မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လက်ရှိအတွက်သာ အသက်ရှင်သင့်သလော

လက်ရှိအတွက်သာ အသက်ရှင်သင့်သလော

လက်ရှိအတွက်သာ အသက်ရှင်သင့်သလော

“အနာဂတ်အတွက် ကျွန်တော် ဘယ်တော့မှမစဉ်းစားဘူး။ အနာဂတ်ဆိုတာ မကြာခင် ရောက်လာမှာပဲ။” သိပ္ပံပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းပြောခဲ့သော ထိုစကားများကို လူတို့မကြာခဏကိုးကားလေ့ရှိသည်။ လူများစွာလည်း အလားတူပင် ပြောဆိုကြ၏။ “အနာဂတ်ကို ဘာကြောင့် စိုးရိမ်ရမှာလဲ” ဟု သူတို့ပြောကြပေမည်။ သို့မဟုတ် “လုပ်စရာရှိတာကိုသာ ဆက်လုပ်စမ်းပါ၊” “ဒီနေ့အတွက်ပဲ အသက်ရှင်ပါ၊” “မနက်ဖြန်ဆိုတာ မေ့ထားလိုက်” စသဖြင့် လူတို့ပြောကြသည်ကို သင်ကြားဖူးပေမည်။

ထိုယေဘုယျသဘောထားသည် အဆန်းမဟုတ်ပါ။ “စားကြ၊ သောက်ကြ၊ ပျော်ပါးကြ။ ကျန်တာ အရေးမကြီး” ဟူသည် ရှေးဧပိကုရုတို့၏ဆောင်ပုဒ်ဖြစ်၏။ ပေါလုနှင့်တစ်ခေတ်တည်းသားအချို့တွင်လည်း “စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်” ဟူသော ထပ်တူအမြင်မျိုးရှိခဲ့သည်။ (၁ ကောရိန္သု ၁၅:၃၂) လူ့ဘဝသည် တိုတောင်းလွန်းရကား ဘဝကို အစွမ်းကုန်အသုံးချသင့်သည်ဟူသော အယူအဆကို သူတို့မြေတောင်မြှောက်ပေးကြသည်။

ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာအတွက်မူ ဘဝကိုအစွမ်းကုန်အသုံးချခြင်းဟူသည် အလွန်အကျွံအပျော်အပါးလိုက်စားခြင်းကို မဆိုလိုပေ။ အခက်အခဲပြဿနာများစွာ ရင်ဆိုင်နေရသဖြင့် သူတို့၏ဘဝသည် ကြမ်းတမ်းခါးသီးလွန်းပြီး အသက်ဆက်ရေးအတွက် ရုန်းကန်နေကြရသည်။ အလွန်စိတ်ပျက်ဖွယ်ဖြစ်ပြီး မျှော်လင့်ချက်မဲ့ပုံရသော အနာဂတ်ကို အဘယ်ကြောင့် သူတို့စဉ်းစားရမည်နည်း။

အနာဂတ်အတွက် အစီအစဉ်ဆွဲသင့်သလော

ဘဝတွင် ပြဿနာများသိပ်မကြုံရသူတို့ပင် အနာဂတ်အတွက် အစီအစဉ်ဆွဲခြင်းသည် အရေးမကြီးဟုထင်မှတ်ကြ၏။ “ဘာကြောင့် ခေါင်းရှုပ်ခံမှာလဲ” ဟုသူတို့ပြောကြပေမည်။ ထိုသို့အစီအစဉ်ဆွဲသူများသည် နောက်ဆုံး မအောင်မြင်ဘဲ စိတ်ပျက်လက်ပျက်ဖြစ်ရသည်ဟု အချို့က ဆင်ခြင်ကြမည်။ ရှေးအချိန်က ဘိုးဘေးယောဘပင် သူ့အစီအစဉ်များ “ပျက်စီး” သွားသောအခါ အလွန်စိတ်ပျက်ခဲ့၏။ သူနှင့်သူ့မိသားစု၏ပျော်ရွှင်ဖွယ်အနာဂတ် ပျက်စီးခဲ့သည်။—ယောဘ ၁၇:၁၁; ဒေ. ၉:၁၁

စကော့တလန်ကဗျာဆရာ ရောဘတ်ဘန်းစ်က ကျွန်ုပ်တို့၏အခြေအနေဆိုးကို လယ်ကြွက်လေးတစ်ကောင်နှင့် ခိုင်းနှိုင်းခဲ့သည်။ ဘန်းစ်သည် ထိုကြွက်ကလေး၏အသိုက်ကို ထယ်သွားဖြင့် မထင်မှတ်ဘဲဖျက်ဆီးလိုက်မိသည်။ ကြွက်ကလေးမှာ သူ့ကမ္ဘာလေးဗြောင်းဆန်သွားရာ အသက်လွတ်ရေးအတွက် ထွက်ပြေးရရှာသည်။ ထိုကဗျာဆရာ ဤသို့အသိအမှတ်ပြုခဲ့၏– ‘မှန်ပါသည်၊ ကျွန်ုပ်တို့လုံးဝမထိန်းချုပ်နိုင်သော ဖြစ်ရပ်များနှင့် ကြုံရသည့်အခါ ဘာမျှမတတ်နိုင်ဟု ခံစားရတတ်သည်။ ထို့ကြောင့် ကောင်းစွာစီစဉ်ထားသော အကြံအစည်များပင် အချည်းနှီးဖြစ်သွားလေ့ရှိ၏။’

သို့ဆိုလျှင် အနာဂတ်အတွက် အစီအစဉ်ဆွဲခြင်းသည် အချည်းနှီးဖြစ်သလော။ အမှန်မှာ၊ ကောင်းစွာအစီအစဉ်မဆွဲထားလျှင် မုန်တိုင်းများ သို့မဟုတ် အခြားသဘာဝဘေးဒဏ်များ ကျရောက်သောအခါ ပျက်စီးဆုံးရှုံးမှုများဖြစ်နိုင်သည်။ ဥပမာ၊ ကက်ထရီနာမုန်တိုင်းကို မည်သူမျှ မတားဆီးနိုင်သည်မှာ မှန်ပါသည်။ သို့သော် အမြော်အမြင်ရှိရှိ ကောင်းစွာအစီအစဉ်ဆွဲထားခြင်းဖြင့် မြို့နှင့်မြို့သားများအပေါ် ကျရောက်မည့် ထိခိုက်မှုများကို လျော့နည်းစေသည်မဟုတ်လော။

သင် မည်သို့ထင်သနည်း။ လက်ရှိအတွက်သာအသက်ရှင်ပြီး အနာဂတ်ကို လျစ်လျူရှုခြင်းသည် အဓိပ္ပာယ်ရှိပါမည်လော။ ယင်းနှင့်ပတ်သက်၍ နောက်ဆောင်းပါးတွင်ဆွေးနွေးထားရာကို သုံးသပ်ကြည့်ပါ။

[စာမျက်နှာ ၃ ပါ ရုပ်ပုံများ]

“စားကြ၊ သောက်ကြ၊ ပျော်ပါးကြ။ ကျန်တာ အရေးမကြီး”

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

အမြော်အမြင်ရှိရှိ ကောင်းစွာအစီအစဉ်ဆွဲထားခြင်းက ကက်ထရီနာ မုန်တိုင်းကြောင့် ဖြစ်ပေါ်မည့်ထိခိုက်မှုများကို လျော့နည်းစေမည်လော

[Credit Line]

U.S. Coast Guard Digital