မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကိုချစ်မြတ်နိုးရန်သင်၏သားသမီးများကို သွန်သင်ပေးပါ

ယေဟောဝါကိုချစ်မြတ်နိုးရန်သင်၏သားသမီးများကို သွန်သင်ပေးပါ

ယေဟောဝါကိုချစ်မြတ်နိုးရန်သင်၏သားသမီးများကို သွန်သင်ပေးပါ

“အသက်ပျိုစဉ် ဖွားမြင်သောသားသမီးတို့သည် သူရဲလက်၌ရှိသော မြားကဲ့သို့ဖြစ်ကြ၏။”—ဆာလံ ၁၂၇:၄

၁၊ ၂။ သားသမီးတို့သည် “သူရဲလက်၌ရှိသောမြား” ကဲ့သို့ မည်သို့ဖြစ်ကြသနည်း။

လေးသမားတစ်ဦးသည် မြားတစ်စင်းကို ပစ်မှတ်သို့ပစ်ရန် ပြင်ဆင်သည်။ မြားကို လေးကြိုးတွင် အသေအချာတင်ပြီး လေးကိုကွေးအောင် အားစိုက်ဆွဲသည်။ အားထုတ်ရသည့်အပြင် အချိန်ယူကာ မြားကိုအသေအချာချိန်သည်။ ထို့နောက် ပစ်လွှတ်လိုက်လေသည်။ မြားသည် ပစ်မှတ်ကို ထိမှန်ပါမည်လော။ လေးသမား၏ကျွမ်းကျင်မှု၊ လေတိုက်ခတ်မှုနှင့် မြား၏အခြေအနေအပါအဝင် အချက်အလက်အချို့က အဖြေကို ဆုံးဖြတ်ပေးပေမည်။

ဘုရင်ရှောလမုန်က သားသမီးတို့ကို “သူရဲလက်၌ရှိသောမြား” နှင့် နှိုင်းယှဉ်ခဲ့သည်။ (ဆာလံ ၁၂၇:၄) ယင်းပုံဥပမာ မည်သို့သက်ဆိုင်သည်ကို သုံးသပ်ကြည့်ပါ။ လေးသမားတစ်ဦး၏ လေးတွင်ရှိသောမြားသည် အချိန်တိုလေးသာ သူ့လက်တွင်ရှိသည်။ ပစ်မှတ်ကိုထိမှန်ရန် မြားကို အလျင်အမြန်ပစ်လွှတ်ရသည်။ အလားတူပင် မိဘတို့သည် မိမိတို့၏သားသမီးများကို ယေဟောဝါအား နှလုံးအကြွင်းမဲ့ချစ်ဖို့ ပြုစုပျိုးထောင်ရာတွင် အချိန်တိုလေးသာရရှိကြသည်။ တိုတောင်းသည်ဟုထင်ရသည့် နှစ်အနည်းငယ်ကြာပြီးနောက် သားသမီးတို့သည် ကြီးပြင်းလာပြီး အိမ်မှထွက်ခွာသွားကြသည်။ (မဿဲ ၁၉:၅) သူတို့သည် ပစ်မှတ်ကို ထိမှန်ကြမည်လော၊ ဆိုလိုသည်မှာ သားသမီးတို့ အိမ်မှထွက်ခွာသွားပြီးနောက်တွင် ဘုရားသခင်ကို ဆက်၍ချစ်မြတ်နိုးကြပြီး ကိုယ်တော်၏အမှုတော်ကို ဆက်ဆောင်ရွက်ကြမည်လော။ အဖြေသည် အခြေအနေများစွာပေါ် မူတည်သည်။ ယင်းအခြေအနေများထဲမှ သုံးခုမှာ မိဘတို့၏ကျွမ်းကျင်မှု၊ သားသမီးတို့ ကြီးပြင်းလာသည့်ဝန်းကျင်နှင့် ရရှိသောလေ့ကျင့်ပေးမှုကို “မြား” သို့မဟုတ် ကလေး၏ တုံ့ပြန်ပုံဖြစ်သည်။ ဤအချက်တစ်ခုစီကို ပို၍အသေးစိတ် ဆန်းစစ်ကြည့်ကြစို့။ ဦးဆုံး ကျွမ်းကျင်သော မိဘတစ်ဦး၏ ကြန်အင်လက္ခဏာတချို့ကို သုံးသပ်ကြမည်။

ကျွမ်းကျင်သောမိဘတို့သည် ပုံသက်သေကောင်းပြသ

၃။ မိဘတစ်ဦး၏အပြောကို အလုပ်ဖြင့် အဘယ်ကြောင့် ထောက်မရမည်နည်း။

ယေရှုသည် မိမိသွန်သင်သည်အတိုင်း လက်တွေ့ကျင့်ခြင်းဖြင့် မိဘတို့အတွက် ပုံသက်သေပြခဲ့သည်။ (ယောဟန် ၁၃:၁၅) အခြားတစ်ဖက်တွင်မူ ဖာရိရှဲတို့သည် မိမိတို့ “စီရင်ထုံးဖွဲ့” သည့်အရာကို “ကိုယ်တိုင်မကျင့်” သောကြောင့် သူတို့ကို ကိုယ်တော်ပြစ်တင်ရှုတ်ချခဲ့သည်။ (မဿဲ ၂၃:၃) သားသမီးတို့ ယေဟောဝါကိုချစ်မြတ်နိုးလာစေဖို့ ပြုစုပျိုးထောင်ရာတွင် မိဘတို့သည် အပြောနှင့်အလုပ်ညီရမည်။ အလုပ်ဖြင့်ထောက်မခြင်းမရှိသော အပြောသက်သက်သည် လေးကြိုးမပါသောလေးကဲ့သို့ပင် အသုံးဝင်မည်မဟုတ်ပါ။—၁ ယောဟန် ၃:၁၈

၄။ မိဘတို့သည် မိမိကိုယ်ကို အဘယ်မေးခွန်းများ မေးသင့်သနည်း၊ အဘယ်ကြောင့်နည်း။

မိဘပုံသက်သေသည် အဘယ်ကြောင့် ဤမျှအရေးကြီးသနည်း။ လူကြီးများသည် ယေရှု၏ပုံသက်သေကိုကြည့်ကာ ဘုရားသခင်အား ချစ်မြတ်နိုးရန် သင်ယူနိုင်သကဲ့သို့ သားသမီးတို့သည် မိဘတို့၏ပုံသက်သေကောင်းကို လိုက်လျှောက်ကာ ယေဟောဝါအား ချစ်မြတ်နိုးရန် သင်ယူနိုင်ပါသည်။ ကလေးတစ်ဦး၏အပေါင်းအဖော်များသည်လည်း သူ့ကို ခွန်အားဖြစ်စေနိုင် သို့မဟုတ် “ကောင်းသောအကျင့်ဓလေ့ယိုယွင်း” စေနိုင်ပါသည်။ (၁ ကောရိန္သု ၁၅:၃၃) ကလေးတစ်ဦး၏အစောပိုင်းနှစ်များတွင် သူ၏အသက်တာအများစုအပေါ် အထူးသဖြင့် ကလေးတစ်ဦး၏အမူအကျင့်၊ သဘောထားတို့အပေါ် အရေးပါပြီးရေရှည်သြဇာသက်ရောက်နိုင်သည့် ကလေး၏အရင်းနှီးဆုံးနှင့် ဩဇာအညောင်းဆုံးအပေါင်းအသင်းမှာ သူ၏မိဘတို့ဖြစ်သည်။ သို့ဖြစ်၍ မိဘတို့သည် မိမိကိုယ်ကို ဤသို့မေးသင့်သည်– ‘ငါဟာ ဘယ်လိုအပေါင်းအသင်းမျိုးလဲ။ ငါ့ရဲ့ပုံသက်သေက ငါ့ကလေးမှာ ကောင်းတဲ့အကျင့်ဓလေ့တွေရှိလာအောင် အားပေးမှုဖြစ်ရဲ့လား။ အရေးကြီးတဲ့ကဏ္ဍတွေဖြစ်တဲ့ ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းတွေမှာ ဘယ်လိုပုံသက်သေကို ငါပြနေသလဲ။’

ကျွမ်းကျင်သောမိဘတို့သည်မိမိတို့သားသမီးနှင့်အတူ ဆုတောင်းကြ

၅။ သားသမီးတို့သည် မိဘ၏ဆုတောင်းချက်များမှ အဘယ်အရာ သင်ယူနိုင်ကြသနည်း။

သင့်သားသမီးတို့သည် သင့်ဆုတောင်းချက်များကို နားထောင်ရာမှ ယေဟောဝါအကြောင်း များစွာသင်ယူနိုင်ကြသည်။ အစာစားချိန်တွင် ဘုရားသခင်အား သင်၏ကျေးဇူးတင်ချီးမွမ်းစကားနှင့် ကျမ်းစာလေ့လာချိန်တွင် သင်၏ဆုတောင်းချက်များကို သူတို့ကြားကာ အဘယ်ကောက်ချက်များချကြမည်နည်း။ ယေဟောဝါသည် ကျွန်ုပ်တို့၏ ကာယလိုအပ်ရာများကို ဖြည့်ဆည်းပေးပြီး ယင်းအတွက် ကျေးဇူးတင်သင့်ကြောင်းနှင့် ကိုယ်တော်သည် သမ္မာကျမ်းစာအမှန်တရားများကို သင်ကြားပေးရှင်ဖြစ်ကြောင်း သင်ယူသိရှိနိုင်ကြပေမည်။ ယင်းတို့သည် အဖိုးထိုက်သော သင်ခန်းစာများဖြစ်သည်။—ယာကုပ် ၁:၁၇

၆။ ယေဟောဝါသည် သူတို့တစ်ဦးချင်းစီကို စိတ်ဝင်စားကြောင်း ကလေးများသိရှိစေရန် မိဘတို့မည်သို့ အကူအညီပေးနိုင်သနည်း။

သို့သော် အစာစားချိန်နှင့် မိသားစုကျမ်းစာလေ့လာသည့်အချိန်များအပြင် အခြားအချိန်များတွင်လည်း မိသားစုနှင့်အတူဆုတောင်းကာ ထိုဆုတောင်းချက်တွင် သင်နှင့်သင့်သားသမီးတို့အပေါ် သက်ရောက်နေသည့် သတ်သတ်မှတ်မှတ်အကြောင်းအရာများကို ထည့်တောင်းမည်ဆိုပါက ပို၍ပင်အကျိုးဖြစ်မည်။ မိသားစုတွင် ယေဟောဝါပါ ပါဝင်ကြောင်း၊ ကိုယ်တော်သည် တစ်ဦးချင်းစီကို အလွန်ဂရုစိုက်တော်မူကြောင်း သင့်သားသမီးများယူမှတ်စေရန် အကူအညီပေးနိုင်မည်ဖြစ်သည်။ (ဧဖက် ၆:၁၈; ၁ ပေတရု ၅:၆၊ ၇) ဖခင်တစ်ဦး ဤသို့ဆို၏– “သမီးလေးမွေးတဲ့အချိန်ကစပြီး သမီးနဲ့အတူ ကျွန်တော်တို့ဆုတောင်းကြတယ်။ သမီး တဖြည်းဖြည်းကြီးလာတဲ့အခါ သမီးအပေါ်သက်ရောက်မှုရှိခဲ့တဲ့ အပေါင်းအသင်းအကြောင်းနဲ့ တခြားအကြောင်းတွေကို ထည့်တောင်းတယ်။ လက်ထပ်ပြီးအိမ်ကမထွက်သွားခင်အထိ သမီးနဲ့အတူ ဆုမတောင်းဘဲ လွန်သွားတဲ့နေ့ဆိုတာ မရှိခဲ့ဘူး။” သင်လည်း သင့်သားသမီးတို့နှင့်အတူ နေ့စဉ်ဆုတောင်းနိုင်ပါသလော။ ယေဟောဝါသည် ကာယနှင့် ဝိညာဉ်ရေးလိုအပ်ရာများကို ထောက်မပေးသည့်အပြင် စိတ်ပိုင်းဆိုင်ရာလိုအပ်ရာများကိုလည်း ဂရုစိုက်သော မိတ်ဆွေတစ်ဦးအဖြစ် ကိုယ်တော်ကိုရှုမြင်ရန် သူတို့ကို ကူညီပေးနိုင်ပါသလော။—ဖိလိပ္ပိ ၄:၆၊ ၇

၇။ မိမိတို့၏ဆုတောင်းချက်များ သတ်သတ်မှတ်မှတ်ဖြစ်စေရန် မိဘတို့ အဘယ်အရာသိဖို့လိုသနည်း။

သင့်ဆုတောင်းချက်များကို သတ်သတ်မှတ်မှတ်ဖြစ်စေရန်အတွက် သင့်ကလေး၏အသက်တာတွင် အဘယ်အရာဖြစ်နေကြောင်း သိရှိဖို့လိုသည်။ သမီးနှစ်ဦးကို ပြုစုပျိုးထောင်ခဲ့သူ ဖခင်တစ်ဦး၏စကားကို သတိပြုပါ– “ရက်သတ္တပတ်အဆုံးမှာ ကျွန်တော့်ကိုကျွန်တော် မေးခွန်းနှစ်ခုမေးတယ်– ‘ဒီအပတ်အတွင်း ကလေးတွေရဲ့စိတ်ထဲမှာ ဘာရှိနေခဲ့လဲ။ ဘာကောင်းတာလေးတွေကို သူတို့ကြုံတွေ့ခဲ့ရလဲ။’” မိဘတို့၊ မိမိကိုယ်ကို ထိုကဲ့သို့သောမေးခွန်းများကိုမေးကာ သင့်သားသမီးတို့နှင့် ဆုတောင်းသည့်အခါ အဖြေတချို့ကို ထည့်တောင်းနိုင်မည်လော။ ထိုသို့လုပ်မည်ဆိုလျှင် ဆုတောင်းချက်ကို နားထောင်တော်မူသော ယေဟောဝါထံဆုတောင်းရန် သူတို့ကို သင်ပေးနေခြင်းသာမက ကိုယ်တော်ကိုချစ်မြတ်နိုးလာစေရန် သင်ပေးနေခြင်းဖြစ်မည်။—ဆာလံ ၆၅:၂

ကျွမ်းကျင်သောမိဘတို့သည်လေ့လာမှုကောင်းပြုလုပ်သည့်အကျင့်ရှိရန် အားပေး

၈။ မိဘတို့သည် သားသမီးများ ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုလေ့လာသည့် အလေ့အကျင့်ရှိရန် အဘယ်ကြောင့်ကူညီပေးရမည်နည်း။

ကျမ်းစာလေ့လာမှုအပေါ် မိဘဖြစ်သူ၏သဘောထားက ဘုရားသခင်နှင့် ကလေး၏ဆက်ဆံရေးအပေါ် မည်သို့သြဇာလွှမ်းမိုးနိုင်သနည်း။ မည်သည့်ဆက်ဆံရေးမဆို တိုးတက်ကောင်းမွန်ပြီး ထိန်းသိမ်းထားရန်မှာ တစ်ဦးနှင့်တစ်ဦး ပြောဆိုခြင်းသာမဟုတ်၊ နားလည်းထောင်ပေးရမည်။ ယေဟောဝါ၏စကားကို ကျွန်ုပ်တို့နားထောင်သည့် နည်းလမ်းတစ်ခုမှာ ‘တည်ကြည်သောကျွန်’ ထုတ်ဝေပေးထားသော စာပေများအကူအညီဖြင့် သမ္မာကျမ်းစာကို လေ့လာခြင်းဖြစ်သည်။ (မဿဲ ၂၄:၄၅-၄၇; သု. ၄:၁၊ ၂) ထို့ကြောင့် မိဘတို့သည် ယေဟောဝါနှင့် မိမိတို့၏သားသမီးများ တည်မြဲပြီး မေတ္တာပါသောဆက်ဆံရေးကို ပျိုးထောင်ရာတွင် အကူအညီဖြစ်စေရန် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာသည့်အလေ့အကျင့်ရှိဖို့ အားပေးသင့်သည်။

၉။ သားသမီးတို့တွင် လေ့လာသည့်အကျင့်ကောင်းရှိရန် မည်သို့ကူညီပေးနိုင်သနည်း။

သားသမီးတို့တွင် လေ့လာမှုအလေ့အကျင့်ကောင်းရှိရန် မည်သို့ကူညီပေးနိုင်သနည်း။ ဤတွင်တစ်ဖန် မိဘ၏ပုံသက်သေသည် အကောင်းဆုံးသွန်သင်နည်းဖြစ်သည်။ သင်သည် ကိုယ်ပိုင်ကျမ်းစာဖတ်ရှုခြင်း သို့မဟုတ် လေ့လာခြင်းတွင် ပျော်မွေ့သူဖြစ်ကြောင်း သင့်ကလေးများ ပုံမှန်တွေ့ရပါသလော။ သင်သည် သားသမီးများကို ပြုစုစောင့်ရှောက်ရာတွင် အလုပ်များနေမည်ဖြစ်ပြီး အဘယ်အချိန်တွင် ဖတ်ရှုလေ့လာရမည်နှင့်ပတ်သက်၍ ဇဝေဇဝါဖြစ်နေပေမည်။ သို့သော် မိမိကိုယ်ကို ဤသို့မေးပါ– ‘ငါ ရုပ်မြင်သံကြားကြည့်တာကို ငါ့ကလေးတွေ ပုံမှန်တွေ့နေသလား။’ သို့ဖြစ်မည်ဆိုလျှင် ကိုယ်ပိုင်လေ့လာမှုနှင့်ပတ်သက်၍ သူတို့ရှေ့တွင် ကောင်းသောပုံသက်သေပြရန် ရုပ်မြင်သံကြားကြည့်ချိန်တချို့ကို အသုံးပြုနိုင်မည်လော။

၁၀၊ ၁၁။ မိဘတို့သည် မိသားစုပုံမှန်ကျမ်းစာဆွေးနွေးခြင်းကို အဘယ်ကြောင့် ပြုလုပ်သင့်သနည်း။

၁၀ သားသမီးများ ယေဟောဝါ၏စကားကို နားထောင်ရန် မိဘတို့သင်ပေးနိုင်သည့် နောက်လက်တွေ့ကျသောနည်းမှာ မိသားစုပုံမှန်ကျမ်းစာဆွေးနွေးခြင်းအားဖြင့် ဖြစ်သည်။ (ဟေရှာယ ၃၀:၂၁) သို့သော် အချို့က ‘သားသမီးတွေကို အသင်းတော်အစည်းအဝေး ပုံမှန်ခေါ်သွားနေတာပဲ၊ ဘာကြောင့် မိသားစုလေ့လာမှု လိုဦးမှာလဲ’ ဟုမေးပေမည်။ အကြောင်းကောင်း အတော်များများရှိပါသည်။ ယေဟောဝါသည် မိဘတို့အား သားသမီးတို့ကိုသွန်သင်ပေးရန် အဓိကတာဝန်ကို ပေးအပ်ထားသည်။ (သု. ၁:၈; ဧဖက် ၆:၄) မိသားစုကျမ်းစာလေ့လာမှုက သားသမီးတို့ကို ဝတ်ပြုရေးသည် လူထုရှေ့တွင်သာပြုလုပ်ရသည့်အရာမဟုတ်ဘဲ မိသားစုသီးသန့်အသက်တာတွင်လည်း တစ်စိတ်တစ်ဒေသပါဝင်ကြောင်း သွန်သင်ပေးရာရောက်သည်။—တရားဟောရာ ၆:၆-၉

၁၁ ထို့ပြင် ကောင်းစွာကျင်းပသော မိသားစုသင်အံမှုတစ်ခုသည် ဝိညာဉ်ရေးနှင့် ကိုယ်ကျင့်တရားကိစ္စတို့တွင် ကလေးများ၏စိတ်သဘောထားကို သိရှိစေနိုင်သည့် အခွင့်အရေးတစ်ခုဖြစ်သည်။ ဥပမာ၊ သားသမီးတို့ငယ်ရွယ်စဉ်တွင် မိဘတို့သည် ကြီးမြတ်သောဆရာထံမှ သင်ယူလော့ *ကဲ့သို့သော စာပေကိုအသုံးပြုနိုင်သည်။ ကျမ်းစာသင်အံမှုအထောက်အကူပြု ဤစာအုပ်၏ အပိုဒ်တိုင်းလိုလိုတွင် ဆွေးနွေးထားသည့်အကြောင်းအရာနှင့်ပတ်သက်၍ သားသမီးတို့၏ထင်မြင်ယူဆချက်ကို ဖော်ပြရန် မေးခွန်းမေးထားသည်။ စာအုပ်တွင်ဖော်ပြထားသောကျမ်းချက်များကို ကျိုးကြောင်းဆင်ခြင်ခြင်းဖြင့် သားသမီးတို့၏ “ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍သိနိုင်သောဉာဏ်” ကိုပြုစုပျိုးထောင်ရန် မိဘတို့ အထောက်အကူပြုနိုင်သည်။—ဟေဗြဲ ၅:၁၄

၁၂။ ကလေးတစ်ဦး၏လိုအပ်ရာများနှင့်အညီ မိသားစုသင်အံမှုကို မိဘများမည်သို့ပြောင်းလဲနိုင်သနည်း။ ဤကိစ္စနှင့်ပတ်သက်၍ အကျိုးဖြစ်စေသည့် အဘယ်အရာကို သင်တွေ့ရှိထားသနည်း။

၁၂ သားသမီးတို့ ကြီးပြင်းလာသည်နှင့်အမျှ သူတို့၏လိုအပ်ရာများနှင့်အညီ သင်အံမှုကို ပြုပြင်ပြောင်းလဲပါ။ မောင်နှံတစ်စုံသည် မိမိတို့၏ဆယ်ကျော်သက်အရွယ်သမီးများ ကျောင်းကပွဲတက်ရန် တောင်းဆိုမှုနှင့်ပတ်သက်၍ ကျိုးကြောင်းဆင်ခြင်ရာတွင် အကူအညီပေးပုံကို သတိပြုပါ။ ဖခင်ဤသို့ပြောပြ၏– “နောက်တစ်ပတ် မိသားစုသင်အံမှုမှာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက ကလေးတွေနေရာမှာနေပြီး သမီးတွေက မိဘတွေနေရာမှာနေဖို့ ပြောထားတယ်။ ဘယ်သူက အဖေ ဒါမှမဟုတ် အမေနေရာယူမယ်ဆိုတာကို သူတို့ဘာသာဆုံးဖြတ်နိုင်တယ်၊ ဒါပေမဲ့ အကြောင်းအရာကိုသုတေသနပြုဖို့နဲ့ ကျောင်းကပွဲနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်ပေးဖို့ သူတို့အတူတူတွဲလုပ်ရမှာဖြစ်တယ်။” အဘယ်အကျိုးရလဒ်ရရှိခဲ့သနည်း။ ဖခင်ဖြစ်သူ ဤသို့ဆက်ပြောပြ၏– “(ကလေးတွေအဖြစ်သရုပ်ဆောင်တဲ့) ကျွန်တော်တို့ကို (မိဘနေရာကသရုပ်ဆောင်တဲ့) သမီးတွေက ကပွဲကိုသွားခြင်းဟာ ဘာကြောင့်ပညာမဲ့တယ်ဆိုတာကို ကျမ်းစာအခြေခံပြီး ကောင်းကောင်းရှင်းပြသွားနိုင်တဲ့အတွက် ကျွန်တော်တို့ အံ့သြခဲ့ရတယ်။ အဲ့ဒီ ကပွဲကိုသွားမယ့်အစား လုပ်ဆောင်နိုင်တဲ့အရာတွေကို သူတို့ဖော်ပြသွားတာကြောင့် ကျွန်တော်တို့ ပိုလို့တောင်စွဲမှတ်ခဲ့ရတယ်။ ဒါက သူတို့ရဲ့သဘောထား၊ သူတို့ရဲ့စိတ်ဆန္ဒတွေနဲ့ပတ်သက်ပြီး တန်ဖိုးရှိလှတဲ့ထိုးထွင်းသိမြင်မှုကို ပေးပါတယ်။” မှန်ပါသည်၊ မိသားစုလေ့လာမှုကို ပုံမှန်နှင့်အကျိုးရှိရှိကျင်းပရန်မှာ ကြိုးစားအားထုတ်မှုနှင့် စိတ်ကူးဉာဏ်ရှိဖို့လိုအပ်သည်၊ သို့သော် ကြိုးစားရကျိုးနပ်ပေသည်။—သု. ၂၃:၁၅

ငြိမ်ဝပ်မှုရှိသောဝန်းကျင်တစ်ခုကို ဖန်တီးပါ

၁၃၊ ၁၄။ (က) မိဘတို့သည် အိမ်ကို ငြိမ်ဝပ်မှုရှိသောဝန်းကျင်ဖြစ်ရန် မည်သို့ဖန်တီးနိုင်သနည်း။ (ခ) မိဘဖြစ်သူသည် မိမိ၏အမှားကိုဝန်ခံပါက အဘယ်အကျိုးရလဒ်ဖြစ်နိုင်သနည်း။

၁၃ လေးသမားချိန်ရွယ်ပစ်လွှတ်လိုက်သော မြားတစ်စင်းသည် ငြိမ်သက်နေသောဝန်းကျင်အခြေအနေတွင်ဖြစ်လျှင် ပစ်မှတ်ကိုထိမှန်ဖို့ အကြောင်းများသည်။ အလားတူပင် မိဘတို့သည် အိမ်ကို ငြိမ်ဝပ်မှုရှိသောဝန်းကျင်အဖြစ် ဖန်တီးထားလျှင် သားသမီးတို့သည် ယေဟောဝါကိုချစ်မြတ်နိုးဖို့ ပို၍အကြောင်းများမည်။ “အသင့်အတင့်နေခြင်းငှာပြုစုတတ်သောသူတို့သည် ဖြောင့်မတ်ခြင်းတရား၏မျိုးစေ့ကို ငြိမ်သက်စွာကြဲတတ်ကြ၏” ဟုယာကုပ်ရေးခဲ့သည်။ (ယာကုပ် ၃:၁၈) မိဘတို့သည် အိမ်ကို ငြိမ်ဝပ်မှုရှိသောဝန်းကျင်တစ်ခုဖြစ်ရန် မည်သို့ဖန်တီးနိုင်သနည်း။ ဇနီးမာင်နှံသည် ခိုင်မြဲသောအိမ်ထောင်နှောင်ကြိုးကို ထိန်းသိမ်းထားဖို့လိုသည်။ တစ်ဦးနှင့်တစ်ဦး ချစ်မြတ်နိုးပြီး လေးမြတ်မှုရှိသောဇနီးမောင်နှံသည် ကလေးများအား ယေဟောဝါအပါအဝင် အခြားသူတို့ကို ချစ်မြတ်နိုးရန်နှင့် ရိုသေလေးမြတ်ရန် ပို၍ကောင်းစွာ သင်ပေးနိုင်ကြသည်။ (ဂလာတိ ၆:၇; ဧဖက် ၅:၃၃) မေတ္တာနှင့်လေးမြတ်မှုက ငြိမ်ဝပ်မှုကို တိုးပွားစေသည်။ တစ်ဦးနှင့်တစ်ဦး သင့်မြတ်သောမောင်နှံစုံသည် မိသားစုတွင် ပေါ်ပေါက်လာနိုင်သည့် သဘောထားကွဲလွဲမှုများကို ပို၍ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ကြသည်။

၁၄ ယခုအချိန်တွင် ကမ္ဘာပေါ်၌ စုံလင်သည့်အိမ်ထောင်ဟူ၍မရှိသကဲ့သို့ စုံလင်သည့်မိသားစုဟူ၍လည်း မရှိပါ။ မိဘတို့သည် သားသမီးတို့နှင့်ဆက်ဆံရာတွင် ဘုရားသခင်ထံမှရသောအရည်အသွေးကိုတင်ပြရန် ပျက်ကွက်သည့် အခါများရှိပေမည်။ (ဂလာတိ ၅:၂၂၊ ၂၃) ထိုသို့ဖြစ်ချိန်တွင် မိဘတို့ အဘယ်အရာပြုလုပ်သင့်သနည်း။ မိမိတို့၏အမှားကို ဝန်ခံမည်ဆိုပါက မိမိတို့အပေါ် ကလေး၏ရိုသေမှု လျော့သွားမည်လော။ တမန်တော်ပေါလု၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ သူသည် များစွာသောသူတို့အဖို့ ဝိညာဉ်ရေးဖခင်တစ်ဦးကဲ့သို့ ဖြစ်ခဲ့သည်။ (၁ ကောရိန္သု ၄:၁၅) သို့တိုင် သူသည် မိမိ၏အမှားများကို ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။ (ရောမ ၇:၂၁-၂၅) သို့ဖြစ်သည့်တိုင် သူ၏နှိမ့်ချမှုနှင့် ရိုးသားဖြောင့်မတ်မှုက သူ့အပေါ် ကျွန်ုပ်တို့၏လေးမြတ်မှုကို မလျော့သွားစေဘဲ ပို၍ပင်တိုးလာသည်။ အမှားများရှိသော်ငြားလည်း ကောရိန္သုအသင်းသားများထံ ယုံကြည်စိတ်ချစွာ ဤသို့ရေးနိုင်ခဲ့၏– “ငါသည် ခရစ်တော်၏နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့နည်းတူကျင့်ကြလော့။” (၁ ကောရိန္သု ၁၁:၁) သင်သည် မိမိ၏အမှားများကို ဝန်ခံမည်ဆိုပါက သင့်သားသမီးတို့သည် သင့်အမှားများကို ကျော်၍မြင်ကြပေမည်။

၁၅၊ ၁၆။ မိဘတို့သည် သားသမီးတို့ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများအား ချစ်မြတ်နိုးစေရန် အဘယ်ကြောင့် လေ့ကျင့်ပေးသင့်သနည်း။ မည်သို့လေ့ကျင့်ပေးနိုင်သနည်း။

၁၅ သားသမီးတို့ ယေဟောဝါအားချစ်မြတ်နိုးသည့်စိတ် ကြီးထွားစေနိုင်သော ဝန်းကျင်ကိုတည်ဆောက်ရာတွင် မိဘတို့သည် နောက်ထပ်အဘယ်အရာ ပြုလုပ်နိုင်သနည်း။ တမန်တော်ယောဟန် ဤသို့ရေးခဲ့၏– “တစ်စုံတစ်ယောက်သောသူက ‘ငါသည် ဘုရားသခင်ကိုချစ်၏’ ဟုဆိုလျက်ပင် မိမိညီအစ်ကိုကိုမုန်းလျှင် ထိုသူသည် မုသာကိုသုံးသောသူဖြစ်၏။ မိမိမြင်ရသောမိမိညီအစ်ကိုကိုမချစ်လျှင် မမြင်သေးသောဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း။” (၁ ယောဟန် ၄:၂၀) ထို့ကြောင့် သားသမီးတို့အား ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများကို ချစ်ရန်လေ့ကျင့်ပေးခြင်းသည် ဘုရားသခင်ကိုချစ်မြတ်နိုးရန် လေ့ကျင့်ပေးနေခြင်းဖြစ်သည်။ မိဘတို့သည် မိမိတို့ကိုယ်ကို ဤသို့မေးသင့်သည်– ‘အသင်းတော်နဲ့ပတ်သက်ပြီး စကားစမြည်ပြောတဲ့အခါ ငါအပြောများတဲ့အကြောင်းက တည်ဆောက်မှုဖြစ်စေတဲ့စကားလား၊ ဒါမှမဟုတ် အပြစ်တင်တဲ့စကားလား။’ သင်မည်သို့သိနိုင်သနည်း။ အစည်းအဝေးများနှင့် အသင်းသားများအကြောင်း သင့်သားသမီးတို့ ပြောဆိုကြပုံကို အနီးကပ်အာရုံစိုက်ကြည့်ပါ။ သူတို့၏စကားများတွင် ထင်ဟပ်နေသော သင်တို့၏သဘောထားများကို ကြားရနိုင်ပါသည်။

၁၆ ဝိညာဉ်ရေးညီအစ်ကိုများကိုချစ်ရန် သားသမီးတို့ကို မိဘတို့ မည်သို့ကူညီပေးနိုင်သနည်း။ ဆယ်ကျော်သက်အရွယ် သားနှစ်ဦး၏ဖခင်ဖြစ်သူ ပီတာက ဤသို့ပြောပြ၏– “ကျွန်တော့်သားတွေ ငယ်ငယ်တုန်းက ကျွန်တော်တို့အိမ်မှာ ဝိညာဉ်ရေးမှာရင့်ကျက်တဲ့သူတွေနဲ့ ပုံမှန်လိုလို အတူစားကြ၊ အတူပေါင်းသင်းကြတဲ့အတွက် တော်တော်ပျော်စရာကောင်းခဲ့တယ်။ ကျွန်တော့်ရဲ့သားတွေ ယေဟောဝါကိုချစ်မြတ်နိုးတဲ့သူတွေနဲ့ ပခုံးဖက်ပေါင်းသင်းမှုများလာတဲ့အတွက် ဘုရားသခင့်အမှုတော်ဆောင်ခြင်းဟာ ပျော်စရာဘဝလမ်းစဉ်ဆိုတာကို အခု သူတို့တွေ့မြင်လာကြတယ်။” သမီးငါးယောက်၏ဖခင်ဖြစ်သူ ဒန်းနစ္စက ဤသို့ပြော၏– “ကျွန်တော့်ရဲ့သမီးတွေ အသင်းတော်မှာရှိတဲ့ သက်ကြီးရှေ့ဆောင်တွေနဲ့ပေါင်းသင်းဖို့ ကျွန်တော်တို့အားပေးခဲ့တယ်၊ အခွင့်အရေးရတိုင်း နယ်လှည့်ကြီးကြပ်မှူးတွေနဲ့ သူတို့ရဲ့ဇနီးသည်တို့ကို ကျွန်တော်တို့ဧည့်ဝတ်ပြုကြတယ်။” သင်လည်း သင်၏သားသမီးတို့သည် အသင်းတော်ကို မိသားစုတိုးချဲ့ခြင်းအဖြစ် ရှုမြင်လာစေရန် ဦးဆောင်ဦးရွက်ပြုကာ အကူအညီပေးနိုင်မည်လော။—မာကု ၁၀:၂၉၊ ၃၀

ကလေးတစ်ဦး၏တာဝန်

၁၇။ နောက်ဆုံးတွင် သားသမီးတို့သည် အဘယ်ဆုံးဖြတ်ချက်ကို ချရကြမည်နည်း။

၁၇ လေးသမားပုံဥပမာကို တစ်ဖန်သုံးသပ်ကြည့်ပါ။ လေးသမားသည် ကျွမ်းကျင်သည့်တိုင် သူပစ်လွှတ်လိုက်သည့်မြားသည် ကွေးနေမည် သို့မဟုတ် လိမ်နေမည်ဆိုပါက ပစ်မှတ်ကိုထိမည်မဟုတ်ပါ။ မိဘတို့သည် ကလေး၏သဘောထားအမှားကို ပြုပြင်ပြောင်းလဲပေးခြင်းအားဖြင့် ကွေးနေသောမြားကိုဖြောင့်ရန် ကြိုးစားကြလိမ့်မည်ဟု ပြော၍ရ၏။ သို့သော် မိမိတို့၏ဆန္ဒကို ဤလောကပုံသွင်းဖို့ခွင့်ပြုမည်လော သို့မဟုတ် ယေဟောဝါအား မိမိတို့၏ “လမ်းခရီးတို့ကို ပဲ့ပြင်” ပေးရန် ခွင့်ပြုမည်လောဆိုသည်ကို သားသမီးတို့ကိုယ်တိုင် နောက်ဆုံးတွင် ဆုံးဖြတ်ရမည်ဖြစ်သည်။—သု. ၃:၅၊ ၆; ရောမ ၁၂:၂

၁၈။ ကလေးတစ်ဦး၏ရွေးချယ်မှုသည် အခြားသူတို့အပေါ် မည်သည့်အကျိုးသက်ရောက်မှုရှိသနည်း။

၁၈ မိဘတို့သည် သားသမီးတို့အား “ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေ” ဖြင့် ပြုစုပျိုးထောင်ရန်ဖြစ်သော ကြီးလေးသည့်တာဝန်ကို ရရှိထားကြသော်လည်း ကလေးတစ်ဦးကြီးပြင်းလာသည့်အခါ မည်သို့သောလူစားမျိုးဖြစ်လာမည်နှင့်ပတ်သက်၍ နောက်ဆုံး ဆုံးဖြတ်ချက်ချရသူမှာ သားသမီးကိုယ်တိုင်ပင်ဖြစ်သည်။ (ဧဖက် ၆:၄) ထို့ကြောင့် သားသမီးတို့ မိမိကိုယ်ကို ဤသို့မေးပါ– ‘မိဘရဲ့ မေတ္တာပါတဲ့လေ့ကျင့်ပေးမှုကို ငါလက်ခံမလား။’ သင်လက်ခံနေပါက သင်သည် အကောင်းဆုံးဘဝလမ်းစဉ်ကို ရွေးချယ်နေခြင်းဖြစ်ပါလိမ့်မည်ဖြစ်သည်။ သင်သည် သင့်မိဘကို အလွန်ဝမ်းမြောက်စေပါလိမ့်မည်။ အရေးအကြီးဆုံးမှာ သင်သည် ယေဟောဝါ၏စိတ်ကို ရွှင်လန်းစေမည်ဖြစ်သည်။—သု. ၂၇:၁၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 ယေဟောဝါသက်သေများ ထုတ်ဝေသည်။

သင်မှတ်မိသလော

• မိဘတို့သည် ဆုတောင်းခြင်း၊ ကိုယ်ပိုင်လေ့လာမှုပြုခြင်းနှင့်ပတ်သက်၍ ပုံသက်သေကောင်း မည်သို့ပြနိုင်သနည်း။

• မိဘတို့သည် အိမ်ကို ငြိမ်ဝပ်မှုရှိသောဝန်းကျင်ဖြစ်ရန် မည်သို့တည်ဆောက်နိုင်သနည်း။

• သားသမီးတို့သည် အဘယ်ရွေးချယ်စရာနှင့် ရင်ဆိုင်ရကြသနည်း။ သူတို့၏ရွေးချယ်မှုသည် အခြားသူတို့အပေါ် မည်သို့အကျိုးသက်ရောက်မှုရှိမည်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

သင်သည် ကိုယ်ပိုင်လေ့လာမှုတွင် သင့်ကလေးကို ပုံသက်သေကောင်းပြပါသလော

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ငြိမ်ဝပ်မှုရှိသော မိသားစုဝန်းကျင်သည် ပျော်ရွှင်မှုကိုဖြစ်စေ