မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

ယေရှုက မိမိ၏တည်ကြည်သောကျွန်သည် “သတိပညာရှိ” လိမ့်မည်ဟု မိန့်ဆိုသောအခါ ကိုယ်တော်အဘယ်အရာကို ဆိုလိုသနည်း။

ယေရှုဤသို့မေးတော်မူခဲ့သည်– ‘သခင်သည် မိမိအိမ်သူအိမ်သားတို့အား အချိန်တန်အစာ ဝေပေးရန် ခန့်အပ်ထားသည့် တည်ကြည်ပြီး သတိပညာရှိသောကျွန်ကား ဧကန်စင်စစ် မည်သူနည်း။’ (မဿဲ ၂၄:၄၅ကဘ) ဝိညာဉ်ရေး “အစာ” ကိုဝေပေးသော “ကျွန်” သည် ဝိညာဉ်တော်ဖွားခရစ်ယာန်များ၏ အသင်းတော်ဖြစ်သည်။ ယေရှုသည် သူတို့အား သတိပညာရှိသူ ဟုအဘယ်ကြောင့်ခေါ်ဆိုခဲ့သနည်း။ *

“သတိပညာရှိ” ဟူသောစကားလုံးကို အဘယ်အဓိပ္ပာယ်ဖြင့် ယေရှုသုံးခဲ့ခြင်းဖြစ်မည်ကို ကိုယ်တော်တိုင်၏သွန်သင်ခြင်းမှ ကျွန်ုပ်တို့ကောင်းစွာနားလည်နိုင်သည်။ ဥပမာ၊ ‘တည်ကြည်သောသတိပညာရှိကျွန်’ နှင့်ပတ်သက်၍ ယေရှုမိန့်ဆိုသည့်အခါ ကိုယ်တော်က သတို့သားရောက်လာမည့်အချိန်ကို စောင့်ကြိုနေကြသော အပျိုကညာဆယ်ဦးပုံဥပမာကို ပေးတော်မူခဲ့သည်။ အပျိုကညာများသည် ကြီးမြတ်သောသတို့သားဖြစ်သူ ယေရှုခရစ်၏ရောက်လာခြင်းကို ၁၉၁၄ ခုနှစ်မတိုင်မီက ထက်သန်စွာစောင့်ကြိုနေကြသော ဝိညာဉ်တော်ဖွားခရစ်ယာန်များဖြစ်ကြောင်း ကျွန်ုပ်တို့အား သတိရစေသည်။ အပျိုကညာဆယ်ဦးထဲမှ ငါးဦးတို့သည် သတို့သားရောက်လာသောအခါ ဆီအလုံအလောက်မရှိခဲ့ကြရာ မင်္ဂလာဆောင်ပွဲနှင့် လွဲသွားခဲ့ကြသည်။ အခြားငါးဦးတို့မှာ သတိပညာရှိကြောင်း တင်ပြခဲ့ကြသည်။ သူတို့သည် သတို့သားရောက်လာသောအခါ ဆက်၍အလင်းထွန်းလင်းနိုင်ရန် မိမိတို့နှင့်အတူ ဆီအလုံအလောက်ယူလာခဲ့ကြသောကြောင့် ပွဲတွင် ဝင်ခွင့်ရခဲ့ကြသည်။—မဿဲ ၂၅:၁၀-၁၂

ယေရှုသည် ၁၉၁၄ ခုနှစ်တွင် မိမိ၏နိုင်ငံတော်အခွင့်အဏာနှင့် ရောက်လာသောအခါ ဝိညာဉ်တော်ဖွားခရစ်ယာန်များစွာသည် ကိုယ်တော်နှင့်အတူ ကောင်းကင်သို့ ချက်ချင်းတက်သွားကြမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် ကမ္ဘာပေါ်တွင် သူတို့အတွက် လုပ်ကိုင်စရာများစွာရှိရာ အချို့သည် ထိုအတွက် ကြို၍ပြင်ဆင်ထားခြင်းမရှိခဲ့ကြပါ။ ပညာမရှိသောအပျိုကညာများကဲ့သို့ သူတို့သည် ကြိုတင်၍ မိမိတို့ကိုယ်ကို ဝိညာဉ်ရေးတွင် အားမဖြည့်ခဲ့ကြသောကြောင့် အလင်းဆောင်သူများအဖြစ် ဆက်ရပ်တည်ရန် မပြင်ဆင်ထားခဲ့ကြပါ။ သို့သော် အများစုသည် ဉာဏ်ပညာ၊ ကြိုတင်မြင်နိုင်စွမ်းနှင့်အတူ သတိပညာရှိရှိပြုမူခဲ့ကြ၊ ဝိညာဉ်ရေးအရ ခိုင်ခံ့မြဲမြံခဲ့ကြသည်။ ရှေ့တွင် လုပ်ကိုင်စရာ များစွာရှိကြောင်း သိလာခဲ့ကြသောအခါ ရွှင်လန်းစွာ စ၍အကောင်အထည်ဖော် ဆောင်ရွက်ပါတော့သည်။ ထို့ကြောင့် သူတို့သည် ‘တည်ကြည်သောသတိပညာရှိကျွန်’ ဖြစ်ကြောင်း တင်ပြခဲ့ကြသည်။

မဿဲ ၇:၂၄ [ကဘ] တွင် ကိုယ်တော်အသုံးပြုသည့် “သတိပညာရှိ” ဟူသောစကားလုံးကိုလည်း သုံးသပ်ကြည့်ပါ။ ယေရှုဤသို့မိန့်တော်မူခဲ့သည်– “ငါဟောသော ဤစကားကို ကြား၍ လိုက်နာသောသူတိုင်းကို ကျောက်ပေါ်တွင် အိမ်ဆောက်သည့် သတိပညာရှိသောသူနှင့် ငါပုံခိုင်းမည်။” သတိပညာရှိသူသည် မုန်တိုင်းထန်လာနိုင်သည်ကိုထောက်၍ အိမ်ကို ခိုင်ခံ့စွာဆောက်ထား၏။ ယင်းနှင့်ဆန့်ကျင်လျက် လူမိုက်မူကား သဲပေါ်တွင်ဆောက်ထားသောကြောင့် မိမိအိမ် ဆုံးရှုံးလေသည်။ ထို့ကြောင့် ယေရှု၏သတိပညာရှိနောက်လိုက်တစ်ဦးသည် လူ့ဉာဏ်ပညာနောက်လိုက်ခြင်း၏ ဆိုးကျိုးများကို ကြိုမြင်သောသူဖြစ်သည်။ သူ၏ပိုင်းခြားနိုင်စွမ်းနှင့် ကောင်းစွာချင့်ချိန်နိုင်စွမ်းက သူ၏ယုံကြည်ချက်၊ အပြုအမူနှင့် သွန်သင်ချက်များသည် ယေရှုသွန်သင်သည့်အရာပေါ် အခြေပြုရန်ဖြစ်စေသည်။ ‘တည်ကြည်သောသတိပညာရှိကျွန်’ သည် ထိုနည်းအတိုင်း ပြုမူသည်။

ဟေဗြဲကျမ်းစာဘာသာပြန်ကျမ်းများစွာတွင် “သတိပညာရှိ” ဟူသောစကားလုံးပြန်ဆိုအသုံးပြုပုံကိုလည်း သတိပြုပါ။ ဥပမာ၊ ဖာရောဘုရင်သည် ယောသပ်အား အီဂျစ်ပြည်၏ရိက္ခာဝန်အဖြစ် ခန့်အပ်ခဲ့သည်။ ယင်းသည် ဘုရားသခင်၏လူမျိုးတော်အား အစားအစာထောက်ပံ့ပေးရန် ယေဟောဝါ၏အစီအစဉ်တစ်ခုဖြစ်ခဲ့သည်။ ယောသပ် အဘယ်ကြောင့်ရွေးချယ်ခံခဲ့ရသနည်း။ ဖာရောဘုရင်က သူ့အား ဤသို့မိန့်ဆို၏– “သင်ကဲ့သို့ [“သတိပညာ၊” ကဘ] ဉာဏ်ပညာနှင့်ပြည့်စုံသောသူမရှိ။” (ကမ္ဘာဦး ၄၁:၃၃-၃၉; ၄၅:၅) အလားတူပင်၊ အဘိဂဲလသည် “ဉာဏ်ကောင်း” သည်ဟု ကျမ်းစာဆိုထားသည်။ သူသည် ယေဟောဝါ၏ခန့်အပ်ခံဖြစ်သူ ဒါဝိဒ်နှင့် သူ၏လူတို့ကို အစားအစာထောက်ပံ့ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂၅:၃၊ ၁၁၊ ၁၈) ယောသပ်နှင့် အဘိဂဲလတို့သည် သတိပညာရှိသူဟု ခေါ်ဆိုနိုင်သည်၊ အကြောင်းမှာ ဘုရားသခင့်အလိုတော်ကို သိမြင်နိုင်ခဲ့ပြီး ကြိုတင်သိမြင်နိုင်စွမ်း၊ ကောင်းစွာချင့်ချိန်နိုင်စွမ်းတို့နှင့်အတူ ပြုမူခဲ့ကြသောကြောင့်ဖြစ်သည်။

ထို့ကြောင့် ယေရှုက တည်ကြည်သောကျွန်အား သတိပညာရှိသူအဖြစ် ဖော်ပြသောအခါ ထိုကျွန်အား ကိုယ်စားပြုသူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း၊ ကြိုတင်မြင်နိုင်စွမ်းနှင့် ကောင်းစွာချင့်ချိန်နိုင်စွမ်းတို့ကို တင်ပြကြလိမ့်မည်ကို ကိုယ်တော်ဖော်ပြခဲ့ခြင်းဖြစ်သည်၊ အကြောင်းမှာ သူတို့သည် မိမိတို့၏ယုံကြည်ချက်၊ အပြုအမူများနှင့် သွန်သင်ချက်များကို သမ္မာကျမ်းစာအမှန်တရားပေါ် အခြေပြုထားသောကြောင့်ဖြစ်သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 “သတိပညာရှိ” ဟူသောစကားလုံးကို ဂရိစကားလုံး phroʹni·mos မှ ပြန်ဆိုထားသည်။ အမ်. အာရ်. ဗင်းစင့်တ် ရေးသည့် ဓမ္မသစ်ကျမ်းပါ စကားလုံးလေ့လာစရာများ (Word Studies in the New Testament) စာအုပ်က ဤစကားလုံးသည် လက်တွေ့ကျသောဉာဏ်ပညာနှင့် အမြော်အမြင်ရှိခြင်းကို အများဆုံးရည်ညွှန်းသည်ဟု ဖော်ပြထားသည်။