မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သင်တို့အဘသည် သနားကြင်နာတတ်၏’

‘သင်တို့အဘသည် သနားကြင်နာတတ်၏’

‘သင်တို့အဘသည် သနားကြင်နာတတ်၏’

“သင်တို့အဘသည် သနားကြင်နာတတ်သည့်နည်းတူ သင်တို့လည်း ဆက်၍သနားကြင်နာကြလော့။” —⁠လုကာ ၆:၃၆၊ ကဘ။

၁၊ ၂။ မိမိနောက်လိုက်များ၊ ကျမ်းတတ်နှင့်ဖာရိရှဲများကို ယေရှုမိန့်ဆိုသောစကားက သနားကြင်နာမှုသည် နှစ်သက်ဖွယ်အရည်အသွေးဖြစ်ကြောင်း မည်သို့ဖော်ပြသနည်း။

မောရှေမှတစ်ဆင့်ပေးသော ပညတ်တော်တွင် ပညတ်ချက်နှင့်စည်းမျဉ်းပေါင်း ၆၀၀ ကျော်ပါရှိသည်။ ဣသရေလလူတို့သည် မောရှေပညတ်ကို လိုက်နာရန် လိုအပ်သော်လည်း သနားကြင်နာမှုတင်ပြရန်လည်း အလွန်အရေးကြီးသည်။ သနားကြင်နာမှုကင်းမဲ့သော ဖာရိရှဲများအား ယေရှုမိန့်ဆိုခဲ့ရာကို သုံးသပ်ကြည့်ပါ။ “ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏” ဟုဘုရားသခင်ပြောဆိုခဲ့ရာကို ရည်ညွှန်းလျက် သူတို့ကို နှစ်ကြိမ်တိုင်ပြစ်တင်ရှုတ်ချခဲ့သည်။ (မဿဲ ၉:၁၀-၁၃; ၁၂:၁-၇; ဟောရှေ ၆:၆) မိမိ၏ဓမ္မအမှုပြီးဆုံးခါနီးတွင် ယေရှုဤသို့ဆို၏– “လျှို့ဝှက်သောကျမ်းပြုဆရာ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား ပင်စိမ်း၊ စမွှတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဖို့တစ်ဖို့လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကိုသနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။”—⁠မဿဲ ၂၃:၂၃

ယေရှုသည် သနားကြင်နာခြင်းကို အလွန်အလေးထားသည်မှာ သေချာသည်။ “သင်တို့အဘသည် သနားကြင်နာတတ်သည့်နည်းတူ သင်တို့လည်း ဆက်၍သနားကြင်နာကြလော့” ဟုမိမိနောက်လိုက်များအား မိန့်ဆိုခဲ့သည်။ (လုကာ ၆:၃၆ကဘ) သို့သော် ဤကိစ္စတွင် “ဘုရားသခင်ကျင့်တော်မူသည်နည်းတူကျင့်” နိုင်ရန် စစ်မှန်သောသနားကြင်နာမှုဟူသည် အဘယ်အရာကို ဆိုလိုကြောင်းသိဖို့လို၏။ (ဧဖက် ၅:⁠၁) ထို့ပြင် သနားကြင်နာမှု၏အကျိုးကျေးဇူးများကို သိနားလည်ခြင်းက ကျွန်ုပ်တို့၏အသက်တာတွင် ထိုအရည်အသွေးကို ပို၍တင်ပြနိုင်ရန် လှုံ့ဆော်ပေးလိမ့်မည်။

လိုအပ်နေသူများကို သနားကြင်နာမှုပြခြင်း

၃။ စစ်မှန်သောသနားကြင်နာမှုသည် အဘယ်အရာဖြစ်ကြောင်းသိနိုင်ရန် ယေဟောဝါကို အဘယ်ကြောင့် မျှော်ကိုးသင့်သနည်း။

‘ထာဝရဘုရားသခင်သည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့်ပြည့်စုံ၍ သည်းခံခြင်းနှင့်ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏။ ထာဝရဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သောသဘောရှိ၍ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏’ ဟုဆာလံဆရာသီဆိုခဲ့သည်။ (ဆာလံ ၁၄၅:၈၊ ၉) ယေဟောဝါသည် “သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏အရှင်” ဖြစ်တော်မူ၏။ (၂ ကောရိန္သု ၁:⁠၃) သနားကြင်နာမှုရှိသူတစ်ဦးသည် အခြားသူများကို မေတ္တာကရုဏာဖြင့်ဆက်ဆံသည်။ ယင်းသည် ဘုရားသခင့်ဂုဏ်ရည်တော်၏ အဓိကအသွင်အပြင်တစ်ခုဖြစ်၏။ ကိုယ်တော့်ပုံသက်သေနှင့် သွန်သင်ချက်များက စစ်မှန်သောသနားကြင်နာမှုသည် အဘယ်အရာဖြစ်ကြောင်း ကျွန်ုပ်တို့ကိုသင်ကြားပေးနိုင်သည်။

၄။ ဟေရှာယ ၄၉:၁၅ သည် သနားကြင်နာမှုနှင့်ပတ်သက်၍ အဘယ်အရာသိရှိစေသနည်း။

ဟေရှာယ ၄၉:၁၅ တွင် ယေဟောဝါ ဤသို့မိန့်ဆို၏– “မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင် မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။” သနားကြင်နာမှုပြရန် ယေဟောဝါအားလှုံ့ဆော်ပေးသော ခံစားချက်ကို ကလေးတစ်ဦးအပေါ်ထားရှိသော နို့တိုက်မိခင်၏ခံစားချက်နှင့် နှိုင်းယှဉ်ထားသည်။ ကလေးငယ်သည် ဆာလောင်နေပေမည် သို့မဟုတ် အခြားအရာများ လိုအပ်ပေမည်။ မိခင်သည် မေတ္တာကရုဏာ သို့မဟုတ် စာနာထောက်ထားမှုရှိသောကြောင့် ကလေး၏လိုအပ်ရာကို ဖြည့်ဆည်းပေးသည်။ ယေဟောဝါသည်လည်း လူတို့ကို သနားကြင်နာမှုတင်ပြရာတွင် ထပ်တူခံစားချက်မျိုးရှိ၏။

၅။ ယေဟောဝါသည် “ကရုဏာတော်နှင့်ကြွယ်ဝ” ကြောင်း ဣသရေလလူတို့ကို မည်သို့တင်ပြခဲ့သနည်း။

သနားကြင်နာမှုရှိခြင်းနှင့် လိုအပ်နေသူများ၏အကျိုးအတွက် လုပ်ဆောင်ပေးခြင်းသည် တစ်ကဏ္ဍစီဖြစ်၏။ လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ခန့်က ယေဟောဝါ၏လူမျိုးသည် အီဂျစ်ပြည်တွင် ကျွန်ဘဝရောက်နေချိန်၌ ကိုယ်တော်မည်သို့ခံစားရသည်ကို သုံးသပ်ကြည့်ပါ။ မောရှေကို ကိုယ်တော်ဤသို့မိန့်ဆို၏– “အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကိုစေခိုင်းသောသခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။ သူတို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှ ကယ်နုတ်၍ . . . နို့နှင့်ပျားရည်စီးတတ်သောပြည်သို့ ပို့ဆောင်ခြင်းငှာ ငါဆင်းလာပြီ။” (ထွက်မြောက်ရာ ၃:၇၊ ၈) ဣသရေလလူတို့ အီဂျစ်ပြည်မှလွတ်မြောက်လာပြီးနောက် အနှစ် ၅၀၀ ခန့်တွင် ယေဟောဝါက “ဣသရေလအမျိုးဖြစ်သော သင်တို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့၍ အဲဂုတ္တုမင်းအစရှိသော သင်တို့ကိုညှဉ်းဆဲသောမင်းအပေါင်းတို့လက်မှ ကယ်နုတ်” ခဲ့ပြီဟု သတိပေးသည်။ (၁ ဓမ္မရာဇဝင် ၁၀:၁၈) ဣသရေလလူမျိုးသည် ဘုရားသခင်၏ဖြောင့်မတ်သောစံနှုန်းများမှ သွေဖည်သွားသောကြောင့် မကြာခဏ ဘေးဆိုးများ ကြုံခဲ့ရသည်။ သို့တိုင် ယေဟောဝါသည် သူတို့ကို မေတ္တာကရုဏာပြပြီး အကြိမ်ကြိမ်ကယ်တင်ခဲ့၏။ (တရားသူကြီး ၂:၁၁-၁၆; ၂ ရာဇဝင်ချုပ် ၃၆:၁၅) ယင်းက လိုအပ်နေသူ၊ အန္တရာယ်ကြုံနေသူ၊ အခက်အခဲကြုံနေသူများအပေါ် မေတ္တာရှင်ဘုရားသခင်၏ခံစားချက်ကို ဖော်ပြသည်။ ယေဟောဝါသည် အမှန်ပင် “ကရုဏာတော်နှင့်ကြွယ်ဝတော်မူ” ၏။—⁠ဧဖက် ၂:၄

၆။ ယေရှုခရစ်သည် သနားကြင်နာမှုတင်ပြရာတွင် မိမိခမည်းတော်ကို မည်သို့တုပခဲ့သနည်း။

ယေရှုခရစ် မြေကြီးပေါ်ရှိစဉ်က သနားကြင်နာမှုတင်ပြရာတွင် မိမိခမည်းတော်ကို ပြည့်ဝစုံလင်စွာတုပခဲ့သည်။ လူကန်းနှစ်ယောက်သည် “ဒါဝိဒ်၏သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါ” ဟုဟစ်ကြော်သောအခါ ယေရှုမည်သို့တုံ့ပြန်ခဲ့သနည်း။ သူတို့သည် မိမိတို့မျက်စိပြန်မြင်လာစေရန် အံ့ဖွယ်နည်းဖြင့်ပြုလုပ်ပေးဖို့ ယေရှုကို တောင်းပန်နေခြင်းဖြစ်၏။ အံ့ဖွယ်နည်းဖြင့် ယေရှုကုသပေးခဲ့သော်လည်း ခံစားချက်မပါဘဲ ပြုလုပ်ပေးခဲ့ခြင်းမဟုတ်ပေ။ “ယေရှုသည် သနားစိတ်ရှိ၍ သူတို့၏မျက်စိကို လက်နှင့်တို့တော်မူ၏။ ထိုခဏချင်းတွင် ထိုသူတို့သည် မျက်စိမြင်” ကြ၏ဟု ကျမ်းစာကဆိုသည်။ (မဿဲ ၂၀:၃၀-၃၄) ယေရှုသည် သနားစိတ်ရှိသောကြောင့် မျက်မမြင်သူ၊ နတ်ဆိုးစွဲသူ၊ နူနာစွဲသူ၊ ဝေဒနာခံစားနေရသော ကလေးများ၏မိဘများကို သက်သာရာရစေသည့် အံ့ဖွယ်အမှုများစွာပြုလုပ်ခဲ့သည်။—⁠မဿဲ ၉:၂၇; ၁၅:၂၂; ၁၇:၁၅; မာကု ၅:၁၈၊ ၁၉; လုကာ ၁၇:၁၂၊ ၁၃

၇။ ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်သားတော်၏ပုံသက်သေက သနားကြင်နာမှုနှင့်ပတ်သက်၍ အဘယ်အရာသင်ပေးသနည်း။

ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့၏ပုံသက်သေက သနားကြင်နာမှုတွင် ကဏ္ဍနှစ်ရပ်ပါဝင်ကြောင်း ဖော်ပြသည်။ ယင်းတို့မှာ လိုအပ်နေသူများအပေါ် မေတ္တာကရုဏာ၊ စာနာထောက်ထားမှုနှင့် သနားစိတ်ရှိခြင်း၊ သူတို့ကိုကူညီပေးရန် လုပ်ဆောင်ခြင်းတို့ဖြစ်သည်။ သနားကြင်နာမှုတင်ပြရာတွင် ထိုကဏ္ဍနှစ်ရပ်စလုံးပါဝင်သည်။ သမ္မာကျမ်းစာတွင် သနားကြင်နာမှုဟူသည် လိုအပ်နေသူများအပေါ် ထောက်ထားညှာတာသည့်လုပ်ရပ်ကို အများဆုံးရည်ညွှန်းလေ့ရှိသည်။ သို့သော် တရားရေးကိစ္စတစ်ခုတွင် သနားကြင်နာမှုကို မည်သို့တင်ပြခဲ့သနည်း။ သနားကြင်နာမှုတွင် အပျက်သဘောဆောင်သောလုပ်ရပ်ဟု ရှုမြင်နိုင်သည့် အပြစ်မပေးဘဲနေခြင်း ပါဝင်သလော။

အပြစ်ပြုသူများအပေါ် သနားကြင်နာမှုတင်ပြခြင်း

၈၊ ၉။ ဒါဝိဒ်သည် ဗာသရှေဘနှင့်ပြစ်မှားပြီးနောက် မည်သို့သနားကြင်နာမှုခံစားခဲ့ရသနည်း။

ပရောဖက်နာသန်သည် ရှေးဣသရေလဘုရင်ဒါဝိဒ်နှင့် ဗာသရှေဘပြစ်မှားခြင်းအကြောင်း ဒါဝိဒ်ကိုပြောပြီးနောက် အဘယ်အရာဖြစ်ပျက်ခဲ့သည်ကို သုံးသပ်ကြည့်ပါ။ ဒါဝိဒ်နောင်တရပြီး ဤသို့ဆုတောင်းခဲ့သည်– ‘အိုဘုရားသခင် ကျေးဇူးပြုချင်သော စေတနာစိတ်တော်ရှိသည်အတိုင်း အကျွန်ုပ်ကိုသနားတော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကို ဖြေတော်မူပါ။ မကောင်းမှုအညစ်အကြေးကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်ကိုသန့်ရှင်းစေတော်မူပါ။ အကျွန်ုပ်လွန်ကျူးပါပြီဟုဝန်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ်အောက်မေ့လျက်နေပါ၏။ ကိုယ်တော်ကိုပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကိုပြုပါပြီ။’—⁠ဆာလံ ၅၁:၁-၄

ဒါဝိဒ် အလွန်ယူကျုံးမရဖြစ်ခဲ့သည်။ ယေဟောဝါသည် သူ့အပြစ်ကိုခွင့်လွှတ်ပြီး သူနှင့်ဗာသရှေဘကို လျှော့ပေါ့၍အပြစ်စီရင်ခဲ့သည်။ မောရှေပညတ်အရဆိုလျှင် ဒါဝိဒ်နှင့်ဗာသရှေဘတို့သည် အသေသတ်ခြင်းခံထိုက်သည်။ (တရားဟောရာ ၂၂:၂၂) သူတို့သည် အပြစ်၏အကျိုးဆက်အားလုံးမှ မလွတ်မြောက်ခဲ့သော်လည်း အသက်ချမ်းသာရခဲ့၏။ (၂ ဓမ္မရာဇဝင် ၁၂:၁၃) ထို့ကြောင့် ဘုရားသခင် သနားကြင်နာမှုပြခြင်းတွင် အပြစ်လွှတ်ခြင်းပါဝင်သည်။ သို့သော် သင့်လျော်သောအပြစ်ဒဏ်ကိုမူ မပေးဘဲမနေပေ။

၁၀။ ယေဟောဝါသည် တရားစီရင်ရာတွင် သနားကြင်နာမှုပြသော်လည်း ယင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် အခွင့်အရေးမယူသင့်သနည်း။

၁၀ “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ဝင်၍” “အပြစ်တရား၏အခကား သေခြင်း” ဖြစ်သောကြောင့် လူသားအားလုံး သေပြစ်ခံထိုက်သည်။ (ရောမ ၅:၁၂; ၆:၂၃) ကျွန်ုပ်တို့ကို ယေဟောဝါ တရားစီရင်ရာတွင် သနားကြင်နာမှုပြသောကြောင့် အလွန်ကျေးဇူးတင်စရာပင်။ သို့သော် ဘုရားသခင့်သနားကြင်နာမှုကို အခွင့်အရေးမယူရန် သတိပြုရမည်။ ယေဟောဝါ “စီရင်တော်မူသမျှတို့သည် တရားနှင့်ညီ” ၏ဟု တရားဟောရာ ၃၂:၄ ကဖော်ပြသည်။ ဘုရားသခင်သည် သနားကြင်နာမှုတင်ပြရာတွင် မိမိ၏စုံလင်သောတရားမျှတမှုစံနှုန်းများကို လျစ်လျူမရှုပေ။

၁၁။ ဗာသရှေဘနှင့်ပြစ်မှားသော ဒါဝိဒ်၏အပြစ်ကို ကိုင်တွယ်ရာတွင် ထိုက်သင့်သောတရားမျှတမှုကို ယေဟောဝါ မည်သို့တင်ပြခဲ့သနည်း။

၁၁ ဒါဝိဒ်နှင့်ဗာသရှေဘ၏ကိစ္စတွင် သေဒဏ်စီရင်ချက်ကို မလျှော့ပေါ့မီ သူတို့၏အပြစ်ကို ခွင့်လွှတ်ရမည်ဖြစ်သည်။ ဣသရေလတရားသူကြီးများသည် ထိုသို့အပြစ်လွှတ်ပိုင်ခွင့်မရှိပေ။ ထိုကိစ္စကို သူတို့ကိုင်တွယ်ခွင့်ရခဲ့ပါက သေဒဏ်စီရင်ခြင်းမှလွဲ၍ အခြားရွေးစရာရှိမည်မဟုတ်ပေ။ ပညတ်တရားက ထိုသို့ပင်တောင်းဆိုထားသည်။ သို့သော် ယေဟောဝါသည် ဒါဝိဒ်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကြောင့် သူ့အပြစ်ကို ခွင့်လွှတ်နိုင်စရာအကြောင်းရှိမရှိ စစ်ဆေးလိုခဲ့သည်။ (၂ ဓမ္မရာဇဝင် ၇:၁၂-၁၆) ထို့ကြောင့် “မြေကြီးလုံးကိုစီရင်တော်မူ” ၍ “စိတ်နှလုံးကိုစစ်” သော ယေဟောဝါဘုရားသခင်သည် ထိုကိစ္စကို မိမိကိုယ်တိုင်ကိုင်တွယ်ရန် ရွေးချယ်ခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၅; ၁ ရာဇဝင်ချုပ် ၂၉:၁၇) ဘုရားသခင်သည် ဒါဝိဒ်၏နှလုံးကို အတွင်းကျကျသိရှိနိုင်ပြီး သူ၏နောင်တ မည်မျှစစ်မှန်ကြောင်း အကဲဖြတ်နိုင်ကာ ခွင့်လွှတ်နိုင်တော်မူသည်။

၁၂။ အပြစ်ရှိသောလူသားများသည် ဘုရားသခင့်သနားကြင်နာမှုမှ မည်သို့အကျိုးရရှိနိုင်သနည်း။

၁၂ ကျွန်ုပ်တို့အမွေခံရသော အပြစ်နှင့်သေခြင်းမှ လွတ်မြောက်နိုင်ခွင့်ပေးခြင်းဖြင့် ယေဟောဝါတင်ပြသော သနားကြင်နာမှုသည် ကိုယ်တော်၏တရားမျှတမှုနှင့် ကိုက်ညီသည်။ ယေဟောဝါသည် မိမိ၏တရားမျှတမှုစံနှုန်းကို ချိုးဖောက်ခြင်းမရှိဘဲ အပြစ်လွှတ်နိုင်ရန် သားတော်ယေရှု၏ရွေးနုတ်ဖိုး ပူဇော်ရာယဇ်ကို ပြင်ဆင်ပေးခြင်းဖြင့် အကြီးမြတ်ဆုံးသနားကြင်နာမှုကို တင်ပြခဲ့သည်။ (မဿဲ ၂၀:၂၈; ရောမ ၆:၂၂၊ ၂၃) ကျွန်ုပ်တို့သည် အမွေခံရသောအပြစ်နှင့်သေခြင်းမှ ကယ်နုတ်ပေးနိုင်သော ဘုရားသခင့်သနားကြင်နာမှုမှ အကျိုးရရှိရန် “သားတော်ကို ယုံကြည်” ရမည်။—⁠ယောဟန် ၃:၁၆၊ ၃၆

သနားကြင်နာပြီး တရားမျှတသော ဘုရားသခင်

၁၃၊ ၁၄။ ဘုရားသခင်၏သနားကြင်နာမှုသည် တရားမျှတမှုကို လျှော့ပေါ့စေသလော။ ရှင်းပြပါ။

၁၃ အထက်တွင်ဆွေးနွေးခဲ့သည့်အတိုင်း ယေဟောဝါ၏သနားကြင်နာမှုသည် တရားမျှတမှုဆိုင်ရာစံနှုန်းကို မချိုးဖောက်သော်လည်း ကိုယ်တော်၏တရားမျှတမှုကို တစ်နည်းနည်းဖြင့် ထိခိုက်စေသလော။ သနားကြင်နာမှုသည် ဘုရားသခင့်တရားမျှတမှုကို လျှော့ပေါ့လိုက်ခြင်းဖြင့် ယင်း၏အပြည့်အဝအကျိုးသက်ရောက်မှုကို ထိခိုက်စေသလော။ လုံးဝမထိခိုက်စေပါ။

၁၄ ယေဟောဝါသည် ပရောဖက်ဟောရှေမှတစ်ဆင့် ဣသရေလလူတို့ကို ဤသို့မိန့်ဆို၏– “ငါသည် ကိုယ်အဖို့ သင့်ကိုအစဉ်အမြဲသိမ်းယူမည်။ ဖြောင့်မတ်ခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ချစ်သနားစုံမက်ခြင်းနှင့်အညီ ကိုယ်အဖို့သင့်ကိုသိမ်းယူမည်။” (ဟောရှေ ၂:၁၉) ယေဟောဝါသည် တရားမျှတမှုအပါအဝင် အခြားဂုဏ်ရည်တော်များနှင့်အညီ သနားကြင်နာမှုကို အစဉ်တင်ပြကြောင်း ထိုစကားများက ဖော်ပြသည်။ ကိုယ်တော်သည် “ချစ်သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ . . . တရားတော်ကိုလွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူထသော” ဘုရားသခင်ဖြစ်၏။ (ထွက်မြောက်ရာ ၃၄:၆၊ ၇) ထို့ပြင် သနားကြင်နာပြီး တရားမျှတသောအရှင်ဖြစ်တော်မူသည်။ “ဘုရားသခင်သည် မူလအမြစ်ဖြစ်၍ အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီ” သည်ဟု ကျမ်းစာကဖော်ပြ၏။ (တရားဟောရာ ၃၂:⁠၄) ဘုရားသခင်၏တရားမျှတမှုသည် ကိုယ်တော်၏သနားကြင်နာမှုနည်းတူ စုံလင်ပေသည်။ အရည်အသွေးတစ်ခုက အခြားတစ်ခုထက် ပိုသာလွန်ခြင်းမရှိ၊ အရည်အသွေးတစ်ခုကိုတင်ပြရန် အခြားတစ်ခုကို လျှော့ပေါ့ဖို့လည်းမလိုပေ။ ထိုအရည်အသွေးနှစ်ခုစလုံးသည် တစ်ခုနှင့်တစ်ခု လုံးဝဟန်ချက်ညီညီ လုပ်ဆောင်သည်။

၁၅၊ ၁၆။ (က) ဘုရားသခင်၏တရားမျှတမှုသည် မတင်းကျပ်လွန်းကြောင်း အဘယ်အရာက ဖော်ပြသနည်း။ (ခ) လက်ရှိအစီအစဉ်စနစ်ဆိုးကို ယေဟောဝါတရားစီရင်သည့်အခါ ကိုယ်တော်ကိုဝတ်ပြုသူများ အဘယ်အရာကို ယုံကြည်စိတ်ချနိုင်သနည်း။

၁၅ ယေဟောဝါ၏တရားမျှတမှုသည် တင်းကျပ်လွန်းခြင်းမရှိပေ။ တရားမျှတမှုတွင် တရားရေးကိစ္စများ ပါဝင်လေ့ရှိပြီး အမှားပြုသူများကို ထိုက်သင့်သောအပြစ်ဒဏ်စီရင်ခြင်းလည်းပါဝင်သည်။ သို့ရာတွင် ဘုရားသခင့်တရားမျှတမှုမူကား ထိုက်တန်သူများကို ကယ်တင်ခြင်းလည်း ပါဝင်၏။ ဥပမာ၊ ဆိုးသွမ်းသော သောဒုံနှင့်ဂေါမောရမြို့သားများကို ဖျက်ဆီးချိန်တွင် ဘိုးဘေးလောတနှင့်သမီးနှစ်ဦးကို ကယ်တင်ခဲ့သည်။—⁠ကမ္ဘာဦး ၁၉:၁၂-၂၆

၁၆ လက်ရှိအစီအစဉ်စနစ်ဆိုးကို ယေဟောဝါတရားစီရင်သည့်အခါ “မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌လျှော်၍ဖြူစေသော” စစ်မှန်သောဝတ်ပြုသူများဖြစ်သည့် ‘လူအုပ်ကြီး’ သည် ကယ်တင်ခံရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ သူတို့သည် ‘ကြီးစွာသောဆင်းရဲခြင်းအထဲက ထွက်မြောက်’ လာကြပါလိမ့်မည်။—⁠ဗျာ. ၇:၉-၁၄

အဘယ်ကြောင့် သနားကြင်နာသင့်သနည်း

၁၇။ သနားကြင်နာမှုတင်ပြသင့်သည့် အခြေခံအကြောင်းရင်းကား အဘယ်နည်း။

၁၇ ယေဟောဝါနှင့်ယေရှုခရစ်တို့၏ပုံသက်သေက စစ်မှန်သောသနားကြင်နာမှုသည် အဘယ်အရာဖြစ်ကြောင်း ကျွန်ုပ်တို့ကို သင်ပေးသည်။ နယပုံပြင် ၁၉:၁၇ က သနားကြင်နာမှုတင်ပြသင့်သည့် အခြေခံအကြောင်းရင်းကို ဤသို့ဖော်ပြသည်– ‘ဆင်းရဲသားကိုသနားသောသူသည် ထာဝရဘုရားသခင်အား ချေးငှားသောသူဖြစ်၍ သူပြုသောအမှု၏အကျိုးကို ဆပ်ပေးတော်မူလိမ့်မည်။’ ကျွန်ုပ်တို့သည် သူတစ်ပါးနှင့်ဆက်ဆံရာတွင် သနားကြင်နာမှုတင်ပြခြင်းဖြင့် ယေဟောဝါနှင့်ကိုယ်တော့်သားတော်ကို တုပသည့်အခါ ကိုယ်တော်နှစ်သက်အားရတော်မူ၏။ (၁ ကောရိန္သု ၁၁:၁) ထို့ပြင် အခြားသူများကို ကျွန်ုပ်တို့ သနားကြင်နာမှုတင်ပြသည့်အခါ သူတို့လည်း ထိုသို့ပြုနိုင်ရန် အားပေးခံရသည်။—⁠လုကာ ၆:၃၈

၁၈။ သနားကြင်နာမှုကို ကျွန်ုပ်တို့ အဘယ်ကြောင့် ကြိုးစားတင်ပြသင့်သနည်း။

၁၈ သနားကြင်နာမှုတွင် အရည်အသွေးကောင်းများစွာ ပေါင်းစပ်ပါဝင်သည်။ ယင်းတွင် ကျေးဇူးပြုခြင်း၊ ချစ်ခြင်း၊ ကရုဏာ၊ ကောင်းမြတ်ခြင်းတို့ပါဝင်သည်။ မေတ္တာကရုဏာနှင့် စာနာထောက်ထားခြင်းတို့သည်  သနားကြင်နာမှုရှိသောလုပ်ရပ်များ လုပ်ဆောင်ရန် လှုံ့ဆော်ပေးသည်။ ယေဟောဝါ၏သနားကြင်နာမှုသည် တရားမျှတမှုကို မလျှော့ပေါ့စေသော်လည်း သနားကြင်နာမှုကြောင့် ကိုယ်တော်သည် အမျက်ထွက်နှေးပြီး အပြစ်သားများ နောင်တယူနိုင်ရန် အချိန်အလုံအလောက်ပေးကာ သည်းခံတော်မူသည်။ (၂ ပေတရု ၃:၉၊ ၁၀) ထို့ကြောင့် သနားကြင်နာမှုသည် စိတ်ရှည်ခြင်း၊ သည်းခံခြင်းနှင့် ဆက်စပ်လျက်ရှိ၏။ သနားကြင်နာမှုသည် ဘုရားသခင်ထံမှရသော အရည်အသွေးများအပါအဝင် အခြားအရည်အသွေးများစွာ ပေါင်းစပ်ထားသောကြောင့် ထိုအရည်အသွေးများကို မွေးမြူတင်ပြနိုင်ရန်လည်း အခွင့်အရေးရစေသည်။ (ဂလာတိ ၅:၂၂၊ ၂၃) သနားကြင်နာမှုကို ကြိုးစားတင်ပြဖို့ အရေးကြီးလှသည်တကား!

“သနားကြင်နာတတ်သူတို့သည် ပျော်ရွှင်ကြ၏”

၁၉၊ ၂၀။ သနားကြင်နာမှုသည် အဘယ်နည်းဖြင့် တရားစီရင်ခြင်းကို အောင်၍ဝါကြွားတတ်သနည်း။

၁၉ တပည့်ဖြစ်သူယာကုပ်က ကျွန်ုပ်တို့၏အသက်တာတွင် သနားကြင်နာမှုတင်ပြရန် အဘယ်ကြောင့်အရေးကြီးကြောင်း ဤသို့ရေးသားခဲ့သည်– “ကရုဏာ[“သနားကြင်နာမှု၊” ကဘ] သည် တရားစီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။” (ယာကုပ် ၂:၁၃) ယေဟောဝါအားဝတ်ပြုသူချင်း တစ်ဦးကိုတစ်ဦးတင်ပြသော သနားကြင်နာမှုအကြောင်း ယာကုပ်ပြောဆိုနေခြင်းဖြစ်သည်။ ဘုရားသခင်သည် လူတစ်ဦးကို “စစ်ကြော” ချိန်တွင် သူ၏သနားကြင်နာမှုရှိသော လုပ်ရပ်များကို ထည့်သွင်းစဉ်းစားကာ မိမိသားတော်၏ရွေးနုတ်ဖိုးပူဇော်သကာကို အခြေပြု၍ ခွင့်လွှတ်တော်မူသည်။ ဤနည်းဖြင့် သနားကြင်နာမှုသည် တရားစီရင်ခြင်းကို အောင်၍ဝါကြွား၏။ (ရောမ ၁၄:၁၂) ဗာသရှေဘနှင့်ပြစ်မှားသောဒါဝိဒ်၏အပြစ် ခွင့်လွှတ်ခံရသောအကြောင်းရင်းတစ်ခုမှာ သူကိုယ်တိုင်သနားကြင်နာတတ်သူဖြစ်သောကြောင့်ပင်။ (၁ ဓမ္မရာဇဝင် ၂၄:၄-၇) တစ်ဖက်တွင် “ကရုဏာမရှိသောသူသည် ကရုဏာကိုမရဘဲ တရားစီရင်ခြင်းကိုခံရလိမ့်မည်။” (ယာကုပ် ၂:၁၃) “သနားခြင်းကရုဏာစိတ်မရှိသောသူ” သည် “သေပြစ်ကိုခံထိုက်” သူများအဖြစ် ဘုရားသခင်ယူမှတ်သူများတွင် ပါဝင်သည်မှာ အံ့ဩစရာမဟုတ်ပေ။—⁠ရောမ ၁:၃၁၊ ၃၂

၂၀ တောင်ပေါ်တရားတော်တွင်ယေရှုက “သနားကြင်နာတတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် သနားကြင်နာခြင်း ခံရကြလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၅:⁠၇ကဘ) ဘုရားသခင့်သနားကြင်နာမှုကို ခံစားလိုသူများသည် မိမိတို့ကိုယ်တိုင်သနားကြင်နာသူများဖြစ်သင့်ကြောင်း အဆိုပါစကားများက အခိုင်အမာဖော်ပြသည်။ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် သနားကြင်နာမှု မည်သို့တင်ပြနိုင်ကြောင်း နောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။

သင် အဘယ်အရာသိရှိခဲ့သနည်း

• သနားကြင်နာမှုဟူသည် အဘယ်နည်း။

• သနားကြင်နာမှုကို အဘယ်နည်းများဖြင့် တင်ပြနိုင်သနည်း။

• ယေဟောဝါသည် မည်သည့်နည်းဖြင့် သနားကြင်နာပြီး တရားမျှတသောဘုရားသခင်ဖြစ်သနည်း။

• ကျွန်ုပ်တို့သည် အဘယ်ကြောင့် သနားကြင်နာမှုတင်ပြသင့်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

လိုအပ်နေသူများအပေါ် ယေဟောဝါ၏ခံစားချက်သည် ကလေးတစ်ဦးအပေါ်ထားရှိသော မိခင်၏ခံစားချက်နှင့်တူညီ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယေရှု၏အံ့ဖွယ်အမှုများမှ သနားကြင်နာမှုအကြောင်း အဘယ်အရာသိရှိရသနည်း

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ယေဟောဝါသည် ဒါဝိဒ်အပေါ် သနားကြင်နာမှုတင်ပြခြင်းဖြင့် မိမိ၏တရားမျှတမှုကို ချိုးဖောက်ခဲ့သလော

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

အပြစ်သားများအပေါ် ဘုရားသခင်၏သနားကြင်နာမှုသည် ကိုယ်တော်၏တရားမျှတမှုနှင့်ကိုက်ညီ