မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဓိပ္ပာယ်ပြည့်ဝသော ဘဝရည်ရွယ်ချက်ကို ရှာဖွေခြင်း

အဓိပ္ပာယ်ပြည့်ဝသော ဘဝရည်ရွယ်ချက်ကို ရှာဖွေခြင်း

အဓိပ္ပာယ်ပြည့်ဝသော ဘဝရည်ရွယ်ချက်ကို ရှာဖွေခြင်း

‘အသက်ရှိသောသူအပေါင်းတို့သည် ထာဝရဘုရားသခင်ကို ချီးမွမ်းကြစေ။’—⁠ဆာလံ ၁၅၀:၆

၁။ လူငယ်တစ်ဦးသည် ဘဝရည်ရွယ်ချက်ကို မည်သို့ရှာဖွေခဲ့သနည်း။

“လူတွေကို ကူညီပေးချင်တဲ့အတွက် ဆေးပညာကို ကျွန်တော်လေ့လာခဲ့တယ်။ ဆရာဝန်တစ်ယောက်ဖြစ်ရတာ ဂုဏ်ရှိပြီး ဝင်ငွေကောင်းတဲ့အတွက် ပျော်မယ်လို့လည်း ကျွန်တော်ထင်ခဲ့တယ်။ ဒါပေမဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ လူတွေကို မဖြစ်စလောက်ပဲကူညီပေးနိုင်မှန်း သိလာတဲ့အခါ စိတ်ဓာတ်ကျမိတယ်။ အဲဒီနောက် အနုပညာကို လိုက်စားပြန်တယ်။ ကျွန်တော့်ရဲ့အနုပညာဖန်တီးမှုတွေကလည်း တခြားသူတွေကို သိပ်အကျိုးမပြုတဲ့အတွက် တစ်ကိုယ်ကောင်းဆန်တယ်လို့ ခံစားမိတယ်။ ဒါနဲ့ ကျောင်းဆရာလုပ်ပြန်တယ်။ ဒီအလုပ်ကလည်း အချက်အလက်တွေကို သင်ပေးရုံပဲရှိတယ်။ စစ်မှန်တဲ့ပျော်ရွှင်မှုရဖို့ လူတွေကို လမ်းညွှန်မပေးနိုင်ဘူးဆိုတာ သိလာတယ်” ဟုကိုရီးယားမှဆူဂျင်းက ပြောပြသည်။ * ဆူဂျင်းကဲ့သို့ပင် လူများစွာသည် အဓိပ္ပာယ်ပြည့်ဝသော ဘဝရည်ရွယ်ချက်ကို ရှာဖွေနေကြသည်။

၂။ (က) ဘဝရည်ရွယ်ချက်ရှိခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ (ခ) ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့ကို ကမ္ဘာပေါ်တွင်နေထိုင်စေခြင်းမှာ ရည်ရွယ်ချက်တစ်ခုရှိကြောင်း မည်သို့သိနိုင်သနည်း။

စစ်မှန်သောဘဝရည်ရွယ်ချက်ရှိခြင်းဟူသည် အသက်ရှင်နေရသည့် အကြောင်းရင်းရှိခြင်း၊ တိကျသော ဘဝပန်းတိုင်ရှိခြင်း၊ အာရုံစူးစိုက်လုပ်ဆောင်ရမည့်အရာရှိခြင်းတို့ဖြစ်သည်။ လူတို့သည် ထိုသို့သောဘဝရည်ရွယ်ချက်မျိုး အမှန်ရှိနိုင်ပါမည်လော။ ရှိနိုင်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အသိဉာဏ်၊ ကိုယ်ကိုကိုယ်သိသောစိတ်နှင့် ဆင်ခြင်နိုင်စွမ်းတို့ ထည့်သွင်းဖန်ဆင်းထားသည်။ ယင်းက ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကမ္ဘာပေါ်တွင် နေထိုင်စေခြင်းမှာ ရည်ရွယ်ချက်ကောင်းရှိကြောင်း ဖော်ပြသည်။ ထို့ကြောင့် ဖန်ဆင်းရှင်၏ရည်ရွယ်ချက်များနှင့်အညီ အသက်ရှင်နေထိုင်ခြင်းဖြင့်သာ စစ်မှန်သောဘဝရည်ရွယ်ချက်ကို ရှာတွေ့နိုင်ပြီး ပြည့်စုံစေနိုင်မည်ဖြစ်သည်။

၃။ လူသားတို့အတွက် ဘုရားသခင့်ရည်ရွယ်ချက်တွင် အဘယ်အရာပါဝင်သနည်း။

ကျွန်ုပ်တို့အတွက် ဘုရားသခင့်ရည်ရွယ်ချက်တွင် အရာများစွာပါဝင်ကြောင်း ကျမ်းစာက ဖော်ပြသည်။ ဥပမာ၊ အံ့ဖွယ်နည်းဖြင့် ကျွန်ုပ်တို့ဖန်ဆင်းခံရပုံက ဘုရားသခင်၏ ကိုယ်ကျိုးမဖက်သောမေတ္တာကို အမှန်ပင် ဖော်ပြသည်။ (ဆာလံ ၄၀:၅; ၁၃၉:၁၄) ထို့ကြောင့် ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ အသက်ရှင်ခြင်းဟူသည် ကိုယ်တော့်နည်းတူ အခြားသူများကို ကိုယ်ကျိုးမဖက်ဘဲ ချစ်ခြင်းကိုဆိုလို၏။ (၁ ယောဟန် ၄:၇-၁၁) ထို့ပြင် ဘုရားသခင်၏ မေတ္တာပါရည်ရွယ်ချက်နှင့်အညီ အသက်ရှင်ရန် ထောက်ကူပေးသော ကိုယ်တော့်ညွှန်ကြားချက်များအား နာခံခြင်းကိုလည်း ဆိုလိုသည်။—⁠ဒေ. ၁၂:၁၃; ၁ ယောဟန် ၅:၃

၄။ (က) စစ်မှန်သော ဘဝရည်ရွယ်ချက်ရှိရန် အဘယ်အရာလိုအပ်သနည်း။ (ခ) လူတစ်ဦးတွေ့ရှိနိုင်သည့် အမွန်မြတ်ဆုံးရည်ရွယ်ချက်မှာ အဘယ်နည်း။

လူတို့သည် တစ်ဦးနှင့်တစ်ဦးအပြင် အခြားဖန်ဆင်းရာများနှင့်လည်း ပျော်ရွှင်ငြိမ်းချမ်းစွာ အသက်ရှင်နေထိုင်ရန် ဘုရားသခင်ရည်ရွယ်ထားသည်။ (ကမ္ဘာဦး ၁:၂၆; ၂:၁၅) သို့သော် ငြိမ်သက်ပျော်ရွှင်မှုနှင့် လုံခြုံမှုခံစားရရန် ကျွန်ုပ်တို့ အဘယ်အရာလုပ်ဆောင်ဖို့လိုသနည်း။ မိဘအနားတွင်ရှိမှ ပျော်ရွှင်လုံခြုံမှုခံစားရသော ကလေးငယ်နည်းတူ ကျွန်ုပ်တို့သည် အဓိပ္ပာယ်ပြည့်ဝသော ဘဝရည်ရွယ်ချက်ရှိရန် ကောင်းကင်ခမည်းတော်နှင့် ဆက်ဆံရေးကောင်းရှိဖို့လိုသည်။ (ဟေဗြဲ ၁၂:၉) ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကိုယ်တော့်ထံ ချဉ်းကပ်ခွင့်ပေးခြင်း၊ ဆုတောင်းချက်များကို နားထောင်ခြင်းဖြင့် ထိုသို့သောဆက်ဆံရေးရှိနိုင်ရန် စီစဉ်ပေးထားသည်။ (ယာကုပ် ၄:၈; ၁ ယောဟန် ၅:၁၄၊ ၁၅) ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့် ‘ဘုရားသခင်နှင့်အတူ လျှောက်လှမ်း’ ပြီး ကိုယ်တော့်မိတ်ဆွေဖြစ်မည်ဆိုလျှင် ကိုယ်တော့်ကို စိတ်ရွှင်လန်းစေပြီး ချီးမွမ်းနိုင်ပါလိမ့်မည်။ (ကမ္ဘာဦး ၆:၉; သု. ၂၃:၁၅၊ ၁၆; ယာကုပ် ၂:၂၃) ယင်းသည် လူတစ်ဦးတွေ့ရှိနိုင်သော အမွန်မြတ်ဆုံးရည်ရွယ်ချက်ဖြစ်၏။ ‘အသက်ရှိသောသူအပေါင်းတို့သည် ထာဝရဘုရားသခင်ကို ချီးမွမ်းကြစေ’ ဟု ဆာလံဆရာရေးခဲ့သည်။—⁠ဆာလံ ၁၅၀:၆

သင့်ဘဝရည်ရွယ်ချက်ကား အဘယ်နည်း

၅။ ရုပ်ပစ္စည်းလိုက်စားခြင်းကို ဦးစားထားခြင်းသည် အဘယ်ကြောင့် ပညာမဲ့ရာရောက်သနည်း။

ကျွန်ုပ်တို့အတွက် ဘုရားသခင့်ရည်ရွယ်ချက်တွင် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် မိသားစု၏ကာယရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း၊ ဘုရားသခင်နှင့်ဆက်ဆံရေးကောင်းရှိရန် ပျိုးထောင်ပေးခြင်း ပါဝင်သည်။ သို့သော် လောကလိုက်စားရာများနှင့် စိုးရိမ်ပူပန်မှုများသည် သာ၍အရေးကြီးသောအရာများကို လွှမ်းမိုးမသွားစေရန် မျှတမှုရှိဖို့လိုသည်။ (မဿဲ ၄:၄; ၆:၃၃) ဝမ်းနည်းစရာမှာ လူများစွာသည် မိမိတို့ဘဝကို ရုပ်ပစ္စည်းလိုက်စားခြင်းတွင်သာ စုံးစုံးနှစ်မြှုပ်ထားကြသည်။ သို့သော် ရုပ်ပစ္စည်းများဖြင့်သာ ကျွန်ုပ်တို့၏လိုအပ်ရာအားလုံးကို ဖြည့်ဆည်းရန် ကြိုးစားနေခြင်းက ပညာမဲ့ရာရောက်၏။ အာရှတိုက်မှ သန်းကြွယ်သူဌေးများကို မကြာသေးမီက စစ်တမ်းကောက်ယူခဲ့ရာ သူတို့အများစုသည် “လူနေမှုအဆင့်အတန်းမြင့်မားပြီး စည်းစိမ်ကြောင့် အောင်မြင်ပြီးမြောက်ခဲ့ရာများရှိသည့်တိုင် လုံခြုံမှုမခံစားရဘဲ စိုးရိမ်ပူပန်နေကြ” ကြောင်းသိရှိရ၏။—⁠ဒေ. ၅:၁၁

၆။ စည်းစိမ်ဥစ္စာလိုက်စားခြင်းနှင့်ပတ်သက်၍ ယေရှုအဘယ်သွန်သင်ချက် ပေးခဲ့သနည်း။

ယေရှုက “စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း” အကြောင်း မိန့်ဆိုခဲ့သည်။ (မာကု ၄:၁၉) စည်းစိမ်ဥစ္စာသည် မည်သို့လှည့်စားတတ်သနည်း။ ယင်းတို့သည် လူတစ်ဦးကို ပျော်ရွှင်မှုပေးနိုင်သည်ဟု ထင်ရသော်လည်း အမှန်တကယ်မပေးနိုင်ပါ။ “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်” ဟုပညာရှိဘုရင်ရှောလမုန်က ကောက်ချက်ချသည်။ (ဒေ. ၅:၁၀) သို့သော် ရုပ်ပစ္စည်းလိုက်စားရင်း တစ်ချိန်တည်းတွင် ဘုရားသခင်ကို တစ်သက်တာလုံး အမှုဆောင်နိုင်ပါမည်လော။ မဆောင်နိုင်ပါ။ ယေရှု ဤသို့ရှင်းပြ၏– ‘အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကိုမှီခို၍ တစ်ဦးကိုမခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကိုလည်းကောင်း၊ လောကစည်းစိမ်အစေကိုလည်းကောင်း မခံနိုင်ကြ။’ မိမိနောက်လိုက်များအား မြေကြီးပေါ်ရှိ ရုပ်ပစ္စည်းများကို မဆည်းပူးရန်၊ ‘သင်တို့အလိုရှိသမျှတို့ကို သင်တို့မတောင်းမီ သိတော်မူ’ သော ဘုရားသခင်ရှေ့နာမည်ကောင်းရှိခြင်းဖြစ်သည့် ‘ကောင်းကင်ဘဏ္ဍာ’ ကိုဆည်းပူးရန် ယေရှုတိုက်တွန်းသည်။—⁠မဿဲ ၆:၈၊ ၁၉-၂၅

၇။ ကျွန်ုပ်တို့သည် “မှန်သောအသက်” ကို မည်သို့စွဲကိုင်နိုင်သနည်း။

တမန်တော်ပေါလုသည် လုပ်ဖော်ဆောင်ဖက်တိမောသေထံ စာရေးရာတွင် ထိုကိစ္စနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်သတိပေးခဲ့၏။ “ငွေရတတ်သောသူတို့သည် . . . မမြဲသောစည်းစိမ်ကို မကိုးစားဘဲ ငါတို့ခံစားဖို့ရာအလုံးစုံတို့ကို ကြွယ်ဝစွာပေးသနားတော်မူသော အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမည်အကြောင်းနှင့် . . . စွန့်ကြဲချင်သောစေတနာစိတ်ရှိခြင်း၊ အချင်းချင်းဆက်ဆံခြင်း၊ မှန်သောအသက်ကိုဝင်စားလိုသောငှာ နောင်ဘဝ၌ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ ဆည်းပူးခြင်းတို့ကိုပြုရမည်အကြောင်း ပညတ်ထားလော့” ဟုသူရေးခဲ့သည်။—⁠၁ တိမောသေ ၆:၁၇-၁၉

“မှန်သောအသက်” ဟူသည် အဘယ်နည်း

၈။ (က) လူများစွာသည် စည်းစိမ်ကြွယ်ဝရန်၊ လူနေမှုအဆင့်အတန်းမြင့်မားရန် အဘယ်ကြောင့် ကြိုးစားကြသနည်း။ (ခ) ထိုသူတို့သည် အဘယ်အချက်ကို သတိမမူကြသနည်း။

လူများစွာအတွက် “မှန်သောအသက်” ဟုဆိုလိုက်သည်နှင့် စည်းစိမ်ယစ်ပြီး သာယာမှုခံစားနေခြင်းအဖြစ် စိတ်ထဲပေါ်လာပေမည်။ အာရှသတင်းမဂ္ဂဇင်းတစ်စောင်က ဤသို့ဖော်ပြ၏– “ရုပ်ရှင်၊ တီဗွီကြည့်သူများသည် ထိုတွင် တွေ့မြင်ရာများကို လိုချင်လာပြီး သူတို့ရရှိနိုင်မည့်အရာများကို စိတ်ကူးယဉ်ကြသည်။” လူများစွာအတွက် စည်းစိမ်ဥစ္စာကြွယ်ဝရန်၊ လူနေမှုအဆင့်အတန်းမြင့်မားရန် ကြိုးစားခြင်းသည် ဘဝရည်ရွယ်ချက်ဖြစ်၏။ သူတို့သည် ထိုအရာများလိုက်စားရန် မိမိတို့၏လူငယ်ဘဝ၊ ကျန်းမာရေး၊ မိသားစုဘဝနှင့် ဘုရားရေးရာစံနှုန်းများကို စတေးခဲ့ကြသည်။ ယင်းတို့သည် ‘လောကစိတ်ဓာတ်’ ကိုထင်ဟပ်နေခြင်းသာဖြစ်ကြောင်း တွေးမိသူမရှိသလောက်ပင်၊ ထိုလောကစိတ်ဓာတ်သည် ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ၏ အတွေးအခေါ်ကို ဩဇာလွှမ်းမိုးထားပြီး ဘုရားသခင့်ရည်ရွယ်ချက်နှင့်ဆန့်ကျင်ရာကို လုပ်ဆောင်ရန် လှုံ့ဆော်ပေးနေသည်။ (၁ ကောရိန္သု ၂:၁၂; ဧဖက် ၂:⁠၂) ထို့ကြောင့် ယနေ့လူများစွာသည် ပျော်ရွှင်မှုကင်းမဲ့နေကြခြင်းမှာ အံ့ဩစရာမဟုတ်ပေ။—⁠သု. ၁၈:၁၁; ၂၃:၄၊ ၅

၉။ လူတို့သည် အဘယ်အရာကို ဘယ်တော့မျှ စွမ်းဆောင်နိုင်မည်မဟုတ်သနည်း၊ အဘယ်ကြောင့်နည်း။

ငတ်မွတ်မှု၊ ဖျားနာမှု၊ တရားမမျှတမှုတို့ကိုဖယ်ရှားရန်နှင့် အခြားသူတို့၏အကျိုးသယ်ပိုးရန် ကိုယ်ကျိုးစွန့်လုပ်ဆောင်နေသူတို့ကော မည်သို့နည်း။ သူတို့၏ မွန်မြတ်သော ကိုယ်ကျိုးစွန့်မှုများသည် လူများစွာကို အကျိုးပြုပါသည်။ သို့သော် သူတို့သည် အကောင်းဆုံးကြိုးစားသော်လည်း ဤအစီအစဉ်စနစ်ကို တရားမျှတပြီး ဖြောင့်မတ်သောကမ္ဘာဖြစ်လာစေရန် ဘယ်တော့မျှ ပြောင်းလဲပေးနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ‘လောကသားအပေါင်းတို့သည် စာတန်၏လက်၌ရှိကြ’ ပြီး စာတန်သည် ထိုသို့ပြောင်းလဲသည်ကို လုံးဝမလိုလားသောကြောင့်ဖြစ်သည်။—⁠၁ ယောဟန် ၅:၁၉

၁၀။ သစ္စာရှိသူများသည် “မှန်သောအသက်” ကို မည်သည့်အချိန်တွင် ခံစားနိုင်ကြမည်နည်း။

၁၀ လူတစ်ဦးသည် ဤလက်ရှိလောကတွင် အသက်ရှင်နေခြင်းမှတစ်ပါး အခြားမျှော်လင့်ချက်မရှိပါက ဝမ်းနည်းဖွယ်ကောင်းလိုက်လေခြင်း! ပေါလုဤသို့ရေးခဲ့၏– “ငါတို့သည် ခရစ်တော်ကိုအမှီပြု၍ ယခုဘဝ၌သာမျှော်လင့်စရာရှိလျှင် အခြားသောသူအပေါင်းတို့ထက် သာ၍ဆင်းရဲသောသူဖြစ်ကြ၏။” ဤဘဝ ဤမျှသာဖြစ်သည်ဟုယူဆသူတို့သည် “စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်” ဟူ၍သဘောထားကြ၏။ (၁ ကောရိန္သု ၁၅:၁၉၊ ၃၂) သို့သော် ကျွန်ုပ်တို့သည် အနာဂတ်တွင် “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို . . . ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃) ထိုအချိန်တွင် ခရစ်ယာန်များသည် ကောင်းကင်တွင်ဖြစ်စေ၊ ဘုရားသခင့်နိုင်ငံတော်၏ မေတ္တာပါအုပ်ချုပ်မှုအောက်တွင်ဖြစ်စေ စုံလင်သော “ထာဝရအသက်” ဖြစ်သည့် “မှန်သောအသက်” ကို ခံစားနိုင်ပါသည်။—⁠၁ တိမောသေ ၆:၁၂

၁၁။ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွား တိုးတက်ရေးအတွက် လုပ်ဆောင်ခြင်းသည် အဘယ်ကြောင့် ရည်ရွယ်ချက်ရှိသနည်း။

၁၁ ဘုရားသခင့်နိုင်ငံတော်သာ လူ့ပြဿနာများကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ပါလိမ့်မည်။ ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွား တိုးတက်ရေးအတွက် လုပ်ဆောင်ခြင်းသည် လူတစ်ဦးပြုလုပ်နိုင်သမျှတွင် ရည်ရွယ်ချက်အရှိဆုံး လုပ်ဆောင်မှုဖြစ်သည်။ (ယောဟန် ၄:၃၄) ထိုလုပ်ငန်းတွင်ပါဝင်စဉ် ကျွန်ုပ်တို့သည် ကောင်းကင်ခမည်းတော်နှင့် တန်ဖိုးဖြတ်မရသောဆက်ဆံရေး ရရှိကြသည်။ ထို့ပြင် ဘဝတွင် အလားတူရည်ရွယ်ချက်ရှိသော ခရစ်ယာန်အသင်းတော်ရှိညီအစ်ကိုညီအစ်မ သန်းပေါင်းများစွာနှင့် ရင်ပေါင်တန်းအမှုဆောင်ရ၍ ရွှင်လန်းနေကြသည်။

မှန်ကန်သောကိုယ်ကျိုးစွန့်မှုများ

၁၂။ လက်ရှိလောကတွင် အသက်ရှင်ခြင်းနှင့် “မှန်သောအသက်” ၏ခြားနားပုံကိုဖော်ပြပါ။

၁၂ လက်ရှိလောကနှင့် ‘လောကတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏’ ဟုကျမ်းစာကဆိုသည်။ စာတန့်လောက၏ ဂုဏ်ဓနအပါအဝင် ယင်း၏မည်သည့်အစိတ်အပိုင်းမျှ ဖျက်ဆီးခြင်းမှလွတ်မြောက်မည်မဟုတ်၊ ‘ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား ထာဝရတည်’ မည်ဖြစ်သည်။ (၁ ယောဟန် ၂:၁၅-၁၇) လက်ရှိလောက၏ မတည်မြဲသောစည်းစိမ်ဥစ္စာ၊ တဒင်္ဂသာတည်သော ဂုဏ်၊ သာယာမှုတို့နှင့်မတူဘဲ ဘုရားသခင့်နိုင်ငံတော်တွင်ခံစားရမည့် ထာဝရအသက်တည်းဟူသော “မှန်သောအသက်” သည် တည်မြဲ၏၊ မှန်ကန်သောကိုယ်ကျိုးစွန့်မှုများသာ ဖြစ်မည်ဆိုလျှင် ကိုယ်ကျိုးစွန့်ရကျိုးနပ်၏။

၁၃။ ဇနီးမောင်နှံတစ်စုံသည် မှန်ကန်သောကိုယ်ကျိုးစွန့်မှုများကို မည်သို့ပြုလုပ်ခဲ့သနည်း။

၁၃ ဟင်နရီနှင့်စူဇန်၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ အသက်တာတွင် ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားသူအားလုံးသည် ကိုယ်တော်၏ထောက်မမှုကို ရရှိမည်ဟူသောကတိတော်ကို သူတို့အပြည့်အဝယုံကြည်သည်။ (မဿဲ ၆:၃၃) ထို့ကြောင့် အကုန်အကျနည်းသောအိမ်တွင် နေထိုင်ဖို့ဆုံးဖြတ်ခဲ့ကြသည်။ သို့ဖြင့် နှစ်ဦးစလုံး လောကအလုပ်လုပ်စရာမလိုဘဲ တစ်ဦးတည်း၏ဝင်ငွေဖြင့် လောက်ငသည့်အပြင် သမီးနှစ်ဦးနှင့်အတူ ဘုရားသခင်နှစ်သက်သော လုပ်ဆောင်မှုများတွင် အချိန်ပိုပေးနိုင်ခဲ့ကြသည်။ (ဟေဗြဲ ၁၃:၁၅၊ ၁၆) စိတ်ရင်းကောင်းသောမိတ်ဆွေတစ်ဦးက သူတို့၏ဆုံးဖြတ်ချက်ကို နားမလည်နိုင်ခဲ့ပေ။ သူက စူဇန်ကို “သူငယ်ချင်း၊ ပိုကောင်းတဲ့အိမ်မှာနေချင်ရင်တော့ တချို့ကိုစွန့်လွှတ်ရမှာပဲ” ဟုပြောသည်။ သို့သော် ယေဟောဝါကိုရှေးဦးထားမည်ဆိုလျှင် “ယခုဘဝ၊ နောင်ဘဝနှင့်စပ်ဆိုင်သော ကတိတော်” ကိုရရှိမည်ဖြစ်ကြောင်း ဟင်နရီနှင့်စူဇန် သိသည်။ (၁ တိမောသေ ၄:၈; တိတု ၂:၁၂) သူတို့၏သမီးများသည် ဇွဲရှိသောအချိန်ပြည့်အမှုဆောင်များ ဖြစ်လာကြ၏။ သူတို့သည် မိသားစုလိုက်အနေဖြင့် အမှန်တန်ဖိုးရှိသည့်အရာတစ်ခုခုကို ဆုံးရှုံးနေသည်ဟု မခံစားကြရပါ။ ယင်းအစား “မှန်သောအသက်” လိုက်စားခြင်းကို သူတို့၏ဘဝရည်ရွယ်ချက်ဖြစ်စေသောကြောင့် အကျိုးကျေးဇူးများစွာ ခံစားနေကြသည်။—⁠ဖိလိပ္ပိ ၃:၈-၁၁; ၁ တိမောသေ ၆:၆-၈

‘ဤလောကကို အပြည့်အဝမသုံး’ ကြနှင့်

၁၄။ စစ်မှန်သောဘဝရည်ရွယ်ချက်ကို မျက်ခြည်ပြတ်သွားခြင်းက အဘယ်ဆိုးကျိုးများ ခံစားစေနိုင်သနည်း။

၁၄ သို့သော် စစ်မှန်သောဘဝရည်ရွယ်ချက်ကို မျက်ခြည်ပြတ်သွားပြီး “မှန်သောအသက်” ကို စွဲကိုင်ထားခြင်းမှ အားလျော့လာပါက အလွန်အန္တရာယ်ရှိသည်။ ‘လောကစိုးရိမ်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်း၊ အပျော်အပါးလိုက်စားခြင်းတို့’ ကြောင့် အာရုံပျံ့လွင့်သွားနိုင်သည်။ (လုကာ ၈:၁၄) မထိန်းချုပ်နိုင်သောဆန္ဒများနှင့် ‘ဘဝ၏စိုးရိမ်ပူပန်ခြင်း’ တို့သည် ကျွန်ုပ်တို့ကို ဤလောကစနစ်တွင် အလွန်အကျွံနစ်မြုပ်သွားစေနိုင်သည်။ (လုကာ ၂၁:၃၄) ဝမ်းနည်းစရာမှာ အချို့သည် ယနေ့လောက၏ ကြွယ်ဝချမ်းသာလိုသောဆန္ဒနောက် ပါသွားကြသည်။ ထို့ပြင် သူတို့သည် “ယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုး” ကြပြီး ယေဟောဝါနှင့် အဖိုးထိုက်ဆက်ဆံရေးပင် ဆုံးရှုံးသွားသည်။ ‘ထာဝရအသက်ကို မကိုင်စွဲ’ ထားသည့်အတွက် ပေးဆပ်လိုက်ရသည့်အခကား ကြီးမားလိုက်လေခြင်း!—⁠၁ တိမောသေ ၆:၉၊ ၁၀၊ ၁၂; သု. ၂၈:၂၀

၁၅။ မိသားစုတစ်စုသည် ‘လောကကိုအပြည့်အဝမသုံး’ သည့်အတွက် အဘယ်အကျိုးကျေးဇူးခံစားရသနည်း။

၁၅ “ဤလောကကိုသုံးသောသူသည် [အပြည့်အဝ] မသုံးသကဲ့သို့ ဖြစ်ရမည်” ဟုပေါလုအကြံပေးသည်။ (၁ ကောရိန္သု ၇:၃၁) ကိသ်နှင့်ဘိုနီသည် ထိုအကြံဉာဏ်ကို နှလုံးသွင်းခဲ့ကြသည်။ ကိသ် ဤသို့ပြောပြသည်– “သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် တက်ပြီးတာနဲ့ ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာတယ်။ အခု ကျွန်တော်ရွေးချယ်ရတော့မယ်။ လူနာအများကြီးကို လက်ခံကုသမယ်ဆိုရင် ငွေများများရနိုင်တယ်။ ဒါပေမဲ့ ဝတ်ပြုရေးကိုတော့ ထိခိုက်လိမ့်မယ်။ ဒါနဲ့ အလုပ်ချိန်ကိုကန့်သတ်လိုက်ပြီး သမီးငါးယောက်ရှိတဲ့မိသားစုရဲ့ ဝတ်ပြုရေးနဲ့စိတ်ဓာတ်ရေးအတွက် အချိန်ပိုပေးနိုင်ခဲ့တယ်။ အပိုဝင်ငွေမရှိပေမဲ့ ချွေတာပြီး လိုအပ်တာကိုပဲဝယ်တယ်။ ကျွန်တော်တို့မိသားစုက ချစ်ခင်ရင်းနှီးပြီး ပျော်ရွှင်မှုအပြည့်ပါပဲ။ နောက်ဆုံး မိသားစုလိုက် အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့ကြတယ်။ အခု သမီးတွေအားလုံး အိမ်ထောင်ကျပြီး သုံးယောက်ကတော့ သားသမီးတွေရနေပြီ။ သူတို့တွေလည်း ယေဟောဝါရဲ့ရည်ရွယ်ချက်ကို ဆက်ရှေးဦးထားလို့ ပျော်ရွှင်နေကြပါတယ်။”

ဘုရားသခင့်ရည်ရွယ်ချက်ကို အသက်တာတွင် ဦးစားထားခြင်း

၁၆၊ ၁၇။ ကျမ်းစာတွင် ထူးချွန်ထက်မြက်သော မည်သူတို့၏ပုံသက်သေများ ပါရှိသနည်း၊ သူတို့ကို မည်သို့အမှတ်ရနေသနည်း။

၁၆ ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ နေထိုင်သူ၊ မနေထိုင်သူများ၏ပုံသက်သေများ ကျမ်းစာတွင်ပါရှိသည်။ ထိုသို့သောပုံသက်သေများမှ ရရှိသောသင်ခန်းစာများသည် အသက်အရွယ်၊ ယဉ်ကျေးမှု၊ အခြေအနေအမျိုးမျိုးမှလူတို့နှင့် သက်ဆိုင်သည်။ (ရောမ ၁၅:၄; ၁ ကောရိန္သု ၁၀:၆၊ ၁၁) နိမ်ရောဒသည် မြို့ကြီးများကို တည်ဆောက်ခဲ့သော်လည်း ယင်းမှာ ယေဟောဝါ၏အလိုတော်နှင့်ဆန့်ကျင်သည်။ (ကမ္ဘာဦး ၁၀:၈၊ ၉) သို့သော် ပုံသက်သေကောင်းသူများစွာလည်း ရှိပါသည်။ ဥပမာ၊ မောရှေသည် သူ၏ဘဝတွင် အီဂျစ်နန်းတွင်းသားအဖြစ် ဆက်နေထိုင်နိုင်ရေးကိုသာ အဓိကမထားခဲ့ပေ။ ယင်းအစား ဘုရားသခင်ပေးအပ်သောတာဝန်များကို “အဲဂုတ္တုပြည်၏စည်းစိမ်ထက် . . . သာ၍မြတ်သောစည်းစိမ်” အဖြစ် တန်ဖိုးထားခဲ့သည်။ (ဟေဗြဲ ၁၁:၂၆) ဆရာဝန်လုကာသည် ပေါလုနှင့်အခြားသူတို့၏ရောဂါများကို ကုသပေးခဲ့ပုံရသည်။ သို့သော် လုကာသည် သတင်းကောင်းဟောပြောခြင်းနှင့် ကျမ်းရေးခြင်းကို အဓိကလုပ်ဆောင်ခဲ့၏။ ပေါလုကို ဥပဒေပညာရှင်အဖြစ်မဟုတ်ဘဲ “တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်” နှင့် သာသနာပြုအဖြစ် လူသိများကြသည်။—⁠ရောမ ၁၁:၁၃

၁၇ ဒါဝိဒ်ကို အဓိကအားဖြင့် စစ်ဗိုလ်ချုပ်၊ ဂီတပညာရှင်၊ တေးရေးဆရာအဖြစ်မဟုတ်ဘဲ ဘုရားသခင်၏ “စိတ်နှလုံးတော်နှင့်ညီညွတ်သောသူ” အဖြစ် အမှတ်ရကြသည်။ (၁ ဓမ္မရာဇဝင် ၁၃:၁၄) ဒံယေလကို ဗာဗုလုန်တွင်အမှုထမ်းသော အစိုးရအရာရှိတစ်ဦးအဖြစ်မဟုတ်ဘဲ ယေဟောဝါ၏သစ္စာရှိပရောဖက်အဖြစ် လူသိများသည်။ ဧသတာကို ပါးရှားမိဖုရားအဖြစ်မဟုတ်ဘဲ ရဲစွမ်းသတ္တိနှင့် ယုံကြည်ခြင်းဘက်တွင် ပုံသက်သေကောင်းသူအဖြစ် လူသိများသည်။ ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့်ယောဟန်တို့ကို ကျွမ်းကျင်သောတံငါသည်အဖြစ်မဟုတ်ဘဲ ယေရှု၏တမန်တော်များအဖြစ် လူသိများသည်။ အကောင်းဆုံးစံနမူနာရှင် ယေရှုကို “လက်သမား” တစ်ဦးအဖြစ်မဟုတ်ဘဲ “ခရစ်တော်” အဖြစ် ရိုသေလေးမြတ်ကြသည်။ (မာကု ၆:၃; မဿဲ ၁၆:၁၆) ယင်းတို့အားလုံးက သူတို့သည် မည်မျှပင်အစွမ်းအစရှိပါစေ၊ မည်မျှပင်ကြွယ်ဝပါစေ၊ မည်မျှပင်ရာထူးကြီးပါစေ သူတို့၏အသက်တာတွင် လောကအလုပ်ကိုမဟုတ်ဘဲ ဘုရားသခင့်အမှုဆောင်ခြင်းကိုသာ အဓိကဦးစားထားကြောင်းဖော်ပြသည်။ ဘုရားသခင်ကိုကြောက်ရွံ့သော အမျိုးသားအမျိုးသမီးဖြစ်ခြင်းသည် အမွန်မြတ်ဆုံးနှင့် အကျိုးကျေးဇူးအရှိဆုံးရည်ရွယ်ချက်ဖြစ်ကြောင်း သူတို့သိကြသည်။

၁၈။ ခရစ်ယာန်လူငယ်တစ်ဦးသည် သူ၏အသက်တာကို မည်သို့အသုံးပြုခဲ့သနည်း၊ သူအဘယ်အရာကို သိရှိလာသနည်း။

၁၈ အထက်တွင်ဖော်ပြသော ဆူဂျင်းလည်း ယင်းကိုနားလည်သဘောပေါက်လာသည်။ သူဤသို့ပြောပြသည်– “ဆေးပညာ၊ အနုပညာနဲ့ ကျောင်းဆရာအလုပ်မှာပဲ အာရုံနှစ်မြှုပ်ထားမယ့်အစား ကျွန်တော့်အသက်တာကို ဘုရားသခင်ထံအပ်နှံမှုနဲ့အညီ အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တယ်။ အခုဆို အကူအညီပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ပြီး လူတွေ ထာဝရအသက်လမ်းပေါ်ရောက်အောင် ကူညီပေးနေတယ်။ အချိန်ပြည့်အမှုဆောင်လုပ်ငန်းက သိပ်မခက်လောက်ပါဘူးလို့ ထင်ခဲ့တာ။ အခုတော့ ယဉ်ကျေးမှုအမျိုးမျိုးရှိတဲ့လူတွေကို သင်ပေးတဲ့အခါ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတွေကို တိုးတက်အောင်ကြိုးစားရတဲ့အတွက် ကျွန်တော့်အသက်တာက ပိုတောင်ခက်လာတယ်။ ယေဟောဝါရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ဖြစ်စေတာက အဓိပ္ပာယ်အရှိဆုံးဘဝလမ်းစဉ်ဖြစ်တယ်ဆိုတာ ကျွန်တော်သိပြီ။”

၁၉။ စစ်မှန်သောဘဝရည်ရွယ်ချက်ကို မည်သို့တွေ့ရှိနိုင်မည်နည်း။

၁၉ ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် အသက်ရစေသောအသိပညာနှင့် ကယ်တင်ခြင်းမျှော်လင့်ချက် ရရှိထားကြသည်။ (ယောဟန် ၁၇:⁠၃) ထို့ကြောင့် ကျွန်ုပ်တို့သည် “ဘုရားသခင်၏ကျေးဇူးတော်ကို အကျိုးမဲ့မခံကြ” စို့နှင့်။ (၂ ကောရိန္သု ၆:⁠၁) ယင်းအစား တန်ဖိုးရှိလှသောနေ့ရက်များကို ယေဟောဝါအားချီးမွမ်းရန်အတွက်သာ အသုံးပြုကြပါစို့။ လောလောဆယ် စစ်မှန်သောပျော်ရွှင်မှုရရှိစေပြီး အနာဂတ်တွင် ထာဝရအသက်ရရှိစေမည့် အသိပညာကို ဝေမျှကြပါစို့။ ထိုသို့ပြုလျှင် “အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာရှိသည်” ဟူသောယေရှု၏စကားများမှန်ကန်ကြောင်း တွေ့ရှိရပါလိမ့်မည်။ (တမန်တော် ၂၀:၃၅) ထို့ပြင် စစ်မှန်သောဘဝရည်ရွယ်ချက်ကိုလည်း တွေ့ရှိပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 1 နာမည်အချို့ပြောင်းထားသည်။

သင်ရှင်းပြနိုင်သလော

• ဘဝတွင်တွေ့ ရှိနိုင်သော အမွန်မြတ်ဆုံးရည်ရွယ်ချက်ကား အဘယ်နည်း။

• ရုပ်ပစ္စည်းလိုက်စားခြင်းသည် အဘယ်ကြောင့် ပညာမဲ့ရာရောက်သနည်း။

• ဘုရားသခင်ကတိပြုသည့် “မှန်သောအသက်” ကားအဘယ်နည်း။

• ကျွန်ုပ်တို့၏အသက်တာကို ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ မည်သို့အသုံးပြုနိုင်မည်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံများ]

ခရစ်ယာန်များသည် မှန်ကန်သောကိုယ်ကျိုးစွန့်မှုများ ပြုလုပ်ရန် လိုအပ်