မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အသက်ကြီးသောကာလတွင် အသီးသီးခြင်း’

‘အသက်ကြီးသောကာလတွင် အသီးသီးခြင်း’

‘အသက်ကြီးသောကာလတွင် အသီးသီးခြင်း’

မြေထဲပင်လယ်ဒေသရှိ လူတို့သည် မိမိတို့ခြံဝင်းတွင် စွန်ပလွံပင်များကို စိုက်ပျိုးကြသည်။ ထိုအပင်များသည် လှပပြီး အသီးမှာ အရသာရှိလှ၏။ ထို့ပြင် အနှစ်တစ်ရာကျော်အထိ ကောင်းစွာရှင်သန်သီးပွင့်ကြသည်။

ရှေးဣသရေလရှင်ဘုရင် ရှောလမုန်သည် လှပသောရှုလမိတ်မိန်းမပျို၏ အရပ်အမောင်းကို စွန်ပလွံပင်နှင့် ကဗျာဆန်ဆန်ခိုင်းနှိုင်းဖော်ပြခဲ့သည်။ (ရှောလမုန်သီချင်း ၇:၇) သမ္မာကျမ်းစာခေတ်မှအပင်များစာအုပ်တွင် ဤသို့ဆို၏– “စွန်ပလွံပင်ဟူသော ဟေဗြဲစကားလုံးမှာ ‘တာမာ’ ဖြစ်သည်။ . . . ယင်းသည် ဂျူးတို့အတွက် လှပတင့်တယ်ခြင်း၊ ကျက်သရေရှိခြင်းအထိမ်းအမှတ်ဖြစ်ပြီး မိန်းကလေးများကို ထိုသို့အမည်ပေးလေ့ရှိသည်။” ဥပမာ၊ ရှောလမုန်၏ လှပသောညီမဝမ်းကွဲ၏အမည်မှာ တာမာဖြစ်သည်။ (၂ ဓမ္မရာဇဝင် ၁၃:၁) မိဘအချို့သည် သမီးများကို ထိုအမည်ပေးနေဆဲပင်။

သို့သော် လှပသောအမျိုးသမီးများကိုသာ စွန်ပလွံပင်နှင့် ခိုင်းနှိုင်းထားသည်မဟုတ်ပါ။ ဆာလံဆရာက ဤသို့သီဆို၏– ‘ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်း၍ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်ကဲ့သို့ကြီးပွားလိမ့်မည်။ ထာဝရဘုရားသခင်၏ အိမ်တော်၌စိုက်ပျိုးသောသူတို့သည် ငါတို့ဘုရားသခင်၏တံတိုင်းတော်တွင် ပွင့်လန်းကြလိမ့်မည်။ အသက်ကြီးသောကာလတွင်ပင် အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်။’—⁠ဆာလံ ၉၂:၁၂-၁၄

ဇရာအိုကာလတွင် ဘုရားသခင်ကို သစ္စာရှိစွာအမှုဆောင်သူများသည် လှပတင့်တယ်သောစွန်ပလွံပင်နှင့် ပုံဆောင်သဘောအရ များစွာတူညီသည်။ “ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျှင် ဘုန်းကြီးသောသရဖူဖြစ်၏” ဟုကျမ်းစာကဆိုသည်။ (သု. ၁၆:၃၁) ဇရာအိုအရွယ်တွင် ကာယခွန်အားဆုတ်ယုတ်လာသော်လည်း သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှုလေ့လာခြင်းဖြင့် ဘုရားသခင်နှင့်ဆက်ဆံရေး တိုးတက်ကောင်းမွန်နိုင်ပါသည်။ (ဆာလံ ၁:၁-၃; ယေရမိ ၁၇:၇၊ ၈) သစ္စာရှိသက်ကြီးရွယ်အိုများ၏ နှစ်လို့ ဖွယ်စကားများ၊ ပုံသက်သေကောင်းများက အခြားသူများအတွက် အလွန်အားပေးမှုဖြစ်စေပြီး သူတို့သည် တစ်နှစ်ပြီးတစ်နှစ် ဆက်၍ရှင်သန်သီးပွင့်နေကြသည်။ (တိတု ၂:၂-၅; ဟေဗြဲ ၁၃:၁၅၊ ၁၆) စွန်ပလွံပင်ကဲ့သို့ပင် သက်ကြီးရွယ်အိုများသည် ဇရာအိုကာလတွင် ရှင်သန်သီးပွင့်နိုင်ကြပါသည်။