မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟောရှေကျမ်းမှ ပေါ်လွင်ချက်များ

ဟောရှေကျမ်းမှ ပေါ်လွင်ချက်များ

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

ဟောရှေကျမ်းမှ ပေါ်လွင်ချက်များ

မြောက်ပိုင်းဣသရေလ ဆယ်နွယ်နိုင်ငံတွင် စစ်မှန်သောဝတ်ပြုရေး ပျောက်ကွယ်လုမတတ် ဖြစ်နေ၏။ ဒုတိယမြောက်ယေရောဗောင် အုပ်စိုးချိန်တွင် ဆယ်နွယ်နိုင်ငံသည် ချမ်းသာကြွယ်ဝသော်လည်း သူသေဆုံးပြီးနောက် မကြာမီတွင် ဆုတ်ယုတ်သွားခဲ့သည်။ ပုန်ကန်ထကြွမှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများ ဆက်တိုက်ဖြစ်လာ၏။ သူ့နောက်ဆက်ခံသောဘုရင်ခြောက်ပါးတွင် လေးပါးမှာ အသတ်ခံခဲ့ရသည်။ (၄ ဓမ္မရာဇဝင် ၁၄:၂၉; ၁၅:၈-၃၀; ၁၇:၁-၆) ဟောရှေသည် ဘီစီ ၈၀၄ မှစပြီး ထိုကသောင်းကနင်းနိုင်သည့်ကာလတစ်လျှောက် ၅၉ နှစ်ကြာ ပရောဖက်တာဝန်ထမ်းဆောင်ခဲ့သည်။

ဟောရှေ၏အိမ်ထောင်တွင် ဖြစ်ပျက်ရာများက ပုန်ကန်သောဣသရေလလူမျိုးအပေါ် ယေဟောဝါ၏သဘောထားကို ကွက်ကွက်ကွင်းကွင်း ဖော်ပြသည်။ ဣသရေလလူမျိုး၏အပြစ်များ၊ သူတို့နှင့် ယုဒပြည်အပေါ် တရားစီရင်ချက်သတင်းများကို ဟောရှေ အဓိကပရောဖက်ပြုကြေညာခဲ့၏။ သူ့အမည်ပေးထားသောကျမ်းစောင်တွင် ထိုသတင်းများကို မေတ္တာပါပါ၊ အားမာန်ပါပါဖြင့် ပွင့်ပွင့်လင်းလင်းရေးသားခဲ့သည်။ ထိုသတင်းစကားများသည် ဘုရားသခင့်မှုတ်သွင်းခံကျမ်းစာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် အသက်ရှင်ပြီး တန်ခိုးနှင့်ပြည့်စုံသည်။—⁠ဟေဗြဲ ၄:⁠၁၂

‘ပြည့်တန်ဆာမိန်းမကို သိမ်းပိုက်လော့’

(ဟောရှေ ၁:၁–၃:⁠၅)

ယေဟောဝါသည် ဟောရှေအား ‘သင်သွား၍ ပြည့်တန်ဆာမိန်းမကို သိမ်းပိုက်လော့’ ဟုဆို၏။ (ဟောရှေ ၁:⁠၂) ထိုအတိုင်း ဟောရှေနာခံခဲ့ရာ ဂေါမာနှင့် သားတစ်ဦးမွေးဖွားခဲ့သည်။ ထို့နောက် ဂေါမာသည် တရားမဝင်ကလေးနှစ်ဦးဖြစ်ပုံရသော လောရုဟာမာနှင့် လောအမ္မိကို မွေးဖွားခဲ့သည်။ သူတို့အမည်များ၏အဓိပ္ပာယ်က ယေဟောဝါသည် သစ္စာမဲ့သောဣသရေလလူမျိုးကို ကရုဏာမပြတော့ဘဲ ငြင်းပယ်ကြောင်းဖော်ပြသည်။

ပုန်ကန်သောလူမျိုးကို ယေဟောဝါမည်သို့သဘောထားခဲ့သနည်း။ ကိုယ်တော်က ‘ဣသရေလအမျိုးသားတို့သည် အခြားတစ်ပါးသောဘုရားသခင်တို့ကိုဖူးမြော်သော်လည်း ထာဝရဘုရားသခင်ချစ်တော်မူသည်နည်းတူ မိမိခင်ပွန်း၏ချစ်ခြင်းကိုခံလျက် မျောက်မထားသောမိန်းမကိုသွား၍ ချစ်ဦးလော့’ ဟု ဟောရှေကိုမိန့်မှာသည်။—⁠ဟောရှေ ၃:⁠၁

ကျမ်းစာမေးခွန်းများအဖြေ–

၁:၁—⁠ဟောရှေသည် မိမိအမှုဆောင်ချိန်အတွင်း အုပ်စိုးနေသော ဣသရေလဘုရင်တစ်ပါးတည်း၏အမည်ကိုသာ ဖော်ပြသော်လည်း ယုဒဘုရင်လေးပါးစလုံး၏အမည်ကို ဖော်ပြခြင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဒါဝိဒ်မင်းဆက်မှဆင်းသက်သောဘုရင်များကိုသာ ဘုရားသခင့်ရွေးချယ်ခံလူမျိုးကို အုပ်စိုးထိုက်သူများအဖြစ် အသိအမှတ်ပြုသောကြောင့်ဖြစ်သည်။ မြောက်ပိုင်းဆယ်နွယ်နိုင်ငံ၏ဘုရင်များမဟုတ်ဘဲ ယုဒနိုင်ငံမှဘုရင်များသာလျှင် ဒါဝိဒ်မင်းဆက်မှဖြစ်သည်။

၁:၂-၉—⁠ဟောရှေသည် ပြည့်တန်ဆာမိန်းမကို အမှန်ပင်သိမ်းပိုက်ခဲ့သလော။ အမှန်မှာ၊ ဟောရှေထိမ်းမြားခဲ့သော အမျိုးသမီးသည် နောက်ပိုင်းတွင် အိမ်ထောင်ရေးဖောက်ပြန်ခဲ့၏။ မိမိ၏အိမ်တွင်းရေးနှင့်ပတ်သက်သော ဖော်ပြချက်များသည် အိပ်မက် သို့မဟုတ် အဆင်းအာရုံဖြစ်သည်ကို သူ မဖော်ပြထားပါ။

၁:၇—⁠အဘယ်အချိန်တွင် ယုဒအမျိုးကို သနားစုံမက်ပြီး ကယ်တင်ခဲ့သနည်း။ ဟေဇကိမင်းလက်ထက် ဘီစီ ၇၃၂ တွင်ဖြစ်သည်။ ကောင်းကင်တမန်တစ်ပါးသည် တစ်ညတည်းတွင် အာရှုရိစစ်သား ၁၈၅,၀၀၀ ကို ကွပ်မျက်လိုက်ခြင်းဖြင့် ယေရုရှလင်မြို့အပေါ် အာရှုရိ၏ခြိမ်းခြောက်မှုကို ယေဟောဝါ အဆုံးတိုင်စေခဲ့၏။ (၄ ဓမ္မရာဇဝင် ၁၉:၃၄၊ ၃၅) ထို့ကြောင့် ယေဟောဝါသည် ယုဒအမျိုးကို “လေး၊ ဓား၊ စစ်တိုက်လက်နက်၊ မြင်း၊ မြင်းစီးသူရဲအားဖြင့်” မဟုတ်ဘဲ ကောင်းကင်တမန်အားဖြင့် ကယ်တင်ခဲ့သည်။

၁:၁၀၊ ၁၁—⁠ဘီစီ ၇၄၀ တွင်မြောက်ပိုင်းဣသရေလနိုင်ငံ ကျဆုံးခဲ့ရာ ဣသရေလအမျိုးသားတို့သည် ယုဒအမျိုးသားတို့နှင့် မည်သို့ “စုဝေးပေါင်းဖော်” ခဲ့ကြသနည်း။ ဘီစီ ၆၀၇ တွင် ယုဒပြည်သားများကို ဗာဗုလုန်သို့ သုံ့ပန်းအဖြစ်မခေါ်ဆောင်မီ မြောက်ပိုင်းဣသရေလနိုင်ငံသားအများစုသည် ယုဒပြည်တွင် လာရောက်နေထိုင်ခဲ့ကြ၏။ (၂ ရာဇဝင်ချုပ် ၁၁:၁၃-၁၇; ၃၀:၆-၁၂၊ ၁၈-၂၀၊ ၂၅) ထို့ကြောင့် ဘီစီ ၅၃၇ ၌ ပြည်တော်ပြန်လာသော ဂျူးသုံ့ပန်းများတွင် မြောက်ပိုင်းဣသရေလဆယ်နွယ်နိုင်ငံသားများလည်း ပါဝင်သည်။—⁠ဧဇရ ၂:၇၀

၂:၂၁-၂၃—⁠“ထိုသတို့သမီး [ယေဇရေလ]ကို မျိုးစေ့ကဲ့သို့ မြေ၌ကိုယ်အဖို့ ငါကြဲမည်။ သတို့သမီးကို ငါသနားစုံမက်မည်” ဟူသော ယေဟောဝါ၏စကားများက အဘယ်အရာကို ပုံတင်ပြသနည်း။ ဟောရှေနှင့်ဂေါမာ၏သားဦးမှာ ယေဇရေလဖြစ်သည်။ (ဟောရှေ ၁:၂-၄) “ဘုရားသခင်သည် မျိုးစေ့ကြဲတော်မူမည်” ဟုအဓိပ္ပာယ်ရသော ထိုအမည်သည် ဘီစီ ၅၃၇ တွင် သစ္စာရှိအကြွင်းအကျန်ကို ယေဟောဝါစုသိမ်းကာ ယုဒပြည်တွင် မျိုးစေ့သဖွယ်ကြဲခြင်းကို ပုံတင်ပြသည်။ အနှစ် ၇၀ လူသူကင်းမဲ့ခဲ့သော ထိုပြည်သည် ယခုအခါ ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ကို ထုတ်လုပ်ဖို့ လိုအပ်လာပြီဖြစ်သည်။ ထိုပရောဖက်ပြုချက်တွင် ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့က မြေကြီးကို မြေသြဇာထုတ်လုပ်ပေးရန် တောင်းဆိုကြသည်၊ မြေကြီးကလည်း ကောင်းကင်ကို မိုးရေပေးရန် တောင်းဆိုသည်၊ တစ်ဖန် ကောင်းကင်က မိုးတိမ်များဖြစ်ပေါ်စေရန် ဘုရားသခင်ကိုတောင်းဆိုသည်ဟု ကဗျာဆန်ဆန်ရေးဖွဲ့ထား၏။ ယင်းတို့အားလုံးက ပြည်တော်ပြန်အကြွင်းအကျန်များ၏ လိုအပ်ရာကို အလျှံပယ်ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်ပေမည်။ တမန်တော်ပေါလုနှင့်ပေတရုက ဘုရားသခင်၏ဣသရေလအကြွင်းအကျန်ကို စုသိမ်းခြင်းအကြောင်း ဖော်ပြရာတွင် ဟောရှေ ၂:၂၃ နှင့်ဆက်စပ်ခဲ့သည်။—⁠ရောမ ၉:၂၅၊ ၂၆; ၁ ပေတရု ၂:၁၀

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–

၁:၂-၉; ၃:၁၊ ၂ဟောရှေသည် ဘုရားသခင့်အလိုတော်ကို နာခံကာ မိမိအိမ်ထောင်ကို ဆက်တည်မြဲစေခြင်းဖြင့် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့၏။ ကျွန်ုပ်တို့လည်း ဘုရားသခင့်အလိုတော်ဆောင်ရာတွင် မိမိတို့ကြိုက်နှစ်သက်ရာများကို မည်မျှအထိအနစ်နာခံစွန့်လွှတ်လိုသနည်း။

၁:၆-၉ယေဟောဝါသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ရွံမုန်းသကဲ့သို့ မိမိအပေါ်သစ္စာမဲ့ခြင်းကိုလည်း ရွံမုန်းတော်မူ၏။

၁:၇၊ ၁၀၊ ၁၁; ၂:၁၄-၂၃ဣသရေလ၊ ယုဒနှင့်ပတ်သက်သော ယေဟောဝါ၏မိန့်ဆိုချက်များ ပြည့်စုံခဲ့သည်။ ယေဟောဝါ၏စကားများသည် အမြဲပင်ပြည့်စုံ၏။

၂:၁၆၊ ၁၉၊ ၂၁-၂၃; ၃:၁-၄စစ်မှန်သောနောင်တတင်ပြသူများကို ယေဟောဝါ လိုလိုလားလားခွင့်လွှတ်တော်မူသည်။ (နေဟမိ ၉:၁၇) ယေဟောဝါနည်းတူ ကျွန်ုပ်တို့လည်း သူတစ်ပါးနှင့်ဆက်ဆံရာတွင် သနားကြင်နာမှုနှင့်ကရုဏာတင်ပြသင့်သည်။

‘ယေဟောဝါသည် တရားတွေ့ မှုရှိတော်မူ၏’

(ဟောရှေ ၄:၁–၁၃:၁၆)

‘ထာဝရဘုရားသခင်သည် ပြည်သူပြည်သားတို့နှင့် တရားတွေ့မှုရှိတော်မူ၏။’ အဘယ်ကြောင့်နည်း။ “အကြောင်းမူကား သူတို့သည် သစ္စာမရှိ၊ ကရုဏာမရှိ၊ ဘုရားသခင်ကိုမသိကြ” ၍ဖြစ်သည်။ (ဟောရှေ ၄:⁠၁) အယူဖောက်ပြန်သော ဣသရေလလူမျိုးသည် လိမ်လည်လှည့်စားမှုများ၊ သွေးသွန်းမှုများတွင်ပါဝင်ပြီး မတရားမေထုန်ကျူးလွန်ခြင်းဖြင့် ဘုရားသခင်ကို မဝတ်ပြုတော့ကြောင်း ဖော်ပြကြသည်။ သူတို့သည် ဘုရားသခင်ကို ကိုးစားမည့်အစား “အဲဂုတ္တုပြည်ကို ဟစ်ခေါ်တတ်၏။ အာရှုရိပြည်သို့ ပြေးတတ်၏။”—⁠ဟောရှေ ၇:၁၁

“ဣသရေလအမျိုးသည် တိမ်မြုပ်လေပြီ” ဟုဆိုကာ မိမိ၏တရားစီရင်ချက်ကို ယေဟောဝါ ကြေညာခဲ့သည်။ (ဟောရှေ ၈:⁠၈) ယုဒနိုင်ငံလည်း သွေးပြစ်မကင်းပေ။ ‘ထာဝရဘုရားသခင်သည် ယုဒအမျိုးနှင့်လည်း တရားတွေ့မှုရှိတော်မူ၏။ ယာကုပ်၏အကျင့်တို့ကို စစ်ကြော၍ သူပြုမူသည်နှင့်အညီ အပြစ်ပေးတော်မူမည်’ ဟု ဟောရှေ ၁၂:၂ ကဖော်ပြသည်။ သို့သော် “သူတို့ကို မရဏာနိုင်ငံတန်ခိုးမှ ငါကယ်လွှတ်မည်။ သေမင်းလက်မှလည်းရွေးမည်” ဟုဘုရားသခင်ကတိပြုသောကြောင့် ပြန်လည်ထူထောင်ခြင်း ဧကန်အမှန်ဖြစ်လိမ့်မည်။—⁠ဟောရှေ ၁၃:၁၄

ကျမ်းစာမေးခွန်းများအဖြေ–

၆:၁-၃—⁠‘လာကြ။ ထာဝရဘုရားသခင်ထံတော်သို့ပြန်ကြကုန်အံ့’ ဟုမည်သူက ပြောဆိုသနည်း။ ယေဟောဝါထံပြန်လှည့်လာရန် သစ္စာမဲ့ဣသရေလလူမျိုးအချင်းချင်း အားပေးပြောဆိုခြင်း ဖြစ်ပေမည်။ ထိုသို့ဖြစ်ပါက သူတို့သည် ဟန်ဆောင်နောင်တယူခြင်းသာ ဖြစ်သည်။ သူတို့၏မေတ္တာကရုဏာသည် “နံနက်မိုးတိမ်ကဲ့သို့လည်းကောင်း၊ စောစောပျောက်တတ်သောနှင်းကဲ့သို့လည်းကောင်း” ခေတ္တသာတည်၏။ (ဟောရှေ ၆:⁠၄) လူတို့ ယေဟောဝါထံပြန်လှည့်လာရန် ပြောဆိုသူမှာ ဟောရှေလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်ပါစေ ထင်ရာစိုင်းသော ဣသရေလဆယ်နွယ်နိုင်ငံသားများသည် နောင်တအစစ်အမှန်တင်ပြပြီး ယေဟောဝါထံ အမှန်တကယ် ပြန်လှည့်လာဖို့လိုသည်။

၇:၄—⁠ဖောက်ပြန်သောဣသရေလလူမျိုးသည် အဘယ်နည်းဖြင့် “မီးဖို” နှင့်တူကြသနည်း။ ဤခိုင်းနှိုင်းမှုက သူတို့၏နှလုံးထဲတွင် ဆိုးညစ်သောဆန္ဒများ တောက်လောင်နေသည်ကို ဖော်ပြသည်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–

၄:၁၊ ယေဟောဝါ၏မျက်နှာသာကို ဆက်ရရှိလိုပါက ကိုယ်တော်နှင့်ပတ်သက်သောအသိပညာကို ဆက်ဆည်းပူးနေကာ ယင်းနှင့်အညီ အသက်ရှင်နေထိုင်ရမည်။

၄:၉-၁၃လိင်အကျင့်ယိုယွင်းပြီး မစင်ကြယ်သောဝတ်ပြုရေးတွင် ပါဝင်သူတို့ကို ယေဟောဝါ စာရင်းရှင်းတော်မူမည်။—⁠ဟောရှေ ၁:၄

၅:⁠၁ဘုရားသခင့်လူမျိုးတော်ကို ဦးဆောင်နေသူတို့သည် အယူဖောက်ပြန်ခြင်းကို လုံးဝငြင်းပယ်သင့်သည်။ သို့မဟုတ်ပါက သူတို့သည် မှားယွင်းသောဝတ်ပြုရေးတွင်ပါဝင်ရန် အခြားသူများကို သွေးဆောင်ခြင်းဖြင့် ‘ကျော့ကွင်း၊ ထောင်သောပိုက်’ ဖြစ်သွားနိုင်သည်။

၆:၁-၄; ၇:၁၄၊ ၁၆အပြောအားဖြင့်သာ နောင်တယူခြင်းသည် ဟန်ဆောင်ခြင်းဖြစ်ပြီး အကျိုးမရှိပေ။ အမှားပြုသူတစ်ဦးသည် ဘုရားသခင့်ကရုဏာခံစားရရန် စစ်မှန်သောနောင်တယူရမည်၊ ယင်းကို မြင့်မြတ်သောဝတ်ပြုရေးသို့ ပြန်လှည့်လာခြင်းဖြင့် တင်ပြရမည်။ သူ၏အမူအကျင့်များသည် ဘုရားသခင်၏မြင့်မားသောစံနှုန်းများနှင့် ကိုက်ညီသင့်သည်။—⁠ဟောရှေ ၇:၁၆

၆:၆အပြစ်ပြုကျင့်နေခြင်းသည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသောမေတ္တာမရှိကြောင်း  ဖော်ပြရာရောက်သည်။ ထိုပျက်ကွက်မှုကို  ဘုရားသခင်နှစ်သက်သော  မည်သည့်လုပ်ဆောင်မှုဖြင့်မျှ အစားမထိုးနိုင်ပါ။

၈:၇၊ ၁၃; ၁၀:၁၃“လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်” ဟူသောမူသည် ရုပ်ပုံကိုးကွယ်သောဣသရေလလူမျိုး၏ အဖြစ်တွင် မှန်ကန်ကြောင်း ထင်ရှားသည်။—⁠ဂလာတိ ၆:၇

၈:⁠၈; ၉:၁၇; ၁၃:၁၆မြောက်ပိုင်းနိုင်ငံ၏မြို့တော် ရှမာရိကို အာရှုရိတို့သိမ်းပိုက်ချိန်တွင် ယင်းနှင့်ပတ်သက်သော ပရောဖက်ပြုချက်များ ပြည့်စုံခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၇:၃-၆) ထို့ကြောင့် ဘုရားသခင်သည် မိမိမိန့်တော်မူသည့်အတိုင်း ပြုမည်၊ ကတိထားသည့်အတိုင်း ပြည့်စုံစေမည်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါသည်။—⁠တောလည်ရာ ၂၃:၁၉

၈:၁၄ဘီစီ ၆၀၇ တွင် ဗာဗုလုန်တို့သည် ယုဒနိုင်ငံ၏ “မြို့များတို့ကိုမီးရှို့” ခဲ့ကြ၏၊ ဤနည်းဖြင့် ယေဟောဝါသည် ကြိုဟောထားသည့်အတိုင်း ယုဒပြည်နှင့်ယေရုရှလင်ကို ဖျက်ဆီးခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၆:၁၉) ဘုရားသခင့်စကားတော်သည် အကုန်အစင်ပြည့်စုံခဲ့သည်။—⁠ယောရှု ၂၃:၁၄

၉:၁၀ဣသရေလလူတို့သည် စစ်မှန်သောဘုရားသခင်ထံ အပ်နှံထားသော်လည်း “ကိုယ်အလိုအလျောက် ဗာလပေဂုရဘုရားထံသို့သွား၍ ထိုရှက်ဖွယ်သောအရာအဖို့ ကိုယ်ကိုအပ်နှံ” ကြ၏။ ကျွန်ုပ်တို့လည်း သူတို့၏မကောင်းသောပုံသက်သေမှ သင်ခန်းစာယူပြီး ယေဟောဝါထံအပ်နှံခြင်းကို မချိုးဖောက်မိရန် ကာကွယ်စောင့်ရှောက်ပါက ပညာရှိရာရောက်သည်။—⁠၁ ကောရိန္သု ၁၀:၁၁

၁၀:၁၊ ၂၊ ၁၂ကျွန်ုပ်တို့သည် ဟန်ဆောင်မှုကင်းသောစိတ်နှလုံးဖြင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သင့်၏။ ကျွန်ုပ်တို့သည် ‘ကိုယ်အဖို့ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲလျှင် ဘုရားသခင်၏ကရုဏာတော်အသီးအနှံကို ရိတ်ရမည်။’

၁၀:⁠၅(“ဘုရားသခင်၏အိမ်တော်” ဟုအဓိပ္ပာယ်ရသော) ဗေသလမြို့ကို ရှုတ်ချသည့်အနေဖြင့် (“နာကျင်ရာအိမ်” ဟုအဓိပ္ပာယ်ရသော) ဗေသဝင်ဟု အမည်ပေးထား၏။ ဗေသဝင်မြို့ရှိနွားရုပ်ကို တိုင်းတစ်ပါးသို့ယူဆောင်သွားချိန်တွင် ရှမာရိမြို့သားများ ငိုကြွေးမြည်တမ်းခဲ့ကြသည်။ မိမိကိုယ်ကိုပင် မကာကွယ်နိုင်သော သက်မဲ့ရုပ်ပုံကို ကိုးစားခြင်းသည် မည်မျှမိုက်မဲလှသည်တကား!—⁠ဆာလံ ၁၃၅:၁၅-၁၈; ယေရမိ ၁၀:၃-၅

၁၁:၁-၄ယေဟောဝါသည် မိမိလူမျိုးကို မေတ္တာဖြင့် အမြဲဆက်ဆံတော်မူ၏။ ဘုရားသခင်ကို လက်အောက်ခံခြင်းသည် ဝန်လေးပင်ပန်းစေသည်မဟုတ်ပေ။

၁၁:၈-၁၁; ၁၃:၁၄စစ်မှန်သောဝတ်ပြုရေး ပြန်လည်ထူထောင်ခြင်းနှင့်ပတ်သက်သော ယေဟောဝါ၏စကားများသည် ‘အကျိုးမရှိဘဲ ကိုယ်တော့်ထံသို့မပြန်’ ခဲ့ပေ။ (ဟေရှာယ ၅၅:၁၁) ဂျူးအကြွင်းအကျန်များသည် ဘီစီ ၅၃၇ တွင် ဗာဗုလုန်သုံ့ပန်းဘဝမှ လွတ်မြောက်ကာ ယေရုရှလင်သို့ပြန်လာခဲ့ကြသည်။ (ဧဇရ ၂:၁; ၃:၁-၃) မိမိပရောဖက်များမှတစ်ဆင့် ယေဟောဝါ၏မိန့်ဆိုချက်များသည် မပြည့်စုံဘဲနေမည် မဟုတ်ပေ။

၁၂:⁠၆ကျွန်ုပ်တို့သည် မေတ္တာကရုဏာပြရန်၊ တရားမျှတမှုရှိရန်၊ ယေဟောဝါကို အစဉ်မျှော်လင့်နေရန် အခိုင်အမာစိတ်ပိုင်းဖြတ်သင့်သည်။

၁၃:⁠၆ဣသရေလလူမျိုးသည် “ဝသောအခါ ဝါကြွားသောစိတ်ရှိ၍ [ယေဟောဝါ] ကို မေ့လျော့ကြ၏။” ကျွန်ုပ်တို့လည်း ကိုယ့်ကိုယ်ကိုဝါကြွားလိုသောသဘောကို ရှောင်ဖို့လိုအပ်သည်။

‘ထာဝရဘုရားသခင်၏လမ်းတော်တို့သည် ဖြောင့်ကြ၏’

(ဟောရှေ ၁၄:၁-၉)

‘အိုဣသရေလ၊ သင်သည် ကိုယ်ပြုသောအပြစ်အားဖြင့် အကျိုးနည်းရှိသောကြောင့် သင်၏ဘုရားသခင်ထံတော်သို့ပြန်လော့’ ဟုဟောရှေတောင်းပန်ခဲ့သည်။ “အကျွန်ုပ်တို့၌ရှိသမျှသောအပြစ်တို့ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူးပြု၍ လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသငယ်တို့ကို ပူဇော်ပါမည်” ဟုယေဟောဝါအားပြောဆိုရန် လူတို့ကို သူတိုက်တွန်းခဲ့သည်။—⁠ဟောရှေ ၁၄:၁၊ ၂

နောင်တရသောအပြစ်ပြုသူသည် ယေဟောဝါထံ ပြန်လာသင့်သည်၊ ကိုယ်တော့်နည်းလမ်းတော်များကို လက်ခံသင့်ပြီး ချီးမွမ်းခြင်းယဇ်များ ပူဇော်သင့်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါ၏ “လမ်းတော်တို့သည် ဖြောင့်ကြ၏။ ဖြောင့်မတ်သောသူတို့သည် လိုက်ကြလိမ့်မည်” ဖြစ်သောကြောင့်တည်း။ (ဟောရှေ ၁၄:⁠၉) ဤနောက်ဆုံးကာလ၌ လူများစွာသည် ‘ကျေးဇူးတော်ကိုခံအံ့သောငှာ ထာဝရဘုရားသခင်ထံတော်သို့ တုန်လှုပ်လျက်ပြေး’ လာနေဆဲဖြစ်သောကြောင့် ကျွန်ုပ်တို့ အလွန်ဝမ်းသာကြပါသည်။—⁠ဟောရှေ ၃:၅

[စာမျက်နှာ ၁၅ ပါပုံစာ]

ဟောရှေ၏မိသားစုဘဝက ဣသရေလလူမျိုးနှင့် ယေဟောဝါဆက်ဆံပုံကို ပုံတင်ပြ

[စာမျက်နှာ ၁၇ ပါပုံစာ]

ဘီစီ ၇၄၀ တွင် ရှမာရိမြို့ကျဆုံးခြင်းနှင့်အတူ ဣသရေလဆယ်နွယ်နိုင်ငံလည်း ပျောက်ကွယ်သွားခဲ့