင် ကြွယ်ဝစေမည်နည်း။

၁၂ ယေရှု၏မိန့်တော်မူချက်အရ ဘုရားသခင့်ရှေ့တော်တွင်ကြွယ်ဝသူဖြစ်ခြင်းသည် ကိုယ့်အတွက် ဘဏ္ဍာစုဆောင်းခြင်း သို့မဟုတ် ရုပ်ပစ္စည်းကြွယ်ဝခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အသက်တာ၏ အဓိကအာရုံစိုက်ရာမှာ ရုပ်ပစ္စည်းစုဆောင်းခြင်း သို့မဟုတ် ကျွန်ုပ်တို့ပိုင်ဆိုင်ထားနိုင်သည့်အရာများတွင် ပျော်မွေ့နေခြင်း မဖြစ်သင့်ကြောင်း ယေရှုမိန့်ဆိုခဲ့သည်။ ယင်းအစား ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရာတွင် သို့မဟုတ် တည်ဆောက်ရာတွင် ကျွန်ုပ်တို့၏ပိုင်ဆိုင်ရာများကို အသုံးပြုသင့်သည်။ ယင်းသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင့်ရှေ့တော်တွင်ကြွယ်ဝသူ အမှန်ဖြစ်ပေမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယင်းက ဘုရားသခင်ထံမှကောင်းချီးများစွာရရှိစေသည့် အခွင့်အလမ်းပွင့်သွားသောကြောင့်ဖြစ်သည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ဤသို့ဆိုထား၏– ‘ထာဝရဘုရားသခင်၏ ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။’—⁠သု. ၁၀:၂၂

၁၃။ ယေဟောဝါ၏ကောင်းချီးသည် မည်သည့်နည်းဖြင့် “စည်းစိမ်ကိုဖြစ်စေ” သနည်း။

၁၃ ယေဟောဝါသည် ကိုယ်တော်၏လူတို့အတွက် ကောင်းချီးများသိုမှီးထားတော်မူပြီး ကိုယ်တော်သည် သူတို့အား အကောင်းဆုံးအရာကို အမြဲပေးသနားတော်မူ၏။ (ယာကုပ် ၁:၁၇) ဥပမာ၊ ယေဟောဝါသည် ဣသရေလလူမျိုးအား နေစရာပြည်ပေးရာတွင် ယင်းသည် “နို့နှင့်ပျားရည်စီးသောပြည်” ဖြစ်ခဲ့သည်။ အီဂျစ်ပြည်ကိုလည်း ထိုသို့ပင်ဖော်ပြခဲ့သော်လည်း ဣသရေလလူမျိုးအား ယေဟောဝါပေးသောပြည်သည် အနည်းဆုံး အရေးကြီးသောအချက်တစ်ခုကြောင့် ယင်းနှင့်ခြားနားသည်။ ၎င်းပြည်မှာ ‘သင်တို့၏ဘုရားသခင်ယေဟောဝါ ပြုစုသောပြည်ဖြစ်၏’ ဟုဣသရေလလူတို့အား မောရှေပြောခဲ့၏။ တစ်နည်းပြောရလျှင် ယေဟောဝါသည် သူတို့ကို ကြည့်ရှုစောင့်ရှောက်သောကြောင့် အောင်မြင်ကြီးပွားကြမည်ဖြစ်သည်။ ဣသရေလလူမျိုး ယေဟောဝါအပေါ် တည်ကြည်နေသရွေ့ကာလပတ်လုံး သူတို့ကို ကိုယ်တော် ကြွယ်ဝစွာကောင်းချီးပေးခဲ့ပြီး ဝန်းကျင်ရှိလူမျိုးအားလုံးထက် ပို၍သာလွန်သောအသက်တာလမ်းစဉ်တွင် ပျော်မွေ့ခဲ့ကြသည်။ မှန်ပါသည်၊ ယေဟောဝါ၏ကောင်းချီးသည် “စည်းစိမ်ကိုဖြစ်စေ” သည်။—⁠တောလည်ရာ ၁၆:၁၃; တရားဟောရာ ၄:၅-၈; ၁၁:၈-၁၅

၁၄။ ဘုရားသခင့်ရှေ့တော်တွင် ကြွယ်ဝသူတို့သည် အဘယ်အရာ၌ ပျော်မွေ့ကြသနည်း။

၁၄ ‘ဘုရားသခင့်ရှေ့တော်တွင် ကြွယ်ဝ’ ဟူသည့်အသုံးအနှုန်းကို ‘ဘုရားသခင့်အမြင်တွင် ကြွယ်ဝ’ (Today’s English Version) သို့မဟုတ် ‘ဘုရားသခင့်မျက်မှောက်တော်တွင် ကြွယ်ဝ’ (The New Testament in Modern English, by J. B. Phillips) ဟူ၍လည်း ပြန်ဆိုကြသည်။ ရုပ်ပစ္စည်းကြွယ်ဝချမ်းသာသူတို့သည် အများအားဖြင့် အခြားသူတို့၏ရှေ့တွင် ထင်ပေါ်စေရန် အာရုံစိုက်ကြသည်။ ယင်းကို သူတို့၏အသက်တာလမ်းစဉ်တွင် တွေ့ရလေ့ရှိသည်။ သူတို့သည် သမ္မာကျမ်းစာတွင်ဖော်ပြထားသော ‘လောကစည်းစိမ်၌ဝါကြွားခြင်း’ အားဖြင့် လူတို့၏အထင်ကြီးမှုကိုခံလိုကြသည်။ (၁ ယောဟန် ၂:၁၆) ယင်းနှင့်ဆန့်ကျင်လျက် ဘုရားသခင်ရှေ့တော်၌ကြွယ်ဝသူတို့သည် ဘုရားသခင်နှစ်သက်လက်ခံမှု၊ မျက်နှာသာ၊ အလျှံပယ်ပေးတော်မူသော မဟာကြင်နာမှုနှင့် ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးရှိခြင်းတို့တွင် ပျော်မွေ့ကြသည်။ ထူးမြတ်လှသော ထိုအနေအထားတွင်ရှိသည့်အတွက် မည်သည့်ရုပ်ပစ္စည်းမဆိုက ပေးစွမ်းနိုင်သောအရာထက် ပို၍ပျော်ရွှင်၊ လုံခြုံသည်ဟု သူတို့အမှန်ခံစားရကြသည်။ (ဟေရှာယ ၄၀:၁၁) မေးစရာမေးခွန်းမှာ ကျွန်ုပ်တို့သည် ဘုရားသခင့်မျက်မှောက်တော်တွင် ကြွယ်ဝသူဖြစ်ရန် အဘယ်အရာလုပ်ဆောင်ရမည်နည်း ဖြစ်သည်။

ဘုရားသခင့်မျက်မှောက်တော်တွင် ကြွယ်ဝသူဖြစ်ပါ

၁၅။ ဘုရားသခင့်ရှေ့တော်တွင် ကြွယ်ဝသူဖြစ်ရန် ကျွန်ုပ်တို့ အဘယ်အရာ ပြုလုပ်ရမည်နည်း။

၁၅ ယေရှု၏ပုံဥပမာမှလူသည် မိမိချမ်းသာကြွယ်ဝရေးအတွက်သာကြံစည်၍ ကြိုးစားခဲ့ခြင်းကြောင့် လူမိုက်ဟုအခေါ်ခံခဲ့ရသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင့်ရှေ့တော်တွင် ကြွယ်ဝရန်မှာ ဘုရားသခင့်မျက်မှောက်တော်တွင် အမှန်အဖိုးထိုက်သော၊ အမှန်အရေးပါသောလုပ်ဆောင်မှုများတွင် ကြိုးစားလုပ်ဆောင်ရန်၊ အပြည့်အဝပါဝင်ရန် ကြိုးစားရမည်။ ယင်းတို့ထဲတွင် ယေရှု၏ဤအမိန့်လည်း ပါဝင်သည်– ‘သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလော့။’ (မဿဲ ၂၈:၁၉) ကျွန်ုပ်တို့၏အချိန်၊ ခွန်အား၊ စွမ်းရည်တို့ကို ကိုယ်ကြီးပွားတိုးတက်ဖို့အတွက်မသုံးဘဲ ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် အသုံးပြုခြင်းကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းနှင့် နှိုင်းယှဉ်နိုင်ပါသည်။ ထိုသို့ပြုလုပ်သူတို့သည် အောက်ဖော်ပြပါတွေ့ကြုံမှုများအတိုင်း ဝိညာဉ်ရေးအကျိုးအမြတ်များစွာကို ရိတ်သိမ်းရကြသည်။—⁠သု. ၁၉:၁၇

၁၆၊ ၁၇။ ဘုရားသခင့်မျက်မှောက်တော်တွင် ကြွယ်ဝသူဖြစ်စေသည့် ဘဝလမ်းစဉ်ကိုဖော်ပြရန် အဘယ်တွေ့ကြုံမှုများကို သင်ပြောပြနိုင်သနည်း။

၁၆ အာရှနိုင်ငံတစ်ခုမှ ခရစ်ယာန်အမျိုးသားတစ်ဦး၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူသည် ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်၍ ဝင်ငွေကောင်းသောအလုပ်ရှိသည်။ သို့သော် သူ၏အလုပ်မှာ အချိန်ပြည့်နီးပါးဖြစ်ကာ ယင်းကြောင့် ဝိညာဉ်ရေးတွင် အားနည်းခဲ့သည်။ နောက်ဆုံးတွင် သူ၏အလုပ်ကို ဆက်လုပ်ဖို့ကြိုးစားမည့်အစား ဝိညာဉ်ရေးလိုအပ်ရာများ၊ တာဝန်များကိုလုပ်ဆောင်ရန် အချိန်ပိုရစေဖို့ ယင်းအလုပ်မှထွက်လိုက်ကာ ရေခဲမုန့်လုပ်ပြီး လမ်းပေါ်တွင်ရောင်းသည့်အလုပ်ကို လုပ်ခဲ့သည်။ ယခင်အလုပ်ဖော်များက သူ့ကိုပြောင်လှောင်ကြသော်လည်း အကျိုးရလဒ်မှာအဘယ်နည်း။ သူဤသို့ပြော၏– “တကယ်ဆိုရင် ကွန်ပျူတာအလုပ်လုပ်တာထက် ကျွန်တော်ငွေကြေးပိုအဆင်ပြေတယ်။ အရင်အလုပ်မှာတုန်းကရှိခဲ့တဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေမရှိတဲ့အတွက် ပိုပြီးပျော်တယ်။ အရေးအကြီးဆုံးကတော့ အခု ကျွန်တော် ယေဟောဝါနဲ့ပိုရင်းနှီးလာတယ်လို့ ခံစားရတယ်။” ထိုအပြောင်းအလဲက ဤခရစ်ယာန်ညီအစ်ကိုအား အချိန်ပြည့်အမှုဆောင်လုပ်ငန်းတွင် ပါဝင်စေနိုင်ခဲ့ပြီး ယခုသူသည် သူ့နိုင်ငံရှိ ယေဟောဝါသက်သေတို့၏ ဌာနခွဲရုံးတွင် အမှုဆောင်လျက်ရှိသည်။ ယေဟောဝါ၏ကောင်းချီးမင်္ဂလာသည် အမှန်ပင် “စည်းစိမ်ကိုဖြစ်စေ” သည်။

၁၇ နောက်ဥပမာတစ်ခုမှာ ပညာရေးကို အလွန်အလေးထားသောမိသားစုတွင် ကြီးပြင်းလာသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူသည် ပြင်သစ်၊ မက္ကဆီကို၊ ဆွစ်ဇာလန်တို့တွင် တက္ကသိုလ်တက်ရောက်ခဲ့ပြီး အလုပ်ကောင်းတစ်ခုရရန် အလားအလာရှိခဲ့သည်။ သူဤသို့ပြော၏– “အောင်မြင်မှုက ကျွန်မကိုဆီးကြိုနေတယ်၊ ဂုဏ်ပကာသနနဲ့ အခွင့်အရေးတွေ ကျွန်မဘေးမှာ ဝိုင်းနေတယ်။ ဒါပေမဲ့ ကျွန်မရဲ့စိတ်ထဲမှာ ကျေနပ်ရောင့်ရဲမှု မရှိခဲ့ဘူး။” ယင်းနောက် သူသည် ယေဟောဝါအကြောင်း သင်ယူခဲ့သည်။ သူဤသို့ပြော၏– “ဝိညာဉ်ရေးမှာတိုးတက်လာတာနဲ့အမျှ ယေဟောဝါရဲ့နှစ်သက်လက်ခံမှုကိုရလိုပြီး ကိုယ်တော် ကျွန်မကိုပေးထားတာတွေထဲကနေပြီး ကိုယ်တော်ကိုပြန်ပေးချင်တဲ့ ကျွန်မရဲ့စိတ်ဆန္ဒဟာ ကိုယ်တော့်အမှုတော်ကို အချိန်ပြည့်ထမ်းဆောင်စေတဲ့လမ်းကို ရှင်းရှင်းလင်းလင်းမြင်အောင် ကူညီပေးခဲ့တယ်။” သူသည် ရာထူးမှနုတ်ထွက်ခဲ့ပြီး မကြာမီတွင် နှစ်ခြင်းခံခဲ့သည်။ သူသည် လွန်ခဲ့သည့်အနှစ် ၂၀ လုံးလုံး အချိန်ပြည့်အမှုဆောင်လုပ်ငန်းတွင် ပျော်ရွှင်စွာပါဝင်ခဲ့သည်။ သူဤသို့ပြောပြ၏– “တချို့သူတွေကတော့ ကျွန်မဟာ ကျွန်မရဲ့အစွမ်းအစတွေကို အလဟဿဖြစ်စေတယ်လို့ထင်ကြတယ်၊ ဒါပေမဲ့ ကျွန်မပျော်ရွှင်နေတယ်ဆိုတာကို သူတို့အသိအမှတ်ပြုကြတယ်၊ ကျွန်မရဲ့အသက်တာလမ်းစဉ်ကို သူတို့ချီးမွမ်းကြတယ်။ ယေဟောဝါရဲ့မျက်နှာသာရဖို့အတွက် ကျွန်မမှာ နှိမ့်ချစိတ်ရှိအောင်ကူညီပေးဖို့ နေ့တိုင်း ယေဟောဝါဆီ ဆုတောင်းတယ်။”

၁၈။ တမန်တော်ပေါလုကဲ့သို့ ကျွန်ုပ်တို့သည် ဘုရားသခင့်ရှေ့တော်တွင် မည်သို့ကြွယ်ဝနိုင်သနည်း။

၁၈ တမန်တော်ပေါလုဖြစ်လာသူ ရှောလုတွင် ဝင်ငွေကောင်းသောအလုပ်ရရှိမည့် အလားအလာရှိခဲ့သည်။ သို့သော် နောက်ပိုင်း သူဤသို့ရေးခဲ့၏– “ငါ၏သခင်ယေရှုခရစ်ကိုသိသောပညာသည် အဘယ်မျှလောက်မြတ်သည်ကိုထောက်၍ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ငါထင်မှတ်၏။” (ဖိလိပ္ပိ ၃:၈-၁၀) တမန်တော်ပေါလုအဖို့ ခရစ်တော်အားဖြင့် သူရရှိခဲ့သောဘဏ္ဍာသည် လောကမှကမ်းလှမ်းနိုင်သည့် မည်သည့်အရာထက်မဆို သာလွန်ကောင်းမြတ်သည်။ အလားတူပင် အတ္တဆန်သည့်ရည်မှန်းချက်များကို စွန့်လွှတ်ပြီး ဘုရားသခင်အမှုတော်ဆောင်ခြင်း၌ မွေ့လျော်သည့်အသက်တာကို လိုက်စားခြင်းဖြင့် ကျွန်ုပ်တို့လည်း ဘုရားသခင့်မျက်မှောက်တော်တွင် ကြွယ်ဝသည့်အသက်တာဖြင့် ပျော်မွေ့နိုင်ကြပါသည်။ ဘုရားသခင့်နှုတ်မြွက်တော်က ဤသို့အာမခံထား၏– ‘စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားသခင်ကိုကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကိုရတတ်၏။’—⁠သု. ၂၂:၄

သင်ရှင်းပြနိုင်သလော

• ယေရှု၏ပုံဥပမာပါလူတွင် အဘယ်ပြဿနာရှိသနည်း။

• ပုံဥပမာပါလူသည် လူမိုက်ဟု အဘယ်ကြောင့် အခေါ်ခံခဲ့ရသနည်း။

• ဘုရားသခင့်ရှေ့တော်တွင်ကြွယ်ဝခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။

• ကျွန်ုပ်တို့သည် ဘုရားသခင့်ရှေ့တော်တွင် မည်သို့ကြွယ်ဝလာနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ဤသူဌေးသည် လူမိုက်ဟု အဘယ်ကြောင့် အခေါ်ခံခဲ့ရသနည်း

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

တိုးတက်ကြီးပွားမည့်အခွင့်အရေးများသည်တကယ့်စမ်းသပ်မှုတစ်ခု မည်သို့ဖြစ်လာနိုင်သနည်း

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

‘ယေဟောဝါ၏ကောင်းချီးမင်္ဂလာသည်စည်းစိမ်ကိုဖြစ်စေ’