မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲခက်ခဲမှုကို ခံရပ်ခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်

ဆင်းရဲခက်ခဲမှုကို ခံရပ်ခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်

ဆင်းရဲခက်ခဲမှုကို ခံရပ်ခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်

“ခံနိုင်ရည်ရှိသူများအား ပျော်ရွှင်သူများဟူ၍ ငါတို့ခေါ်ကြ၏။”—ယာကုပ် ၅:၁၁၊ ကဘ။

၁၊ ၂။ ယေဟောဝါသည် လူကို ဆင်းရဲခက်ခဲမှုမခံစားစေလိုကြောင်း အဘယ်အရာက ဖော်ပြသနည်း။

မည်သည့်သာမန်လူသားတစ်ဦးမျှ ဆင်းရဲခက်ခဲမှုကို မခံစားလိုသကဲ့သို့ ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည်လည်း လူသားတို့ကို ဆင်းရဲခက်ခဲမှု မခံစားစေလိုပေ။ ကိုယ်တော်၏နှုတ်မြွက်တော်ကို ဆန်းစစ်ကာ လူယောက်ျားနှင့်မိန်းမကို ဖန်ဆင်းပြီးနောက် ဖြစ်ပျက်ခဲ့ရာကို ဂရုပြုမည်ဆိုလျှင် ယင်းကို သိရှိနိုင်သည်။ ဦးစွာ ဘုရားသခင်သည် လူကိုဖန်ဆင်း၏။ “ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင် လူသည် အသက်ရှင်သောသတ္တဝါဖြစ်လေ၏။” (ကမ္ဘာဦး ၂:၇) အာဒံသည် ခန္ဓာပိုင်းနှင့်စိတ်ပိုင်း စုံလင်သူတစ်ဦးဖြစ်ပြီး ဖျားနာမည်မဟုတ်သည့်အပြင် သေမည်လည်းမဟုတ်ပေ။

အာဒံ၏ဘဝအခြေအနေကော မည်သို့ရှိသနည်း။ “ဘုရားသခင်သည်လည်း အရှေ့မျက်နှာ ဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင် ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌နေရာချတော်မူ၏။ ထိုမြေထဲကအဆင်းလှ၍ စားဖွယ်ကောင်းသောအပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။” (ကမ္ဘာဦး ၂:၈၊ ၉) မှန်ပါသည်၊ အာဒံသည် အထူးကောင်းမွန်လှသောစံအိမ်တွင် နေထိုင်ခဲ့ရသည်။ ဧဒင်တွင် ဆင်းရဲခက်ခဲမှုဟူ၍ မရှိပေ။

၃။ ပထမလူသားမောင်နှံသည် အဘယ်အလားအလာများ ရရှိထားသနည်း။

ကမ္ဘာဦး ၂:၁၈ တွင် ဤသို့ဆို၏– “ဘုရားသခင်ကလည်း ‘ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်တော်သောအထောက်အမကို သူ့ဖို့ငါလုပ်ဦးမည်’ ဟုအကြံရှိတော်မူ၏။” ယေဟောဝါသည် အာဒံအတွက် စုံလင်သောမိန်းမကို ဖန်ဆင်းပေးခြင်းဖြင့် ပျော်ရွှင်သောမိသားစုဘဝ ခံစားစေခဲ့သည်။ (ကမ္ဘာဦး ၂:၂၁-၂၃) ထို့ပြင် “‘အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့’ . . . ဟုမိန့်တော်မူ၍ သူတို့ကိုကောင်းချီးပေးတော်မူ၏။” (ကမ္ဘာဦး ၁:၂၈) ပထမလူသားမောင်နှံသည် ဧဒင်ဥယျာဉ်ကို ကမ္ဘာတစ်ခွင် တိုးချဲ့သွားရမည့် အခွင့်ထူးရရှိထား၏။ သို့ဖြင့် အချိန်တန်သောအခါ ကမ္ဘာတစ်ခွင်လုံး ပရဒိသုဖြစ်လာပေမည်။ ဆင်းရဲခက်ခဲမှုကင်းဝေးကာ ပျော်ရွှင်သောသားသမီးများ မွေးဖွားကြမည်။ လှပတင့်တယ်သော မူလအစပါတကား!—ကမ္ဘာဦး ၁:၃၁

ဆင်းရဲခက်ခဲမှု အစပြု

၄။ သမိုင်းတစ်လျှောက် လူသားတို့နှင့်ပတ်သက်၍ အဘယ်အရာထင်ရှားနေသနည်း။

သို့သော် သမိုင်းတစ်လျှောက် လူ့မိသားစု၏အခြေအနေကို ပြန်သုံးသပ်ကြည့်လျှင် တစ်စုံတစ်ရာသည် အကြီးအကျယ်မှားယွင်းခဲ့ကြောင်း ထင်ရှား၏။ မကောင်းမှုများ ဖြစ်ပေါ်လာပြီး လူ့မိသားစုသည် အကြီးအကျယ်ဆင်းရဲခက်ခဲရလေသည်။ ရာစုနှစ်များတစ်လျှောက် အာဒံနှင့်ဧဝ၏သားစဉ်မြေးဆက်များသည် ဖျားနာလာပြီး အိုမင်းလာကာ နောက်ဆုံးတွင် သေဆုံးကြရသည်။ ကမ္ဘာမြေသည် ပျော်ရွှင်သောလူသားများနေထိုင်ရာ ပရဒိသုအခြေအနေနှင့် လွန်စွာကွာခြားခဲ့သည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ ရောမ ၈:၂၂ တွင် “ဤလောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည်” ဟုအတိအကျဖော်ပြထားသည်။

၅။ လူ့မိသားစု ဆင်းရဲခက်ခဲမှုခံစားရခြင်းတွင် ကျွန်ုပ်တို့၏ကနဦးမိဘများ မည်သို့ပါဝင်ပတ်သက်ခဲ့သနည်း။

များပြားလှသောဆင်းရဲခက်ခဲမှုများ ဤမျှကြာမြင့်စွာရှိနေခြင်းအတွက် ယေဟောဝါတွင် တာဝန်မရှိပါ။ (၂ ဓမ္မရာဇဝင် ၂၂:၃၁) တာဝန်ရှိသူများတွင် လူသားများ ပါဝင်သည်။ “သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ်ဖွယ်သောအမှုကို ပြုတတ်ကြ၏။” (ဆာလံ ၁၄:၁) မူလက ကျွန်ုပ်တို့၏ကနဦးမိဘများသည် ကောင်းသောအရာများကိုသာ ရရှိခဲ့ကြ၏။ ယင်းတို့ကိုဆက်ရရှိနိုင်ရန် ဘုရားသခင်ကိုနာခံဖို့လိုသည်။ သို့သော် အာဒံနှင့်ဧဝသည် ဘုရားသခင်ကိုမမှီခိုဘဲ သီးခြားရပ်တည်သောလမ်းစဉ်ကို ရွေးချယ်ခဲ့ကြ၏။ ကနဦးမိဘများသည် ယေဟောဝါထံမှ ဝေးကွာသွားသောကြောင့် စုံလင်မှုမရှိကြတော့ပေ။ သေဆုံးသည်အထိ တဖြည်းဖြည်း ယိုယွင်းဆုတ်ယုတ်လာကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့လည်း မစုံလင်မှုကို အမွေဆက်ခံရကြသည်။—ကမ္ဘာဦး ၃:၁၇-၁၉; ရောမ ၅:၁၂

၆။ ဆင်းရဲခက်ခဲမှုအစပြုခြင်းတွင် စာတန် မည်သို့ပါဝင်ပတ်သက်ခဲ့သနည်း။

စာတန်ဟုခေါ်သော ဝိညာဉ်သတ္တဝါတစ်ပါးကြောင့်လည်း ဆင်းရဲခက်ခဲမှုများ အစပြုခဲ့ခြင်းဖြစ်၏။ သူသည် လွတ်လပ်စွာရွေးချယ်ခွင့်ရှိသော်လည်း ဝတ်ပြုကိုးကွယ်မှုခံလိုသောကြောင့် ယင်းကို အလွဲသုံးစားပြုခဲ့သည်။ သို့သော် ဖန်ဆင်းရာများကိုမဟုတ်ဘဲ ယေဟောဝါတစ်ပါးတည်းကိုသာ ဝတ်ပြုကိုးကွယ်သင့်သည်။ အာဒံနှင့်ဧဝတို့သည် ယေဟောဝါကိုမမှီခိုလျှင် “ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်” လာနိုင်မည်ဟု စာတန်သွေးဆောင်ခဲ့၏။—ကမ္ဘာဦး ၃:၅

ယေဟောဝါတစ်ပါးတည်းသာ အုပ်စိုးပိုင်ထိုက်

၇။ ယေဟောဝါအားပုန်ကန်ခြင်း၏ အကျိုးဆက်များက အဘယ်အရာကိုဖော်ပြနေသနည်း။

စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါတစ်ပါးတည်းသာ အုပ်ချုပ်ပိုင်ထိုက်ပြီး ကိုယ်တော်၏အုပ်ချုပ်မှုသာလျှင် ဖြောင့်မတ်ကြောင်း ပုန်ကန်မှု၏ဆိုးကျိုးများက ဖော်ပြသည်။ “ဤလောကကိုအစိုးရသောမင်း” စာတန်သည် ကျေနပ်ရောင့်ရဲမှုလုံးဝမပေးနိုင်သည့် ဆိုးသွမ်းသော၊ မဖြောင့်မတ်သော၊ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာမှ ဖြစ်ရပ်များက သက်သေထူနေ၏။ (ယောဟန် ၁၂:၃၁) စာတန့်ထိန်းချုပ်မှုအောက်တွင် ကြာမြင့်စွာတည်ရှိခဲ့သော စိတ်ပျက်ဖွယ်လူ့အုပ်ချုပ်မှုကလည်း လူတို့သည် ဖြောင့်မတ်စွာအုပ်ချုပ်နိုင်စွမ်းမရှိကြောင်း ဖော်ပြနေသည်။ (ယေရမိ ၁၀:၂၃) ထို့ကြောင့် ယေဟောဝါ၏အုပ်ချုပ်မှုမှလွဲ၍ မည်သည့်အုပ်ချုပ်မှုမျှ အောင်မြင်မည်မဟုတ်ပေ။ ယင်းသည် မှန်ကန်ကြောင်း သမိုင်းက သက်သေထူလျက်ရှိသည်။

၈။ လူ့အုပ်ချုပ်မှုအားလုံးနှင့်ပတ်သက်၍ ယေဟောဝါ၏ရည်ရွယ်ချက်ကား အဘယ်နည်း၊ ထိုရည်ရွယ်ချက်ကို မည်သို့အကောင်အထည်ဖော်မည်နည်း။

ယေဟောဝါသည် မိမိအားအမှီမပြုသောအုပ်ချုပ်မှုများကို စမ်းသပ်ရန် လူသားများကို နှစ်ထောင်ပေါင်းများစွာ ခွင့်ပြုခဲ့ပြီ။ ထို့ကြောင့် ယင်းအုပ်ချုပ်မှုအားလုံးကို ကမ္ဘာပေါ်မှဖယ်ရှားပြီးနောက် မိမိ၏အုပ်ချုပ်မှုဖြင့် အစားထိုးခြင်းသည် တရားမျှတပါသည်။ ယင်းနှင့်ပတ်သက်၍ ပရောဖက်ပြုချက်တစ်ခုက ဤသို့ဆို၏– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံ [ခရစ်တော်စိုးစံမည့် ဘုရားသခင့်ကောင်းကင်အုပ်ချုပ်မှု] တစ်ခုကို ထိုမင်းကြီးများ [လူ့အုပ်ချုပ်မှုများ] လက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် . . . အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” (ဒံယေလ ၂:၄၅) နတ်ဆိုးနှင့်လူတို့၏အုပ်ချုပ်မှု အဆုံးတိုင်မည်ဖြစ်ပြီး ဘုရားသခင့်ကောင်းကင်နိုင်ငံတော်သာလျှင် ကမ္ဘာမြေကို အုပ်စိုးပေတော့မည်။ ခရစ်တော်သည် ဘုရင်အဖြစ်၊ မြေကြီးမှရွေးနုတ်သော သစ္စာရှိသူ ၁၄၄,၀၀၀ တို့သည် တွဲဖက်ဘုရင်များအဖြစ် အုပ်စိုးကြလိမ့်မည်။—ဗျာ. ၁၄:၁

ဆင်းရဲခက်ခဲမှုများမှ အကျိုးကျေးဇူးခံစားနိုင်

၉၊ ၁၀။ ယေရှုသည် ဆင်းရဲဝေဒနာခံရခြင်းမှ အဘယ်အကျိုးကျေးဇူးရရှိခဲ့သနည်း။

ကောင်းကင်နိုင်ငံတော်တွင် အုပ်စိုးမည့်သူများ၏ အရည်အသွေးများကို ဆန်းစစ်လေ့လာသင့်ပေသည်။ ဦးစွာ၊ ယေရှုခရစ်သည် ဘုရင်တစ်ပါးအဖြစ် မိမိမည်မျှအရည်အချင်းပြည့်မီကြောင်း ဖော်ပြခဲ့၏။ ကိုယ်တော်သည် မရေမတွက်နိုင်သောနှစ်များတစ်လျှောက် ယေဟောဝါထံပါးတွင် “ကျွမ်းကျင်လုပ်သား” အဖြစ် ခမည်းတော်၏အလိုတော်ကို ထမ်းဆောင်ခဲ့၏။ (သု. ၈:၂၂-၃၁ကဘ) ယေဟောဝါသည် ယေရှုကို မြေကြီးပေါ်သို့စေလွှတ်သောအခါ ကိုယ်တော်လိုလိုလားလားနာခံခဲ့သည်။ မြေကြီးပေါ်တွင် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုနှင့် နိုင်ငံတော်အကြောင်း ဟောပြောခြင်းကို အာရုံစိုက်ခဲ့သည်။ ယေရှုသည် ထိုပိုင်သအုပ်စိုးမှုကို အကြွင်းမဲ့လက်အောက်ခံခြင်းဖြင့် ကျွန်ုပ်တို့အားလုံးအတွက် ပုံသက်သေချမှတ်ခဲ့၏။—မဿဲ ၄:၁၇; ၆:၉

၁၀ ယေရှုသည် နှိပ်စက်ညှဉ်းပန်းခံရပြီး နောက်ဆုံး အသတ်ခံခဲ့ရ၏။ ကိုယ်တော်အမှုဆောင်ချိန်အတွင်း ပတ်ဝန်းကျင်ရှိ လူတို့၏သနားဖွယ်အခြေအနေကို တွေ့မြင်ခဲ့သည်။ ထိုသို့တွေ့မြင်ခြင်းနှင့် ကိုယ်တိုင်ဝေဒနာခံစားရခြင်းမှ အကျိုးကျေးဇူးရရှိခဲ့သလော။ ရရှိခဲ့ပါသည်။ ‘ဘုရားသခင်၏သားတော်မှန်သော်လည်း ဆင်းရဲဝေဒနာကိုခံသောအားဖြင့် နားထောင်ခြင်းအကျိုးအကြောင်းကို သင်တော်မူ၏’ ဟု ဟေဗြဲ ၅:၈ ကဆိုသည်။ မြေကြီးပေါ်ရှိစဉ် ယေရှုတွေ့ကြုံခံစားခဲ့ရာများက ကိုယ်တော့်ကို ပို၍နားလည်မှုရှိသူ၊ ပို၍စာနာသနားတတ်သူ ဖြစ်စေခဲ့သည်။ လူ့မိသားစု၏အခြေအနေကိုလည်း ကိုယ်တွေ့ခံစားခဲ့ရသည်။ ထို့ကြောင့် ဆင်းရဲခက်ခဲသူများကို ကိုယ်ချင်းစာပေးနိုင်ပြီး သူတို့ကိုကယ်တင်ရန်ကြွလာသည့် မိမိ၏တာဝန်ကို ပို၍လေးမြတ်နားလည်လာသည်။ ထိုအကြောင်းကို ဟေဗြဲကျမ်းစောင်တွင် ပေါလု ဤသို့အလေးပေးဖော်ပြခဲ့၏– ‘ခရစ်တော်သည် လူတို့၏အပြစ်ဖြေစရာအကြောင်းကိုစီရင်၍ ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့၌ ကရုဏာနှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်းပြည့်စုံသော ယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှာ မိမိ “ညီအစ်ကို” တို့နှင့် လုံးလုံးတူရသောအကြောင်းရှိ၏။ ထိုသို့ စုံစမ်းနှောင့်ယှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ဆင်းရဲခြင်း၌ကျင်လည်သောကြောင့် စုံစမ်းနှောင့်ယှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကိုမစခြင်းငှာ တတ်နိုင်တော်မူ၏။’ ‘ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဝေဒနာများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင် အပြစ်နှင့် ကင်းလွတ်တော်မူ၏။ ထို့ကြောင့် ငါတို့သည် သနားခြင်းကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်းကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။’—ဟေဗြဲ ၂:၁၇၊ ၁၈; ၄:၁၄-၁၆; မဿဲ ၉:၃၅၊ ၃၆; ၁၁:၂၈-၃၀

၁၁။ မြေကြီးပေါ်ရှိစဉ် တွေ့ကြုံခံစားခဲ့ရာများက အနာဂတ်တွင် ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်ဖြစ်မည့်သူတို့ကို မည်သို့အကျိုးပြုသနည်း။

၁၁ ကောင်းကင်နိုင်ငံတော်တွင် ယေရှုခရစ်နှင့်အတူ တွဲဖက်ဘုရင်များအဖြစ် အုပ်စိုးရန် မြေကြီးမှ “ရွေးနုတ်” သူ ၁၄၄,၀၀၀ နှင့်ပတ်သက်၍လည်း ထပ်တူဆိုနိုင်ပါသည်။ (ဗျာ. ၁၄:၄) သူတို့အားလုံးသည် မြေကြီးပေါ်တွင် မွေးဖွားလာကြပြီး ဆင်းရဲခက်ခဲမှုပြည့်နှက်နေသောဝန်းကျင်တွင် ကြီးပြင်းလာကာ ကိုယ်တိုင်လည်း ဆင်းရဲခက်ခဲမှုများ ခံစားခဲ့ရသည်။ ယေဟောဝါကို သစ္စာတည်ကြည်ပြီး ယေရှုနောက်သို့ လိုက်လိုကြသောကြောင့် သူတို့အများစုသည် နှိပ်စက်ညှဉ်းပန်းခံရကာ အချို့မှာ အသတ်ပင်ခံရသည်။ သို့သော် သူတို့သည် ‘သခင်ဘုရား၏အကြောင်းကို သက်သေခံရန်မရှက်ဘဲ သတင်းကောင်းအတွက် ဆင်းရဲ’ ခံခဲ့ကြသည်။ (၂ တိမောသေ ၁:၈ခမ) မြေကြီးပေါ်တွင် သူတို့တွေ့ကြုံခံစားခဲ့ရာများက လူ့မိသားစုကို ကောင်းကင်မှစစ်ကြောစီရင်ရန် အထူးသဖြင့် အရည်အချင်းပြည့်မီစေသည်။ သူတို့သည် ပို၍ကိုယ်ချင်းစာနာတတ်၊ သနားကြင်နာတတ်လာပြီး လူတို့ကို ကူညီလိုစိတ်ပြင်းပြကြသည်။—ဗျာ. ၅:၁၀; ၁၄:၂-၅; ၂၀:၆

မြေကြီးမျှော်လင့်ချက်ရှိသူတို့၏ ပျော်ရွှင်မှု

၁၂၊ ၁၃။ မြေကြီးမျှော်လင့်ချက်ရှိသူများသည် ဆင်းရဲခက်ခဲမှုများမှ မည်သို့အကျိုးကျေးဇူးခံစားရနိုင်သနည်း။

၁၂ ဖျားနာခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ သေခြင်းမရှိတော့မည့် မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက်ရှိသူများကို လက်ရှိဆင်းရဲခက်ခဲမှုများက အကျိုးပြုနိုင်သလော။ ဆင်းရဲခက်ခဲမှုကြောင့် ခံစားရသော နာကျင်မှုဝေဒနာသည် နှစ်သက်စရာမကောင်းသည်မှာ သေချာသည်။ သို့သော် ထိုသို့သောဆင်းရဲခက်ခဲမှုများကို ကြံ့ကြံ့ခံရပ်တည်သောအခါ အရည်အသွေးကောင်းများ တိုးများလာပြီး ပျော်ရွှင်စေနိုင်သည်။

၁၃ ယင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဆိုကြောင်း သုံးသပ်ကြည့်ပါ– “ဖြောင့်မတ်ခြင်းတရားကြောင့် ဆင်းရဲခံရလျှင်မူကား မင်္ဂလာရှိကြ၏။” * “ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ၏။” (၁ ပေတရု ၃:၁၄; ၄:၁၄) “ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။” (မဿဲ ၅:၁၁၊ ၁၂) “စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စစ်ကြောစုံစမ်းခြင်းကိုခံပြီးမှ သခင်ဘုရားကိုချစ်သောသူတို့အား ကတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်။”—ယာကုပ် ၁:၁၂

၁၄။ ဆင်းရဲခက်ခဲမှုများက ယေဟောဝါအား ဝတ်ပြုသူများကို အဘယ်နည်းဖြင့် ပျော်ရွှင်စေသနည်း။

၁၄ ကျွန်ုပ်တို့ခံစားရသော ဆင်းရဲခက်ခဲမှုက ကျွန်ုပ်တို့ကိုပျော်ရွှင်စေသည် မဟုတ်ပေ။ ယင်းအစား ယေဟောဝါ၏အလိုတော်ကို ထမ်းဆောင်သောကြောင့်၊ ယေရှု၏ပုံသက်သေကို လိုက်သောကြောင့် ဆင်းရဲခံရသည်ကို သိရှိခြင်းက ပျော်ရွှင်ကျေနပ်မှု ခံစားရစေသည်။ ဥပမာ၊ ပထမရာစုတွင် တမန်တော်အချို့သည် ယေရှုခရစ်အကြောင်း ဟောပြောသောကြောင့် ထောင်ချခံရ၊ ဂျူးအထက်တရားရုံးသို့ ပို့ဆောင်ခံရပြီး လူသိရှင်ကြားရှုတ်ချခံရကြသည်။ သူတို့ကို ရိုက်နှက်ပြီးနောက် ပြန်လွှတ်လိုက်သည်။ သူတို့ မည်သို့ခံစားခဲ့ရသနည်း။ “တမန်တော်တို့သည်လည်း သခင်ယေရှု၏နာမကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကိုခံထိုက်ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏” ဟုကျမ်းစာမှတ်တမ်းကဆိုသည်။ (တမန်တော် ၅:၁၇-၄၁) ရိုက်နှက်ခံရပြီး နာကျင်မှုခံစားရသောကြောင့် သူတို့ပျော်ရွှင်ခဲ့ခြင်းမဟုတ်ပါ။ ယေဟောဝါကို သမာဓိစောင့်သိပြီး ယေရှု၏ခြေရာကို လိုက်လျှောက်ခြင်းကြောင့် ယင်းသို့ခံရကြောင်း သိရှိ၍ ပျော်ရွှင်ခဲ့ခြင်းဖြစ်သည်။—တမန်တော် ၁၆:၂၅; ၂ ကောရိန္သု ၁၂:၁၀; ၁ ပေတရု ၄:၁၃

၁၅။ ဆင်းရဲခက်ခဲမှုများကို ယခုခံရပ်ခြင်းက အနာဂတ်တွင် ကျွန်ုပ်တို့ကို မည်သို့အကျိုးပြုနိုင်သနည်း။

၁၅ ကျွန်ုပ်တို့သည် ဆန့်ကျင်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုတို့ကို သဘောထားမှန်ဖြင့်ခံရပ်ပါက ခံနိုင်ရည်တိုးပွားလာစေနိုင်သည်။ ယင်းက အနာဂတ်တွင်ကြုံရမည့် ဆင်းရဲခက်ခဲမှုများကိုလည်း ခံရပ်စေနိုင်သည်။ ကျမ်းစာက ဤသို့ဆို၏– “ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် [“ခံနိုင်ရည်၊” ကဘ] ကိုပွားစေတတ်သည်ဟုသိမှတ်လျက် အထူးထူးအပြားပြားစုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ ဝမ်းမြောက်စရာအကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။” (ယာကုပ် ၁:၂၊ ၃) အလားတူ၊ ရောမ ၅:၃-၅ တွင်လည်း ‘ဆင်းရဲခြင်းကိုခံ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား ဆင်းရဲခြင်းသည် [“ခံနိုင်ရည်၊” ကဘ] ကိုပြုစုတတ်၏။ ခံနိုင်ရည်သည်လည်း သက်သေထင်ရှားခြင်းကိုပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မျှော်လင့်ခြင်းကိုပြုစုတတ်၏။ ထိုမျှော်လင့်ခြင်းသည် ရှက်ကြောက်စရာအကြောင်းနှင့်ကင်းလွတ်၏’ ဟုဆိုသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်ယာန်လမ်းစဉ်ကြောင့် စုံစမ်းမှုများကို ယခု ပို၍ခံရပ်လေ ဤအစီအစဉ်စနစ်ဆိုးတွင် နောက်ထပ်ကြုံတွေ့ရမည့် စုံစမ်းမှုများကို ခံရပ်နိုင်ရန် ပို၍အသင့်ရှိလေဖြစ်မည်။

ဆုံးရှုံးခဲ့ရာများကို ယေဟောဝါ ပြန်ဆပ်ပေးမည်

၁၆။ အနာဂတ်တွင် ဘုရင်နှင့်ယဇ်ပုရောဟိတ်ဖြစ်လာမည့်သူများ၏ ဆင်းရဲခက်ခဲမှုများကို အစားလျော်ပေးရန် ယေဟောဝါ အဘယ်အရာလုပ်ဆောင်မည်နည်း။

၁၆ ခရစ်ယာန်လမ်းစဉ်ကို လိုက်လျှောက်သောအခါ ဆန့်ကျင်မှု၊ နှိပ်စက်ညှဉ်းပန်းမှုခံရသောကြောင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးရလျှင်ပင် ကျွန်ုပ်တို့ကို ယေဟောဝါ ကြွယ်ဝစွာဆုချမည်ကို သိရှိခြင်းဖြင့် ကျေနပ်ပျော်ရွှင်နိုင်ပါသည်။ ဥပမာ၊ ကောင်းကင်မျှော်လင့်ချက်ရှိသူအချို့ကို တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “သင်တို့သည် . . . ကိုယ်ပစ္စည်းဥစ္စာများကို သူတစ်ပါးလုယူဖျက်ဆီးသော်လည်း ကိုယ်သုံးစရာဖို့ ကောင်းကင်ဘုံ၌ [ဘုရားသခင့်နိုင်ငံတော်တွင် အုပ်ချုပ်သူများအဖြစ်] သာ၍မြတ်သော အမြဲတည်သောဘဏ္ဍာရှိသည်ကိုသိ၍ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သောစိတ်နှင့်ဝန်ခံကြ၏။” (ဟေဗြဲ ၁၀:၃၄) ကမ္ဘာသစ်တွင် ယေဟောဝါနှင့်ခရစ်တော်၏လမ်းညွှန်မှုအောက် လူသားများကို ထူးမြတ်သောကောင်းချီးများ ဝေမျှပေးသည့်အခါ သူတို့၏ဝမ်းမြောက်မှုကို မြင်ယောင်ကြည့်ပါ။ သစ္စာရှိခရစ်ယာန်များထံရေးသော တမန်တော်ပေါလု၏ ဤစကားများ မှန်ကန်လှသည်– ‘ငါတို့အား ပေါ်ထွန်းလတ္တံ့သောဘုန်းကိုထောက်သော် ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။’—ရောမ ၈:၁၈

၁၇။ ယခု ယေဟောဝါအား သစ္စာရှိစွာဝတ်ပြုနေသော မြေကြီးမျှော်လင့်ချက်ရှိသူများကို ကိုယ်တော် အဘယ်အရာလုပ်ဆောင်ပေးမည်နည်း။

၁၇ မြေကြီးမျှော်လင့်ချက်ရှိသူများလည်းယေဟောဝါအား ဝတ်ပြုသည့်အတွက် ယခု မည်သည့်အရာဆုံးရှုံးခဲ့ပါစေ၊ မည်သည့်အရာကိုပင် လိုလိုလားလားစွန့်လွှတ်ခဲ့ပါစေ အနာဂတ်တွင် သူတို့ကို ကိုယ်တော် အလွန်ကြွယ်ဝစွာဆုချတော်မူမည်။ သူတို့ကို မြေကြီးပရဒိသုတွင် စုံလင်သောထာဝရအသက် ပေးသနားတော်မူမည်။ ထိုကမ္ဘာသစ်တွင် ယေဟောဝါသည် “သူတို့၏ မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။” (ဗျာ. ၂၁:၄) ထူးမြတ်လှသောကတိတော်ပါတကား! လက်ရှိလောကတွင် ယေဟောဝါအတွက် ကျွန်ုပ်တို့ လိုလိုလားလားစွန့်လွှတ်ခဲ့ရာဖြစ်စေ၊ ဆုံးရှုံးခဲ့ရာဖြစ်စေ မည်သည့်အရာကမျှ ဆင်းရဲခက်ခဲမှုများကိုခံရပ်ကြသော သစ္စာရှိကျေးကျွန်များအား ကိုယ်တော်ပေးမည့် အံ့ချီးဖွယ်အသက်တာနှင့် နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။

၁၈။ ယေဟောဝါသည် သမ္မာကျမ်းစာတွင် နှစ်သိမ့်မှုဖြစ်စေသော အဘယ်ကတိပေးထားသနည်း။

၁၈ ယခု ကျွန်ုပ်တို့ခံရပ်နေသော မည်သည့်ဆင်းရဲခက်ခဲမှုမဆိုသည် ဘုရားသခင့်ကမ္ဘာသစ်တွင် ထာဝစဉ်မွေ့လျော်ရမည့် အသက်တာကို လုံးဝထိခိုက်မှုရှိမည်မဟုတ်ပေ။ အကြောင်းမှာ ကမ္ဘာသစ်တွင် ယင်းတို့အားလုံးကို အလွန်ကောင်းမွန်သော အခြေအနေများဖြင့် အပြည့်အဝအစားထိုးပေးမည်ဖြစ်သောကြောင့်တည်း။ ဟေရှာယ ၆၅:၁၇၊ ၁၈ တွင် “အရင်မိုးကောင်းကင်နှင့် မြေကြီးကိုမအောက်မေ့ရ။ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်” ဟုဆိုသည်။ ထို့ကြောင့် ယေရှု၏မိတူဖကွဲညီ ယာကုပ်က “ခံနိုင်ရည်ရှိသူများအား ပျော်ရွှင်သူများဟူ၍ ငါတို့ခေါ်ကြ၏” ဟုဆိုခဲ့ခြင်းမှာ သင့်လျော်လှသည်။ (ယာကုပ် ၅:၁၁ကဘ) မှန်ပါသည်၊ လက်ရှိဆင်းရဲခက်ခဲမှုများကို ကျွန်ုပ်တို့သစ္စာရှိရှိခံရပ်ပါက ယခုရော အနာဂတ်တွင်ပါ အကျိုးကျေးဇူးရရှိနိုင်ပေသည်။

သင်မည်သို့ဖြေဆိုမည်နည်း

• လူသားတို့သည် ဆင်းရဲခက်ခဲမှုများကို မည်သို့စတင်ခံစားခဲ့ရသနည်း။

• ဆင်းရဲခက်ခဲမှုများသည် အနာဂတ်တွင် ရှင်ဘုရင်ဖြစ်မည့်သူများနှင့် ကမ္ဘာသစ်တွင်နေထိုင်မည့်သူများကို မည်သို့အကျိုးပြုနိုင်သနည်း။

• ကျွန်ုပ်တို့သည် ဆင်းရဲခက်ခဲမှုကြုံနေရသော်လည်း ယခု အဘယ်ကြောင့် ပျော်ရွှင်နိုင်ကြသနည်း။

[လေ့လာရန်မေးခွန်းများ]

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ဂရိစကားလုံး မာကာရီယော့စ်ကို ယုဒသန်ကျမ်းစာတွင် “မင်္ဂလာရှိ” ဟု ပြန်ဆိုထားသော်လည်း ပို၍တိကျသောပြန်ဆိုချက်မှာ “ပျော်ရွှင်” ဖြစ်သည်။

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့၏ကနဦးမိဘများရှေ့တွင် လှပတင့်တယ်သောအနာဂတ်ရှိခဲ့

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ဆင်းရဲခက်ခဲမှုများကို တွေ့မြင်ရခြင်းက ယေရှုကို အထူးကောင်းမြတ်သောဘုရင်နှင့် ယဇ်ပုရောဟိတ်မင်းဖြစ်စေခဲ့

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

တမန်တော်တို့သည် ယုံကြည်ခြင်းအတွက် ‘အရှက်ကွဲခြင်းကိုခံထိုက်သည်ဟုမှတ်တော်မူသောကြောင့် ဝမ်းမြောက်ခဲ့ကြ’