မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏

ယေဟောဝါသည် တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏

ယေဟောဝါသည် တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏

‘ငါ ထာဝရဘုရားသခင်သည် တရားသဖြင့်စီရင်ခြင်းကို နှစ်သက်၏။’—ဟေရှာယ ၆၁:၈

၁၊ ၂။ (က) “တရားမျှတမှု” နှင့် “တရားမမျှတမှု” ဟူသောစကားလုံးများသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ (ခ) ယေဟောဝါနှင့် ကိုယ်တော်၏တရားမျှတမှုအရည်အသွေးအကြောင်း ကျမ်းစာက မည်သို့ဆိုထားသနည်း။

တရားမျှတမှုကို ‘ဘက်မလိုက်သော၊ မှန်ကန်မျှတသောအရည်အသွေး၊ ကိုယ်ကျင့်တရားကောင်းမွန်ဖြောင့်မတ်စွာ ပြုမူဆောင်ရွက်ခြင်း’ ဟုအနက်ဖွင့်ဆိုကြသည်။ တရားမမျှတမှုတွင် မဖြောင့်မှန်ခြင်း၊ ဘက်လိုက်ခြင်း၊ ယုတ်မာခြင်း၊ သူတစ်ပါးကို မတော်မတရားထိခိုက်နစ်နာစေခြင်းတို့ပါဝင်သည်။

စကြဝဠာပိုင်သအုပ်စိုးရှင် ယေဟောဝါနှင့်စပ်လျဉ်း၍ လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ နီးပါးက မောရှေ ဤသို့ရေးသားခဲ့၏– “စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက် သစ္စာစောင့်သောဘုရားသခင်၊ မတရားသောအမှုကိုမပြုသော ဘုရားသခင်ဖြစ်တော်မူ၏။” (တရားဟောရာ ၃၂:၄ကဘ) အနှစ်ခုနစ်ရာကြာပြီးနောက် ဘုရားသခင်သည် ဟေရှာယကို ဤသို့မှတ်တမ်းတင်စေခဲ့၏– ‘ငါ ထာဝရဘုရားသခင်သည် တရားသဖြင့်စီရင်ခြင်းကို နှစ်သက်၏။’ (ဟေရှာယ ၆၁:၈) ပထမရာစုတွင် ပေါလုက “ဘုရားသခင်သည် မတရားသောအမှုကို ပြုတော်မူသလော။ ထိုသို့မပြောရ” ဟုရေးသားခဲ့သည်။ (ရောမ ၉:၁၄) ထို့ပြင် ပေတရုကလည်း “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်ကို ငါသိမြင်၏” ဟုပြောဆိုခဲ့သည်။ (တမန်တော် ၁၀:၃၄၊ ၃၅) မှန်ပါသည်၊ ယေဟောဝါသည် ‘တရားမျှတမှုကို နှစ်သက်တော်မူ၏။’—ဆာလံ ၃၇:၂၈; မာလခိ ၃:၆

တရားမမျှတမှု ကြီးစိုးနေ

၃။ ကမ္ဘာမြေပေါ်တွင် တရားမမျှတမှု မည်သို့စတင်ဖြစ်ပေါ်ခဲ့သနည်း။

ယနေ့ တရားမျှတမှုကို နေရာအနှံ့မတွေ့ရပါ။ ကျွန်ုပ်တို့သည် အလုပ်ခွင်တွင်၊ ကျောင်းတွင်၊ အာဏာပိုင်များနှင့်ဆက်ဆံရာတွင်၊ အခြားကဏ္ဍများနှင့် မိသားစုအသိုင်းအဝိုင်းတွင်ပင် မမျှမတဆက်ဆံခံရနိုင်သည်။ အမှန်မှာ တရားမမျှတမှုများသည် အသစ်အဆန်းမဟုတ်ပါ။ စာတန်ဖြစ်လာသော ပုန်ကန်သူဝိညာဉ်သတ္တဝါတစ်ပါး၏ သွေးဆောင်မှုကြောင့် ကျွန်ုပ်တို့၏ကနဦးမိဘများ ဆန့်ကျင်ပုန်ကန်ကာ တရားမဲ့ပြုမူခဲ့ချိန်မှစ၍ လူ့မိသားစုတွင် တရားမမျှတမှုများ ဖြစ်ပေါ်ခဲ့သည်။ ယေဟောဝါပေးအပ်ထားသော လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆုကျေးဇူးကို အာဒံ၊ ဧဝနှင့် စာတန် အလွဲသုံးစားလုပ်ခဲ့ခြင်းသည် တရားမျှတမှုကို ချိုးဖောက်ခြင်းဖြစ်၏။ သူတို့၏လုပ်ရပ်မှားကြောင့် လူသားထုတစ်ရပ်လုံး အကြီးအကျယ်ဆင်းရဲခက်ခဲမှုများခံစားကာ သေခြင်းသို့ရောက်ရကြသည်။—ကမ္ဘာဦး ၃:၁-၆; ရောမ ၅:၁၂; ဟေဗြဲ ၂:၁၄၊ ၁၅

၄။ လူ့သမိုင်းတွင် တရားမမျှတမှုကြီးစိုးခဲ့သည်မှာ မည်မျှကြာညောင်းနေပြီနည်း။

ဧဒင်တွင် ပုန်ကန်မှုဖြစ်ပေါ်ချိန်မှစ၍ လူ့အသိုင်းအဝိုင်းတွင် တရားမမျှတမှု ကြီးစိုးခဲ့သည်မှာ အနှစ် ၆,၀၀၀ ကျော်ရှိပေပြီ။ စာတန်သည် ဤလောကကို အစိုးရသောဘုရားဖြစ်သောကြောင့် ထိုသို့ပင်ဖြစ်မည်မှာ သေချာသည်။ (၂ ကောရိန္သု ၄:၄) သူသည် မုသာစကား၌ကျင်လည်သောသူ၊ မုသာ၏အဘ၊ ယေဟောဝါကို ရှုတ်ချဂုဏ်ဖျက်သူနှင့် ခုခံသူဖြစ်၏။ (ယောဟန် ၈:၄၄) သူသည် အလွန်အကျွံမတရားမှုများကို အမြဲတစေ ကျူးလွန်လျက်ရှိသည်။ ဥပမာ၊ နောဧခေတ်ရေလွှမ်းမိုးဘေးမတိုင်မီတွင် စာတန်၏သြဇာလွှမ်းမိုးမှုကြောင့် “မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို” ဘုရားသခင်သိမြင်တော်မူ၏။ (ကမ္ဘာဦး ၆:၅) ထိုအခြေအနေသည် ယေရှုလက်ထက်တိုင် ရှိနေဆဲဖြစ်၏။ ကိုယ်တော်က “ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယနေ့အဖို့လောက်ပေ၏” ဟုမိန့်ဆိုခဲ့သည်။ ထိုမကောင်းမသင့်သောအရာမှာ တရားမမျှတမှုကဲ့သို့သော စိတ်ဖိစီးစရာပြဿနာများကို ဆိုလိုသည်။ (မဿဲ ၆:၃၄) “ဤလောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည်” ဟူ၍သမ္မာကျမ်းစာတွင် တိတိကျကျဖော်ပြထား၏။—ရောမ ၈:၂၂

၅။ ကျွန်ုပ်တို့ခေတ်တွင် အဘယ်ကြောင့် ယခင်ကထက် တရားမမျှတမှု ပိုမိုများပြားရသနည်း။

လူ့သမိုင်းတစ်လျှောက်တွင် မကောင်းမှုများကြောင့် အလွန်အကျွံမတရားမှုများဖြစ်ပေါ်ခဲ့ပြီ။ ယနေ့ဆိုလျှင် အခြေအနေပိုမိုဆိုးရွားနေသည်။ အဘယ်ကြောင့်နည်း။ ဤလက်ရှိတရားမဲ့စနစ်သည် ‘နောက်ဆုံးကာလ’ အတွင်း ကျရောက်ခဲ့သည်မှာ ဆယ်စုနှစ်ချီရှိပြီဖြစ်သောကြောင့် ယင်း၏အဆုံးနီးကပ်လာသည်နှင့်အမျှ “ခဲယဉ်း” ကျပ်တည်းမှုများကို တွေ့ကြုံခံစားရကြသည်။ ဤကာလအတွင်း လူတို့သည် “ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ . . . ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ . . . ဖြစ်ကြလိမ့်မည်” ဟုကျမ်းစာတွင် ကြိုဟောခဲ့သည်။ (၂ တိမောသေ ၃:၁-၅) အဆိုပါစရိုက်ဆိုးများက တရားမမျှတမှုအမျိုးမျိုးကို ဖြစ်ပေါ်စေသည်။

၆၊ ၇။ မျက်မှောက်ခေတ်တွင် လူသားတို့သည် အဘယ်ဆိုးရွားသောတရားမမျှတမှုများ ခံစားနေရသနည်း။

တရားမမျှတမှုများသည် လွန်ခဲ့သောအနှစ်တစ်ရာအတွင်း တစ်ခါနှင့်မျှမတူအောင် များပြားနေပုံရသည်။ အကြောင်းမှာ ထိုနှစ်များအတွင်း စစ်ဒဏ်အကြီးအကျယ်ခံစားခဲ့ရ၍ဖြစ်၏။ ဥပမာ၊ သမိုင်းပညာရှင်အချို့၏ခန့်မှန်းချက်အရ ဒုတိယကမ္ဘာစစ်တစ်ခုတည်းတွင်ပင် လူသန်းပေါင်း ၅၀ မှ ၆၀ ခန့်သေဆုံးခဲ့ရပြီး အများစုမှာ အပြစ်မဲ့သောအရပ်သား ယောက်ျား၊ မိန်းမ၊ ကလေးများဖြစ်ကြသည်။ ထိုစစ်ကြီးပြီးဆုံးချိန်မှစ၍ တိုက်ပွဲအမျိုးမျိုးကြောင့် လူသန်းပေါင်းများစွာ သေဆုံးခဲ့ရပြီး အများစုမှာ အရပ်သားများဖြစ်ကြသည်။ စာတန်သည် မကြာမီ ယေဟောဝါ၏ချေမှုန်းခြင်းခံရမည်ကို သိရှိထားရာ အလွန်အမျက်ထွက်လျက် ထိုသို့သောတရားမမျှတမှုများကို အားပေးအားမြှောက်ပြုနေသည်။ သမ္မာကျမ်းစာက စာတန်သည် “မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ” ဟုပရောဖက်ပြုထား၏။—ဗျာ. ၁၂:၁၂

ယနေ့ ကမ္ဘာတစ်ဝန်းတွင် စစ်အသုံးစရိတ်အတွက် နှစ်စဉ် ဒေါ်လာသန်းပေါင်းတစ်သန်းခန့် သုံးစွဲနေသည်။ လူသန်းပေါင်းများစွာတွင် ဘဝအတွက်အခြေခံလိုအပ်ရာများ မရှိကြပေ။ အဆိုပါငွေများကို လူ့အကျိုးသယ်ပိုးရေးအတွက် အသုံးပြုခဲ့မည်ဆိုလျှင် ရရှိမည့်အကျိုးကျေးဇူးများကို တွေးကြည့်ပါ။ လူများစွာ၌ စားစရာအလျှံပယ်ရှိနေချိန်တွင် လူသန်းပေါင်းတစ်ထောင်ခန့်မှာ အစားအသောက် အလုံအလောက်မရှိကြပေ။ ကုလသမဂ္ဂ၏အဆိုအရ ကလေးငါးသန်းခန့်မှာ ငတ်ပြတ်မှုကြောင့် နှစ်စဉ်သေဆုံးနေရသည်။ တရားမျှတမှု ကင်းမဲ့လိုက်လေခြင်း! ကိုယ်ဝန်ဖျက်ချမှုကြောင့် အပြစ်မဲ့ကလေးများစွာ သေဆုံးနေသည်ကိုလည်း သုံးသပ်ကြည့်ပါ။ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကိုယ်ဝန်ဖျက်ချမှုမှာ ခန့်မှန်းခြေသန်းပေါင်း ၄၀ မှ ၆၀ အထိရှိသည်။ ကြောက်ခမန်းလိလိ တရားမမျှတမှုပင်!

၈။ လူသားထုအတွက် စစ်မှန်သောတရားမျှတမှုသည် မည်သည့်နည်းဖြင့်သာ ရရှိနိုင်သနည်း။

လူ့အုပ်စိုးရှင်များသည် ယနေ့လူတို့ တွေ့ကြုံနေရသော ပြဿနာများစွာကို မဖြေရှင်းပေးနိုင်ပါ။ လူ့ကြိုးပမ်းမှုကြောင့်လည်း အခြေအနေ ပိုကောင်းမွန်လာခြင်းမရှိပါ။ ကျွန်ုပ်တို့ခေတ်တွင် “ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား သူတစ်ပါးကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်းလှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားကြလိမ့်မည်” ဟုကျမ်းစာကြိုဟောခဲ့၏။ (၂ တိမောသေ ၃:၁၃) ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် တရားမမျှတမှုသည် အလွန်ပျံ့နှံ့နေပြီး ယင်းကို လူတို့မဖယ်ရှားပေးနိုင်ပါ။ ဘုရားသခင်၏တရားမျှတမှုကသာ ဖယ်ရှားပေးနိုင်သည်။ ကိုယ်တော်သာလျှင် စာတန်နှင့်နတ်ဆိုးများ၊ ဆိုးသွမ်းသောလူသားများကို ဖယ်ရှားပေးနိုင်သည်။—ယေရမိ ၁၀:၂၃၊ ၂၄

ကျိုးကြောင်းဆီလျော်သော ပူပန်မှု

၉၊ ၁၀။ အာသပ်သည် အဘယ်ကြောင့် စိတ်ပျက်အားလျော့ခဲ့သနည်း။

ဘုရားသခင်သည် လူ့ရေးရာများကို အဘယ်ကြောင့် ကြားဝင်မဖြေရှင်းပေးကြောင်း၊ စစ်မှန်သောတရားမျှတမှုနှင့်ဖြောင့်မတ်မှုကို အဘယ်ကြောင့် မဆောင်ကြဉ်းပေးကြောင်း ရှေးခေတ်ကျမ်းရေးသူအချို့ပင် စဉ်းစားခဲ့ကြသည်။ ဥပမာ၊ ကျမ်းစာခေတ်မှထင်ရှားသော အမျိုးသားတစ်ဦးကို သုံးသပ်ကြည့်ပါ။ မူရင်းကျမ်းပါ ဆာလံ ၇၃ ၏ထိပ်စီးခေါင်းစဉ်တွင် အာသပ်၏အမည်ဖော်ပြထားသည်။ ယင်းသည် ဘုရင်ဒါဝိဒ်ခေတ်တွင် ထင်ပေါ်ကျော်ကြားသော လေဝိသားသီချင်းသည်တစ်ဦး သို့မဟုတ် အဆွေအမျိုးသူကြီးဖြစ်သော အာသပ်၏မိသားစုမှ သီချင်းသည်များကို ရည်ညွှန်း၏။ အာသပ်နှင့်သူ့သားမြေးတို့သည် ဝတ်ပြုရေးတွင်အသုံးပြုသော တေးသီချင်းများစွာကို သီကုံးစပ်ဆိုခဲ့သည်။ သို့သော် ဆာလံ ၇၃ ကိုစပ်ဆိုခဲ့သူသည် တစ်ချိန်တွင် ဝိညာဉ်ရေးကျဆင်းခဲ့၏။ လူဆိုးတို့သည် ကြွယ်ဝကောင်းစားကာ ကျေနပ်ပျော်ရွှင်နေပြီး အဘယ်ဆိုးကျိုးမျှ မခံစားရကြောင်း သူသတိပြုမိသည်။

၁၀ ‘မတရားသောသူတို့၏စည်းစိမ်ကို မြင်သောအခါ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ။ ထိုသူသည် မသေမီတိုင်အောင် နာကျင်ခြင်းဝေဒနာမရှိ။ ခိုင်မာသောအစွမ်းသတ္တိရှိကြ၏။ သူတို့၌ ဒုက္ခမရှိ။ လူများကဲ့သို့ အနှောင့်အယှက်ကိုမခံရကြ’ ဟုသူရေးခဲ့သည်။ (ဆာလံ ၇၃:၂-၈) သို့သော် အတန်ကြာသော် ထိုသို့အပျက်သဘောရှုမြင်ခြင်းသည် မှားကြောင်း သူသိရှိလာ၏။ (ဆာလံ ၇၃:၁၅၊ ၁၆) ဆာလံဆရာသည် မိမိအတွေးအခေါ်ကို ကြိုးစားပြုပြင်ခဲ့၏။ သို့သော် စိတ်ရင်းကောင်းသူများ ဆင်းရဲခက်ခဲမှုခံစားနေရချိန်တွင် လူဆိုးများမူ အဘယ်ကြောင့် ဆိုးကျိုးခံစားရပုံမပေါ်သည်ကို သူအပြည့်အဝနားမလည်နိုင်ခဲ့ပါ။

၁၁။ ဆာလံဆရာအာသပ်သည် အဘယ်အရာကို နားလည်လာခဲ့သနည်း။

၁၁ နောက်ဆုံးတွင် ထိုသစ္စာရှိပုဂ္ဂိုလ်သည် လူဆိုးများကို ယေဟောဝါအပြီးသတ်စီရင်မည်ဖြစ်ကြောင်း နားလည်လာခဲ့သည်။ (ဆာလံ ၇၃:၁၇-၁၉) ဒါဝိဒ် ဤသို့ရေးခဲ့၏– ‘ထာဝရဘုရားသခင်ကိုမျှော်လင့်၍ လမ်းတော်ကိုလျှောက်သွားလော့။ ပြည်တော်ကိုအမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်။’—ဆာလံ ၃၇:၉၊ ၁၁၊ ၃၄

၁၂။ (က) ဆိုးသွမ်းမှု၊ တရားမမျှတမှုနှင့်ပတ်သက်၍ ယေဟောဝါ၏ရည်ရွယ်ချက်ကား အဘယ်နည်း။ (ခ) တရားမမျှတမှုကို ထိုသို့ဖြေရှင်းခြင်းနှင့်ပတ်သက်၍ သင်မည်သို့ယူဆသနည်း။

၁၂ ယေဟောဝါသည် အချိန်တန်လျှင် ဆိုးသွမ်းမှုနှင့်တရားမမျှတမှုများကို ဤကမ္ဘာပေါ်မှဖယ်ရှားပေးရန် ရည်ရွယ်ထားသည်မှာ သေချာသည်။ သစ္စာရှိခရစ်ယာန်များပင် ယင်းအချက်ကို အမြဲအမှတ်ရနေသင့်သည်။ ယေဟောဝါသည် မိမိအလိုတော်ကိုဆန့်ကျင်သူများအား ဖယ်ရှား၍ အလိုတော်နှင့်အညီကျင့်ကြံသူများကို ဆုချတော်မူမည်။ ကိုယ်တော်၏ ‘မျက်စိတော်သည်ကြည့်ရှု၍ မျက်ခမ်းတော်သည် လူသားတို့ကိုစစ်တော်မူ၏။ ထာဝရဘုရားသခင်သည် ဖြောင့်မတ်သောသူကို စုံစမ်းတော်မူ၏။ မတရားသောသူနှင့် လုယူဖျက်ဆီးလိုသောသူကို ဝိညာဉ်တော်သည် မုန်းတော်မူ၏။ မတရားသောသူတို့အပေါ်မှာ တောက်သောမီးခဲ၊ ကန့်နှင့်ရောသောမီးလျှံ၊ ပူလောင်သောမုန်တိုင်းကို သက်ရောက်စေ . . . တော်မူမည်။ တရားသဖြင့်ပြုတော်မူသော ထာဝရဘုရားသခင်သည် တရားသောအမှုကိုနှစ်သက် . . . တော်မူ၏။’—ဆာလံ ၁၁:၄-၇

တရားမျှတမှုရှိသော ကမ္ဘာသစ်

၁၃၊ ၁၄။ ကမ္ဘာသစ်တွင် အဘယ်ကြောင့် ဖြောင့်မတ်မှုနှင့်တရားမျှတမှု စိုးမိုးနေမည်နည်း။

၁၃ ယေဟောဝါသည် စာတန့်လက်အောက်ရှိ တရားမျှတမှုမဲ့သော ဤအစီစဉ်စနစ်ကို ဖျက်ဆီးပြီးနောက် ဘုန်းကျက်သရေရှိသောကမ္ဘာသစ်ကို ဆောင်ကြဉ်းပေးမည်။ ယင်းကို ဘုရားသခင့်ကောင်းကင်နိုင်ငံတော်က အုပ်ချုပ်မည်။ ထိုနိုင်ငံတော်အတွက် ဆုတောင်းရန် မိမိနောက်လိုက်များကို ယေရှုသင်ပေးခဲ့သည်။ ဆိုးသွမ်းမှုနှင့်တရားမမျှတမှုအစား ဖြောင့်မတ်မှုနှင့်တရားမျှတမှုတို့ စိုးမိုးနေလိမ့်မည်။ ဘုရားသခင်၏ “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟူသည့်ဆုတောင်းစကားသည် ထိုအချိန်တွင် လုံးလုံးလျားလျားပြည့်စုံလာမည်။—မဿဲ ၆:၁၀

၁၄ မည်သို့သောအုပ်ချုပ်မှုမျိုးကို ကျွန်ုပ်တို့မျှော်လင့်နိုင်ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ယင်းမှာ ယနေ့စိတ်ရင်းမှန်သူများ မျှော်လင့်တောင့်တနေကြသော အုပ်ချုပ်မှုပင်ဖြစ်သည်။ ယေဟောဝါသည် “လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏” ဟူသော ဆာလံ ၁၄၅:၁၆ သည် ထိုအချိန်တွင် လုံးလုံးပြည့်စုံလာမည်။ ထို့ပြင် ဟေရှာယ ၃၂:၁ တွင်လည်း “ကြည့်ရှုလော့။ တရားသဖြင့်အုပ်စိုးသောရှင်ဘုရင်တစ်ပါး [ကောင်းကင်ရှိယေရှုခရစ်] ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ်တို့ [ယေရှု၏မြေကြီးကိုယ်စားလှယ်များ] သည် တရားသဖြင့်စီရင်ကြလိမ့်မည်” ဟုဆိုသည်။ ဘုရင်ယေရှုခရစ်နှင့်စပ်လျဉ်း၍ ဟေရှာယ ၉:၇ တွင် ဤသို့ကြိုဟောထား၏– ‘ဒါဝိဒ်မင်း၏ရာဇပလ္လင်ပေါ်မှာထိုင်၍ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ် တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် အမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်သည် အလိုတော်အားကြီး၍ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။’ ထိုတရားမျှတသော အုပ်ချုပ်မှုအောက်တွင် သင် အသက်ရှင်နေထိုင်နေသည်ဟု မြင်ယောင်ကြည့်နိုင်မည်လော။

၁၅။ ကမ္ဘာသစ်တွင် လူသားတို့အတွက် ယေဟောဝါ အဘယ်အရာလုပ်ဆောင်ပေးမည်နည်း။

၁၅ ကျွန်ုပ်တို့သည် ဘုရားသခင်၏ကမ္ဘာသစ်တွင် ဒေ. ၄:၁ မှ အောက်ပါစကားများကို ပြောစရာအကြောင်း မရှိတော့ပါ– “နေအောက်မှာပြုသမျှသော ညှဉ်းဆဲခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကိုခံရသောသူတို့သည် ငိုကြွေးသော်လည်း ချမ်းသာပေးနိုင်သောသူမရှိ။ ညှဉ်းဆဲတတ်သောသူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။” မှန်ပါသည်၊ ဖြောင့်မတ်သောကမ္ဘာသစ်သည် မည်မျှကောင်းလိုက်မည်ကို ကျွန်ုပ်တို့၏မစုံလင်သောစိတ်ကူးဉာဏ်ဖြင့် တွေးကြည့်ရန် မလွယ်ကူပါ။ မကောင်းမှုများ တည်ရှိတော့မည်မဟုတ်၊ နေ့စဉ်ရက်ဆက် ကောင်းမှုများသာ ပြည့်နှက်နေပေမည်။ ယေဟောဝါသည် မကောင်းမှုမှန်သမျှကို ကျွန်ုပ်တို့မျှော်လင့်ထားသည်ထက် သာလွန်ကောင်းမွန်သောနည်းဖြင့် တည့်မတ်ပြုပြင်ပေးတော်မူမည်။ တမန်တော်ပေတရုကို အောက်ပါအတိုင်းရေးသားရန် ယေဟောဝါမိန့်မှာခဲ့သည်မှာ အလွန်သင့်လျော်လှသည်– “ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။”—၂ ပေတရု ၃:၁၃

၁၆။ “မိုးကောင်းကင်သစ်” ကို မည်သို့တည်ထောင်ခဲ့ပြီး “မြေကြီးသစ်” ကို အဘယ်သဘောမျိုးဖြင့် ယနေ့ အသင့်ပြင်ဆင်နေသနည်း။

၁၆ “မိုးကောင်းကင်သစ်” ဖြစ်သော ခရစ်တော်စိုးစံသည့် ဘုရားသခင့်ကောင်းကင်အုပ်ချုပ်မှုသည် တည်ထောင်ခဲ့ပြီးဖြစ်၏။ “မြေကြီးသစ်၊” တစ်နည်းအားဖြင့် စိတ်ရင်းမှန်သူများဖြင့် ဖွဲ့စည်းထားသော လူ့ဘောင်သစ်၏အခြေခံအုတ်မြစ်ဖြစ်မည့်သူများကို ဤနောက်ဆုံးကာလအတွင်း စုသိမ်းနေပြီဖြစ်၏။ သူတို့သည် နိုင်ငံပေါင်း ၂၃၅ နိုင်ငံခန့်နှင့် အသင်းတော်ပေါင်း ၁၀၀,၀၀၀ ခန့်တွင် ခုနစ်သန်းနီးပါး ရှိနေပြီဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ ဤသန်းနှင့်ချီသောသူတို့သည် ယေဟောဝါ၏ဖြောင့်မတ်သော၊ တရားမျှတသောနည်းလမ်းများကို သင်ယူလေ့လာနေကြပြီး ခရစ်ယာန်မေတ္တာကို အခြေပြုလျက် စည်းလုံးပျော်ရွှင်နေကြသည်။ သူတို့၏စည်းလုံးမှုသည် သိသာထင်ရှားလှပြီး ကမ္ဘာ့သမိုင်းတစ်လျှောက် တည်တံ့ခဲ့သည်။ ယင်းစည်းလုံးမှုသည် စာတန့်လက်အောက်ခံများ တွေ့ကြုံခံစားရသည့် မည်သည့်အရာထက်မဆို သာလွန်၏။ အဆိုပါမေတ္တာနှင့်စည်းလုံးမှုသည် ဖြောင့်မတ်မှုနှင့်တရားမျှတမှုလွှမ်းမိုးမည့် လာလတ္တံ့သော ဘုရားသခင့်ကမ္ဘာသစ်၏ ရှေ့ပြေးနိမိတ်များဖြစ်သည်။—ဟေရှာယ ၂:၂-၄; ယောဟန် ၁၃:၃၄၊ ၃၅; ကောလောသဲ ၃:၁၄

စာတန်၏တိုက်ခိုက်မှု ရှုံးနိမ့်မည်

၁၇။ ယေဟောဝါ၏လူမျိုးအပေါ် စာတန်၏နောက်ဆုံးတိုက်ခိုက်မှုသည် အဘယ်ကြောင့် သေချာပေါက်ရှုံးနိမ့်မည်နည်း။

၁၇ မကြာမီ စာတန်နှင့်သူ၏နောက်လိုက်များသည် ယေဟောဝါအားဝတ်ပြုသူများကို တိုက်ခိုက်ချေမှုန်းရန် ကြိုးစားကြလိမ့်မည်။ (ယေဇကျေလ ၃၈:၁၄-၂၃) ‘ကမ္ဘာဦးမှစ၍မဖြစ်စဖူး နောက်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဆင်းရဲခြင်း’ ဟုယေရှုခေါ်ခဲ့သောကာလတွင် ထိုသို့ဖြစ်ပျက်မည်။ (မဿဲ ၂၄:၂၁) စာတန်အောင်ပွဲဆင်မည်လော။ ဝေးလေစွ။ ‘ထာဝရဘုရားသခင်သည် တရားကိုနှစ်သက်တော်မူ၏။ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။ မတရားသောသူ၏သားမြေးတို့မူကား ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်’ ဟုသမ္မာကျမ်းစာတွင် အာမခံထားသည်။—ဆာလံ ၃၇:၂၈၊ ၂၉

၁၈။ (က) ယေဟောဝါ၏လူမျိုးတော်ကို မကြာမီ စာတန်တိုက်ခိုက်သောအခါ ကိုယ်တော် မည်သို့တုံ့ပြန်တော်မူမည်နည်း။ (ခ) တရားမျှတမှုအောင်ပွဲဆင်ခြင်းနှင့်ပတ်သက်သော ဤကျမ်းစာအခြေပြုအကြောင်းအရာကို ပြန်သုံးသပ်ခြင်းက သင့်အတွက် အဘယ်ကြောင့် အကျိုးရှိသနည်း။

၁၈ ထိုသို့ စာတန်နှင့်သူ့နောက်လိုက်များ၏ တိုက်ခိုက်မှုသည် နောက်ဆုံးတိုက်ခိုက်မှုဖြစ်ပေလိမ့်မည်။ “သင်တို့ကိုထိသောသူသည် မျက်ဆန်တော်ကိုထိသောသူဖြစ်၏” ဟု ဇာခရိမှတစ်ဆင့် ယေဟောဝါမိန့်ဆို၏။ (ဇာခရိ ၂:၈) ယင်းက ယေဟောဝါ၏မျက်ဆန်တော်ကို လက်ချောင်းဖြင့်ထိုးသကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ချက်ချင်းအရေးယူပြီး လူဆိုးများကို သုတ်သင်ပယ်ရှားပစ်တော့မည်။ ယေဟောဝါ၏ကျေးကျွန်များသည် ကမ္ဘာပေါ်တွင် မေတ္တာ၊ စည်းလုံးမှု၊ ငြိမ်သက်မှုအရှိဆုံးပုဂ္ဂိုလ်များ၊ ဥပဒေကိုနာခံမှုအရှိဆုံးပုဂ္ဂိုလ်များဖြစ်၏။ ထို့ကြောင့် သူတို့ကိုဆန့်ကျင်တိုက်ခိုက်ခြင်းသည် လုံးဝမတရားပေ။ ‘တရားမျှတမှုကိုနှစ်သက်တော်မူ’ သောအရှင်သည် ယင်းကို သည်းခံခွင့်ပြုထားမည်မဟုတ်ပါ။ ဘုရားသခင်၏ အရေးယူဆောင်ရွက်မှုကြောင့် လူမျိုးတော်၏ရန်သူများ ထာဝရဖျက်ဆီးခံရမည်၊ တရားမျှတမှုအောင်ပွဲဆင်မည်၊ စစ်မှန်၍တစ်ဆူတည်းဖြစ်သော ကိုယ်တော်ကိုဝတ်ပြုသူများ ကယ်တင်ခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့ရှေ့ လက်တစ်ကမ်းတွင်ဖြစ်မည့် အံ့ချီးဖွယ်၊ စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်များပါတကား။—သု. ၂:၂၁၊ ၂၂

သင်မည်သို့ဖြေဆိုမည်နည်း

• တရားမမျှတမှု အဘယ်ကြောင့် ဤမျှပျံ့နှံ့နေရသနည်း။

• ကမ္ဘာပေါ်ရှိ တရားမမျှတမှုများကို ယေဟောဝါမည်သို့ဖြေရှင်းပေးမည်နည်း။

• တရားမျှတမှု အောင်ပွဲဆင်ခြင်းနှင့်ပတ်သက်သော ဤလေ့လာမှုမှ အဘယ်အချက်ကို သင်စွဲမှတ်ခဲ့သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ရေလွှမ်းမိုးဘေးမတိုင်မီနှင့် ဤ ‘နောက်ဆုံးကာလ’ တွင် ဆိုးသွမ်းမှုများပျံ့နှံ့နေ

[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံ]

ဘုရားသခင်၏ကမ္ဘာသစ်တွင် ဆိုးသွမ်းမှုအစား တရားမျှတမှုနှင့် ဖြောင့်မတ်မှုလွှမ်းမိုးပေလိမ့်မည်