မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပင်လယ်လမ်းဖြင့်သွားသော ‘ခိတ္တိမ်သင်္ဘောများ’

ပင်လယ်လမ်းဖြင့်သွားသော ‘ခိတ္တိမ်သင်္ဘောများ’

ပင်လယ်လမ်းဖြင့်သွားသော ‘ခိတ္တိမ်သင်္ဘောများ’

မြေထဲပင်လယ်အရှေ့ဘက်သည် ရေကြောင်းစစ်ပွဲများစွာ ဖြစ်ပွားခဲ့သောနေရာဖြစ်၏။ ခရစ်တော်မပေါ်မီ ငါးရာစုတွင်ဖြစ်ပွားခဲ့သော ထိုစစ်ပွဲတစ်ခုကို ပုံဖော်ကြည့်ပါ။ ထိန်းရအလွန်လွယ်ကူပြီး တက်ခတ်သူထိုင်ခုံသုံးဆင့်ပါသော ရှေးစစ်ရွက်သင်္ဘောတစ်စီးသည် အားမာန်အပြည့်ဖြင့် ရွက်လွှင့်လာသည်။ တက်ခတ်သူ ၁၇၀ ခန့်သည် သားရေကူရှင်ပေါ်တွင် ထိုင်ခုံခါးပတ် ပတ်၍ထိုင်ကာ ရှေ့သို့လျှောလိုက်၊ နောက်သို့လျှောလိုက်နှင့် အစွမ်းကုန်လှော်ခတ်နေကြသည်။

ထိုစစ်သင်္ဘောသည် တစ်နာရီလျှင် ခုနစ်မိုင်မှကိုးမိုင်နှုန်းဖြင့် လှိုင်းလုံးများကိုဖြတ်ပြီး ရန်သူသင်္ဘောရှိရာသို့ ဦးတည်လာနေသည်။ ရန်သူသင်္ဘောက ရှောင်ပြေးဖို့ကြိုးစားသည်။ ထိုစိုးရိမ်ဖွယ်အခြေအနေတွင် ရန်သူသင်္ဘောမှာ လူးလှိမ့်နေပြီး ကိုယ်ထည်ဘေးနှစ်ဖက်မှာ တိုက်ခိုက်ရန် ချက်ကောင်းဖြစ်နေ၏။ စစ်သင်္ဘော၏ဦးပိုင်းတွင်ပါသော ကြေးနီတိုက်တုံးသည် ရန်သူသင်္ဘော၏ပါးလွှာသောကိုယ်ထည်ကို ထိုးဖောက်လိုက်သည်။ ပျဉ်ချပ်များ ကွဲထွက်သွားပြီးနောက် ဒလဟောဝင်လာသော ရေအလုံးအရင်းကြောင့် ရန်သူတို့ ထိတ်ထိတ်ပြာပြာဖြစ်ကုန်သည်။ စစ်သင်္ဘောပေါ်တွင် လက်နက်အပြည့်အစုံရှိသော စစ်သားအုပ်စုလေးသည် ပျက်စီးသွားသောရန်သူသင်္ဘောကို တိုက်ခိုက်ရန် အလယ်ကုန်းပေါင်တစ်လျှောက် ဒုန်းစိုင်းချီတက်လာကြသည်။ မှန်ပါသည်၊ ရှေးခေတ်သင်္ဘောအချို့သည် မြင်သူတကာ ဖြုံလောက်စရာပင်။

ကျမ်းစာကျောင်းသားများသည် “ခိတ္တိမ်၊” “ခိတ္တိမ်သင်္ဘော” ဟူသောစကားလုံးများကို စိတ်ဝင်စားကြသည်။ ထိုစကားလုံးအချို့မှာ ပရောဖက်ပြုချက်ဆိုင်ရာစကားလုံးများဖြစ်သည်။ (တောလည်ရာ ၂၄:၂၄; ဒံယေလ ၁၁:၃၀; ဟေရှာယ ၂၃:၁) သို့သော် ခိတ္တိမ်သည် အဘယ်နေရာတွင်ရှိသနည်း။ ယင်း၏သင်္ဘောများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အဘယ်အရာသိရှိရသနည်း။ ယင်း၏အဖြေကို သင်အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။

ဂျူးသမိုင်းပညာရှင်ဂျိုစီဖတ်စ်က ခိတ္တိမ်ကို “ဟက်သီးမော့စ်” ဟုခေါ်ပြီး ကုပရုကျွန်းနှင့်ဆက်စပ်ဖော်ပြထားသည်။ ကျွန်း၏အရှေ့တောင်ဘက်ရှိ ကိရှန် (သို့မဟုတ် စီရှမ်) မြို့သည်လည်း ခိတ္တိမ်နှင့်ကုပရုကျွန်းတို့ ဆက်စပ်မှုရှိကြောင်းဖော်ပြသည်။ ရှေးခေတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသော ကုပရုကျွန်းသည် မြေထဲပင်လယ်အရှေ့ဘက်မှ ဆိပ်ကမ်းမြို့များနှင့် နီးကပ်စွာတည်ရှိသောကြောင့် အကျိုးအမြတ်ရယူနိုင်သည်။ ကုပရုကျွန်း၏နယ်မြေအနေအထားကြောင့် စစ်ဖြစ်နေသောနိုင်ငံများ၏ တစ်ဘက်ဘက်တွင် ရပ်တည်ရလေ့ရှိရာ ယင်းသည် ထိုနိုင်ငံများအတွက် မဟာမိတ်နိုင်ငံဖြစ်နိုင်သကဲ့သို့ စိတ်ပျက်ဖွယ်အတားအဆီးလည်း ဖြစ်နိုင်သည်။

ကုပရုကျွန်းသားများနှင့် ပင်လယ်

ရေအောက်တူးဖော်မှုများနှင့် သင်္ချိုင်းဂူများ၊ မြေထည်များပေါ်ရှိ ရှေးခေတ်စာပေအရေးအသားနှင့် ဒီဇိုင်းများမှ ရှေးဟောင်းသုတေသနအထောက်အထားက ကုပရုကျွန်းမှသင်္ဘောများကို မှန်းဆကြည့်နိုင်ရန် ထောက်ကူသည်။ အစောပိုင်းကုပရုကျွန်းသားများသည် သင်္ဘောတည်ဆောက်ရာတွင် ကျွမ်းကျင်သူများဖြစ်၏။ ထိုကျွန်းသည် သစ်တောထူထပ်ပြီး အကာအကွယ်ဖြစ်သောပင်လယ်အော်များကြောင့် သဘာဝကမ်းခြေများရှိသည်။ သင်္ဘောများတည်ဆောက်ရန်သာမက ကြေးနီကျိုရာတွင်လည်း သစ်ပင်များကို ခုတ်လှဲပြီး အသုံးပြုကြသည်။ ကြေးနီသည် ရှေးခေတ်တွင် ကုပရုကျွန်းကို နာမည်ကျော်စေသော သဘာဝသယံဇာတဖြစ်သည်။

ဖိုနီးရှားလူတို့သည် ကုပရုကျွန်းရှိ ပြည်ပကုန်သွယ်ရေးလမ်းကြောင်း၏ အရေးပါမှုကို အလွတ်မပေးခဲ့ကြပေ။ သူတို့သည် မိမိတို့၏ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသောမြို့များကို သိမ်းပိုက်ခဲ့ကြသည်။ ထိုဒေသတစ်ခုမှာ ကုပရုကျွန်းမှ ကိရှန်မြို့ဖြစ်သည်။—ဟေရှာယ ၂၃:၁၀-၁၂

ဖိုနီးရှားတို့၏ အဓိကဆိပ်ကမ်းမြို့ဖြစ်သော တုရုမြို့ကျဆုံးပြီးနောက် ထိုမြို့သားအချို့သည် ခိတ္တိမ်တွင် ခိုလှုံခဲ့ကြောင်း ထင်ရှားသည်။ ပင်လယ်အတွေ့အကြုံများသော ထိုသူတို့သည် ကုပရုကျွန်းသားများ၏ ရေတပ်ဆိုင်ရာနည်းပညာကို အကြီးအကျယ်တိုးတက်စေခဲ့ဟန်တူသည်။ ကိရှန်မြို့၏တည်နေရာကလည်း ဖိုနီးရှားသင်္ဘောများကို ကောင်းစွာကာကွယ်ပေးသည်။

ကြီးကျယ်သော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတွင် ပါဝင်ခြင်း

ထိုအချိန်အတွင်း မြေထဲပင်လယ်အရှေ့ဘက်ရှိ ကုန်သွယ်မှုမှာ အလွန်ရှုပ်ထွေးသည်။ ကုပရုကျွန်းမှ အဖိုးတန်ကုန်စည်များကို ကရေတေ၊ စာဒီးနီးယားနှင့် စစ္စလီကျွန်းအပြင် အေဂျီယန်ပင်လယ်ရှိကျွန်းများသို့ သင်္ဘောဖြင့်တင်ပို့သည်။ ထိုနေရာများတွင် ကုပရုကျွန်းမှ အိုးများ၊ ပန်းအိုးများကို ရှာဖွေတွေ့ရှိရပြီး ကုပရုကျွန်းတွင်လည်း မိုင်စီနီးယန်း (ဂရိ) အကောင်းစားအိုးထည် အမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့သည်။ ပညာရှင်အချို့သည် စာဒီးနီးယားတွင်တွေ့ရှိခဲ့သော ကြေးနီတုံးများကို ဆန်းစစ်လေ့လာပြီးနောက် ယင်းတို့သည် ကုပရုမှဖြစ်သည်ဟု ယူဆကြသည်။

၁၉၈၂ ခုနှစ်တွင် ဘီစီ ၁၄ ရာစုနှောင်းပိုင်းမှ သင်္ဘောပျက်တစ်စီးကို တူရကီတောင်ဘက်ရှိ ကမ်းရိုးတန်းအနီးတွင် ရှာဖွေတွေ့ရှိခဲ့ကြသည်။ ရေအောက်ရှာဖွေတူးဖော်မှုများအရ ကုပရုကျွန်းမှဟုယူဆရသော ကြေးနီတုံးများ၊ ပယင်း၊ ခါနာန်လူမျိုးတို့၏အိုးများ၊ သစ်မည်း၊ ဆင်စွယ်၊ ခါနာန်လူမျိုးတို့၏ ရွှေငွေလက်ဝတ်တန်ဆာများ၊ အီဂျစ်ပြည်မှ ပိုးတောင်မာပုံအဆင်တန်ဆာနှင့် အခြားပစ္စည်းများပါဝင်သော ရေအောက်ဘဏ္ဍာအများအပြားကို တွေ့ရှိခဲ့သည်။ သင်္ဘောပေါ်တွင်တွေ့ရသော မြေအိုးများမှမြေသားကိုဆန်းစစ်ကြည့်ရာ သင်္ဘောသည် ကုပရုကျွန်းမှဖြစ်နိုင်ကြောင်း အချို့အချက်များက ဖော်ပြသည်။

စိတ်ဝင်စားစရာမှာ သင်္ဘောပျက်သည့် ခန့်မှန်းခြေအချိန်လောက်တွင်ပင် ဗာလမ်သည် သူ၏ “ပရောဖက်စကား” တွင် ခိတ္တိမ်ပြည်မှသင်္ဘောများအကြောင်း မြွက်ဆိုခဲ့သည်။ (တောလည်ရာ ၂၄:၁၅၊ ၂၄) ထို့ကြောင့် ကုပရုကျွန်းမှသင်္ဘောများသည် အရှေ့အလယ်ပိုင်းဒေသတွင် ထင်ပေါ်ကျော်ကြားခဲ့ကြောင်း ထင်ရှားသည်။ ထိုသင်္ဘောများသည် မည်သို့သောပုံစံများနည်း။

ကုန်သည်သင်္ဘောများ

ကုပရုကျွန်းရှိ ရှေးခေတ်အာမာသာစ်မြို့၏ ဂူသင်္ချိုင်းများအတွင်းတွင် ရွှံ့မြေဖြင့်ပြုလုပ်ထားသော သင်္ဘောနှင့်လှေပုံစံငယ်များစွာကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းတို့က ကုပရုကျွန်းမှသင်္ဘောများနှင့်ပတ်သက်၍ အဖိုးတန်အချက်အလက်များရရှိစေသည်။ အချို့ကို ပြတိုက်များတွင် ပြသထားသည်။

ထိုရွှံ့ထည်ပုံစံငယ်များက အစောပိုင်းသင်္ဘောများကို ကူးသန်းရောင်းဝယ်ရေးအတွက် အသုံးပြုခဲ့ကြောင်း ဖော်ပြသည်။ သင်္ဘောငယ်များကို လူအယောက် ၂၀ က လှော်ခတ်လေ့ရှိသည်။ ကိုယ်ထည်ကြီးမားကျယ်ပြန့်သော သင်္ဘောများမူ ကုပရုကမ်းခြေတစ်လျှောက် ကုန်စည်များနှင့် ခရီးသည်များကို သယ်ယူပို့ဆောင်ပေးသည်။ ကုပရုကျွန်းသားများသည် သေးငယ်ပေါ့ပါးသောသင်္ဘောများကို ပုံစံဆွဲထားရာ တက်ခတ်အားကောင်းပြီး တန် ၉၀ အထက်သယ်ယူနိုင်သည်ဟု ကျမ်းပညာရှင်ပလင်နီအကြီးက ဖော်ပြသည်။

တူရကီကမ်းရိုးတန်းအနီးတွင် တွေ့ရသောသင်္ဘောကဲ့သို့ ပို၍ကြီးသောကုန်သင်္ဘောများလည်း ရှိသည်။ အချို့သည် ကုန်စည်တန် ၄၅၀ အထက် သယ်ဆောင်နိုင်သည်။ သင်္ဘောကြီးများသည် တစ်ဘက်တွင်တက်ခတ်သူ ၂၅ ဦးစီဖြင့် အယောက် ၅၀ ရှိနိုင်ပြီး ပေ ၁၀၀ ရှည်ကာ ပေ ၃၀ မြင့်သည်။

ကျမ်းစာပရောဖက်ပြုချက်မှ “ခိတ္တိမ်” စစ်သင်္ဘောများ

“သင်္ဘောတို့သည်လည်း ခိတ္တိမ်ပြည်မှလာ၍ အာရှုရိပြည်ကို . . . နှောင့်ယှက်ကြလိမ့်မည်” ဟုယေဟောဝါ မိန့်တော်မူသည်။ (တောလည်ရာ ၂၄:၂၊ ၂၄) ထိုပရောဖက်ပြုချက် ပြည့်စုံခဲ့ပါသလော။ ထိုပြည့်စုံချက်တွင် ကုပရုကျွန်းမှသင်္ဘောများ မည်သို့ပါဝင်ပတ်သက်သနည်း။ ထို ‘ခိတ္တိမ်ပြည်မှသင်္ဘောများ’ သည် မြေထဲပင်လယ်တွင် ရွက်လွှင့်သွားလာသော ကုန်သည်သင်္ဘောများ မဟုတ်ပေ။ ယင်းတို့သည် လူတို့ကိုဒုက္ခပေးသော စစ်သင်္ဘောများဖြစ်၏။

စစ်တိုက်ဖို့ ပိုလိုအပ်လာသောကြောင့် ပို၍လျင်မြန်ထိရောက်သောသင်္ဘောများကို ပုံစံဆွဲကာ တည်ဆောက်လာကြသည်။ ရှေးအကျဆုံးကုပရုစစ်သင်္ဘောများသည် အာမာသာစ်မြို့တွင် ရှာဖွေတွေ့ရှိရသော ပန်းချီကားမှပုံနှင့် တူနိုင်သည်။ ယင်းသည် ပဲ့ပိုင်းတွင် အတွင်းနှင့်အပြင်ဘက်သို့ကွေးထားသော ရှည်မျောမျောသင်္ဘောပုံဖြစ်ပြီး ဖိုနီးရှားစစ်သင်္ဘောနှင့် တူသည်။ တိုက်တုံးပါပြီး ပဲ့ပိုင်းအနီးမှ ဦးပိုင်းအထိဦးတည်ထားသော ဒိုင်းလွှားများ ဘေးနှစ်ဖက်စလုံးတွင်ရှိသည်။

ဘီစီရှစ်ရာစု၌ ဂရိနိုင်ငံတွင် တက်ခတ်သူထိုင်ခုံနှစ်ဆင့်ပါသော ရှေးစစ်သင်္ဘောကို ဦးဆုံးတွေ့ရှိခဲ့သည်။ ထိုသင်္ဘောများသည် ပေ ၈၀ ရှည်ပြီး ၁၀ ပေကျယ်သည်။ မူလက ထိုသင်္ဘောများကို စစ်သည်များအား စစ်မြေပြင်သို့သယ်ပို့ပေးရာတွင် သုံးသည်။ မကြာမီ၊ တက်ခတ်သူထိုင်ခုံတတိယအဆင့် တိုးလိုက်ပြီး ဦးပိုင်းတွင် ကြေးနီတိုက်တုံး တပ်ဆင်ခဲ့သည်။ ထိုသင်္ဘောအသစ်ကို ဤဆောင်းပါးအစပိုင်းတွင် ဖော်ပြသည့်အတိုင်း အဆင့်သုံးဆင့်ပါသောစစ်သင်္ဘောဟု လူသိများလာသည်။ ထိုသင်္ဘောသည် ပါရှန်းရေတပ်ကို ဂရိတို့အနိုင်ရလိုက်သည့် ရှာလမိတိုက်ပွဲ (ဘီစီ ၄၈၀) တွင် ကျော်ကြားလာသည်။

နောက်ပိုင်းတွင် နယ်မြေချဲ့ထွင်လိုသည့် မဟာအလက်ဇန္ဒားသည် ထိုသင်္ဘောစုကြီးဖြင့် အရှေ့ဘက်သို့ စစ်ချီခဲ့သည်။ ထိုသင်္ဘောများသည် စစ်တိုက်ရန်ဖြစ်ပြီး ပင်လယ်ခရီးရှည်နှင်ရန် မဟုတ်သောကြောင့် ရိက္ခာသိုလှောင်ခန်းအနည်းငယ်သာ ပါရှိသည်။ ထို့ကြောင့် အေဂျီယန်ပင်လယ်မှကျွန်းများတွင် တစ်ထောက်နားပြီး ရိက္ခာဖြည့်ကာ ပျက်စီးရာများကို ပြုပြင်ကြသည်။ အလက်ဇန္ဒား၏ရည်ရွယ်ချက်မှာ ပါရှန်းရေတပ်ကို ဖျက်ဆီးရန်ဖြစ်သည်။ သို့သော် အောင်မြင်မှုရရန် သိမ်းပိုက်ရခက်ခဲသောတုရုကျွန်းကို ဦးစွာအနိုင်ရရှိရမည်။ တုရုသို့သွားရာလမ်းကြောင်းတွင် ကုပရုသည် ခရီးတစ်ထောက်နားရာနေရာဖြစ်ခဲ့သည်။

တုရုမြို့ကိုဝိုင်းရံတိုက်ခိုက်ချိန် (ဘီစီ ၃၃၂) တွင် ကုပရုမြို့သားများသည် စစ်သင်္ဘောအစင်း ၁၂၀ ပေးကာ ကူညီပေးခဲ့ကြသည်။ ကုပရုမှဘုရင်သုံးပါးသည် စစ်သင်္ဘောများကိုဦးဆောင်ကာ အလက်ဇန္ဒားနှင့်ပူးပေါင်းခဲ့ကြသည်။ သူတို့သည် တုရုမြို့ကို ခုနစ်လကြာဝိုင်းရံတိုက်ခိုက်ခဲ့ကြ၏။ သို့နှင့် တုရုမြို့ကျရှုံးသွားပြီး ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံခဲ့သည်။ (ယေဇကျေလ ၂၆:၃၊ ၄; ဇာခရိ ၉:၃၊ ၄) အလက်ဇန္ဒားသည် ကျေးဇူးတင်သည့်အနေဖြင့် ကုပရုဘုရင်များကို အထူးအခွင့်အာဏာအပ်နှင်းခဲ့သည်။

ထူးခြားသောပြည့်စုံမှု

အလက်ဇန္ဒားသည် အာရေဗျကျွန်းဆွယ်သို့ စစ်ဆင်ရာတွင် ကုပရုနှင့်ဖိုနီးရှားမှ စစ်သင်္ဘောများကို စေလွှတ်ကာ ကူညီစေခဲ့သည်ဟု ပထမရာစုသမိုင်းပညာရှင်စထရာဘိုက ဖော်ပြသည်။ ထိုသင်္ဘောများသည် လျင်မြန်ပေါ့ပါးပြီး တပ်ရဖြုတ်ရလွယ်သဖြင့် ဆီးရီးယားမြောက်ပိုင်းရှိ သာ့ပ်စီကပ်စ်(တိဖသ)မြို့သို့ ခုနစ်ရက်အတွင်း သူတို့ရောက်ရှိခဲ့သည်။ (၃ ဓမ္မရာဇဝင် ၄:၂၄) ထိုမြို့မှ ဗာဗုလုန်သို့ စုန်ဆင်းသွားနိုင်သည်။

ထို့ကြောင့် ကျမ်းစာတွင်ပါသော မရှင်းလင်းဟုထင်ရသည့်အချက်သည် နောက်ရာစုနှစ် ဆယ်ခုခန့်တွင် ထူးခြားစွာပြည့်စုံခဲ့သည်။ တောလည်ရာ ၂၄:၂၄ တွင်ပြောထားသည့်အတိုင်း မဟာအလက်ဇန္ဒား၏စစ်သင်္ဘောများသည် မက်စီဒိုးနီးယားမှ အရှေ့ဘက်သို့ စစ်ချီကာ အာရှုရိကိုအနိုင်ရသည်။ နောက်ဆုံး တန်ခိုးကြီးသော မီဒို-ပါရှားအင်ပါယာကို အနိုင်ရခဲ့သည်။

‘ခိတ္တိမ်ပြည်မှသင်္ဘောများ’ နှင့်ပတ်သက်၍ အချက်အနည်းငယ်ကိုသာ သိရသော်လည်း ယင်းတို့က ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံမှုကို ဖော်ပြသည်မှာ ရှင်းနေပါသည်။ ထိုသမိုင်းဝင်အထောက်အထားက ကျမ်းစာပါပရောဖက်ပြုချက်များအပေါ် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်မာစေသည်။ အနာဂတ်နှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များစွာကိုလည်း ကျွန်ုပ်တို့ အလေးအနက်ဂရုပြုသင့်ပေသည်။

[စာမျက်နှာ ၁၆၊ ၁၇ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

အီတလီ

စာဒီးနီးယား

စစ္စလီကျွန်း

အေဂျီယန် ပင်လယ်

ဂရိ

ကရေတေ

လစ်ဗျား

တူရကီ

ကုပရု

ကိရှန်

တုရု

အီဂျစ်

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

တက်ခတ်သူထိုင်ခုံသုံးဆင့်ပါသော ဂရိစစ်သင်္ဘောပုံစံတစ်ခု

[Credit Line]

Pictorial Archive (Near Eastern History) Est.

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

တက်ခတ်သူထိုင်ခုံ နှစ်ဆင့်ပါသော ရှေးဖိုနီးရှားစစ်သင်္ဘောပုံစံတစ်ခု

[Credit Line]

Pictorial Archive (Near Eastern History) Est.

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ကုပရုကျွန်းမှသင်္ဘောပုံ ရေးဆွဲထားသောအိုး

[Credit Line]

Published by permission of the Director of Antiquities and the Cyprus Museum

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဟေရှာယ ၆၀:၉ တွင်ဖော်ပြထားသည့်အတိုင်း ရှေးခေတ်ကုန်သည်သင်္ဘောများ