မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကလေး၏နှလုံးထဲတွင် ဘုရားသခင်ကိုချစ်သောမေတ္တာ ပြုစုပျိုးထောင်ပေးနိုင်ပုံ

သင့်ကလေး၏နှလုံးထဲတွင် ဘုရားသခင်ကိုချစ်သောမေတ္တာ ပြုစုပျိုးထောင်ပေးနိုင်ပုံ

သင့်ကလေး၏နှလုံးထဲတွင် ဘုရားသခင်ကိုချစ်သောမေတ္တာ ပြုစုပျိုးထောင်ပေးနိုင်ပုံ

ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေး ပြုစုပျိုးထောင်ခြင်းသည် ယနေ့အချိန်တွင် အခက်ခဲဆုံးဖြစ်၏။ (ဆာလံ ၁၆:၈) ကြိုတင်ပရောဖက်ပြုထားသည့်အတိုင်း “ခဲယဉ်းသောကာလ” တွင် ကျွန်ုပ်တို့ အသက်ရှင်နေကြရသည်။ လူအများစုမှာ ‘ဘုရားသခင်ကိုနှစ်သက်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်သောသူ’ ဖြစ်ကြသည်။ (၂ တိမောသေ ၃:၁-၅) မှန်ပါသည်၊ ယနေ့လောကတွင် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့်ချစ်မြတ်နိုးသူ အလွန်ရှားပါးလှသည်။

ကလေးတစ်ဦး၏နှလုံးထဲတွင် ဘုရားသခင်ကိုချစ်သောမေတ္တာ အလိုအလျောက်ဖြစ်ပေါ်လာနိုင်မည်မဟုတ်ပေ။ ထိုမေတ္တာကို ပြုစုပျိုးထောင်ပေးရမည်။ ယင်းကို မည်သို့လုပ်ဆောင်နိုင်သနည်း။

ရင်းနှီးပွင့်လင်းစွာ ဆက်သွယ်ပြောဆိုပါ

ကျွန်ုပ်တို့ကိုယ်တိုင်၏နှလုံးတွင် ဘုရားသခင်ကို ချစ်သောမေတ္တာပြည့်ဝနေမည်ဆိုလျှင် သားသမီးများ၏နှလုံးတွင်လည်း ထိုသို့သောမေတ္တာရှိရန် ပြုစုပျိုးထောင်ပေးနိုင်သည်။ (လုကာ ၆:၄၀) ယင်းကိုရည်ညွှန်းလျက် သမ္မာကျမ်းစာက ဤသို့ဆိုသည်– ‘သင်၏ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။ ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။’—⁠တရားဟောရာ ၆:၄-၇

ကလေးတစ်ဦး၏နှလုံးတွင် ဘုရားသခင်ကိုချစ်သောမေတ္တာရှိရန် မည်သို့ပြုစုပျိုးထောင်ပေးနိုင်သနည်း။ ဦးစွာ၊ ကလေး၏နှလုံးတွင် အဘယ်အရာရှိကြောင်း သိမြင်ရမည်။ ဒုတိယ၊ ကျွန်ုပ်တို့ကိုယ်တိုင်၏နှလုံးတွင် ရှိသည့်အရာကို ထုတ်ဖော်ရမည်။

ယေရှုခရစ်သည် တပည့်နှစ်ဦးနှင့်အတူ ဧမောက်ရွာသို့သွားစဉ် သူတို့၏မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုရန် ဦးစွာအားပေးခဲ့သည်။ သူတို့ပြောဆိုရာကို အတန်ကြာ နားထောင်ပြီးနောက်မှ သူတို့အတွေးအခေါ်ကို ကျမ်းစာဖြင့် ပြုပြင်တည့်မတ်ပေးခဲ့သည်။ ထိုအခါ သူတို့က “ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကိုဖွင့်ပြတော်မူသောအခါ ငါတို့စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လော” ဟုပြောဆိုကြ၏။ ယင်းသည် ရင်းနှီးပွင့်လင်းစွာ ဆက်သွယ်ပြောဆိုသော နမူနာတစ်ရပ်ပင်ဖြစ်သည်။ (လုကာ ၂၄:၁၅-၃၂) ကလေးတစ်ဦး၏ခံစားချက်များကို ကျွန်ုပ်တို့မည်သို့သိမြင်နိုင်သနည်း။

ရင်းနှီးပွင့်လင်းစွာဆက်သွယ်ခြင်းနှင့်ပတ်သက်၍ မိဘအချို့ကို မကြာသေးမီက မေးမြန်းခဲ့သည်။ သူတို့၏သားသမီးများမှာ ပုံသက်သေကောင်းပြီး အရွယ်ရောက်သူများ သို့မဟုတ် အရွယ်ရောက်ခါနီးသူများဖြစ်သည်။ ဥပမာ၊ မက္ကဆီကို၌နေထိုင်သည့် ဂလဲန်းတွင် အရွယ်ရောက်သောသားသမီးလေးဦးရှိ၏။ * သူဤသို့ပြောသည်– “မိဘနဲ့သားသမီးစပ်ကြား ရင်းနှီးပွင့်လင်းတဲ့ဆက်သွယ်ရေးဆိုတာ အလိုအလျောက်ဖြစ်မလာဘူး။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက သားသမီးတွေကို အချိန်ပေးဖို့ သိပ်အရေးမကြီးတဲ့အရာတွေကို ဘေးဖယ်ထားလိုက်တယ်။ ကလေးတွေ ဆယ်ကျော်သက်အရွယ်တုန်းကဆိုရင် သူတို့ပြောချင်တဲ့အကြောင်းတွေကို တစ်ညနေလုံး အတူပြောကြတယ်။ အစာစားချိန်မှာလည်း သူတို့ပြောတာတွေကို နားထောင်ပေးတယ်၊ ဒါကြောင့် သူတို့ရဲ့ပြဿနာတွေကို သိလာတယ်၊ တစ်ခါတလေ သူတို့တောင်မသိလိုက်ဘဲ ပြဿနာတွေကို ကြင်ကြင်နာနာ ဖြေရှင်းတည့်မတ်ပေးနိုင်ခဲ့တယ်။”

ရင်းနှီးပွင့်လင်းစွာဆက်သွယ်ပြောဆိုခြင်းတွင် ကျွန်ုပ်တို့ကိုယ်တိုင်၏နှလုံးတွင် ရှိသည့်အရာများကို ထုတ်ဖော်ခြင်းလည်း ပါဝင်သည်။ ယေရှုက “ကောင်းသောသူသည် ကောင်းသောမိမိစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာကို ထုတ်ဖော်တတ်၏။ . . . အကြောင်းမူကား စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏” ဟုမိန့်ဆိုခဲ့သည်။ (လုကာ ၆:၄၅) ဂျပန်နိုင်ငံတွင်နေထိုင်သော တိုရှီကီ၏သားသမီးသုံးဦးမှာ အချိန်ပြည့်အမှုဆောင်များဖြစ်ကြ၏။ သူဤသို့ပြောပြသည်– “ယေဟောဝါကို ကျွန်တော် ဘာကြောင့်ယုံကြည်လာတယ်၊ ကိုယ်တော်တည်ရှိတယ်ဆိုတာကို နှလုံးအကြွင်းမဲ့ ဘယ်လိုယုံကြည်လာတယ်၊ သမ္မာကျမ်းစာဟာ မှန်ကန်ပြီး ဘဝအတွက်အကောင်းဆုံးလမ်းညွှန်ဖြစ်တယ်ဆိုတာ ကျွန်တော့်ဘဝအတွေ့အကြုံက ဘယ်လိုယုံကြည်စိတ်ချစေတယ်ဆိုတာတွေကို ကလေးတွေသိအောင် အမြဲပြောပြတယ်။” မက္ကဆီကိုနိုင်ငံမှ စင်ဒီက ဤသို့ဆိုသည်– “ကျွန်မခင်ပွန်းက ကလေးတွေနဲ့အတူ အမြဲဆုတောင်းတယ်။ သူ့ရဲ့လှိုက်လှဲတဲ့ဆုတောင်းချက်ကို ကလေးတွေကြားတဲ့အခါ ယေဟောဝါက တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်ဆိုတာ သူတို့သိလာကြတယ်။”

ကျွန်ုပ်တို့ပုံသက်သေ၏အစွမ်းတန်ခိုး

ကျွန်ုပ်တို့၏အပြုအမူသည် အပြောအဆိုထက် ပို၍အစွမ်းတန်ခိုးရှိ၏၊ အကြောင်းမှာ ယင်းက ဘုရားသခင်အား ကျွန်ုပ်တို့မည်မျှချစ်ကြောင်း သားသမီးများကို သိရှိစေသောကြောင့်ဖြစ်သည်။ ယေဟောဝါအား ယေရှုခရစ်နာခံသည်ကို သတိပြုမိသူတို့သည် ဘုရားသခင်အပေါ်ထားရှိသော ကိုယ်တော်၏နက်ရှိုင်းသောမေတ္တာကို သိမြင်နိုင်ခဲ့ကြ၏။ ‘ငါသည် ခမည်းတော်ကိုချစ်သည်ကိုလည်းကောင်း၊ ခမည်းတော်မှာတော်မူသည်အတိုင်း ငါပြုသည်ကိုလည်းကောင်း လောကသားတို့သိမည်အကြောင်းတည်း’ ဟုယေရှုမိန့်ဆိုခဲ့သည်။—⁠ယောဟန် ၁၄:၃၁

ဝေလနယ်မှ ယေဟောဝါသက်သေတစ်ဦးဖြစ်သူ ဂဲရက်သ်က ဤသို့ဆို၏– “ယေဟောဝါကို ကျွန်တော်တို့ချစ်တဲ့မေတ္တာနဲ့ ကိစ္စရပ်တွေကို ကိုယ်တော့်နည်းလမ်းအတိုင်း ကြိုးစားလုပ်ဆောင်တာကို သားသမီးတွေ တွေ့မြင်ရမယ်။ ဥပမာ၊ ကျွန်တော့်အမှားတွေကို ဝန်ခံတဲ့အတွက် ဘုရားသခင်ပြောတာကို နာခံတဲ့နေရာမှာ အမှားတွေကိုဝန်ခံခြင်းလည်းပါတယ်ဆိုတာ သူတို့သိလာတယ်။ အခု သူတို့လည်း အဲဒီလိုလုပ်ကြတယ်။”

ဩစတြေးလျလူမျိုးဂရက်က ဤသို့ဆိုသည်– “ကျွန်တော်တို့အသက်တာမှာ အမှန်တရားက အရေးကြီးဆုံးဆိုတာ သားသမီးတွေကို မြင်စေချင်တယ်။ အလုပ် ဒါမှမဟုတ် အပန်းဖြေမှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေချတဲ့အခါ အဲဒါတွေက ကျွန်တော်တို့ရဲ့ခရစ်ယာန်လုပ်ဆောင်မှုတွေကို ဘယ်လိုထိခိုက်မလဲဆိုတာ အရင်ဆုံးစဉ်းစားကြတယ်။ အရန်ရှေ့ဆောင်လုပ်နေတဲ့ ၁၉ နှစ်အရွယ်သမီးက အဲဒီလိုစိတ်ဓာတ်မျိုးတင်ပြတာတွေ့ရလို့ ကျွန်တော်တို့ တကယ်ကျေနပ်မိတယ်။”

ဘုရားသခင်အားသိကျွမ်းလာရန် သားသမီးများကို ကူညီပေးခြင်း

ကျွန်ုပ်တို့မသိကျွမ်းသူတစ်ဦးကို ချစ်နိုင်မည်မဟုတ်သကဲ့သို့ ယုံကြည်ကိုးစားနိုင်မည်လည်း မဟုတ်ပေ။ တမန်တော်ပေါလုသည် ဖိလိပ္ပိမြို့ရှိခရစ်ယာန်များအား ယေဟောဝါကိုချစ်မြတ်နိုးစိတ် ရှင်သန်တိုးများစေလိုသောကြောင့် ဤသို့ရေးခဲ့သည်– “ငါဆုတောင်းသောအချက်ဟူမူကား၊ သင်တို့၏မေတ္တာသည် တိကျမှန်ကန်သောအသိပညာနှင့် ပြည့်ဝစုံလင်သော ပိုင်းခြားဝေဖန်နိုင်စွမ်းတို့ဖြင့် တိုး၍ကုံလုံကြွယ်ဝနေနိုင်မည်အကြောင်းတည်း။” (ဖိလိပ္ပိ ၁:၉ကဘ) သားသမီးလေးဦးကို ကျွေးမွေးပြုစုနေသော ပီရူးနိုင်ငံမှ ဖာလ်ကိုနာယို ဤသို့ဆို၏– “သူတို့နဲ့အတူ ပုံမှန်ကျမ်းစာဖတ်ရှု လေ့လာတာက သူတို့ယုံကြည်ခြင်းကို တည်ဆောက်ပေးတယ်။ တစ်ခါတလေ အဲဒီလိုလုပ်ဖို့ ပျက်ကွက်တဲ့အခါ ဘုရားသခင်ကိုချစ်တဲ့ သူတို့မေတ္တာလည်း လျော့နည်းလာတာသတိပြုမိတယ်။” ဩစတြေးလျမှ ဂယ်ရီ ဤသို့ပြောသည်– “ကျမ်းစာပရောဖက်ပြုချက်တွေ ပြည့်စုံနေတယ်ဆိုတဲ့အထောက်အထားတွေအကြောင်း သားသမီးတွေကို အမြဲလိုလိုပြောပြတယ်။ ကျမ်းစာမူတွေကိုကျင့်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကိုလည်း ပြောပြတယ်။ သူတို့ယုံကြည်ခြင်းကို တည်ဆောက်ပေးတဲ့နေရာမှာ ပုံမှန်မိသားစုသင်အံမှုကလည်း အဓိကကျတယ်။”

သက်သောင့်သက်သာရှိသော်လည်း လေးစားမှုရှိသော မိသားစုသင်အံမှုသည် ပျော်ရွှင်ဖွယ်ဖြစ်ပြီး ကလေးများ၏နှလုံးထဲတွင် အသိပညာ ကောင်းစွာစွဲမြဲစေပါလိမ့်မည်။ (ယာကုပ် ၃:၁၈) ဗြိတိန်နိုင်ငံမှ သားသမီးလေးဦးရှိသော ရှောန်နှင့်ပေါ်လင်းက ဤသို့ဆိုသည်– “မိသားစုသင်အံမှုမှာ ကလေးတွေ ဆူဆူညံညံလုပ်ရင်တောင် သူတို့ကို ဆူပူကြိမ်းမောင်းတာမျိုးမလုပ်မိဖို့ ကြိုးစားတယ်။ ပုံစံအမျိုးမျိုးနဲ့ သင်အံမှုလုပ်တယ်။ တစ်ခါတလေ ကလေးတွေလေ့လာချင်တဲ့ အကြောင်းအရာကို ရွေးချယ်ခိုင်းတယ်။ အဖွဲ့အစည်းထုတ် ဗီဒီယိုခွေတွေကိုလည်း သုံးတယ်။ ဗီဒီယိုရဲ့အပိုင်းတစ်ပိုင်းကို ဆွေးနွေးနိုင်ဖို့ အဲဒီအပိုင်းကို ပြန်ကြည့်တယ် ဒါမှမဟုတ် ခဏရပ်ထားလိုက်တယ်။” ဗြိတိန်နိုင်ငံမှ မိခင်တစ်ဦးဖြစ်သူကင်မ်က ဤသို့ဆိုသည်– “ကလေးတွေ စဉ်းစားစရာဖြစ်စေမယ့် မေးခွန်းတွေမေးနိုင်အောင် သင်အံမှုကို သေချာပြင်ဆင်တယ်။ မိသားစုသင်အံမှုမှာ ရယ်ရယ်မောမောနဲ့ ပြောဆိုဆွေးနွေးကြတာ သိပ်ပျော်စရာကောင်းတယ်။”

အပေါင်းအသင်းရွေးချယ်ခြင်း

သားသမီးများသည် ယေဟောဝါကိုချစ်သောသူတို့နှင့် ပေါင်းသင်းပါက ကိုယ်တော့်ကိုချစ်မြတ်နိုးစိတ်၊ စစ်မှန်သောဝတ်ပြုရေးကို တန်ဖိုးထားလေးမြတ်စိတ်တို့ အလွယ်တကူဖြစ်ပေါ်လာနိုင်သည်။ သားသမီးများနှင့်ပြောဆိုဆော့ကစားနိုင်သည့် အကျိုးပြုသောပေါင်းသင်းမှုများ စီစဉ်ပေးရာတွင် မိဘများ ကြိုးစားအားထုတ်ရပေမည်။ သို့သော် ကြိုးစားရကျိုးနပ်ပါသည်။ ထို့ပြင် အချိန်ပြည့်ဓမ္မအမှုကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ဆောင်ကြသော ယေဟောဝါသက်သေများနှင့် သားသမီးများပေါင်းသင်းနိုင်ရန် အခွင့်အလမ်းများရှာယူခြင်းကလည်း အကျိုးရှိပါသည်။ သားသမီးများစွာသည် ဘုရားသခင့်အမှုတော်တွင် ထက်သန်သူများနှင့် ပေါင်းသင်းခြင်းကြောင့် ထိုသို့လုပ်ဆောင်ရန် ရွေးချယ်ခဲ့ကြသည်။ ခရစ်ယာန်သာသနာပြုညီအစ်မတစ်ဦးက ဤသို့ဆိုသည်– “ကျွန်မမိဘတွေက ရှေ့ဆောင်တွေကို ခဏခဏ အိမ်ကိုဖိတ်ခေါ်ပြီးဧည့်ခံတယ်။ သူတို့တွေ ဓမ္မအမှုမှာ သိပ်ပျော်ရွှင်ကြတဲ့အတွက် ကျွန်မလည်း သူတို့လိုပဲ ဘုရားသခင့်အမှုတော်ဆောင်ချင်ခဲ့တယ်။”

သားသမီးများ၏သဘောထားကို ကောင်းသောသြဇာရော၊ မကောင်းသောသြဇာပါ လွှမ်းမိုးနိုင်သည်။ ထို့ကြောင့် သားသမီးများကို မကောင်းသောအပေါင်းအသင်း၏အန္တရာယ်မှ ကာကွယ်ပေးရန်မှာ မိဘများအတွက် စိန်ခေါ်ချက်ဖြစ်သည်။ (၁ ကောရိန္သု ၁၅:၃၃) ယေဟောဝါကိုမချစ်သောသူ၊ မသိကျွမ်းသောသူများနှင့် ပေါင်းသင်းခြင်းကို မည်သို့ရှောင်နိုင်ကြောင်း လူငယ်များအား သင်ပေးခြင်းသည် အတတ်ပညာတစ်ခုဖြစ်၏။ (သု. ၁၃:၂၀) အထက်တွင်ဖော်ပြခဲ့သော ရှောန်က ဤသို့ဆိုသည်– “ကျောင်းမှာ အတန်းဖော်တွေနဲ့ ပေါင်းသင်းနိုင်ပေမဲ့ ကျောင်းချိန်မဟုတ်တဲ့အခါ သူတို့နဲ့မပေါင်းသင်းဖို့ သားသမီးတွေကို သင်ပေးတယ်။ ကျောင်းချိန်ပြင်ပလုပ်ဆောင်မှုတွေ၊ ကျောင်းအားကစားပွဲတွေမှာ ဘာကြောင့် မပါဝင်သင့်သလဲဆိုတာ သူတို့ ကောင်းကောင်းသဘောပေါက်ကြတယ်။”

လေ့ကျင့်မှု၏တန်ဖိုး

မိမိတို့၏ယုံကြည်ချက်အကြောင်း ရှင်းပြတတ်ရန် သားသမီးများကို လေ့ကျင့်ပေးမည်ဆိုလျှင် ဘုရားသခင်ကိုချစ်ကြောင်း ဖော်ပြရာတွင် သူတို့ပျော်မွေ့လာကြပါလိမ့်မည်။ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သော မာ့ခ်က ဤသို့ဆိုသည်– “ကျွန်တော့်သားတွေကို အမှုဆောင်သွားတဲ့အချိန်လောက်ပဲ မဟုတ်ဘဲ အချိန်မရွေး ကိုယ့်ရဲ့ယုံကြည်ချက်ကို ပြောပြချင်စိတ်ရှိစေချင်တယ်။ ဒါကြောင့် ပန်းခြံ၊ ကမ်းခြေ၊ သစ်တောစတဲ့နေရာတွေကို အပန်းဖြေထွက်တဲ့အခါ ကျမ်းစာနဲ့ကျမ်းစာစာပေတွေ အမြဲယူသွားပြီး ကျွန်တော်တို့ရဲ့ယုံကြည်ချက်အကြောင်း လူတွေကို ပြောပြတယ်။ ဒီလိုမျိုး အလွတ်သဘောသက်သေခံရတာကို သားတွေ သိပ်ပျော်ကြတယ်။ ဆွေးနွေးမှုတွေမှာ သူတို့လည်းပါဝင်ပြီး သူတို့ရဲ့ယုံကြည်ချက်ကို ပြောဆိုကြတယ်။”

သက်ကြီးတမန်တော်ယောဟန်သည် လူများစွာကို ဘုရားသခင်အားချစ်သော မေတ္တာတိုးပွားစေရန် ကူညီပေးခဲ့၏။ သူတို့နှင့်စပ်လျဉ်း၍ သူဤသို့ရေး၏– “ငါ၏သားသမီး [ခရစ်ယာန်တပည့်] တို့သည် သမ္မာတရား၌ကျင်လည်သည်ကို ငါကြား၍ဝမ်းမြောက်ခြင်းထက် သာ၍ဝမ်းမြောက်ခြင်းမရှိ။” (၃ ယောဟန် ၄) သားသမီးများ၏နှလုံးထဲတွင် ဘုရားသခင်ကိုချစ်သောမေတ္တာ ပြုစုပျိုးထောင်ပေးပါက ကျွန်ုပ်တို့လည်း ထပ်တူဝမ်းမြောက်ကြပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 နာမည်အချို့ပြောင်းထားသည်။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံများ]

ယုံကြည်ချက်အကြောင်း ရင်းနှီးပွင့်လင်းစွာဆက်သွယ်ပြောဆိုခြင်းသည် အလိုအလျောက်ဖြစ်ပေါ်လာမည်မဟုတ်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဘုရားသခင်ကိုချစ်ကြောင်း ဖော်ပြတတ်ရန် သင့်သားသမီးများကို လေ့ကျင့်ပေးပါ

[Credit Line]

Courtesy of Green Chimneys Farm