မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငှက်ခတ်သမား၏ကျော့ကွင်းများမှ လွတ်မြောက်ခြင်း

ငှက်ခတ်သမား၏ကျော့ကွင်းများမှ လွတ်မြောက်ခြင်း

ငှက်ခတ်သမား၏ကျော့ကွင်းများမှ လွတ်မြောက်ခြင်း

“ယေဟောဝါသည် ငှက်ခတ်သမား၏ကျော့ကွင်းမှ သင့်ကို လွတ်မြောက်စေတော်မူမည်။”—⁠ဆာလံ ၉၁:၃၊ ကဘ။

၁။ “ငှက်ခတ်သမား” ကား မည်သူနည်း၊ သူသည် အဘယ်ကြောင့် အန္တရာယ်ရှိသနည်း။

ခရစ်ယာန်စစ်အားလုံးသည် လူထက်သာလွန်သည့်အသိဉာဏ်ရှိပြီး စဉ်းလဲသော သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသည်။ ၎င်းကို ဆာလံ ၉၁:၃ [ကဘ] တွင် “ငှက်ခတ်သမား” ဟုခေါ်ထားသည်။ ထိုရန်သူကား မည်သူနည်း။ ၁၈၈၃၊ ဇွန် ၁ ရက်ထုတ်[လိပ်] မှစ၍ ကင်းမျှော်စင်စာစောင်တွင် သူ့ကို စာတန်အဖြစ်ဖော်ပြခဲ့သည်။ ငှက်များကိုထောင်ဖမ်းသော ငှက်ခတ်သမားကဲ့သို့ ထိုတန်ခိုးကြီးသောရန်သူသည် ယေဟောဝါ၏လူမျိုးကို လမ်းလွဲစေရန်နှင့် ကျော့မိစေရန် စဉ်းလဲစွာကြိုးစားနေသည်။

၂။ စာတန်ကို ငှက်ခတ်သမားနှင့် အဘယ်ကြောင့် ခိုင်းနှိုင်းထားသနည်း။

ရှေးအချိန်တွင် ငှက်များကို ၎င်းတို့၏သာယာသောတေးသံနှင့်အလှကို ခံစားရန်၊ စားသုံးရန်၊ ယဇ်ပူဇော်ရန် ဖမ်းကြသည်။ သို့သော် ငှက်များသည် သဘာဝအားဖြင့် အကင်းပါးပြီး ဖမ်းရခက်သည်။ ထို့ကြောင့် ကျမ်းစာခေတ်မှ ငှက်ခတ်သမားတစ်ဦးသည် မိမိထောင်ဖမ်းလိုသောငှက်များ၏ ထူးခြားချက်များ၊ အလေ့အထများကို ဦးစွာ သေချာလေ့လာသည်။ ထို့နောက် ပါးနပ်သောနည်းလမ်းများဖြင့် ငှက်များကို ထောင်ဖမ်းသည်။ ကျမ်းစာတွင် စာတန်ကို ငှက်ခတ်သမားတစ်ဦးနှင့် ခိုင်းနှိုင်းထားသောကြောင့် စာတန်၏နည်းပရိယာယ်များကို သိရှိစေသည်။ စာတန်သည် ကျွန်ုပ်တို့တစ်ဦးစီကို လေ့လာသည်။ ကျွန်ုပ်တို့၏အလေ့အထနှင့်စရိုက်များကို လေ့လာပြီး ကျွန်ုပ်တို့ကို အရှင်လတ်လတ်ဖမ်းမိရန် လျှို့ဝှက်ကျော့ကွင်းများ ထောင်ထားသည်။ (၂ တိမောသေ ၂:၂၆) ကျွန်ုပ်တို့ကို စာတန်ဖမ်းမိခြင်းဟူသည် ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးပျက်စီးခြင်းကို ဆိုလိုပြီး ထာဝရဖျက်ဆီးခြင်းခံရနိုင်သည်။ ထို့ကြောင့် အကာအကွယ်ရရန် “ငှက်ခတ်သမား” ၏နည်းပရိယာယ်အမျိုးမျိုးကို သိရှိထားဖို့လိုသည်။

၃၊ ၄။ စာတန်၏နည်းပရိယာယ်များသည် အဘယ်အချိန်တွင် ခြင်္သေ့၊ မြွေဆိုးတို့၏နည်းနှင့် ဆင်တူသနည်း။

ဆာလံဆရာသည် စာတန်၏နည်းပရိယာယ်များကို ခြင်္သေ့ပျိုနှင့် မြွေဆိုး၏နည်းဖြင့်လည်း ကွက်ကွက်ကွင်းကွင်းမြင်သာအောင် ခိုင်းနှိုင်းထားသည်။ (ဆာလံ ၉၁:၁၃) စာတန်သည် တစ်ခါတစ်ရံ နှိပ်စက်ညှဉ်းပန်းမှုများ သို့မဟုတ် တရားဥပဒေများကိုသုံး၍ ယေဟောဝါ၏လူမျိုးကို ခြင်္သေ့တစ်ကောင်ကဲ့သို့ ထိပ်တိုက်၊ ပေါ်ပေါ်ထင်ထင် တိုက်ခိုက်နေသည်။ (ဆာလံ ၉၄:၂၀) ရက်စက်သော ထိုတိုက်ခိုက်နည်းများကြောင့် ယေဟောဝါကို အချို့သူတို့ စွန့်ခွာသွားပေမည်။ သို့သော် များသောအားဖြင့် ထိုတိုက်ခိုက်မှုများသည် ဆန့်ကျင်ဘက်ရလဒ်များကို ရရှိစေ၍ ဘုရားသခင့်လူမျိုးကို ပိုစည်းလုံးစေသည်။ စာတန်၏ ပို၍ပါးနပ်သော မြွေဆိုးကဲ့သို့တိုက်ခိုက်နည်းများကော မည်သို့နည်း။

စာတန်သည် လူထက်သာလွန်သောအသိဉာဏ်ရှိပြီး စဉ်းလဲသောနည်းများကို အသုံးပြုကာ အဆိပ်ပြင်းသည့်မြွေကဲ့သို့ လျှို့ဝှက်သောနေရာမှ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်သည်။ ဤနည်းဖြင့် ဘုရားသခင့်လူမျိုးအချို့၏စိတ်ကို အဆိပ်သင့်စေခဲ့ပြီး ဘုရားသခင်၏အလိုတော်အစား သူ၏အလိုကိုလုပ်ဆောင်ရန် လှည့်စားနိုင်ခဲ့ရာ ဝမ်းနည်းဖွယ်ဆိုးကျိုးများ ဖြစ်ပေါ်စေသည်။ ဝမ်းသာစရာမှာ စာတန်၏နည်းပရိယာယ်များကို ကျွန်ုပ်တို့သိထားကြသည်။ (၂ ကောရိန္သု ၂:၁၁) “ငှက်ခတ်သမား” ၏ သေစေနိုင်သောကျော့ကွင်းလေးမျိုးကို သုံးသပ်ကြည့်ကြစို့။

လူကို ကြောက်ရွံ့ခြင်း

၅။ “လူကိုကြောက်ရွံ့ခြင်း” ကျော့ကွင်းသည် အဘယ်ကြောင့် အလွန်ထိရောက်သနည်း။

လူတို့သည် သဘာဝအားဖြင့် အခြားသူများ၏ နှစ်သက်လက်ခံမှု၊ အရေးပေးမှုကို လိုလားကြောင်း “ငှက်ခတ်သမား” ကောင်းစွာသိရှိထားသည်။ ခရစ်ယာန်များလည်း ပုထုဇဉ်လူသားများဖြစ်သောကြောင့် ယင်းတို့ကို လိုလားပါသည်။ ထို့ကြောင့် သူတစ်ပါး မည်သို့ထင်မြင်ယူဆမည်နည်းဟူသော လူတို့၏စိုးရိမ်စိတ်ကို စာတန် အမြတ်ထုတ်လိုသည်။ ဥပမာ၊ သူသည် “လူကိုကြောက်ရွံ့ခြင်းသဘော” ကိုအသုံးပြု၍ ဘုရားသခင်၏လူမျိုးအချို့ကို ထောင်ဖမ်းခဲ့သည်။ (သု. ၂၉:၂၅) ဘုရားသခင့်ကျေးကျွန်များသည် လူကိုကြောက်ရွံ့ခြင်းကြောင့် အခြားသူများနှင့်ပူးပေါင်းကာ ကိုယ်တော်တားမြစ်ထားသည့်အရာများကို လုပ်ဆောင်ပါက သို့မဟုတ် ကိုယ်တော်မိန့်မှာထားရာများကို မလုပ်ဆောင်ပါက “ငှက်ခတ်သမား” ၏ကျော့ကွင်းထဲ ကျော့မိသွားခြင်းဖြစ်၏။—⁠ယေဇကျေလ ၃၃:၈; ယာကုပ် ၄:၁၇

၆။ လူငယ်တစ်ဦးသည် “ငှက်ခတ်သမား” ၏ကျော့ကွင်းထဲ ကျော့မိသွားနိုင်ပုံကို အဘယ်ပုံဥပမာက ဖော်ပြသနည်း။

ဥပမာ၊ လူငယ်တစ်ဦးသည် ကျောင်းသို့သွားစဉ်က စီးကရက်သောက်မည်ဟူသည့်အတွေးပင် ရှိခဲ့မည်မဟုတ်ပေ။ သို့သော် ကျောင်းသို့ရောက်သောအခါ သူငယ်ချင်းများ၏ဖိအားပေးမှုကြောင့် စီးကရက်သောက်မိနိုင်သည်။ သို့နှင့် သူ၏ကျန်းမာရေးကိုထိခိုက်စေသော၊ ဘုရားသခင့်စိတ်တော် ငြိုငြင်စေသောအရာကို ပြုလုပ်လေတော့သည်။ (၂ ကောရိန္သု ၇:⁠၁) ထိုထောင်ချောက်တွင် သူ မည်သို့ကျော့မိသွားခဲ့သနည်း။ သူသည် မကောင်းသောအပေါင်းအသင်းများနှင့် ပေါင်းသင်းပြီး ဝိုင်းပယ်ခံရမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်နိုင်သည်။ လူငယ်တို့၊ “ငှက်ခတ်သမား” က သင်တို့ကိုဖြားယောင်းကာ ထောင်ချောက်ဆင်ဖမ်းသည်ကို အခွင့်မပေးပါနှင့်။ အရှင်လတ်လတ်အဖမ်းမခံရရန် သေးငယ်သော အလျှော့ပေးလိုက်လျောမှုများကိုပင် ရှောင်ပါ။ မကောင်းသောအပေါင်းအသင်းကိုရှောင်ရန် ကျမ်းစာသတိပေးချက်ကို လိုက်နာပါ။—⁠၁ ကောရိန္သု ၁၅:⁠၃၃

၇။ စာတန်သည် မိဘအချို့ကို မျှတမှုမရှိတော့ရန် မည်သို့ပြုလုပ်နိုင်သနည်း။

အသိစိတ်ရှိသော ခရစ်ယာန်မိဘများသည် မိသားစုကို ရုပ်ပိုင်းအရ ထောက်ပံ့ပေးရမည်ဟူသော ကျမ်းပေးတာဝန်ကို အလေးအနက်ထားကြသည်။ (၁ တိမောသေ ၅:၈) သို့သော် ထိုကိစ္စတွင် ခရစ်ယာန်များ အစွန်းရောက်သွားစေရန် စာတန်ရည်ရွယ်သည်။ အချိန်ပိုအလုပ်ဆင်းရန် အလုပ်ရှင်၏ဖိအားပေးမှုကို အလျှော့ပေးသောကြောင့် အစည်းအဝေးများကို အမြဲပျက်ကွက်လာကြပေမည်။ ညီအစ်ကိုညီအစ်မများနှင့်အတူ ယေဟောဝါကိုဝတ်ပြုဖို့ ခရိုင်စည်းဝေးကြီးအစီအစဉ်အားလုံးကို တက်ရောက်ရန် ခွင့်မတောင်းရဲခြင်း ဖြစ်ပေမည်။ ထိုကျော့ကွင်းမှ အကာအကွယ်ရရန် ‘ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ကိုးစား’ ရမည်။ (သု. ၃:၅၊ ၆) ထို့ပြင် ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါ၏အိမ်သားများဖြစ်ကြောင်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို တာဝန်ယူကြည့်ရှုစောင့်ရှောက်နေကြောင်း အမှတ်ရခြင်းက မျှတမှုရှိရန် ကူညီပေးပါလိမ့်မည်။ မိဘတို့၊ ယေဟောဝါ၏အလိုတော်ကို သင်တို့ထမ်းဆောင်သောအခါ သင်တို့မိသားစုကို ကိုယ်တော် တစ်နည်းနည်းဖြင့် ကြည့်ရှုစောင့်ရှောက်မည်ကို ယုံကြည်ပါသလော။ သို့မဟုတ် လူကိုကြောက်ရွံ့ ခြင်းကြောင့် စာတန်၏ကျော့ကွင်းထဲကျရောက်သွားပြီး သူ၏အလိုကို လုပ်ဆောင်မည်လော။ ထိုမေးခွန်းများကို ဆုတောင်းသုံးသပ်ရန် ကျွန်ုပ်တို့တိုက်တွန်းပါသည်။

ရုပ်ဝါဒကျော့ကွင်း

၈။ စာတန်သည် ရုပ်ဝါဒကျော့ကွင်းကို မည်သည့်နည်းဖြင့် အသုံးပြုသနည်း။

စာတန်သည် ရုပ်ဝါဒကျော့ကွင်းဖြင့်လည်း ကျွန်ုပ်တို့ကိုထောင်ဖမ်းသည်။ ဤလောက၏စီးပွားရေးစနစ်သည် ဖြတ်လမ်းနည်းဖြင့်ချမ်းသာရန် အားပေးအားမြှောက်ပြုနေပြီး ဘုရားသခင့်လူမျိုးအချို့ပင် လှည့်စားခံရနိုင်သည်။ တစ်ခါတစ်ရံ အချို့က ဤသို့တိုက်တွန်းပေမည်– “အလုပ်ကြိုးစားပါ။ ငွေရှိမှ အေးအေးဆေးဆေး၊ ပျော်ပျော်ရွှင်ရွှင် နေနိုင်မယ်။ ရှေ့ဆောင်တောင် လုပ်နိုင်ဦးမယ်။” ထိုစကားများက ခရစ်ယာန်အသင်းတော်ရှိ မိမိတို့၏ညီအစ်ကိုညီအစ်များကိုအသုံးချပြီး ငွေကြေးအမြတ်ထုတ်သူအချို့၏ မျှတမှုမရှိသော ကျိုးကြောင်းဆင်ခြင်မှုဖြစ်ပေမည်။ ထိုသို့သောတိုက်တွန်းစကားများကို အသေအချာသုံးသပ်ပါ။ ယင်းသည် ယေရှု၏ပုံဥပမာမှ ဆင်ခြင်ဉာဏ်မဲ့သော သူဌေး၏အတွေးအခေါ်ကို ထင်ဟပ်နေသည်မဟုတ်လော။—⁠လုကာ ၁၂:၁၆-၂၁

၉။ ခရစ်ယာန်အချို့သည် ရုပ်ပစ္စည်းလိုချင်တပ်မက်မှုကျော့ကွင်းထဲ အဘယ်ကြောင့် ကျရောက်သွားနိုင်သနည်း။

စာတန်သည် ဆိုးညစ်သောလောကကိုအသုံးပြုပြီး လူတို့ကို ရုပ်ပစ္စည်းများ လိုချင်တပ်မက်လာစေဖို့ သွေးဆောင်နေသည်။ ထိုလိုချင်တပ်မက်မှုများသည် နောက်ဆုံး ခရစ်ယာန်တစ်ဦး၏အသက်တာအတွင်း ဝင်လာပြီး တရားစကားကို လွှမ်းမိုးညှဉ်းဆဲကာ “အသီးမသီး” သည့်အဖြစ်မျိုးရောက်သွားစေနိုင်သည်။ (မာကု ၄:၁၉) ထို့ကြောင့် စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲနေရန် ကျမ်းစာက တိုက်တွန်းထား၏။ (၁ တိမောသေ ၆:⁠၈) သို့ရာတွင် လူအများသည် ထိုအကြံဉာဏ်ကို မလိုက်နာသောကြောင့် “ငှက်ခတ်သမား” ၏ကျော့ကွင်းထဲ ကျော့မိသွားခဲ့သည်။ သူတို့၏မာနစိတ်ကြောင့် ထိုသို့သောဘဝပုံစံကို လိုက်စားရမည်ဟု ခံစားရခြင်းဖြစ်နိုင်သလော။ ကျွန်ုပ်တို့တစ်ဦးစီကော။ ကျွန်ုပ်တို့၏ ရုပ်ပစ္စည်းပိုင်ဆိုင်လိုစိတ်သည် စစ်မှန်သောဝတ်ပြုရေးကို ဒုတိယနေရာသို့ တွန်းပို့နေသလော။ (ဟဂ္ဂဲ ၁:၂-၈) ဝမ်းနည်းစရာမှာ စီးပွားရေးခက်ခဲချိန်အတွင်း အချို့သည် မိမိတို့၏ဘဝပုံစံအတိုင်း ဆက်နေထိုင်နိုင်ရန် ယေဟောဝါနှင့်၎င်းတို့၏ဆက်ဆံရေးကို အဆုံးရှုံးခံခဲ့ကြသည်။ ထိုသို့သော ရုပ်ဝါဒဆန်သည့်သဘောထားက “ငှက်ခတ်သမား” ကို ဝမ်းမြောက်စေသည်။

အကျိုးမပြုသောအပန်းဖြေမှုကျော့ကွင်း

၁၀။ ခရစ်ယာန်တစ်ဦးစီသည် မိမိကိုယ်ကို မည်သို့ဆန်းစစ်သင့်သနည်း။

၁၀ “ငှက်ခတ်သမား” ၏နောက်နည်းပရိယာယ်တစ်ခုမှာ လူတို့၏မှားမှန်သိစိတ်ကို ထုံထိုင်းစေခြင်းဖြစ်၏။ သောဒုံနှင့်ဂေါမောရမြို့သားများ၏ စိတ်သဘောထားမျိုးသည် အပန်းဖြေလုပ်ငန်းများစွာကို လွှမ်းမိုးထားသည်။ ရုပ်မြင်သံကြားနှင့် မဂ္ဂဇင်းသတင်းများတွင်ပင် အကြမ်းဖက်မှုကို အသားပေးတင်ဆက်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ်နည်းဖြင့် လိင်စိတ်ကိုအာသာပြေစေသည်။ သတင်းမီဒီယာများတွင် တင်ဆက်သည့်ဖျော်ဖြေမှုအများစုမှာ ‘ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍သိနိုင်စွမ်း’ ကိုလျော့နည်းစေသည်။ (ဟေဗြဲ ၅:၁၄) သို့သော် “မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်းဟုခေါ်တတ်သောသူ . . . တို့သည် အမင်္ဂလာရှိကြ၏” ဟုပရောဖက်ဟေရှာယမှတစ်ဆင့် ယေဟောဝါမိန့်ဆိုရာကို အမှတ်ရပါ။ (ဟေရှာယ ၅:၂၀) “ငှက်ခတ်သမား” အသုံးပြုနေသော အကျိုးမပြုသည့်အပန်းဖြေမှုများသည် သင့်အတွေးအခေါ်ကို မသိမသာလှိုက်စားနေသလော။ ကိုယ့်ကိုယ်ကိုဆန်းစစ်ဖို့ အလွန်အရေးကြီးသည်။—⁠၂ ကောရိန္သု ၁၃:၅

၁၁။ ကင်းမျှော်စင်မဂ္ဂဇင်းတွင် တီဗွီအချစ်ဇာတ်လမ်းတွဲများနှင့်ပတ်သက်၍ မည်သို့သတိပေးခဲ့သနည်း။

၁၁ လွန်ခဲ့သောနှစ်ဆယ့်ငါးနှစ်နီးပါးက ကင်းမျှော်စင်သည် စစ်မှန်သောဝတ်ပြုသူများကို တီဗွီဇာတ်လမ်းတွဲများနှင့်ပတ်သက်၍ မေတ္တာပါစွာသတိပေးခဲ့သည်။ * နာမည်ကျော်အချစ်ဇာတ်လမ်းတွဲများ၏ မသိမသာထိုးနှက်မှုနှင့်ပတ်သက်၍ ဤသို့ဖော်ပြ၏– “မည်သည့်နည်းဖြင့်မဆို မေတ္တာကိုရအောင်လုပ်ခြင်းသည် တရားသည်ဟု ဆိုတတ်သည်။ ဥပမာ၊ လက်မထပ်ဘဲ ကိုယ်ဝန်ရှိနေသောမိန်းမငယ်တစ်ဦးက သူငယ်ချင်းဖြစ်သူကို ဤသို့ဆိုသည်– ‘ကျွန်မက ဗစ်တာကို ချစ်တာကိုး။ ဘာကိုမှဂရုမစိုက်ဘူး။ . . . သူနဲ့ရတဲ့ရင်သွေးလေးက ကျွန်မအတွက်တော့ တန်ဖိုးအရှိဆုံးပဲ။’ ညင်သာသောနောက်ခံတီးလုံးက သူ၏အယူအဆ အလွန်မှားသည်ဟု လူတို့ကို မတွေးမိစေပေ။ သင်လည်း ဗစ်တာကို သဘောကျသွားသည်။ ကောင်မလေးကို ကိုယ်ချင်းစာသနားမိသည်။ သူတို့ကို သင် ‘နားလည်ပေး’ သည်။ ဇာတ်လမ်းတွဲကြည့်ရှုသူ အမျိုးသမီးတစ်ဦးက နောက်ပိုင်းတွင် အသိတရားဝင်လာပြီး ‘ကိုယ့်စိတ်ကိုကိုယ်ဆင်ခြေပေးနိုင်ပုံကတော့ အံ့ဩစရာပါပဲ။ အကျင့်ပျက်ပြားတာက မကောင်းမှန်း သိသားပဲ။ . . . ဒါပေမဲ့ စိတ်ကူးနဲ့ ပါဝင်ကျူးလွန်နေတာ ကျွန်မ သတိထားမိတယ်’ ဟုပြောခဲ့သည်။”

၁၂။ တီဗွီအစီအစဉ်အချို့နှင့်ပတ်သက်သော သတိပေးချက်များသည် သင့်လျော်ကြောင်း အဘယ်အချက်များက ဖော်ပြသနည်း။

၁၂ ထိုဆောင်းပါးများ ထုတ်ဝေချိန်မှစ၍ စိတ်နှလုံးကိုယိုယွင်းစေသော ထိုကဲ့သို့သောဖျော်ဖြေမှုအစီအစဉ်များ တိုးများလာလျက်ရှိသည်။ ဒေသများစွာတွင် ထိုအစီအစဉ်များကို တစ်နေ့လျှင် ၂၄ နာရီလုံးလုံး ထုတ်လွှင့်နေသည်။ အမျိုးသား၊ အမျိုးသမီးနှင့် ဆယ်ကျော်သက်များစွာသည် ထိုဖျော်ဖြေမှုများကို ကြည့်ရှုလေ့ရှိကြသည်။ သို့သော် ကျွန်ုပ်တို့မူ မှားယွင်းသောကျိုးကြောင်းဆင်ခြင်မှုများဖြင့် ကိုယ့်ကိုယ်ကိုမလှည့်စားသင့်ပေ။ ယုတ်ညံ့သောဖျော်ဖြေမှုများသည် လောကတွင် အမှန်တကယ်ဖြစ်ပျက်နေသည့်အရာများလောက် မဆိုးရွားဟု ဆင်ခြင်ခြင်းက မှားပေမည်။ ခရစ်ယာန်တစ်ဦးသည် မိမိအိမ်သို့ဖိတ်ခေါ်ရန် စိတ်ကူးမည်မဟုတ်သူများကို မိမိတို့အား ဖျော်ဖြေစေရန် ရွေးချယ်ခြင်းအတွက် အမှန်ပင် ဆင်ခြေပေးနိုင်မည်လော။

၁၃၊ ၁၄။ တီဗွီဇာတ်လမ်းနှင့်ပတ်သက်သော သတိပေးချက်များမှ အကျိုးရရှိခဲ့ပုံကို အချို့သူတို့ မည်သို့ဖော်ပြခဲ့ကြသနည်း။

၁၃ ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ ၏သတိပေးချက်ကို လိုက်နာကြသည့်အတွက် လူများစွာ အကျိုးခံစားခဲ့ကြသည်။ (မဿဲ ၂၄:၄၅-၄၇) အချို့သည် ရှင်းလင်းပြတ်သားသော ကျမ်းစာအခြေပြုသွန်သင်ချက်များကို ဖတ်ရှုပြီးနောက် ယင်းတို့က သူတို့တစ်ဦးစီကို မည်သို့အကျိုးသက်ရောက်ခဲ့ကြောင်း ဖော်ပြရန် စာရေးခဲ့သည်။ * အမျိုးသမီးတစ်ဦး ဤသို့ဝန်ခံသည်– “အချစ်ဇာတ်လမ်းတွဲတွေကို ကျွန်မ စွဲနေတာ ၁၃ နှစ်ရှိပြီ။ ခရစ်ယာန်အစည်းအဝေးတွေတက်ပြီး လယ်ကွင်းလုပ်ငန်းမှာ တစ်ခါတလေပါဝင်ရုံနဲ့ ယေဟောဝါနဲ့ကောင်းတဲ့ဆက်ဆံရေးကို ထိန်းထားနိုင်မယ်လို့ တွေးမိတယ်။ ဒါပေမဲ့ ကိုယ့်ယောက်ျားက ကိုယ့်ကို မတော်မတရားဆက်ဆံမယ် ဒါမှမဟုတ် ကိုယ့်ကိုမချစ်ဘူးလို့ ခံစားရမယ်ဆိုရင် အိမ်ထောင်ရေးဖောက်ပြန်လို့ရတယ်ဆိုတဲ့ အချစ်ဇာတ်လမ်းတွဲတွေမှာတွေ့ရတဲ့သဘောထား ဝင်လာတယ်။ ယောက်ျားရဲ့အမှားပဲလို့ ကျွန်မထင်ခဲ့တယ်။ ဒီလို ‘ဆင်ခြေပေး’ လို့ရတယ်လို့ ထင်တဲ့အတွက် မှားယွင်းတဲ့လမ်းစဉ်ကိုလိုက်ပြီး ယေဟောဝါနဲ့ ကျွန်မအိမ်ထောင်ဖက်ကို ပြစ်မှားခဲ့တယ်။” ထိုအမျိုးသမီးသည် နှင်ထုတ်ခံခဲ့ရ၏။ နောက်ဆုံး အသိတရားဝင်လာပြီး နောင်တယူကာ အသင်းတော်ထဲ ပြန်ဝင်ခဲ့သည်။ တီဗွီအချစ်ဇာတ်လမ်းတွဲများနှင့်ပတ်သက်၍ သတိပေးသော ဆောင်းပါးများက ယေဟောဝါရွံမုန်းသောအရာများဖြင့် အပန်းဖြေခြင်းကို ငြင်းပယ်ရန် သူ့ကိုခွန်အားပေးခဲ့သည်။—⁠အာမုတ် ၅:၁၄၊ ၁၅

၁၄ နောက်တစ်ဦးက ဤသို့ပြောခဲ့သည်– “ဒီဆောင်းပါးတွေကို ဖတ်ရတဲ့အခါ ယေဟောဝါအတွက် ပြည့်ဝစုံလင်တဲ့နှလုံးမရှိခဲ့ဘူးဆိုတာ သိလိုက်ရလို့ ကျွန်မငိုခဲ့တယ်။ ဇာတ်လမ်းတွဲတွေရဲ့ကျွန်ဘဝမျိုး နောက်ထပ်အရောက်မခံတော့ဘူးလို့ ဘုရားသခင်ကို ကတိပေးခဲ့တယ်။” ဇာတ်လမ်းတွဲစွဲနေသည်ဟုဝန်ခံသော ခရစ်ယာန်အမျိုးသမီးတစ်ဦးက ထိုဆောင်းပါးများအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြပြီးနောက် ဤသို့ရေးသားခဲ့၏– “ယေဟောဝါနဲ့ ကျွန်မရဲ့ဆက်ဆံရေးကို ထိခိုက်သွားနိုင်မလားဆိုပြီး . . . ကျွန်မ စဉ်းစားခဲ့တယ်။ အချစ်ဇာတ်လမ်းတွဲမှာပါတဲ့ ‘ဇာတ်ကောင်တွေ’ ကို မိတ်ဆွေတွေလို့သဘောထားပြီး တစ်ချိန်တည်းမှာလည်း ယေဟောဝါရဲ့မိတ်ဆွေဖြစ်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။” တီဗွီဇာတ်လမ်းတွဲများသည် လွန်ခဲ့သော ၂၅ နှစ်တွင် စိတ်နှလုံးကို ဤမျှယိုယွင်းပျက်စီးစေသည်ဆိုလျှင် ယနေ့အချိန်တွင်ကော အဘယ်ထိခိုက်မှုရှိသနည်း။ (၂ တိမောသေ ၃:၁၃) တီဗွီအချစ်ဇာတ်လမ်းတွဲဖြစ်စေ၊ အကြမ်းဖက်ဗီဒီယိုဂိမ်းဖြစ်စေ၊ အကျင့်ပျက်ဗီဒီယိုသီချင်းဖြစ်စေ စာတန်၏ကျော့ကွင်းဖြစ်သည့် အကျိုးမပြုသောဖျော်ဖြေမှုပုံစံအားလုံးကို သတိပြုရှောင်ရှားရမည်။

ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုကျော့ကွင်း

၁၅။ စာတန်၏ကျော့ကွင်းထဲ အချို့သူတို့ မည်သို့ အရှင်လတ်လတ်ကျရောက်ခဲ့သနည်း။

၁၅ စာတန်သည် ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုများကို အသုံးပြုကာ ယေဟောဝါ၏လူမျိုးကို စိတ်ဝမ်းကွဲစေသည်။ ကျွန်ုပ်တို့သည် မည်သည့်လုပ်ငန်းတော်အခွင့်ထူးပင် ရရှိထားပါစေ ထိုကျော့ကွင်းထဲ ကျရောက်သွားနိုင်သည်။ အချို့က ယေဟောဝါပေးသနားသော ငြိမ်သက်စည်းလုံးမှုကို ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုများကြောင့် ပျက်ပြားစေသဖြင့် စာတန်၏ကျော့ကွင်းထဲ အရှင်လတ်လတ်ကျရောက်ခဲ့ရသည်။—⁠ဆာလံ ၁၃၃:၁-၃

၁၆။ ကျွန်ုပ်တို့၏စည်းလုံးမှုကိုဖြိုခွဲရန် စာတန် မည်သို့စဉ်းလဲစွာကြိုးစားနေသနည်း။

၁၆ စာတန်သည် ပထမကမ္ဘာစစ်အတွင်းတွင် ယေဟောဝါ၏ မြေကြီးဆိုင်ရာအဖွဲ့အစည်းကို ပေါ်ပေါ်ထင်ထင်တိုက်ခိုက်ခြင်းဖြင့် ဖျက်ဆီးဖို့ ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ (ဗျာ. ၁၁:၇-၁၃) ထိုအချိန်မှစ၍ ကျွန်ုပ်တို့၏စည်းလုံးမှုကို ဖြိုခွဲရန် စဉ်းလဲစွာကြိုးပမ်းလျက်ရှိသည်။ ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုများကြောင့် စည်းလုံးမှုပြိုကွဲသွားပါက “ငှက်ခတ်သမား” ကို ခြေကုပ်မိစေရာရောက်သည်။ သို့ဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အသင်းတော်အပေါ် ဘုရားသခင့်စွမ်းအားတော် လွတ်လပ်စွာစီးဆင်းခြင်းကို အဟန့်အတားဖြစ်စေနိုင်သည်။ ထိုသို့ဖြစ်ပါက အသင်းတော်၏စည်းလုံးငြိမ်သက်မှုကို ဖြိုခွဲသည့်အရာမှန်သမျှသည် ဟောပြောခြင်းလုပ်ငန်းကို အတားအဆီးဖြစ်စေသည့်အတွက် စာတန်ဝမ်းမြောက်ပေမည်။—⁠ဧဖက် ၄:၂၇၊ ၃၀-၃၂

၁၇။ ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် အဘယ်အရာလုပ်ဆောင်သင့်သနည်း။

၁၇ သင်သည် ခရစ်ယာန်ချင်းတစ်ဦးနှင့် သဘောထားကွဲလွဲနေပါက အဘယ်အရာပြုလုပ်နိုင်သနည်း။ အခြေအနေတစ်ခုစီသည် ကွာခြားသည်မှာ မှန်ပါသည်။ ပြဿနာဖြစ်ရသည့်အကြောင်းရင်းများစွာ ရှိနိုင်သော်လည်း ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုများကို မဖြေရှင်းဘဲထားသင့်သည့် အကြောင်းရင်းမရှိပေ။ (မဿဲ ၅:၂၃၊ ၂၄; ၁၈:၁၅-၁၇) သမ္မာကျမ်းစာတွင်ပါရှိသော အကြံဉာဏ်သည် ဘုရားသခင့်မှုတ်သွင်းရာဖြစ်ပြီး စုံလင်သည်။ ကျမ်းစာမူများကိုကျင့်သုံးပါက မည်သည့်အခါမျှ ရှုံးနိမ့်မည်မဟုတ်ပေ။ ယင်းတို့သည် အမြဲပင် ကောင်းကျိုးရရှိစေ၏။

၁၈။ ယေဟောဝါကိုတုပခြင်းက သဘောထားကွဲလွဲမှုများ ဖြေရှင်းရာတွင် အဘယ်ကြောင့် အထောက်အကူပြုမည်နည်း။

၁၈ ယေဟောဝါသည် “ခွင့်လွှတ်ရန် အသင့်ရှိ” ပြီး အမှန် “အပြစ်လွှတ်” တော်မူသည်။ (ဆာလံ ၈၆:၅ကဘ; ၁၃၀:⁠၄) ကျွန်ုပ်တို့သည် ယေဟောဝါကိုတုပသည့်အခါ ကိုယ်တော်၏ချစ်သားများဖြစ်ကြောင်း ဖော်ပြကြသည်။ (ဧဖက် ၅:၁) ကျွန်ုပ်တို့အားလုံးသည် အပြစ်သားများဖြစ်ပြီး ယေဟောဝါ၏ခွင့်လွှတ်မှုကို အလွန်လိုအပ်သည်။ ထို့ကြောင့် အခြားသူတစ်ဦးအား ခွင့်မလွှတ်လိုစိတ်ကို သတိပြုရှောင်ရှားရမည်။ ကျွန်ုပ်တို့သည် ယေရှု၏ပုံဥပမာပါကျွန်နှင့် တူသွားနိုင်သည်။ သခင်သည် ထိုကျွန်၏အကြွေးရှိသမျှကိုလွှတ်၍ ချမ်းသာပေးသော်လည်း မိမိအား အကြွေးအနည်းငယ်တင်သည့် ကျွန်ချင်းကို ခွင့်မလွှတ်ခဲ့ပေ။ ထိုအကြောင်းကို သခင်သိသွားသည့်အခါ ခွင့်မလွှတ်သောကျွန်ကို ထောင်ချလိုက်၏။ ထိုဥပမာကို ယေရှုဤသို့နိဂုံးချုပ်၏– “သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ကို နှလုံးပါလျက်ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏အဘသည် ထိုနည်းတူ သင်တို့ကိုစီရင်တော်မူလတ္တံ့။” (မဿဲ ၁၈:၂၁-၃၅) ထိုပုံဥပမာကို တွေးတောဆင်ခြင်ခြင်းနှင့် ကျွန်ုပ်တို့ကို ယေဟောဝါ အကြိမ်မည်မျှခွင့်လွှတ်ခဲ့ကြောင်း စဉ်းစားသုံးသပ်ခြင်းသည် ညီအစ်ကိုတစ်ဦးနှင့် သဘောထားကွဲလွဲမှုကို ဖြေရှင်းရန် ကြိုးစားချိန်တွင် အမှန်အထောက်အကူဖြစ်စေမည်။—⁠ဆာလံ ၁၉:⁠၁၄

‘အမြင့်ဆုံးသောဘုရားသခင်၏ ကွယ်ကာရာဌာနတော်’ တွင် လုံခြုံစွာနေခြင်း

၁၉၊ ၂၀။ အန္တရာယ်ထူပြောသော ဤအချိန်အတွင်း ယေဟောဝါ၏ “ကွယ်ကာရာဌာနတော်” နှင့် “အရိပ်” ကို မည်သို့ရှုမြင်သင့်သနည်း။

၁၉ ကျွန်ုပ်တို့သည် အန္တရာယ်ထူပြောသောအချိန်တွင် အသက်ရှင်နေကြသည်။ ယေဟောဝါ၏မေတ္တာပါသော ကာကွယ်စောင့်ရှောက်မှုသာမရှိပါက စာတန်သည် ကျွန်ုပ်တို့အားလုံးကို အမှန်ဖျက်ဆီးပေလိမ့်မည်။ “ငှက်ခတ်သမား” ၏ကျော့ကွင်းကို ရှောင်နိုင်ရန် ‘အမြင့်ဆုံးသောဘုရားသခင်၏ ကွယ်ကာရာဌာနတော်’ ဖြစ်သော ပုံဆောင်လုံခြုံရာအရပ်တွင် ‘အတိုင်းအဆမဲ့တန်ခိုးရှင်၏အရိပ်ကိုခို’ ၍နေရမည်။—⁠ဆာလံ ၉၁:၁

၂၀ ယေဟောဝါ၏သတိပေးချက်များနှင့် လမ်းညွှန်ချက်များကို ကန့်သတ်ချုပ်ချယ်မှုအဖြစ်မဟုတ်ဘဲ အကာအကွယ်အဖြစ် အမြဲရှုမြင်ကြပါစို့။ လူထက်သာလွန်သော အသိဉာဏ်ရှိသည့် သားရဲနှင့် ကျွန်ုပ်တို့အားလုံး ရင်ဆိုင်နေရ၏။ ယေဟောဝါ၏မေတ္တာပါ ထောက်မမှုသာမရှိပါက ထိုကျော့ကွင်းမှ ကျွန်ုပ်တို့တစ်ဦးမျှ လွတ်မြောက်နိုင်မည်မဟုတ်။ (ဆာလံ ၁၂၄:၇၊ ၈) ထို့ကြောင့် “ငှက်ခတ်သမား” ၏ကျော့ကွင်းများမှ ကယ်နုတ်ပါရန် ယေဟောဝါထံ တောင်းလျှောက်ကြပါစို့။—⁠မဿဲ ၆:၁၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 ၁၉၈၃၊ ဒီဇင်ဘာ ၁ ရက်ထုတ်ကင်းမျှော်စင် စာမျက်နှာ ၃-၇။

^ အပိုဒ်၊ 13 ၁၉၈၃၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၃ [အင်္ဂလိပ်]။

သင်မှတ်မိသလော

• “လူကိုကြောက်ရွံ့ခြင်း” သည် အဘယ်ကြောင့် သေစေနိုင်သောကျော့ကွင်းဖြစ်သနည်း။

• စာတန်သည် ရုပ်ဝါဒကျော့ကွင်းကို မည်သို့အသုံးပြုသနည်း။

• စာတန်သည် လူအချို့ကို အကျိုးမပြုသောအပန်းဖြေမှုကျော့ကွင်းထဲ မည်သို့ကျရောက်စေခဲ့သနည်း။

• ကျွန်ုပ်တို့၏စည်းလုံးမှုကို ဖြိုခွဲရန် အဘယ်ကျော့ကွင်းကို စာတန်အသုံးပြုသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

“လူကိုကြောက်ရွံ့ခြင်း” ကျော့ကွင်းထဲ အချို့သူတို့ ကျော့မိခဲ့ကြ

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ယေဟောဝါရွံမုန်းသောအရာများဖြင့် သင် အပန်းဖြေနေသလော

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

သင်သည် ခရစ်ယာန်ချင်းတစ်ဦးနှင့် သဘောထားကွဲလွဲနေပါက အဘယ်အရာပြုလုပ်နိုင်သနည်း