မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သနားကြင်နာမှုကို မည်သို့တင်ပြမည်နည်း

သနားကြင်နာမှုကို မည်သို့တင်ပြမည်နည်း

သနားကြင်နာမှုကို မည်သို့တင်ပြမည်နည်း

“ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။”—⁠ဂလာတိ ၆:၁၀

၁၊ ၂။ ကိုယ်နှင့်စပ်ဆိုင်သူစိတ်ထားရှိသည့် ရှမာရိလူပုံဥပမာက သနားကြင်နာမှုနှင့်ပတ်သက်၍ အဘယ်အရာသင်ပေးသနည်း။

ကျမ်းတတ်တစ်ဦးက ယေရှုနှင့်စကားပြောဆိုချိန်တွင် “အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သောသူဖြစ်ပါသနည်း” ဟုမေးလေသည်။ ထိုအခါ ယေရှုက ဤပုံဥပမာကို မိန့်ဆိုခဲ့သည်– “လူတစ်ယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ဓားပြနှင့်တွေ့ကြုံလေ၏။ ဓားပြတို့သည် ထိုသူ၏အဝတ်ကိုချွတ်၍ နာကျင်စွာရိုက်နှက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား၍သွားကြ၏။ ထိုလမ်းသို့ ယဇ်ပုရောဟိတ်တစ်ယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍သွားလေ၏။ ထိုနည်းတူ လေဝိလူတစ်ယောက်သည် ထိုအရပ်သို့ရောက်သောအခါ လာ၍ကြည့်မြင်လျှင် လွှဲရှောင်၍သွားလေ၏။ ရှမာရိလူတစ်ယောက်သည် ခရီးသွားရာတွင် ထိုလူနာရှိရာသို့ရောက်၍မြင်သောအခါ ကရုဏာစိတ်ရှိသည်နှင့် ချဉ်းကပ်၍ သူ၏အနာများကို ဆီနှင့်စပျစ်ရည်ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင် မိမိတိရစ္ဆာန်ပေါ်မှာတင်၍ ဇရပ်တစ်ခုသို့ဆောင်သွားပြုစုလေ၏။ နက်ဖြန်နေ့၌ထွက်သွားသောအခါ ဒေနာရိနှစ်ပြားကိုထုတ်၍ ဇရပ်ရှင်အားပေးလျက် ‘ဤသူကိုကြည့်ရှုပြုစုပါ။ ကုန်သမျှကိုငါပြန်လာသောအခါ ဆပ်ပေးမည်’ ဟုဆို၏။” ထို့နောက် ယေရှုက “ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ဓားပြလက်သို့ရောက်သောသူနှင့် စပ်ဆိုင်သောသူဖြစ်သနည်း” ဟုထိုကျမ်းတတ်ကို မေးလေသည်။ ထိုကျမ်းတတ်က “လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏” ဟုဖြေဆိုခဲ့သည်။—⁠လုကာ ၁၀:၂၅၊ ၂၉-၃၇

ဒဏ်ရာရနေသူကို ရှမာရိလူ ပြုစုစောင့်ရှောက်ပေးခြင်းက စစ်မှန်သောသနားကြင်နာမှုဟူသည် အဘယ်အရာဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြသည်။ ရှမာရိလူသည် သနားစိတ်၊ မေတ္တာကရုဏာစိတ်ရှိသောကြောင့် ဒဏ်ရာရနေသူ ပြန်သက်သာလာစေရန် လုပ်ဆောင်ပေးခဲ့သည်။ အမှန်မှာ၊ ထိုဒဏ်ရာရနေသူသည် ရှမာရိလူအတွက် သူစိမ်းတစ်ဦးဖြစ်၏။ သို့သော် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုတို့သည် သနားကြင်နာမှုတင်ပြခြင်းကို အတားအဆီးမဖြစ်စေပါ။ ကိုယ်နှင့်စပ်ဆိုင်သူစိတ်ထားရှိသည့် ရှမာရိလူပုံဥပမာကို ဖော်ပြပြီးနောက် ယေရှုက “သင်သည် သွား၍ ထိုနည်းတူပြုလော့” ဟုကျမ်းတတ်ကိုမိန့်ဆို၏။ (လုကာ ၁၀:၃၇) ကျွန်ုပ်တို့လည်း ထိုတိုက်တွန်းချက်ကိုလိုက်နာကာ သူတစ်ပါးကို သနားကြင်နာမှုတင်ပြရန် ကြိုးစားနိုင်ကြသည်။ မည်သို့အားဖြင့်နည်း။ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် သနားကြင်နာမှုကို မည်သည့်နည်းများဖြင့် တင်ပြနိုင်သနည်း။

‘ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိသောအခါ’

၃၊ ၄။ ခရစ်ယာန်အသင်းတော်တွင် သနားကြင်နာမှုတင်ပြရန် အဘယ်ကြောင့် အထူးအရေးကြီးသနည်း။

“ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့ ၌ အထူးသဖြင့်ကျေးဇူးပြုလျက် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့” ဟုတမန်တော်ပေါလုဆိုသည်။ (ဂလာတိ ၆:၁၀) ထို့ကြောင့် ယုံကြည်သူချင်းများနှင့်ဆက်ဆံရာတွင် သနားကြင်နာမှုရှိသောလုပ်ရပ်များဖြင့် မည်သို့ကြွယ်ဝပြည့်စုံနိုင်ကြောင်း ဦးစွာသုံးသပ်ကြည့်ကြစို့။

ယာကုပ်သည် ခရစ်ယာန်စစ်အချင်းချင်း သနားကြင်နာမှုတင်ပြရန် တိုက်တွန်း၍ ဤသို့ရေးခဲ့သည်– “သနားကြင်နာမှု မတင်ပြသောသူသည် သနားကြင်နာမှုကိုမရဘဲ တရားစီရင်ခြင်းကိုခံရလိမ့်မည်။” (ယာကုပ် ၂:၁၃ကဘ) ထိုကျမ်းချက်၏စကားစပ်တွင် သနားကြင်နာမှုတင်ပြနိုင်သည့်နည်းအချို့ကို ဖော်ပြထား၏။ ဥပမာ၊ ယာကုပ် ၁:၂၇ တွင် ဤသို့ဆို၏– ‘ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသောဝတ်ဟူမူကား မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ သူတို့ကိုကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်း လောကအညစ်အကြေးနှင့်ကင်းစင်အံ့သောငှာ စောင့်ရှောက်ခြင်းပေတည်း။’ ယာကုပ် ၂:၁၅၊ ၁၆ တွင် ဤသို့ဆိုသည်– “ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍ နေ့တိုင်းစားရသောအစာမရှိသောအခါ သင်တို့တွင် တစ်စုံတစ်ယောက်သောသူက ‘ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့’ ဟုပြောလျက် သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။”

၅၊ ၆။ ကျွန်ုပ်တို့သည် ဒေသခံခရစ်ယာန်အသင်းတော်တွင် သနားကြင်နာမှုရှိသောလုပ်ရပ်များဖြင့် မည်သို့ကြွယ်ဝပြည့်စုံနိုင်သနည်း။

အခြားသူများကို ဂရုစိုက်စောင့်ရှောက်ခြင်းနှင့် လိုအပ်နေသူများကိုကူညီခြင်းသည် စစ်မှန်သောဝတ်ပြုရေး၏ အသွင်အပြင်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အခြားသူများအတွက် စိုးရိမ်မကင်းဖြစ်ကြောင်း၊ အရာရာအဆင်ပြေသွားမည်ဖြစ်ကြောင်း နှုတ်ဖြင့်ပြောဆိုရုံသာပြုပါက စစ်မှန်သောဝတ်ပြုရေးတွင် ပါဝင်သူများမဖြစ်နိုင်ပေ။ ယင်းအစား အကူအညီအထူးလိုအပ်နေသူများ၏အကျိုးအတွက် လုပ်ဆောင်ပေးရန် မေတ္တာကရုဏာက ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ (၁ ယောဟန် ၃:၁၇၊ ၁၈) လူနာတစ်ဦးအတွက် အစားအသောက်ပြင်ဆင်ပေးခြင်း၊ သက်ကြီးရွယ်အိုတစ်ဦး၏ဝေယျာဝစ္စများ လုပ်ကိုင်ပေးခြင်း၊ လိုအပ်ပါက ခရစ်ယာန်အစည်းအဝေးများသို့ ကြိုပို့ပေးခြင်း၊ ကူညီထိုက်သူများကို မနှမြောဘဲပေးကမ်းခြင်းတို့သည် ကျွန်ုပ်တို့တင်ပြသင့်သည့် သနားကြင်နာမှုကြွယ်ဝပြည့်စုံသော လုပ်ရပ်များဖြစ်၏။—⁠တရားဟောရာ ၁၅:၇-၁၀

တိုးများလာနေသော ခရစ်ယာန်အသင်းသားများကို ကူညီပေးရာတွင် ရုပ်ပစ္စည်းပေးကမ်းခြင်းထက် သာ၍ရေးကြီးသောအရာ ရှိပါသည်။ “စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့” ဟုကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။ (၁ သက်သာလောနိတ် ၅:၁၄) “အသက်ကြီးရင့်သောမိန်းမတို့သည် . . . ကောင်းသောအတတ်ကိုသင်ပေးတတ်သောသူ” ဖြစ်ရန် တိုက်တွန်းခံရသည်။ (တိတု ၂:⁠၃) ခရစ်ယာန်ကြီးကြပ်မှူးများနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆိုသည်– ‘ထိုမင်းတို့သည် လေလုံ၍ မိုးသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့ ဖြစ်ကြလိမ့်မည်။’—⁠ဟေရှာယ ၃၂:၂

၇။ သနားကြင်နာမှုတင်ပြခြင်းနှင့်ပတ်သက်၍ ရှုရိပြည်၊ အန္တိအုတ်မြို့ရှိ တပည့်များထံမှ အဘယ်အရာသင်ယူနိုင်သနည်း။

ပထမရာစုရှိ ခရစ်ယာန်အသင်းတော်များသည် ဒေသအတွင်းရှိ မုဆိုးမများ၊ မိဘမဲ့ကလေးများ၊ အကူအညီနှင့်အားပေးမှုလိုအပ်နေသူများကို ကူညီပေးသည့်အပြင် အခြားဒေသရှိယုံကြည်သူချင်းများကို ထောက်ပံ့ပေးရန်လည်း စီစဉ်ခဲ့ကြသည်။ ဥပမာ၊ ပရောဖက်အာဂဗုသည် “မြေတစ်ပြင်လုံး၌ အစာအာဟာရအလွန်ခေါင်းပါးခြင်းဖြစ်လတ္တံ့” ဟုကြိုဟောသောအခါ ရှုရိပြည်၊ အန္တိအုတ်မြို့မှ တပည့်များသည် “အသီးအသီးတတ်နိုင်ကြသည်အတိုင်း ယုဒပြည်၌နေသောညီအစ်ကိုတို့အား အကူအမပေးလိုက်မည်ဟု စီရင်ကြသည်။” ယင်းတို့ကို “ဗာနဗနှင့်ရှောလုတို့” မှတစ်ဆင့် ထိုဒေသရှိအကြီးအကဲများထံ ပေးပို့ကြ၏။ (တမန်တော် ၁၁:၂၈-၃၀) ယနေ့ကော။ ‘သစ္စာနှင့်သတိပညာရှိကျွန်’ သည် မုန်တိုင်း၊ မြေငလျင်၊ ဆူနာမီကဲ့သို့သော သဘာဝဘေးဒဏ်ကြုံရသည့် ညီအစ်ကိုများကို ဂရုစိုက်စောင့်ရှောက်ရန် ကယ်ဆယ်ရေးကော်မတီများ ဖွဲ့စည်းပေးခဲ့သည်။ (မဿဲ ၂၄:၄၅) ထိုအစီအစဉ်တွင် ကျွန်ုပ်တို့၏အချိန်၊ ခွန်အားနှင့် ပစ္စည်းဥစ္စာများကို လိုလိုလားလားအသုံးပြုခြင်းသည် သနားကြင်နာမှုတင်ပြနိုင်သည့် အကောင်းဆုံးနည်းဖြစ်၏။

“လူမျက်နှာကိုထောက်လျှင်”

၈။ မျက်နှာလိုက်ခြင်းသည် သနားကြင်နာမှုကို မည်သို့အတားအဆီးဖြစ်စေသနည်း။

သနားကြင်နာမှုအပြင် မေတ္တာဆိုင်ရာ “ရွှေပညတ်” နှင့်ဆန့်ကျင်သော အကျင့်စရိုက်တစ်ခုအကြောင်း ယာကုပ်ဤသို့သတိပေးရေးသားခဲ့၏– ‘လူမျက်နှာကိုထောက်လျှင် အပြစ်ပြုသောသူဖြစ်ကြ၏။ တရားကိုလွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။’ (ယာကုပ် ၂:၈၊ ၉) ရုပ်ပစ္စည်းချမ်းသာသူများ၊ ထင်ပေါ်ကျော်ကြားသူများကို မျက်နှာလိုက်ခြင်းက “ဆင်းရဲသောသူ၏အော်ဟစ်သံကို” ဂရုမစိုက်သောသူဖြစ်သွားစေနိုင်သည်။ (သု. ၂၁:၁၃) မျက်နှာလိုက်ခြင်းသည် သနားကြင်နာသည့်သဘောထားကို အတားအဆီးဖြစ်စေသည်။ ကျွန်ုပ်တို့သည် အခြားသူများကို မျက်နှာမလိုက်ဘဲဆက်ဆံခြင်းဖြင့် သနားကြင်နာမှုတင်ပြကြသည်။

၉။ ထိုက်တန်သူများကို အထူးစိတ်ဝင်စားမှုတင်ပြခြင်းသည် အဘယ်ကြောင့်မမှားသနည်း။

မျက်နှာမလိုက်ခြင်းဟူသည် မည်သူ့ကိုမျှ အထူးစိတ်ဝင်စားမှု မပြခြင်းကိုဆိုလိုသလော။ မဆိုလိုပါ။ တမန်တော်ပေါလုသည် မိမိ၏လုပ်ဖော်ဆောင်ဖက် ဧပဖြောဒိတ်အကြောင်း ဖိလိပ္ပိမြို့ရှိခရစ်ယာန်များထံ ဤသို့စာရေးခဲ့သည်– “ထိုသို့သောသူတို့ကို ရိုသေလေးမြတ်ကြလော့။ အကြောင်းမူကား သင်တို့သည် ငါ့ကိုပြုစု၍ မပြည့်စုံသေးသောဝတ်ကို သူသည် ပြည့်စုံစေခြင်းငှာ ကိုယ်အသက်ကိုစွန့်စား၍ ခရစ်တော်၏အမှုကြောင့် သေခြင်းသို့ရောက်လုနီးပြီ။” (ဖိလိပ္ပိ ၂:၂၅၊ ၂၉၊ ၃၀) ဧပဖြောဒိတ်၏ သစ္စာရှိရှိလုပ်ဆောင်မှုကို အထူးအသိအမှတ်ပြုထိုက်ပါသည်။ ထို့ပြင် ၁ တိမောသေ ၅:၁၇ [သမ္မာ] တွင် ဤသို့ဖတ်ရသည်– ‘ကောင်းမွန်စွာအုပ်သောသင်းအုပ်၊ အထူးသဖြင့်ဆိုသော် နှုတ်မြွက်တော်ကိုဟောပြောခြင်း၊ ဆုံးမခြင်းအမှု၌ ကြိုးစားအားထုတ်သောသင်းအုပ်တို့သည် နှစ်ဆသောရိုသေသမှုပြုခြင်းကို ခံထိုက်သောသူဖြစ်သည်ဟူ၍ မှတ်ယူစေ။’ ဘုရားသခင်နှင့် ဆက်ဆံရေးကောင်းရှိကြောင်း အပြုအမူအားဖြင့် တင်ပြနေသူများကိုလည်း အထူးအသိအမှတ်ပြုထိုက်ပါသည်။ ထိုသို့အထူးစိတ်ဝင်စားမှုပြခြင်းသည် မျက်နှာလိုက်ခြင်းမဟုတ်ပေ။

‘အထက်မှသက်ရောက်သောပညာမူကား . . . သနားကြင်နာမှုနှင့်ပြည့်စုံ၏’

၁၀။ ကျွန်ုပ်တို့၏လျှာကို အဘယ်ကြောင့် ထိန်းချုပ်သင့်သနည်း။

၁၀ လျှာနှင့်ပတ်သက်၍ ယာကုပ်ဤသို့ရေးခဲ့သည်– “မဆုံးမနိုင်သော  အဆိုးအညစ်ဖြစ်၏။  သေစေတတ်သောအဆိပ်အတောက်နှင့် ပြည့်စုံ၏။ ငါတို့သည် လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းချီးပေးတတ်ကြ၏။ ‘ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသော’ လူတို့ကို လျှာဖြင့်ကျိန်ဆဲတတ်ကြ၏။ နှုတ်တစ်ပါးတည်းအထဲက ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်း ထွက်တတ်ပါသည်တကား။” ထို့ပြင် သူဤသို့ဆက်ဆို၏– ‘သင်တို့စိတ်ထဲမှာ ခါးစွာသောဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင် အမှန်တရားကို မုသာဖြင့်ဆန်၍ မဝါကြွားကြနှင့်။ ထိုသို့သောပညာသည် အထက်မှသက်ရောက်သောပညာမဟုတ်။ မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာဖြစ်၏။ အကြောင်းမူကား ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင် မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာပြုမူခြင်းအမျိုးမျိုးရှိတတ်၏။ အထက်မှသက်ရောက်သောပညာမူကား ရှေးဦးစွာစင်ကြယ်၏။ ထိုမှတစ်ပါး အသင့်အတင့်နေတတ်၏။ ဖြည်းညင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ သနားကြင်နာမှုနှင့်လည်းကောင်း၊ ကောင်းကျိုးနှင့်လည်းကောင်း ပြည့်စုံ၏။ လျစ်လျူရှုသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏။’—⁠ယာကုပ် ၃:၈-၁၀၊ ၁၄-၁၇

၁၁။ လျှာကိုအသုံးပြုရာတွင် အဘယ်နည်းဖြင့် သနားကြင်နာမှုတင်ပြနိုင်သနည်း။

၁၁ ထို့ကြောင့် လျှာကိုအသုံးပြုပုံသည် ကျွန်ုပ်တို့၌ ‘သနားကြင်နာမှုနှင့်ပြည့်စုံ’ သောပညာရှိမရှိ ဖော်ပြရာရောက်၏။ ကျွန်ုပ်တို့သည် မနာလိုခြင်း၊ ငြင်းခုံရန်တွေ့ခြင်းတို့ကြောင့် ဝါကြွားမည်၊ လိမ်လည်မည်၊ ထိခိုက်နစ်နာစေသောအတင်းအဖျင်းများ ပြောဆိုမည်ဆိုလျှင်ကော။ ‘မကောင်းသောအမှုကို ပြုသမျှသောသူတို့သည် ဝါကြွားကြ’ သည်ဟု ဆာလံ ၉၄:၄ ကဆို၏။ ထိခိုက်နစ်နာစေသောစကားသည် အပြစ်မဲ့သူ၏နာမည်ကောင်းကို ချက်ချင်းပင်ညှိုးနွမ်းစေနိုင်သည်တကား! (ဆာလံ ၆၄:၂-၄) ထို့ပြင် “မုသာကိုသုံးတတ်” သည့် “သစ္စာပျက်သောသက်သေ” တစ်ဦးကြောင့် ဖြစ်ပေါ်လာနိုင်သော ထိခိုက်နစ်နာမှုကိုလည်း တွေးကြည့်ပါ။ (သု. ၁၄:၅; ၃ ဓမ္မရာဇဝင် ၂၁:၇-၁၃) လျှာကိုတလွဲသုံးခြင်းအကြောင်းဖော်ပြပြီးနောက် ယာကုပ်က “ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ” ဟုဆက်ဆိုခဲ့၏။ (ယာကုပ် ၃:၁၀) စစ်မှန်သောသနားကြင်နာမှုတင်ပြရာတွင် စင်ကြယ်သော၊ အသင့်အတင့်ရှိသော၊ အကျိုးသင့်အကြောင်းသင့်ရှိသောစကားများ ပြောဆိုရန် လိုအပ်သည်။ ယေရှုက “ငါဆိုသည်ကား၊ လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက် တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတ္တံ့” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၁၂:၃၆) ကျွန်ုပ်တို့၏လျှာကိုအသုံးပြုရာတွင် သနားကြင်နာမှုရှိခြင်းသည် အလွန်အရေးကြီးလှ၏။

‘သူတစ်ပါးတို့၏ အပြစ်ကိုလွှတ်ပါ’

၁၂၊ ၁၃။ (က) သခင်တစ်ဦးထံ ငွေများစွာအကြွေးတင်သောကျွန်အကြောင်း ပုံဥပမာမှ သနားကြင်နာမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အဘယ်အရာသိရှိရသနည်း။ (ခ) မိမိညီအစ်ကိုကို “အကြိမ်ခုနစ်ဆယ်ခုနစ်လီမြောက်အောင်” ခွင့်လွှတ်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။

၁၂ မင်းကြီးတစ်ဦးထံ ဒေနာရိသန်းခြောက်ဆယ်အကြွေးတင်သော ကျွန်အကြောင်း ယေရှု၏ပုံဥပမာက သနားကြင်နာမှုတင်ပြနိုင်သည့် နောက်နည်းလမ်းတစ်ခုကို ဖော်ပြ၏။ ထိုကျွန်သည် အကြွေးဆပ်စရာမရှိသောကြောင့် မိမိကိုသနားရန် တောင်းပန်လေသည်။ သခင်သည် “သနားခြင်းရှိသဖြင့်” အကြွေးရှိသမျှကိုလွှတ်၍ ချမ်းသာပေးလေ၏။ သို့သော် ထိုကျွန်သည် ထွက်သွား၍ မိမိ၌ဒေနာရိတစ်ရာသာ အကြွေးတင်သော ကျွန်ချင်းတစ်ယောက်ကိုတွေ့လျှင် သနားကြင်နာမှုကင်းမဲ့စွာ ထောင်ထဲမှာလှောင်ထား၏။ ထိုအကြောင်းကို သခင်ကြားသော် ထိုကျွန်ကိုခေါ်၍ “ဟယ်၊ ဆိုးညစ်သောကျွန်၊ သင်သည် ငါ့ကိုတောင်းပန်သောကြောင့် သင်၌တင်သမျှသောကြွေးကို ငါရှင်းလင်းစေ၏။ ငါသည် သင့်ကိုသနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ်သလော” ဟုဆို၏။ ထို့နောက် သူ့ကို အာဏာသားတို့လက်သို့ အပ်လိုက်သည်။ ထိုပုံဥပမာကို ယေရှုဤသို့နိဂုံးချုပ်၏– “သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ကို နှလုံးပါလျက်ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏အဘသည် ထိုနည်းတူ သင်တို့ကိုစီရင်တော်မူလတ္တံ့။”—⁠မဿဲ ၁၈:၂၃-၃၅

၁၃ သနားကြင်နာမှုတွင် ခွင့်လွှတ်ရန်အသင့်ရှိခြင်းပါဝင်ကြောင်း အထက်ပါပုံဥပမာက အခိုင်အမာဖော်ပြသည်။ ယေဟောဝါသည် ကျွန်ုပ်တို့၏ကြီးမားလှသောအပြစ်ကြွေးကို ခွင့်လွှတ်တော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့လည်း “သူတစ်ပါးတို့၏အပြစ်ကိုလွှတ်” သင့်သည်မဟုတ်လော။ (မဿဲ ၆:၁၄၊ ၁၅) သနားကြင်နာမှုကင်းမဲ့သောကျွန်အကြောင်း ပုံဥပမာကို ယေရှုမမိန့်ဆိုမီ ပေတရုက “သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်တို့သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လော” ဟုမေးလျှောက်၏။ ထိုအခါ ယေရှုက “ခုနစ်ကြိမ်မြောက်အောင်လွှတ်ရမည်၊ ငါမဆို။ အကြိမ်ခုနစ်ဆယ်ခုနစ်လီမြောက်အောင် လွှတ်ရမည်၊ ငါဆို၏” ဟုမိန့်တော်မူ၏။ (မဿဲ ၁၈:၂၁၊ ၂၂) မှန်ပါသည်၊ သနားကြင်နာတတ်သူတစ်ဦးသည် “အကြိမ်ခုနစ်ဆယ်ခုနစ်လီမြောက်အောင်၊” တစ်နည်းအားဖြင့် အကန့်အသတ်မရှိခွင့်လွှတ်ရန် အသင့်ရှိသည်။

၁၄။ မဿဲ ၇:၁-၄ အရ သနားကြင်နာမှုကို မည်သို့နေ့စဉ်တင်ပြနိုင်သနည်း။

၁၄ သနားကြင်နာမှုတင်ပြနိုင်သည့် နောက်တစ်နည်းကို တောင်ပေါ်တရားတော်တွင် ယေရှုဤသို့ဆို၏– “သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကိုစီရင်ကြ၏။ ထိုတရားအတိုင်း စီရင်ခြင်းကိုခံရကြမည်။ . . . ကိုယ်မျက်စိ၌ရှိသောတံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသောငြောင့်ငယ်ကို အဘယ်ကြောင့်ကြည့်ရှုသနည်း။ ကိုယ်မျက်စိ၌တံကျင်ရှိလျက်ပင် ညီအစ်ကိုအား ‘သင်၏မျက်စိ၌ရှိသောငြောင့်ငယ်ကို ထုတ်ပါရစေ’ ဟု အဘယ်သို့ဆိုသနည်း။” (မဿဲ ၇:၁-၄) ထို့ကြောင့် သူတစ်ပါး၏အားနည်းချက်များကို စစ်ကြောဆုံးဖြတ်ခြင်း၊ အလွန်အကျွံဝေဖန်ပြောဆိုခြင်း မပြုဘဲ သည်းခံခြင်းဖြင့် သနားကြင်နာမှုကို နေ့စဉ်တင်ပြနိုင်ကြသည်။

“ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့”

၁၅။ ယုံကြည်သူချင်းများကိုသာမက လောကသားများကိုပါ အဘယ်ကြောင့် သနားကြင်နာမှုတင်ပြသင့်သနည်း။

၁၅ ယာကုပ်ကျမ်းတွင် ယုံကြည်သူချင်းများကြား သနားကြင်နာမှုပြခြင်းကို အလေးပေးထားသော်လည်း ခရစ်ယာန်အသင်းတော်သားများကိုသာ ထိုသို့ပြုသင့်သည်ဟုမဆိုလိုပါ။ ယေဟောဝါသည် “ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သောသဘောရှိ၍ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏” ဟု ဆာလံ ၁၄၅:၉ တွင် ဖော်ပြထားသည်။ “ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြ” ရန်နှင့် “ခပ်သိမ်းသောသူတို့အား ကျေးဇူးပြု” ရန် ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။ (ဧဖက် ၅:၁; ဂလာတိ ၆:၁၀) ကျွန်ုပ်တို့သည် “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြ” သော်လည်း လောကသားတို့၏လိုအပ်ရာများကို အရေးမစိုက်ဘဲမနေကြပါ။—⁠၁ ယောဟန် ၂:၁၅

၁၆။ အခြားသူများကို ကျွန်ုပ်တို့သနားကြင်နာမှုတင်ပြပုံသည် အဘယ်အချက်များအပေါ် မူတည်သနည်း။

၁၆ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် “ကြိုတင်မမြင်ရသောအဖြစ်အပျက်” ကြောင့် ဒုက္ခရောက်နေသူများ သို့မဟုတ် အခြေအနေဆိုးကြုံနေရသူများကို အတတ်နိုင်ဆုံးကူညီပေးလိုကြပါသည်။ (ဒေ. ၉:၁၁ကဘ) ကျွန်ုပ်တို့ အဘယ်အရာကူညီပေးနိုင်သည်၊ မည်မျှကူညီပေးနိုင်သည်ဆိုသည်မှာ ကျွန်ုပ်တို့၏အခြေအနေပေါ်တွင် မူတည်၏။ (သု. ၃:၂၇) အခြားသူများကို ရုပ်ပစ္စည်းအရကူညီပေးသည့်အခါ ပျင်းရိခြင်းကိုအားပေးသောလုပ်ရပ်မျိုး မဖြစ်စေရန် ဂရုပြုရမည်။ (သု. ၂၀:၁၊ ၄; ၂ သက်သာလောနိတ် ၃:၁၀-၁၂) ထို့ကြောင့် စစ်မှန်သောသနားကြင်နာမှု တင်ပြသည့်လုပ်ရပ်တစ်ခုတွင် မေတ္တာကရုဏာ၊ စာနာထောက်ထားမှုနှင့်အတူ ကောင်းစွာစဉ်းစားချင့်ချိန်မှုလည်း ပါဝင်သည်။

၁၇။ ခရစ်ယာန်အသင်းတော်ပြင်ပရှိသူများကို သနားကြင်နာမှုတင်ပြရာတွင် အဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်သနည်း။

၁၇ ခရစ်ယာန်အသင်းတော်ပြင်ပရှိသူများကို သနားကြင်နာမှုတင်ပြနိုင်သော အကောင်းဆုံးနည်းမှာ ကျမ်းစာအမှန်တရား ဝေမျှခြင်းဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယနေ့လူသားထုသည် ကျမ်းစာအမှန်တရားအလင်းမရှိဘဲ စမ်းတဝါးဝါးသွားလာနေကြသောကြောင့်ဖြစ်သည်။ သူတို့ကြုံတွေ့နေရသော ပြဿနာများအတွက် ဖြေရှင်းနည်းမရှိခြင်း၊ အနာဂတ်မျှော်လင့်ချက်မရှိခြင်းတို့ကြောင့် လူများစွာသည် “ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့” ဖြစ်နေကြ၏။ (မဿဲ ၉:၃၆) သမ္မာကျမ်းစာမှသတင်းတရားသည် သူတို့၏ ‘ခြေရှေ့တွင် မီးခွက်’ ဖြစ်၍ ဘဝပြဿနာများကို ဖြေရှင်းပေးနိုင်သည်။ သမ္မာကျမ်းစာသည် အနာဂတ်နှင့်ပတ်သက်သော ဘုရားသခင့်ရည်ရွယ်ချက်များကိုဖော်ပြပြီး တောက်ပသောမျှော်လင့်ချက်ရှိစေသောကြောင့် သူတို့၏ “လမ်းခရီးကိုလင်းစေ” နိုင်သည်။ (ဆာလံ ၁၁၉:၁၀၅) အမှန်တရားသတင်းကို အလွန်လိုအပ်နေသူများအား ဟောပြောရခြင်းသည် အလွန်ပင်အခွင့်ထူးလှ၏! ‘ကြီးစွာသောဆင်းရဲခြင်း’ ချဉ်းကပ်လာနေသောကြောင့် ယခုအချိန်သည် သတင်းကောင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ဇွဲဖြင့်ပါဝင်ရမည့်အချိန်ဖြစ်၏။ (မဿဲ ၂၄:၃-၈၊ ၂၁၊ ၂၂၊ ၃၆-၄၁; ၂၈:၁၉၊ ၂၀) ထိုနည်းဖြင့် သနားကြင်နာမှုတင်ပြခြင်းသည် အရေးအကြီးဆုံးဖြစ်၏။

“အတွင်း၌ရှိသောအရာများကို ပေးကမ်းစွန့်ကြဲကြလော့”

၁၈၊ ၁၉။ ကျွန်ုပ်တို့၏အသက်တာတွင် သနားကြင်နာမှု ပို၍တင်ပြနိုင်ရန် အဘယ်ကြောင့် ကြိုးစားအားထုတ်သင့်သနည်း။

၁၈ “အတွင်း၌ရှိသောအရာများကို ပေးကမ်းစွန့်ကြဲကြလော့” ဟုယေရှုမိန့်ဆိုခဲ့သည်။ (လုကာ ၁၁:၄၁ကဘ) စစ်မှန်သောသနားကြင်နာမှုတင်ပြသည့် လုပ်ရပ်တစ်ခုသည် အတွင်းမှလာသော၊ တစ်နည်းအားဖြင့် မေတ္တာစေတနာစိတ်မှ ပေါက်ဖွားလာသောလုပ်ရပ်ဖြစ်ရမည်။ (၂ ကောရိန္သု ၉:၇) ခက်ထန်ကြမ်းတမ်းခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ သူတစ်ပါး၏ဆင်းရဲဝေဒနာများနှင့် ပြဿနာများကို လျစ်လျူရှုခြင်းတို့ ပြည့်နှက်နေသော လောကတွင် ထိုသို့သောသနားကြင်နာမှုသည် အလွန်ပင်လန်းဆန်းစေသည်။

၁၉ ထို့ကြောင့် ကျွန်ုပ်တို့၏အသက်တာတွင် သနားကြင်နာမှု ပိုမိုတင်ပြနိုင်ရန် ကြိုးစားအားထုတ်ကြပါစို့။ ကျွန်ုပ်တို့သည် သနားကြင်နာမှု ပို၍တင်ပြလေ ဘုရားသခင်ကို ပို၍တုပရာရောက်လေဖြစ်သည်။ ယင်းက အမှန်ပင် အဓိပ္ပာယ်ပြည့်ဝပြီး ကျေနပ်ပျော်ရွှင်ဖွယ်အသက်တာကို ရရှိစေပါလိမ့်မည်။—⁠မဿဲ ၅:⁠၇

သင် အဘယ်အရာသိရှိခဲ့သနည်း

• ယုံကြည်သူချင်းများကို သနားကြင်နာမှုတင်ပြရန် အဘယ်ကြောင့် အထူးအရေးကြီးသနည်း။

• ခရစ်ယာန်အသင်းတော်တွင် မည်သို့ သနားကြင်နာမှုတင်ပြနိုင်သနည်း။

• ခရစ်ယာန်အသင်းတော်ပြင်ပရှိသူတို့ကို မည်သို့ကျေးဇူးပြုနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ရှမာရိလူသည် သနားကြင်နာစိတ်အပြည့်ဖြင့် ကူညီပေးခဲ့

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံများ]

ခရစ်ယာန်များသည် သနားကြင်နာမှုရှိသောလုပ်ရပ်များဖြင့် ကြွယ်ဝပြည့်စုံနေကြ

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ခရစ်ယာန်အသင်းတော်ပြင်ပရှိသူများကို သနားကြင်နာမှုတင်ပြနိုင်သည့် အကောင်းဆုံးနည်းမှာ ကျမ်းစာအမှန်တရားဝေမျှခြင်းဖြစ်