မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အိုထာဝရဘုရားသခင်၊ အကျွန်ုပ်ကို စစ်ဆေးစုံစမ်းတော်မူပါ’

‘အိုထာဝရဘုရားသခင်၊ အကျွန်ုပ်ကို စစ်ဆေးစုံစမ်းတော်မူပါ’

‘အိုထာဝရဘုရားသခင်၊ အကျွန်ုပ်ကို စစ်ဆေးစုံစမ်းတော်မူပါ’

‘စိတ်နှလုံးကိုကား ထာဝရဘုရားသခင် စစ်တော်မူ၏။’ (သု. ၁၇:၃) ယင်းက ကျွန်ုပ်တို့အားလုံးအတွက် အလွန်နှစ်သိမ့်မှုဖြစ်စေသင့်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် အပြင်ပန်းကိုကြည့်၍အကဲဖြတ်တတ်သော လူသားများနှင့်မတူဘဲ “နှလုံးကိုကြည့်ရှုတတ်” သောကြောင့်ဖြစ်၏။—၁ ဓမ္မရာဇဝင် ၁၆:၇

အမှန်မှာ၊ ကျွန်ုပ်တို့၏ အနက်ရှိုင်းဆုံးစိတ်စေ့ဆော်မှုများနှင့် အတွင်းအကျဆုံးအလိုဆန္ဒများကို ကျွန်ုပ်တို့ကိုယ်တိုင်ပင် ကောင်းစွာအကဲမဖြတ်နိုင်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း” ဟုကျမ်းစာဆိုထား၍ဖြစ်သည်။ သို့သော် ဘုရားသခင်က ‘ငါထာဝရဘုရားသခင်သည် . . . နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏’ ဟုမိန့်ဆိုသောကြောင့် စိတ်နှလုံးသဘောကို ကိုယ်တော်သိရှိတော်မူသည်။ (ယေရမိ ၁၇:၉၊ ၁၀) မှန်ပါသည်၊ ယေဟောဝါသည် ကျွန်ုပ်တို့၏အတွင်းအကျဆုံး စိတ်စေ့ဆော်မှုများပါဝင်သော “နှလုံး” အပြင် အနက်ရှိုင်းဆုံးတွေးတောမှုနှင့် စိတ်လှုပ်ရှားမှုများဖြစ်သော “ကျောက်ကပ်” ကိုကောင်းစွာသိတော်မူ၏။

အဘယ်ကြောင့် စစ်ဆေးခံရသနည်း

‘အို ထာဝရဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ဆေးစုံစမ်း၍ နှလုံးကျောက်ကပ်ကို ဆေးကြောတော်မူပါ’ ဟုဘုရားသခင်ထံ ဘုရင်ဒါဝိဒ်တောင်းဆိုခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်ပါ။ (ဆာလံ ၂၆:၂) ယေဟောဝါ၏စစ်ဆေးစုံစမ်းမှုကို ဒါဝိဒ် မကြောက်ရွံ့ခြင်းမှာ သူ၏အပြောအဆိုနှင့် အကျင့်အကြံသည် လုံးဝသန့်ရှင်းစင်ကြယ်နေခြင်းကြောင့်လော။ မဟုတ်ပါ။ ဒါဝိဒ်လည်း ကျွန်ုပ်တို့နည်းတူ မစုံလင်သူဖြစ်ပြီး ဘုရားသခင်၏စံနှုန်းများကို ပြည့်ဝစုံလင်စွာ မလိုက်နာနိုင်ခဲ့ပေ။ သူ၏အားနည်းချက်များကြောင့် ကြီးလေးသောအပြစ်များကို ကျူးလွန်ခဲ့သည်။ သို့သော် “ဖြောင့်မတ်စုံလင်သောစိတ်သဘော” ဖြင့် ကျင့်ကြံခဲ့၏။ (၃ ဓမ္မရာဇဝင် ၉:၄) မည်သို့အားဖြင့်နည်း။ ဆုံးမပဲ့ပြင်မှုကိုလက်ခံပြီး သူ၏လမ်းစဉ်ကို ပြုပြင်ပြောင်းလဲခြင်းဖြင့်ဖြစ်သည်။ ဤနည်းဖြင့် ယေဟောဝါကို မေတ္တာစစ်ဖြင့်ချစ်မြတ်နိုးကြောင်း ဖော်ပြခဲ့သည်။ ဘုရားသခင်အပေါ် သူ၏ဆည်းကပ်မြှုပ်နှံမှုမှာ ပြည့်ဝစုံလင်ခဲ့သည်။

ယနေ့ ကျွန်ုပ်တို့ကော မည်သို့နည်း။ ကျွန်ုပ်တို့သည် မစုံလင်သူများဖြစ်သောကြောင့် အပြောအဆိုနှင့်အပြုအမူအားဖြင့် ပြစ်မှားမိနိုင်ကြောင်း ယေဟောဝါသိရှိတော်မူသည်။ သို့သော် အနာဂတ်ကိုကြိုတင်သိရှိနိုင်စွမ်းကိုသုံးကာ ကျွန်ုပ်တို့၏ဘဝလမ်းစဉ်ကို ကိုယ်တော် မပိုင်းဖြတ်ထားပေ။ ကျွန်ုပ်တို့ကို လွတ်လပ်စွာရွေးချယ်ခွင့်ရှိသူများအဖြစ် ဖန်ဆင်းထားပြီး ကျွန်ုပ်တို့အား ကိုယ်တော်အပ်နှင်းပေးထားသော လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆုကျေးဇူးကို လေးစားတော်မူသည်။

သို့သော် တစ်ခါတစ်ရံ ယေဟောဝါသည် ကျွန်ုပ်တို့၏စိတ်စေ့ဆော်မှုများပါဝင်သော အတွင်းလူကို စစ်ဆေးတော်မူသည်။ ကျွန်ုပ်တို့၏စိတ်နှလုံးအခြေအနေကို ဖွင့်ပြနိုင်ရန် အခွင့်အလမ်းများပေးခြင်းဖြင့် ထိုသို့စစ်ဆေးပေမည်။ ကျွန်ုပ်တို့၏အတွင်းအကျဆုံး အလိုဆန္ဒများကို ထုတ်ဖော်နိုင်ရန် အခြေအနေအမျိုးမျိုး သို့မဟုတ် စမ်းသပ်မှုအမျိုးမျိုးကို ခွင့်ပြုထားခြင်းဖြင့်လည်း စစ်ဆေးပေမည်။ ယင်းက ယေဟောဝါအပေါ် ကျွန်ုပ်တို့ မည်မျှဆည်းကပ်မြှုပ်နှံထားကြောင်း၊ ကိုယ်တော်ကို မည်မျှသစ္စာစောင့်သိကြောင်း တင်ပြခွင့်ရစေသည်။ ယေဟောဝါခွင့်ပြုထားသော ထိုစစ်ဆေးစမ်းသပ်မှုများက ကျွန်ုပ်တို့၏ယုံကြည်ခြင်း မည်မျှခိုင်မာကြောင်းနှင့် အဘက်ဘက်တွင် “အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်” မှုရှိမရှိ ဖော်ပြနိုင်သည်။—ယာကုပ် ၁:၂-၄

ရှေးခေတ်မှ ယုံကြည်ခြင်းစမ်းသပ်စစ်ဆေးမှုတစ်ရပ်

ယုံကြည်ခြင်းနှင့်စိတ်စေ့ဆော်မှုများကို စမ်းသပ်စစ်ဆေးခြင်းသည် ယေဟောဝါ၏ကျေးကျွန်များအတွက် အသစ်အဆန်းမဟုတ်ပါ။ ဘိုးဘေးအာဗြဟံ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ “ဘုရားသခင်သည် အာဗြဟံကိုစုံစမ်း” တော်မူ၏။ (ကမ္ဘာဦး ၂၂:၁) သို့သော် ထိုအချိန်တွင် အာဗြဟံ၏ယုံကြည်ခြင်းမှာ စမ်းသပ်ခံရပြီးသားဖြစ်၏။ ယင်းမတိုင်မီဆယ်စုနှစ်များတွင် ယေဟောဝါသည် အာဗြဟံအား ချမ်းသာကြွယ်ဝသောဥရမြို့မှ သူမသိသောဒေသသို့ မိသားစုလိုက် ပြောင်းရွှေ့စေခဲ့သည်။ (ကမ္ဘာဦး ၁၁:၃၁; တမန်တော် ၇:၂-၄) အာဗြဟံသည် ဥရမြို့တွင် ကိုယ်ပိုင်အိုးအိမ်ရှိခဲ့မည်ဖြစ်သော်လည်း ခါနာန်ပြည်တွင် အတည်တကျနေထိုင်နိုင်ရန် အိုးအိမ်မဝယ်ယူဘဲ ဆယ်စုနှစ်များစွာ နေထိုင်ခဲ့သည်။ (ဟေဗြဲ ၁၁:၉) သူနှင့်သူ့မိသားစုသည် လှည့်လည်သွားလာနေရခြင်းကြောင့် အစာခေါင်းပါးခြင်းဘေး၊ လက်နက်ကိုင်လူအုပ်များ၊ ထိုဒေသရှိ အယူမှားအုပ်စိုးရှင်များနှင့် ရင်ဆိုင်ရမည့်အန္တရာယ်ရှိသည်။ ထိုအချိန်တစ်လျှောက်လုံး အာဗြဟံ၏ယုံကြည်ခြင်းမှာ အလွန်ထူးခြားခိုင်မြဲကြောင်း သက်သေထူခဲ့သည်။

တစ်ဖန်၊ ယေဟောဝါသည် အာဗြဟံအား ပို၍ကြီးမားသောစမ်းသပ်မှုတစ်ခုဖြင့် စုံစမ်းလေသည်။ “သင်သည် အလွန်ချစ်သော တစ်ယောက်တည်းသောသား ဣဇာက်ကိုယူ၍ . . . သူ့ကို မီးရှို့ ရာယဇ်ပြု၍ ပူဇော်လော့။” (ကမ္ဘာဦး ၂၂:၂) ဣဇာက်သည် အာဗြဟံအတွက် သာမန်သားတစ်ဦးမျှမဟုတ်ချေ။ သူနှင့်စာရာ၏ တစ်ဦးတည်းသောသားဖြစ်သည်။ ထို့ပြင် ဣဇာက်သည် ကတိတော်ဆိုင်ရာသားဖြစ်ပြီး ဘုရားသခင်ကတိထားခဲ့သည့်အတိုင်း ခါနာန်ပြည်ကိုအမွေခံ၍ လူမျိုးအပေါင်းကိုကောင်းချီးခံစားစေမည့် “အမျိုးအနွယ်” နှင့်ဆိုင်သော အာဗြဟံ၏တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည်။ အမှန်မှာ ဣဇာက်သည် အာဗြဟံလိုလားတောင့်တခဲ့သော သားတစ်ဦးဖြစ်ပြီး အံ့ဖွယ်နည်းဖြင့် ဘုရားသခင်ပေးသနားသောသားဖြစ်၏။—ကမ္ဘာဦး ၁၅:၂-၄၊

ထို့ကြောင့် ဣဇာက်ကိုပူဇော်ပါဟူသောအမိန့်ကို အာဗြဟံ မည်မျှနားလည်ရခက်မည်ကို သင်တွေးကြည့်နိုင်သည်။ ယေဟောဝါသည် လူသားယဇ်ကိုပူဇော်ရန် တောင်းဆိုမည်လော။ အာဗြဟံ၏ဘဝနေဝင်ချိန်တွင် သားတစ်ဦးရရှိသည့်ကြည်နူးမှုကို မြည်းစမ်းစေပြီးမှ ထိုသားကိုပူဇော်ရန် အဘယ်ကြောင့် တောင်းဆိုရမည်နည်း။ *

အာဗြဟံသည် ထိုမေးခွန်းများအတွက် ရှင်းလင်းသည့်အဖြေမရရှိဘဲလျက် ချက်ချင်းနာခံခဲ့သည်။ ယဇ်ပူဇော်မည့်တောင်သို့ရောက်ရန် သုံးရက်ကြာသွားရသည်။ ထိုတွင် ယဇ်ပလ္လင်တစ်ခုတည်ပြီးနောက် ထင်းများကိုခင်းလိုက်သည်။ ယခု စမ်းသပ်မှု၏အထွတ်အထိပ်ရောက်လေပြီ။ အာဗြဟံသည် ဓားကိုယူ၍ သားကိုသတ်မည့်ဆဲဆဲအချိန်တွင် ကောင်းကင်တမန်မှတစ်ဆင့် ယေဟောဝါရှင်တားမြစ်ပြီး ဤသို့မိန့်ဆို၏– “သင်သည် ဘုရားသခင်ကိုကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား သင်၏သား၊ သင်၌တစ်ယောက်တည်းသောသားကို ငါတောင်း၍ သင်သည် ငါ့ကိုမငြင်း။” (ကမ္ဘာဦး ၂၂:၃၊ ၁၁၊ ၁၂) အာဗြဟံသည် ထိုစကားကိုကြားခြင်းအားဖြင့် ကြွယ်ဝစွာကောင်းချီးခံစားခဲ့ရသည်။ သူ၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ ယေဟောဝါ၏အစောပိုင်းရှုမြင်ချက် မှန်ကန်သည်။ (ကမ္ဘာဦး ၁၅:၅၊ ၆) အာဗြဟံသည် ဣဇာက်အစား သိုးတစ်ကောင်ကို ယဇ်ပူဇော်ခဲ့သည်။ ထို့နောက် အာဗြဟံ၏အမျိုးအနွယ်နှင့်ပတ်သက်သော ပဋိညာဉ်ပါ ကတိတော်များကို ယေဟောဝါအတည်ပြုမိန့်ဆိုလေ၏။ ထို့ကြောင့် အာဗြဟံအား ယေဟောဝါ၏မိတ်ဆွေဟု ခေါ်ဝေါ်ရခြင်းကို နားလည်နိုင်ပါသည်။—ကမ္ဘာဦး ၂၂:၁၃-၁၈; ယာကုပ် ၂:၂၁-၂၃

ကျွန်ုပ်တို့၏ယုံကြည်ခြင်းလည်း စမ်းသပ်စစ်ဆေးခံရ

ယနေ့၊ ဘုရားသခင်၏ကျေးကျွန်များသည် စမ်းသပ်မှုများနှင့်မကင်းလွတ်နိုင်ကြောင်း ကျွန်ုပ်တို့အားလုံးသိရှိကြသည်။ သို့သော် ကျွန်ုပ်တို့အတွက်မူ ယေဟောဝါ ပြုလုပ်ခိုင်းသည့်အရာထက် ကိုယ်တော်ခွင့်ပြုသောအရာက ပို၍စမ်းသပ်မှုဖြစ်နိုင်သည်။

‘ယေရှုခရစ်၏တရားတော်နှင့်အညီ ဘုရားသခင်ဝတ်၌မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်’ ဟု တမန်တော်ပေါလုရေးခဲ့၏။ (၂ တိမောသေ ၃:၁၂) ထိုသို့သောညှဉ်းဆဲခြင်းသည် ကျောင်းနေဖက်၊ မိတ်ဆွေ၊ ဆွေမျိုး၊ အိမ်နီးချင်း၊ မဟုတ်မမှန်သတင်းရရှိသော အာဏာပိုင်များထံမှ လာနိုင်သည်။ ယင်းတွင် နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ ထိပါးစော်ကားမှုအပြင် ခရစ်ယာန်တစ်ဦး၏ဝမ်းစာရှာလုပ်ငန်းအတွက် အနှောင့်အယှက်များလည်း ပါဝင်နိုင်သည်။ ခရစ်ယာန်စစ်များသည် လူတို့ကြုံရလေ့ရှိသော ဖျားနာမှု၊ စိတ်ပျက်မှု၊ တရားမမျှတမှုများကိုလည်း ရင်ဆိုင်ရကြသည်။ အဆိုပါစမ်းသပ်မှုအားလုံးက လူတစ်ဦး၏ယုံကြည်ခြင်းကို စစ်ဆေးသည်။

ယုံကြည်ခြင်းစမ်းသပ်ခံရခြင်း၏ အကျိုးကျေးဇူးများကို တမန်တော်ပေတရု ဤသို့အလေးပေးဖော်ပြသည်– ‘အရည်ကျို၍ စုံစမ်းခြင်းကိုခံနိုင်သော်လည်း ပျက်စီးတတ်သောရွှေကို စစ်ကြောစုံစမ်းခြင်းထက် သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သာ၍မြတ်သည်နှင့် ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ . . . အလို့ငှာဖြစ်မည်အကြောင်း အထူးထူးအပြားပြားသော စုံစမ်းနှောင့်ယှက်ခြင်းကိုခံရ၍ ဝမ်းနည်းကြ၏။’ (၁ ပေတရု ၁:၆၊ ၇) စမ်းသပ်မှုများ၏အကျိုးဆက်များကို မီးဖြင့်ရွှေကိုစစ်ခြင်းနှင့် နှိုင်းယှဉ်ထားသည်။ မီးဖြင့်စစ်သောအခါ သန့်စင်ရာများ ထွက်လာပြီး မသန့်စင်ရာများကို ဖယ်ထုတ်ပေးသည်။ စမ်းသပ်မှုများကြုံရသည့်အခါ ကျွန်ုပ်တို့၏ယုံကြည်ခြင်းလည်း အလားတူစစ်ထုတ်ခံရသည်။

ဥပမာ၊ မတော်တဆမှု သို့မဟုတ် သဘာဝဘေးဒဏ်တစ်ခုကြောင့် အခက်အခဲများဖြစ်ပေါ်နိုင်သည်။ သို့သော် စစ်မှန်သောယုံကြည်ခြင်းရှိသူများသည် အလွန်အကျွံစိုးရိမ်ပူပန်မနေပေ။ “ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား” ဟူသော ယေဟောဝါ၏အာမခံချက်မှ သူတို့နှစ်သိမ့်မှုရရှိကြသည်။ (ဟေဗြဲ ၁၃:၅) သူတို့သည် မိမိတို့အမှန်တကယ်လိုအပ်ရာ ရရှိရန် ကြိုးစားအားထုတ်မှုများကို ယေဟောဝါဘုရားသခင် ကောင်းချီးပေးမည်ဟု ယုံကြည်စိတ်ချလျက် ဝိညာဉ်ရေးရာများကို ဆက်၍ဦးစားထားကြသည်။ သူတို့၏ယုံကြည်ခြင်းက အခက်အခဲကာလတစ်လျှောက် သူတို့ကိုထောက်မပေးပြီး မလိုအပ်သောစိုးရိမ်ပူပန်မှုများဖြင့် အခြေအနေပိုမရှုပ်ထွေးစေရန် ကာကွယ်ပေးနိုင်သည်။

စမ်းသပ်စစ်ဆေးမှုများက ကျွန်ုပ်တို့၏ယုံကြည်ခြင်း အားနည်းနေကြောင်း ဖော်ပြနိုင်သောကြောင့် ပြုပြင်ပြောင်းလဲဖို့လိုကြောင်း သိရှိလာသည့်အခါ အကျိုးကျေးဇူးခံစားရသည်။ ထိုအခါ လူတစ်ဦးသည် မိမိကိုယ်ကို ဤသို့မေးသင့်သည်– ‘ငါ့ရဲ့ယုံကြည်ခြင်းခိုင်မာအောင် ဘယ်လိုလုပ်ရမလဲ။ သမ္မာကျမ်းစာကို အလေးအနက်ဆုတောင်းလေ့လာဖို့၊ ဆင်ခြင်တွေးတောဖို့ ပိုပြီးအချိန်ပေးဖို့လိုနေသလား။ ယုံကြည်သူချင်းတွေနဲ့အတူ အစည်းအဝေးတွေတက်ပြီး အကျိုးအပြည့်အဝရယူနေလား။ ငါ့ရဲ့စိုးရိမ်ပူပန်မှုတွေကို ယေဟောဝါဘုရားသခင်ဆီ ဆုတောင်းအပ်နှံမဲ့အစား ကိုယ့်ကိုယ်ကိုပဲ အားကိုးနေသလား။’ သို့သော် ထိုသို့ဆန်းစစ်ခြင်းသည် ဦးဆုံးခြေလှမ်းမျှသာဖြစ်၏။

လူတစ်ဦး၏ယုံကြည်ခြင်းကို ခိုင်မြဲစေခြင်းတွင် ဝိညာဉ်ရေးရာများကို ဆာမွတ်သောစိတ် တိုးပွားစေဖို့၊ “တရားနို့ကို အလွန်လိုချင်သောစိတ်” ရှိဖို့လိုသည်။ (၁ ပေတရု ၂:၃; ဟေဗြဲ ၅:၁၂-၁၄) ‘ထာဝရဘုရားသခင်၏ တရားတော်ကိုမွေ့လျော်၍ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူ’ ဟုဆာလံဆရာဖော်ပြသည့်ပုဂ္ဂိုလ်နှင့်တူရန် ကျွန်ုပ်တို့ကြိုးစားသင့်သည်။—ဆာလံ ၁:၂

ယင်းသို့ဖြစ်နိုင်ရန် သမ္မာကျမ်းစာကို ဖတ်ရှုရုံထက်မက လိုအပ်သည်။ သမ္မာကျမ်းစာမိန့်ဆိုရာကို တွေးတောကာ ယင်း၏သတိပေးဆုံးမချက်အတိုင်း ကျင့်ကြံဖို့ အရေးကြီးသည်။ (ယာကုပ် ၁:၂၂-၂၅) ရလဒ်အနေနှင့် ဘုရားသခင်ကိုချစ်သောမေတ္တာ တိုးပွားလာမည်၊ ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် ပို၍သတ်သတ်မှတ်မှတ်၊ ရင်းရင်းနှီးနှီးဖြစ်လာမည်၊ ကိုယ်တော့်အပေါ်ယုံကြည်ခြင်းလည်း ပိုခိုင်မာလာမည်ဖြစ်၏။

စစ်ဆေးစမ်းသပ်ခံ ယုံကြည်ခြင်း၏တန်ဖိုး

ဘုရားသခင်၏မျက်နှာသာရနိုင်ရန် ယုံကြည်ခြင်း မရှိမဖြစ်လိုအပ်ကြောင်း သိရှိခြင်းက ယင်းကိုခိုင်မြဲစေရန် အစွမ်းထက်သောတွန်းအားဖြစ်၏။ သမ္မာကျမ်းစာက ဤသို့နှိုးဆော်၏– “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။” (ဟေဗြဲ ၁၁:၆) ထို့ကြောင့် “ကျွန်ုပ်၏ယုံကြည်ခြင်းလိုနေသေးလျှင် ကူညီတော်မူပါ” ဟုယေရှုကို အသနားခံခဲ့သောပုဂ္ဂိုလ်ကဲ့သို့ ကျွန်ုပ်တို့လည်းဖြစ်သင့်သည်။—မာကု ၉:၂၄ကဘ။

ကျွန်ုပ်တို့၏ယုံကြည်ခြင်းစမ်းသပ်မှုများသည် သူတစ်ပါးကိုလည်း အကူအညီဖြစ်စေနိုင်သည်။ ဥပမာ၊ ခရစ်ယာန်တစ်ဦးသည် မိမိချစ်ရသူသေဆုံးသွားသောအခါ ဘုရားသခင့်ကတိတော်ဖြစ်သော ရှင်ပြန်ထမြောက်ခြင်းကို အခိုင်အမာယုံကြည်ခြင်းက သူ့ကိုထောက်ကူပေးသည်။ သူသည် ပူဆွေးဝမ်းနည်းမည်ဖြစ်သော်လည်း ‘မျှော်လင့်ခြင်းမရှိသောအခြားသူတို့ ဝမ်းနည်းသကဲ့သို့’ ဝမ်းနည်းနေမည်မဟုတ်ပါ။ (၁ သက်သာလောနိတ် ၄:၁၃၊ ၁၄) ယုံကြည်ခြင်း၏ထောက်မပေးနိုင်စွမ်းကို အကဲခတ်မိသူများက သူ့တွင် အလွန်အဖိုးထိုက်သည့်အရာ ပိုင်ဆိုင်ထားကြောင်း သိရှိလာနိုင်သည်။ ယင်းက သူတို့ကို ထိုယုံကြည်ခြင်းမျိုး ပိုင်ဆိုင်ရန် လှုံ့ဆော်ပေးနိုင်ပြီး သမ္မာကျမ်းစာကိုလေ့လာရန်နှင့် ယေရှုခရစ်၏တပည့်များဖြစ်လာရန် စေ့ဆော်ပေးသည်။

စစ်ဆေးစမ်းသပ်ခံယုံကြည်ခြင်းသည် အလွန်အဖိုးထိုက်ကြောင်း ယေဟောဝါသိရှိတော်မူသည်။ ထို့ပြင် ယုံကြည်ခြင်းစမ်းသပ်မှုများက ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အမှန်ပင် ထောက်မပေးနိုင်စွမ်းရှိမရှိ သိမြင်စေနိုင်သည်။ ယုံကြည်ခြင်းအားနည်းမှုကို သိရှိစေနိုင်ပြီး ပြုပြင်တည့်မတ်ရန် အခွင့်အလမ်းရရှိစေနိုင်သည်။ နောက်ဆုံး၊ စမ်းသပ်မှုများကို ကျွန်ုပ်တို့အောင်မြင်ကျော်လွှားနိုင်ခြင်းက အခြားသူများကို ယေရှု၏တပည့်ဖြစ်လာစေရန် ကူညီပေးနိုင်သည်။ ထို့ကြောင့် စမ်းသပ်မှုတစ်ခုပြီးတစ်ခု ကြုံရပြီးနောက် ရရှိလာသော ခိုင်မာသည့်ယုံကြည်ခြင်းကို ထိန်းသိမ်းရန် အတတ်နိုင်ဆုံးကြိုးစားကြပါစို့။ ထိုယုံကြည်ခြင်းသည် “ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ” ဖြစ်စေပါလိမ့်မည်။—၁ ပေတရု ၁:၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 ဣဇာက်ကို “ပူဇော်” ခြင်း၏ ပုံဆောင်ချက်နှင့်ပတ်သက်၍ ၁၉၉၀၊ ဇူလိုင် ၁ ရက်ထုတ်ကင်းမျှော်စင် စာမျက်နှာ ၂၃ ကိုရှု။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အာဗြဟံသည် သူ၏ယုံကြည်ခြင်းအကျင့်ကြောင့် ယေဟောဝါ၏မိတ်ဆွေဖြစ်လာခဲ့

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံများ]

စစ်ဆေးစမ်းသပ်မှုများက ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အမှန်ထောက်မပေးနိုင်စွမ်းရှိကြောင်း ဖော်ပြနိုင်

[Picture Credit Line on page 12]

From the Illustrated Edition of the Holy Scriptures, by Cassell, Petter, & Galpin