မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောလနှင့်အာမုတ်ကျမ်းမှ ပေါ်လွင်ချက်များ

ယောလနှင့်အာမုတ်ကျမ်းမှ ပေါ်လွင်ချက်များ

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

ယောလနှင့်အာမုတ်ကျမ်းမှ ပေါ်လွင်ချက်များ

မိမိသည် “ပေသွေလ၏သား ယောလ” ဖြစ်သည်ဟူသောအချက်မှလွဲ၍ မိမိနှင့်ပတ်သက်သည့်အခြားအချက်များကို ယောလ မဖော်ပြထားပေ။ (ယောလ ၁:⁠၁) သူ့အမည်တပ်ထားသောကျမ်းစောင်တွင် သူ၏သတင်းစကားမှလွဲ၍ အခြားအကြောင်း အနည်းငယ်သာဖော်ပြထားသည်။ သူပရောဖက်ပြုသည့်အချိန်မှာ ယုဒပြည်တွင် ဩဇိဘုရင်ဖြစ်ပြီးနောက် ကိုးနှစ်အကြာ ဘီစီ ၈၂၀ ခန့်တွင်ဖြစ်သည်ဟု ခန့်မှန်းကြ၏။ ယောလသည် မိမိအကြောင်း အဘယ်ကြောင့် အနည်းငယ်သာဖော်ပြခဲ့သနည်း။ သတင်းတရားကြေညာသူကိုမဟုတ်ဘဲ သတင်းတရားကိုသာ အလေးပေးလိုသောကြောင့် ဖြစ်နိုင်သည်။

ထို့ပြင် ဘုရင်သြဇိလက်ထက်တွင် ယုဒပြည်မှ “နွားကျောင်းသောသူ၊ သဖန်းသီးကိုဆွတ်သောသူ” အာမုတ်သည်လည်း ပရောဖက်အဖြစ် ခန့်အပ်ခံရသည်။ (အာမုတ် ၇:၁၄) ယောလသည် ယုဒပြည်တွင် ပရောဖက်ပြုပြီး အာမုတ်မူကား မြောက်ပိုင်းဆယ်နွယ်နိုင်ငံတွင် ပရောဖက်ပြုရန် စေလွှတ်ခံရသည်။ သူယုဒပြည်သို့ပြန်လာပြီးနောက် ဘီစီ ၈၀၄ ခန့်တွင် အာမုတ်ကျမ်းကို ရေးသားပြီးစီးခဲ့သည်။ အရေးအသားမှာ ရိုးရှင်းပြီး ကွက်ကွက်ကွင်းကွင်း ပီပြင်လှသည်။

“ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏”—⁠အဘယ်ကြောင့်နည်း

(ယောလ ၁:၁–၃:၂၁)

ဂါဇံကျိုင်း၊ အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်းစသည့် ကျိုင်းကောင်ကပ်ဘေးများနှင့်ပတ်သက်သော အဆင်းအာရုံကို ယောလတွေ့မြင်ခဲ့သည်။ ထိုကျိုင်းကောင်များကို “အများဖြစ်၍ အားကြီးသောအမျိုး” နှင့် “သူရဲ” အဖြစ်ခိုင်းနှိုင်းထားသည်။ (ယောလ ၁:၄; ၂:၂-၇) ‘ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရဘုရားသခင်၏နေ့ရက်နီးပြီ။ အတိုင်းအဆမဲ့တန်ခိုးရှင်ဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်’ ဟုယောလညည်းတွားလေသည်။ (ယောလ ၁:၁၅) “စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ပြန်လာကြလော့” ဟုဇိအုန်မြို့သားတို့ကို ယေဟောဝါသတိပေးသည်။ ထိုသို့ပြုလုပ်မည်ဆိုပါက ယေဟောဝါသည် “မိမိလူတို့ကို ကယ်မသနားတော်မူ” ပြီး ကျိုင်းကောင်များဖြစ်သော “မြောက်မျက်နှာတပ်သား” တို့ကို ဖယ်ရှားပေးလိမ့်မည်။ သို့သော် ယေဟောဝါသည် မိမိ၏နေ့ကြီးမတိုင်မီ ‘လူမျိုးတကာတို့အပေါ်သို့ ဝိညာဉ်တော်ကို သွန်းလောင်း’ ပြီး “မိုးကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း အံ့ဖွယ်သောအရာ” တို့ကိုထင်ရှားစေလိမ့်မည်။—⁠ယောလ ၂:၁၂၊ ၁၈-၂၀၊ ၂၈-၃၁

“သံထွန်သွားများကို ဓားဖြစ်စေခြင်းငှာလည်းကောင်း၊ တံစဉ်များကို လှံဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်” ပြီး တိုက်ပွဲအတွက် အသင့်ပြင်ရန် လူမျိုးတို့ကို ယေဟောဝါစိန်ခေါ်ထားသည်။ တရားစီရင်ဖျက်ဆီးခံရမည့် “ယောရှဖတ်ချိုင့်သို့တက်လာ” ရန် သူတို့ကို ကိုယ်တော်အမိန့်ပေးသည်။ “ယုဒပြည်မူကား ထာဝရပြည် . . . ဖြစ်လိမ့်မည်။”—⁠ယောလ ၃:၁၀၊ ၁၂၊ ၂၀

ကျမ်းစာမေးခွန်းများအဖြေ–

၁:၁၅; ၂:၁၊ ၁၁၊ ၃၁; ၃:၁၄—⁠‘ထာဝရဘုရားသခင်၏နေ့ရက်’ ကား အဘယ်နည်း။ ယေဟောဝါ၏နေ့ဟူသည် ကိုယ်တော်၏ရန်သူများကို ဖျက်ဆီးပြီး စစ်မှန်သောဝတ်ပြုသူများကို ကယ်တင်သည့် တရားစီရင်ချိန်ဖြစ်သည်။ ဥပမာ၊ ရှေးဗာဗုလုန်ကို မေဒိပေရသိတို့သိမ်းပိုက်သည့် ဘီစီ ၅၃၉ တွင် ဗာဗုလုန်အပေါ် ယေဟောဝါ၏နေ့ရက် အမှန်ပင်ကျရောက်ခဲ့သည်။ (ဟေရှာယ ၁၃:၁၊) အနာဂတ်တွင် ကမ္ဘာ့အယူမှားဘာသာရေးအင်ပါယာဖြစ်သော “ဗာဗုလုန်မြို့ကြီး” ကိုတရားစီရင်မည့် “ယေဟောဝါ၏နေ့” လည်း နီးကပ်နေပါသည်။—⁠ဗျာ. ၁၈:၁-၄၊ ၂၁

၂:၁-၁၀၊ ၂၈—⁠ကျိုင်းကောင်ကပ်ဘေးနှင့်ပတ်သက်သော ပရောဖက်ပြုချက် မည်သို့ပြည့်စုံခဲ့သနည်း။ ယောလကျမ်းတွင်ဖော်ပြသည့်အတိုင်း ယုဒပြည်တွင် အလွန်ကြီးမားသည့်ကျိုင်းကောင်ကပ်ဘေးကြီး ကျရောက်ခဲ့ကြောင်း ကျမ်းစာမှတ်တမ်းတွင် မတွေ့ရပါ။ ထို့ကြောင့် ယောလဖော်ပြသော ကပ်ဘေးသည် အေဒီ ၃၃ တွင်ပြည့်စုံသော ပရောဖက်ပြုချက်ဖြစ်သည်။ ထိုအချိန်တွင် ယေဟောဝါသည် ခရစ်တော်၏ အစောပိုင်းနောက်လိုက်များအပေါ် စွမ်းအားတော်စတင်သွန်းလောင်းခဲ့ရာ သူတို့သည် အယူမှားဘာသာရေးခေါင်းဆောင်များအား စိတ်အနှောင့်အယှက်ဖြစ်စေသော သတင်းကို စတင်ဟောပြောခဲ့ကြသည်။ (တမန်တော် ၂:၁၊ ၁၄-၂၁; ၅:၂၇-၃၃) ယနေ့လည်း ထပ်တူလုပ်ငန်းတွင် ကျွန်ုပ်တို့ပါဝင်ခွင့်ရရှိထားကြသည်။

၂:၃၂ကဘ—⁠“ယေဟောဝါ၏နာမတော်ကိုခေါ်ခြင်း” ဟူသည် အဘယ်အရာကိုဆိုလိုသနည်း။ ဘုရားသခင့်နာမတော်ကိုခေါ်ခြင်းဟူသည် ထိုနာမတော်ကိုသိခြင်း၊ အလွန်ရိုသေလေးစားခြင်း၊ ထိုနာမတော်ပိုင်ဆိုင်ထားသောအရှင်အား ယုံကြည်ကိုးစားခြင်းကိုဆိုလို၏။—⁠ရောမ ၁၀:၁၃၊ ၁၄

၃:၁၄—⁠“ကွပ်မျက်ရာချိုင့်” ကားအဘယ်နည်း။ ယင်းသည် ဘုရားသခင်တရားစီရင်သော ပုံဆောင်နေရာဖြစ်သည်။ “ယေဟောဝါသည် တရားသူကြီးဖြစ်တော်မူ၏” ဟုအဓိပ္ပာယ်ရသည့် ဘုရင်ယောရှဖတ်အုပ်စိုးချိန်တွင် ယုဒပြည်ကိုဝိုင်းရံထားသော စစ်တပ်များကို ရှုပ်ထွေးစေခြင်းဖြင့် ယုဒပြည်ကို ဘုရားသခင်ကယ်တင်ခဲ့သည်။ ထို့ကြောင့် ထိုနေရာကို “ယောရှဖတ်ချိုင့်” ဟုလည်းခေါ်သည်။ (ယောလ ၃:၂၊ ၁၂) ယနေ့အချိန်တွင် ယင်းသည် စပျစ်သီးနယ်ရာကျင်းရှိ စပျစ်သီးများနင်းချေခံရသကဲ့သို့ လူမျိုးများဖျက်ဆီးခံရမည့် ပုံဆောင်နေရာကိုဆိုလိုသည်။—⁠ဗျာ. ၁၉:၁၅

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–

၁:၁၃၊ ၁၄စစ်မှန်သောနောင်တရခြင်း၊ ယေဟောဝါကို စစ်မှန်သောဘုရားသခင်အဖြစ် အသိအမှတ်ပြုခြင်းသည် ကယ်တင်ခြင်းအတွက် အရေးပါ၏။

၂:၁၂၊ ၁၃စစ်မှန်သောနောင်တသည် နှလုံးအကြွင်းမဲ့ဖြစ်ရမည်။ ယင်းတွင် “အဝတ်ကိုမဆုတ်ဘဲ” “နှလုံးကိုဆုတ်” ခြင်းပါဝင်သည်။

၂:၂၈-၃၂ကဘ။ “ယေဟောဝါ၏ ကြောက်မက်ဖွယ်သောနေ့ကြီး” တွင် “ယေဟောဝါ၏နာမကို ခေါ်သောသူ” များသာ “ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။” ယေဟောဝါသည် မိမိ၏ “အံ့ဖွယ်သောအမှုတို့ကို” ဟောပြောခြင်းဖြစ်သော ပရောဖက်ပြုလုပ်ငန်းတွင်ပါဝင်နေသည့် လူကြီးလူငယ်၊ ယောက်ျားမိန်းမ၊ လူမျိုးတကာအပေါ်သို့ စွမ်းအားတော်ကို သွန်းလောင်းသောကြောင့် ကျွန်ုပ်တို့အလွန်ကျေးဇူးတင်ကြသည်။ (တမန်တော် ၂:၁၁) ယေဟောဝါ၏နေ့ကြီးနီးလာသည်နှင့်အမျှ ကျွန်ုပ်တို့သည် ‘သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း’ တို့ဖြင့် ကြွယ်ဝနေသင့်သည်မဟုတ်လော။—⁠၂ ပေတရု ၃:၁၀-၁၂

၃:၄-၈၊ ၁၉ယုဒပြည်၏ ပတ်ဝန်းကျင်နိုင်ငံများသည် ဘုရားသခင့်ရွေးချယ်ခံလူမျိုးကို မတရားဆက်ဆံသောကြောင့် စာရင်းရှင်းခံရမည်ဟု ယောလပရောဖက်ပြုသည်။ ထိုပရောဖက်ပြုချက်အတိုင်း တုရုမြို့သည် ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏လက်ချက်ဖြင့် ဖျက်ဆီးခံခဲ့ရသည်။ နောက်ပိုင်း ထိုမြို့ကို မဟာအလက်ဇန္ဒားသိမ်းပိုက်ခဲ့ပြီး ထောင်နှင့်ချီသော စစ်သားများ၊ အထင်ကရပုဂ္ဂိုလ်များကိုသတ်ကာ မြို့သား ၃၀,၀၀၀ ကို ကျွန်အဖြစ်ရောင်းခဲ့သည်။ အလက်ဇန္ဒားနှင့် သူ့ကိုဆက်ခံသူများသည် ဖိလိတ္တိလူတို့ကိုလည်း အလားတူပြုလုပ်ခဲ့၏။ ဧဒုံပြည်သည်လည်း ဘီစီလေးရာစုတွင် လူသူကင်းမဲ့ခဲ့၏။ (မာလခိ ၁:⁠၃) ထိုပရောဖက်ပြုချက်များ ပြည့်စုံခြင်းက ယေဟောဝါသည် မိမိကတိတော်များကို ပြည့်စုံစေသောအရှင်ဖြစ်သည်ဟူသော ယုံကြည်ချက်ကို ပို၍ခိုင်မာစေသည်။ ထို့ပြင် ယနေ့ ကိုယ်တော့်လူမျိုးအား နှိပ်စက်ညှဉ်းပန်းသောတိုင်းနိုင်ငံတို့ကိုလည်း မည်သို့စီရင်မည်ကို ဖော်ပြသည်။

၃:၁၆-၂၁“မိုးကောင်းကင်နှင့်မြေကြီးသည် တုန်လှုပ်” ပြီး လူမျိုးတို့သည် ယေဟောဝါ၏တရားစီရင်ခြင်းကို ခံရလိမ့်မည်။ သို့သော် ‘ထာဝရဘုရားသခင်သည် မိမိလူတို့၏ခိုလှုံရာ’ ဖြစ်ပြီး သူတို့ကို ပရဒိသုတွင် အသက်ရှင်ခွင့်ပေးတော်မူမည်။ ဆိုးသွမ်းသောလောကအပေါ် ဘုရားသခင်တရားစီရင်မည့်နေ့ နီးလာသည်နှင့်အမျှ ကိုယ်တော့်ထံချဉ်းကပ်ရန် အခိုင်အမာစိတ်ပိုင်းဖြတ်သင့်သည် မဟုတ်လော။

“သင်၏ဘုရားသခင်နှင့်တွေ့ခြင်းငှာ ကိုယ်ကိုပြင်ဆင်လော့”

(အာမုတ် ၁:၁–၉:၁၅)

ယုဒ၊ ဣသရေလနှင့် ဣသရေလပြည်ဝန်းကျင်ရှိ ရန်သူနိုင်ငံများအတွက် သတင်းစကားများကို အာမုတ်ကြေညာခဲ့သည်။ ရှုရိ၊ ဖိလိတ္တိ၊ တုရု၊ ဧဒုံနှင့် မောဘပြည်တို့သည် ဘုရားသခင်၏လူမျိုးကို ရက်စက်ကြမ်းကြုတ်စွာဆက်ဆံသောကြောင့် ဖျက်ဆီးခံရမည်ဖြစ်၏။ ယုဒအမျိုးသည် ‘ထာဝရဘုရားသခင် စီရင်တော်မူချက်တို့ကိုမစောင့်’ သောကြောင့် ဖျက်ဆီးခံရမည်ဖြစ်သည်။ (အာမုတ် ၂:⁠၄) ဣသရေလဆယ်နွယ်နိုင်ငံသားများကော မည်သို့နည်း။ သူတို့၏အပြစ်များတွင် ဆင်းရဲသားများကို မတရားဖိနှိပ်ခြင်း၊ အကျင့်ပျက်ခြင်းနှင့် ဘုရားသခင့်ပရောဖက်များကို မလေးစားခြင်းတို့ပါဝင်သည်။ ယေဟောဝါသည် ‘ဗေသလ ယဇ်ပလ္လင်တို့ကို စစ်ကြော’ ပြီး “ဆောင်းကာလ၌စံသောနန်းတော်နှင့် နွေကာလ၌စံသောနန်းတော်တို့ကို” ဖျက်ဆီးမည်ဟု အာမုတ်သတိပေးသည်။—⁠အာမုတ် ၃:၁၄၊ ၁၅

ရုပ်ပုံကိုးကွယ်သောဣသရေလလူမျိုးသည် ပြစ်ဒဏ်အမျိုးမျိုးခံခဲ့ရသော်လည်း ဆက်၍ခေါင်းမာနေဆဲဖြစ်၏။ ထို့ကြောင့် အာမုတ်က “သင်၏ဘုရားသခင်နှင့်တွေ့ခြင်းငှာ ကိုယ်ကိုပြင်ဆင်လော့” ဟုဆိုခဲ့သည်။ (အာမုတ် ၄:၁၂) ဣသရေလလူမျိုးအတွက် ယေဟောဝါ၏နေ့ဟူသည် အာရှုရိပြည်ရှိ “ဒမာသက်မြို့တစ်ဖက်သို့ သိမ်းသွား” ခံရခြင်းကို ဆိုလိုပေလိမ့်မည်။ (အာမုတ် ၅:၂၇) အာမုတ်သည် ဗေသလမြို့ရှိ ယဇ်ပုရောဟိတ်၏ဆန့်ကျင်မှုကို ကြုံရသော်လည်း မကြောက်ရွံ့ခဲ့ပေ။ “နောက်ဆုံးကာလသည် ငါ၏လူဣသရေလအမျိုး၌ရောက်လေပြီ။ နောက်တစ်ဖန် သူတို့ကိုသည်းမခံ” ဟုအာမုတ်ကို ယေဟောဝါမိန့်ဆို၏။ (အာမုတ် ၈:⁠၂) မရဏာနိုင်ငံဖြစ်စေ၊ တောင်များဖြစ်စေ ဘုရားသခင့်စီရင်ချက်မှ မကာကွယ်ပေးနိုင်ပါ။ (အာမုတ် ၉:၂၊ ၃) သို့သော် ပြည်တော် ပြန်လည်ထူထောင်မည်ဟု ကတိပြုထားသည်။ “သိမ်းသွားခြင်းကိုခံရသော ငါ၏လူဣသရေလအမျိုးသားတို့ကို တစ်ဖန်ငါဆောင်ခဲ့သဖြင့် သူတို့သည် ပျက်စီးသောမြို့များကို ပြုပြင်၍နေကြလိမ့်မည်။ စပျစ်ဥယျာဉ်များကိုစိုက်၍ စပျစ်ရည်ကိုသောက်ကြလိမ့်မည်။ လယ်ယာများကိုပြုစု၍ အသီးတို့ကိုစားကြလိမ့်မည်” ဟုယေဟောဝါမိန့်ဆိုသည်။—⁠အာမုတ် ၉:⁠၁၄

ကျမ်းစာမေးခွန်းများအဖြေ–

၄:၁—⁠“ဗာရှန်နွားတို့” ကား မည်သူတို့ကို ပုံဆောင်သနည်း။ ဂါလိလဲပင်လယ်အရှေ့ဘက်ဒေသရှိ ဗာရှန်ကုန်းမြင့်သည် နွားအပါအဝင် တိရစ္ဆာန်မွေးမြူရေးအတွက် အကောင်းဆုံးနေရာဖြစ်၏။ ထိုဒေသတွင် စားကျက်မြေ ပေါများသည်။ အာမုတ်သည် စည်းစိမ်ယစ်နေသည့်ရှမာရိအမျိုးသမီးများကို ဗာရှန်နွားများနှင့် ခိုင်းနှိုင်းထားသည်။ ထိုအမျိုးသမီးများသည် မိမိတို့ချမ်းသာကြွယ်ဝရေးအတွက် ဆင်းရဲသားများကို လိမ်လည်လှည့်စားရန် “မိမိသခင်တို့” သို့မဟုတ် ခင်ပွန်းတို့အား တွန်းအားပေးခဲ့သည်မှာ သေချာ၏။

၄:၆—⁠“သွားတို့၏စင်ကြယ်ခြင်း” ဟူသောအသုံးအနှုန်းက အဘယ်အရာကို ဆိုလိုသနည်း။ အစာမရှိသောကြောင့် သွားများစင်ကြယ်နေသည့် အစာခေါင်းပါးချိန်ကို ဆိုလိုခြင်းဖြစ်နိုင်သည်။

၅:၅—⁠ဣသရေလလူတို့သည် မည်သည့်နည်းဖြင့် “ဗေသလမြို့ကို မရှာကြ” သနည်း။ ယေရောဗောင်သည် ဗေသလမြို့တွင် နွားရုပ်ကိုးကွယ်မှုကို အစပြုခဲ့သည်။ ထိုအချိန်မှစ၍ ထိုမြို့သည် မှားယွင်းသောဝတ်ပြုရေးဗဟိုဖြစ်လာ၏။ ဂိလဂါလနှင့်ဗေရရှေဘမြို့တွင်လည်း အယူမှားဝတ်ပြုရေးတည်ရှိခဲ့ပေမည်။ ကြိုပြောထားသောဘေးဆိုးမှ လွတ်မြောက်ရန် ဣသရေလလူတို့သည် ထိုနေရာများသို့ သွားရောက်ဝတ်ပြုခြင်းမပြုတော့ဘဲ ယေဟောဝါကို ရှာဖွေရန်လိုအပ်သည်။

၇:၁—⁠ရှင်ဘုရင်ဆိုင်သောမြက်ပင်” သည် အဘယ်အရာကို ဆိုလိုသနည်း။ ရှင်ဘုရင်၏မြင်းသည်တော်များနှင့် တိရစ္ဆာန်များအတွက် အခွန်ကောက်ခံခြင်းကို ဆိုလိုခြင်းဖြစ်နိုင်သည်။ “နောက်မြက်ပင်ပေါက်စကာလ၌” ထိုအခွန်ကို ပေးဆက်ရန်ဖြစ်၏။ ပြီးနောက် လူတို့သည် ကောက်ပဲသီးနှံများရိတ်သိမ်းနိုင်သည်။ သို့သော် ထိုသို့မရိတ်သိမ်းမီ ကျိုင်းကောင်အုပ်ရောက်လာပြီး ကောက်ပဲသီးနှံများကို ဖျက်ဆီးလိုက်သည်။

၈:၁၊ ၂—⁠“နွေကာလအသီးပါသောတောင်း” ကား အဘယ်အရာကို ပုံဆောင်သနည်း။ ယင်းက ယေဟောဝါ၏နေ့ကြီးနီးပြီကို ပုံဆောင်သည်။ နွေကာလအသီးကို စိုက်ပျိုးရေးနှစ်အကုန်ပိုင်းဖြစ်သော ရိတ်သိမ်းချိန်အဆုံးပိုင်းတွင် ဆွတ်ခူးသည်။ “နွေကာလအသီးပါသောတောင်း” ကို အာမုတ်အား ယေဟောဝါပြခြင်းက ဣသရေလလူမျိုး၏အဆုံး နီးပြီဖြစ်ကြောင်း ဆိုလိုသည်။ ထို့ကြောင့် ယေဟောဝါက “နောက်ဆုံးကာလသည် ငါ၏လူဣသရေလအမျိုး၌ရောက်လေပြီ။ နောက်တစ်ဖန် သူတို့ကို သည်းမခံ” ဟု အာမုတ်ကို မိန့်ဆိုခဲ့သည်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–

၁:၃၊ ၆၊ ၉၊ ၁၁၊ ၁၃; ၂:၁၊ ၄၊ ယေဟောဝါသည် ဣသရေလ၊ ယုဒနှင့် သူတို့၏ပတ်ဝန်းကျင်မှ နိုင်ငံခြောက်နိုင်ငံတို့အပေါ် အမျက်ထွက်ကာ “ငါသည် ဒဏ်မပေးဘဲမနေ” ဟုဆိုသည်။ ယေဟောဝါ၏တရားစီရင်ချက်မှ မလွတ်မြောက်နိုင်ပေ။—⁠အာမုတ် ၉:၂-၅

၂:၁၂ကြိုးစားလုပ်ဆောင်နေသော ရှေ့ဆောင်များ၊ နယ်လှည့်ကြီးကြပ်မှူးများ၊ ခရစ်ယာန်သာသနာပြုများနှင့် ဗေသလအိမ်သားများအား အချိန်ပြည့်လုပ်ငန်းကိုစွန့်လွှတ်ပြီး သာမန်ဘဝပုံစံမျိုးဖြင့်နေထိုင်ရန် မတိုက်တွန်းသင့်ပေ။ ယင်းအစား သူတို့၏မွန်မြတ်သောလုပ်ငန်းကို ဆက်လုပ်ဆောင်နိုင်ရန် အားပေးသင့်သည်။

၃:⁠၈လူတစ်ဦးသည် ခြင်္သေ့ဟောက်သောအခါ ကြောက်လန့်သကဲ့သို့ “သင်သွားလော့။ ငါ၏လူ ဣသရေလအမျိုးတွင် ပရောဖက်ပြုလော့” ဟူသော ယေဟောဝါ၏မိန့်ဆိုသံကို အာမုတ်ကြားသောအခါ မဟောဘဲမနေနိုင်ပေ။ (အာမုတ် ၇:၁၅) ဘုရားသခင်ကိုကြောက်ရွံ့ခြင်းက သတင်းကောင်းကို ထက်သန်စွာဟောပြောရန် လှုံ့ဆော်ပေးသည်။

၃:၁၃-၁၅; ၅:၁၁နိမ့်ကျသောနွားကျောင်းသား အာမုတ်သည် မိမိတို့ကိုယ်ကိုကျေနပ်နေသော ကြွယ်ဝချမ်းသာသူတို့ကို ယေဟောဝါ၏အကူအညီဖြင့် “ဆင့်ဆို” နိုင်ခဲ့သည်။ မည်မျှခက်ခဲသည့်ရပ်ကွက်တွင် ဖြစ်ပါစေ သတင်းကောင်းဟောပြောနိုင်ရန် ကျွန်ုပ်တို့ကိုလည်း ယေဟောဝါကူညီပေးနိုင်ပါသည်။

၄:၆-၁၁; ၅:၄၊ ၆၊ ၁၄ဣသရေလလူတို့သည် ယေဟောဝါထံ ‘ပြန်လာ’ ရန် အကြိမ်ကြိမ်ပျက်ကွက်သော်လည်း ‘ထာဝရဘုရားသခင်ကိုရှာကြလော့။ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည်’ ဟုသူတို့ကိုတိုက်တွန်းထားသည်။ ဤအစီအစဉ်စနစ်ဆိုး ဆက်ရှိနေရန် ယေဟောဝါစိတ်ရှည်စွာ ခွင့်ပြုထားသရွေ့ ကိုယ်တော့်ထံ လူတို့ပြန်လာရန် ကျွန်ုပ်တို့တိုက်တွန်းသင့်သည်။

၅:၁၈၊ ၁၉အဆင်သင့်မဖြစ်ဘဲ ‘ထာဝရဘုရားသခင်၏နေ့ရက်ကို တောင့်တသောသူတို့’ သည် မိုက်မဲလှသည်။ ထိုသို့ပြုသောလူတစ်ဦး၏အခြေအနေမှာ ခြင်္သေ့ရှိရာမှပြေး၍ ဝံကိုတွေ့သော၊ ဝံရှိရာမှပြေး၍ မြွေကိုက်ခံရသောသူကဲ့သို့သာဖြစ်သည်။ ကျွန်ုပ်တို့သည် စစ်မှန်သောဝတ်ပြုရေးတွင် နိုးကြား၍ “စောင့်နေကြ” ပြီး အသင့်ရှိနေခြင်းက ပညာရှိရာရောက်သည်။—⁠လုကာ ၂၁:၃၆

၇:၁၂-၁၇ကျွန်ုပ်တို့သည် ဘုရားသခင့်သတင်းစကားကို မကြောက်မရွံ့၊ ရဲရင့်စွာ ကြေညာသင့်သည်။

၉:၇-၁၀သစ္စာမဲ့ဣသရေလလူတို့သည် သစ္စာရှိဘိုးဘေးများ၊ ဘုရားသခင့်ရွေးချယ်ခံလူမျိုးအဖြစ် အီဂျစ်မှကယ်လွှတ်ခံရသူများ၏ သားစဉ်မြေးဆက်များဖြစ်သော်လည်း ကုရှအမျိုးသားများကဲ့သို့ ဘုရားသခင့်မျက်နှာသာ ဆုံးရှုံးခဲ့ရသည်။ မျက်နှာမလိုက်သောဘုရားသခင့်ရှေ့ မျက်နှာသာရရှိခြင်းသည် မျိုးရိုးစဉ်ဆက်အပေါ် မမူတည်ဘဲ “ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်” ခြင်းအပေါ် မူတည်သည်။—⁠တမန်တော် ၁၀:၃၄၊ ၃၅

ကျွန်ုပ်တို့ လုပ်ဆောင်သင့်သည့်အရာ

စာတန့်လောကအပေါ် ဘုရားသခင် တရားစီရင်မည့်နေ့ နီးကပ်နေပြီ။ ဘုရားသခင်သည် မိမိလူမျိုးအပေါ် စွမ်းအားတော်သွန်းလောင်းပြီး ကျရောက်လာမည့်နေ့ကြီးအကြောင်း လူတို့ကိုသတိပေးရန် အသင့်ပြင်ဆင်ပေးနေသည်။ လူတို့ ယေဟောဝါကိုသိပြီး ‘ကိုယ်တော့်နာမကိုခေါ်’ ရန် ကူညီပေးသည့်လုပ်ငန်းတွင် ကျွန်ုပ်တို့ အပြည့်အဝပါဝင်သင့်သည်မဟုတ်လော။—⁠ယောလ ၂:၃၁၊ ၃၂

‘မကောင်းမှုကိုမုန်း၍ ကောင်းမှုကိုချစ်ကြလော့။ မြို့တံခါးဝတွင် တရားကိုတည်စေကြလော့’ ဟုအာမုတ်တိုက်တွန်းခဲ့သည်။ (အာမုတ် ၅:၁၅) ယေဟောဝါ၏နေ့နီးလာသည်နှင့်အမျှ ကိုယ်တော့်ထံချဉ်းကပ်ခြင်း၊ ဆိုးညစ်သောလောကနှင့် အကျင့်ပျက်ပြားသောပေါင်းသင်းမှုများမှ သီးခြားနေခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်၏။ ထိုသို့လုပ်ဆောင်နိုင်ရန် ယောလနှင့်အာမုတ်ကျမ်းမှ အချိန်တန်သင်ခန်းစာများကို ကျွန်ုပ်တို့သင်ယူနိုင်ကြသည်။—⁠ဟေဗြဲ ၄:၁၂

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

‘ထာဝရဘုရားသခင်၏ နေ့ရက်နီးပြီ’ ဟု ယောလပရောဖက်ပြုခဲ့

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အာမုတ်ကဲ့သို့ ကျွန်ုပ်တို့သည် ဘုရားသခင့်သတင်းစကားကို မကြောက်မရွံ့၊ ရဲရင့်စွာ ကြေညာသင့်