မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏ကိုယ့်ကိုယ် ကိုယ်သိစိတ်ကို တုံ့ပြန်ခြင်း

သင်၏ကိုယ့်ကိုယ် ကိုယ်သိစိတ်ကို တုံ့ပြန်ခြင်း

သင်၏ကိုယ့်ကိုယ် ကိုယ်သိစိတ်ကို တုံ့ပြန်ခြင်း

“စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိကြ၏။ မစင်ကြယ်၊ မယုံကြည်သော သူတို့အား အဘယ်အရာမျှမစင်ကြယ်။” —တိတု ၁:၁၅

၁။ ပေါလုသည် ကရေတေကျွန်းရှိ အသင်းတော်များနှင့် မည်သို့ပတ်သက်ခဲ့သနည်း။

တမန်တော်ပေါလုသည်  သူ၏သာသနာပြုခရီးစဉ် သုံးကြိမ်ပြီးဆုံးသည့်နောက် အဖမ်းခံခဲ့ရ၏။ နောက်ဆုံးတွင် သူ့ကို ရောမသို့ပို့လိုက်ပြီး ထိုတွင် နှစ်နှစ်ကြာအကျဉ်းကျခဲ့သည်။ သူလွတ်မြောက်လာသောအခါ အဘယ်အရာလုပ်ဆောင်ခဲ့သနည်း။ တိတုနှင့်အတူ ကရေတေကျွန်းသို့ သွားရောက်လည်ပတ်ခဲ့သည်။ ထို့နောက် တိတုထံ ဤသို့ရေးခဲ့၏– “ငါသည် သင့်ကိုမှာထားနှင့်ခဲ့သည်အတိုင်း ကရေတေကျွန်း၌ မစုံလင်သမျှတို့ကိုပြင်ဆင်၍ မြို့ရွာများ၌ သင်းအုပ်တို့ကိုခန့်ထားစေခြင်းငှာ ထိုကျွန်း၌ သင့်ကိုငါထားခဲ့သတည်း။” (တိတု ၁:၅) လူတို့၏ကိုယ်ကိုကိုယ်သိစိတ်နှင့်ပတ်သက်နေသော ထိုတာဝန်ကို တိတုထမ်းဆောင်နေရသည်။

၂။ ကရေတေကျွန်းတွင် အဘယ်ပြဿနာကို တိတုကိုင်တွယ်ဖြေရှင်းရသနည်း။

ပေါလုသည် အသင်းတော်အကြီးအကဲများ ပြည့်မီရမည့်အရည်အချင်းများနှင့်ပတ်သက်၍ တိတုကို အကြံပြုပြောဆိုပြီးနောက် “နားမထောင်ဘဲ အချည်းနှီးသောစကားကိုပြော၍ လှည့်ဖြားတတ်သောသူအများရှိ” ကြောင်း ထောက်ပြခဲ့သည်။ ‘သူတို့သည် မပေးအပ်သောသွန်သင်ချက်ကိုပေး၍ တစ်အိမ်ထောင်လုံးကို မှောက်လှန်တတ်ကြ၏။’ ထို့ကြောင့် တိတုသည် “သူတို့ကို ကျပ်တည်းစွာဆုံးမ” ရမည်ဖြစ်၏။ (တိတု ၁:၁၀-၁၄; ၁ တိမောသေ ၄:၇) အဝတ်ကောင်းတစ်ထည်တွင် အစွန်းအထင်းများ ပေကျံနေသကဲ့သို့ ထိုသူတို့၏စိတ်နှလုံးနှင့် ကိုယ်ကိုကိုယ်သိစိတ်သည် “မစင်ကြယ်” ဟုပေါလုပြောခဲ့၏။ (တိတု ၁:၁၅) သူတို့ထဲမှ အချို့မှာ “အရေဖျားလှီးခြင်းကိုခံသောသူတို့” ဖြစ်သည်ဟုဆိုသောကြောင့် ဂျူးနောက်ခံရှိသူများဖြစ်နိုင်၏။ ယနေ့တွင် အရေဖျားလှီးဖို့လိုသည်ဟုဆိုကာ အသင်းတော်ကို မှောက်လှန်သူများမရှိသော်လည်း တိတုထံရေးသော တမန်တော်ပေါလု၏ညွှန်ကြားစာမှ ကိုယ်ကိုကိုယ်သိစိတ်နှင့်ပတ်သက်၍ များစွာသင်ယူနိုင်ပါသည်။

ကိုယ်ကိုကိုယ်သိသောစိတ် မစင်ကြယ်သူများ

၃။ ကိုယ်ကိုကိုယ်သိစိတ်နှင့်ပတ်သက်၍ တိတုထံ ပေါလု မည်သို့ရေးခဲ့သနည်း။

ကိုယ်ကိုကိုယ်သိစိတ်အကြောင်း ပေါလုပြောဆိုရသည့် နောက်ခံအခြေအနေကို ဂရုပြုပါ။ “စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိကြ၏။ မစင်ကြယ်၊ မယုံကြည်သောသူတို့အား အဘယ်အရာမျှမစင်ကြယ်။ သူတို့၏နှလုံးလည်း မစင်ကြယ်။ ကိုယ်ကိုကိုယ်သိသောစိတ်လည်း မစင်ကြယ်။ သူတို့သည် ဘုရားသခင်ကိုသိယောင်ဆောင်သော်လည်း အကျင့်အားဖြင့် ဘုရားသခင်ကိုငြင်းပယ်ကြ၏။” ထိုခေတ်မှလူအချို့သည် “ယုံကြည်ခြင်းအမှု၌စင်ကြယ်စေခြင်းငှာ” ပြုပြင်ပြောင်းလဲမှုများပြုဖို့လိုသည်မှာ ရှင်းနေပါသည်။ (တိတု ၁:၁၃-၁၆) သူတို့သည် စင်ကြယ်သောအရာနှင့် မစင်ကြယ်သောအရာကို ပိုင်းခြားသိရှိဖို့လိုနေပြီး ယင်းတွင် ကိုယ်ကိုကိုယ်သိစိတ် ပါဝင်ပတ်သက်သည်။

၄၊ ၅။ အသင်းတော်များရှိ လူအချို့ အဘယ်အမှားပြုခဲ့ကြသနည်း။ ယင်းက သူတို့အပေါ် အဘယ်ဆိုးကျိုး သက်ရောက်စေသနည်း။

ယင်းမတိုင်မီ ဆယ်နှစ်ကျော်က အုပ်ချုပ်ရေးအဖွဲ့သည် စစ်မှန်သောဝတ်ပြုသူတစ်ဦးဖြစ်ရန် အရေဖျားလှီးဖို့မလိုဟုဆုံးဖြတ်ခဲ့ပြီး ယင်းကို အသင်းတော်များထံ အကြောင်းကြားခဲ့သည်။ (တမန်တော် ၁၅:၁၊ ၂၊ ၁၉-၂၉) သို့တိုင် ကရေတေကျွန်းရှိ ခရစ်ယာန်အချို့သည် “အရေဖျားလှီးခြင်းကိုခံ” နေကြဆဲဖြစ်၏။ သူတို့သည် အုပ်ချုပ်ရေးအဖွဲ့ကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်ကာ ‘မပေးအပ်သောသွန်သင်ချက်ကို’ ပေးနေကြသည်။ (တိတု ၁:၁၀၊ ၁၁) သူတို့၏မှားယွင်းသောအတွေးအခေါ်ဖြင့် အစားအစာ၊ ထုံးတမ်းအရစင်ကြယ်မှုတို့နှင့်ပတ်သက်သော ပညတ်တော်မှစည်းမျဉ်းစည်းကမ်းများကို အားပေးထောက်ခံခဲ့ကြပေမည်။ ယေရှုခေတ်ရှိ ဖာရိရှဲနှင့်ကျမ်းတတ်များနည်းတူ ပညတ်တော်တွင်ပါရှိသည့်အရာများကို အကျယ်ချဲ့သည့်အထိပင် ပြုလုပ်ကြကာ ဂျူးတို့၏ဒဏ္ဍာရီနှင့် လူတို့၏ပညတ်များကို ထောက်ခံအားပေးခဲ့ကြပေမည်။—မာကု ၇:၂၊ ၃၊ ၅၊ ၁၅; ၁ တိမောသေ ၄:၃

ထိုသို့သောအတွေးအခေါ်က သူတို့၏စီရင်ဆုံးဖြတ်ချက်နှင့် ကိုယ်ကိုကိုယ်သိစိတ်အပေါ် ဆိုးကျိုးသက်ရောက်စေခဲ့၏။ “မစင်ကြယ်၊ မယုံကြည်သောသူတို့အား အဘယ်အရာမျှမစင်ကြယ်” ဟုပေါလုရေးခဲ့သည်။ သူတို့၏ကိုယ်ကိုကိုယ်သိစိတ်သည် အလွန်မှားယွင်းလာသောကြောင့် သူတို့၏လုပ်ရပ်များ၊ ဝေဖန်အကဲဖြတ်ချက်များကို ကောင်းစွာလမ်းမညွှန်နိုင်တော့ပေ။ ထို့ပြင် သူတို့သည် ခရစ်ယာန်တစ်ဦးစီ ရွေးချယ်ဆုံးဖြတ်နိုင်သော ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်စွက်ဖက်သည်။ သူတို့သည် စင်ကြယ်သောအရာကို မစင်ကြယ်ဟုရှုမြင်ခဲ့ကြ၏။ (ရောမ ၁၄:၁၇; ကောလောသဲ ၂:၁၆) ဘုရားသခင်ကိုသိသည်ဟုဆိုကြသော်လည်း သူတို့၏လုပ်ရပ်ကမူ ထိုသို့မဟုတ်ကြောင်း ဖော်ပြနေသည်။—တိတု ၁:၁၆

“စင်ကြယ်သောသူတို့အား . . . စင်ကြယ်လျက်ရှိကြ၏”

၆။ ပေါလုသည် အဘယ်လူနှစ်မျိုးနှစ်စားအကြောင်း ဖော်ပြခဲ့သနည်း။

တိတုထံရေးသော ပေါလု၏စာမှ ကျွန်ုပ်တို့ မည်သို့အကျိုးရရှိနိုင်သနည်း။ အောက်ပါကျမ်းချက်မှ ကွဲပြားခြားနားမှုကို သတိပြုပါ– “စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိကြ၏။ မစင်ကြယ်၊ မယုံကြည်သောသူတို့အား အဘယ်အရာမျှမစင်ကြယ်။ သူတို့၏နှလုံးလည်း မစင်ကြယ်။ ကိုယ်ကိုကိုယ်သိသောစိတ်လည်း မစင်ကြယ်။” (တိတု ၁:၁၅) ကိုယ်ကျင့်တရားစင်ကြယ်သော ခရစ်ယာန်တစ်ဦးအတွက် ခပ်သိမ်းသောအရာတို့သည် စင်ကြယ်ပြီး လက်သင့်ခံနိုင်သည်ဟု ပေါလုပြောဆိုနေခြင်းမဟုတ်ပါ။ အကြောင်းမှာ မတရားမေထုန်ပြုခြင်း၊ ရုပ်ပုံကိုးကွယ်ခြင်း၊ နတ်ဆိုးပညာလိုက်စားခြင်း စသည်တို့ကို ပြုကျင့်သူသည် “ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရ” ဟု အခြားကျမ်းတစ်စောင်တွင် ရေးခဲ့သောကြောင့်ဖြစ်၏။ (ဂလာတိ ၅:၁၉-၂၁) ထို့ကြောင့် ပေါလုသည် လူနှစ်မျိုးနှစ်စားနှင့်ပတ်သက်သော အခြေခံအမှန်တရားကို ဖော်ပြနေခြင်းဖြစ်ကြောင်း ကောက်ချက်ချရမည်။ တစ်မျိုးမှာ ကိုယ်ကျင့်တရားစင်ကြယ်ပြီး ဘုရားသခင်နှင့်ဆက်ဆံရေးကောင်းရှိသူဖြစ်၍ နောက်တစ်မျိုးမှာ ထိုသို့မဟုတ်သောသူဖြစ်သည်။

၇။ ဟေဗြဲ ၁၃:၄ တွင် အဘယ်အရာကို တားမြစ်ထားပြီး အဘယ်မေးခွန်းပေါ်ပေါက်လာနိုင် သနည်း။

စိတ်ရင်းမှန်သောခရစ်ယာန်တစ်ဦးသည် သမ္မာကျမ်းစာတွင် သတ်သတ်မှတ်မှတ်တားမြစ်ထားရာများကိုသာ ရှောင်ကြဉ်ဖို့လိုသည် မဟုတ်ပါ။ ဥပမာ၊ ပွင့်လင်းသောဤဖော်ပြချက်ကို သုံးသပ်ကြည့်ပါ– “ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသရေရှိစေလော့။ မတရားသောမေထုန်ကိုပြုသောသူနှင့် သူ့မယားကိုပြစ်မှားသောသူကို ဘုရားသခင် စစ်ကြောစီရင်တော်မူလိမ့်မည်။” (ဟေဗြဲ ၁၃:၄) ခရစ်ယာန်မဟုတ်သူများနှင့် ကျမ်းစာအကြောင်း လုံးဝမသိရှိသူများပင် ထိုကျမ်းချက်သည် အိမ်ထောင်ရေးဖောက်ပြန်ခြင်းကို တားမြစ်ထားကြောင်း မှန်ကန်စွာကောက်ချက်ချကြပေမည်။ ထိုကျမ်းချက်နှင့် အခြားကျမ်းချက်များအရ အိမ်ထောင်သည်ယောက်ျား သို့မဟုတ် မိန်းမတစ်ဦးသည် တရားဝင်လက်ထပ်ထားသော အိမ်ထောင်ဖက်မဟုတ်သူနှင့် လိင်ဆက်ဆံခြင်းကို ဘုရားသခင်ရှုတ်ချကြောင်း ထင်ရှားသည်။ သို့သော် လက်မထပ်ထားသူနှစ်ဦးသည် ပါးစပ်ဖြင့်လိင်ဆက်ဆံလျှင်ကော။ ယင်းသည် လိင်ဆက်ဆံခြင်းမဟုတ်သောကြောင့် အန္တရာယ်ကင်းသည်ဟု ဆယ်ကျော်သက်များစွာ ဆိုကြသည်။ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းကို သန့်ရှင်းစင်ကြယ်သည်ဟု ခရစ်ယာန်တစ်ဦး ယူဆနိုင်မည်လော။

၈။ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းနှင့်စပ်လျဉ်း၍ ခရစ်ယာန်များ၏ရှုမြင်ပုံသည် လောကရှိလူများစွာ၏ရှုမြင်ပုံနှင့် မည်သို့ကွာခြားသနည်း။

ဟေဗြဲ ၁၃:၄ နှင့် ၁ ကောရိန္သု ၆:၉ တို့က ဘုရားသခင်သည် အိမ်ထောင်ရေးဖောက်ပြန်ခြင်းနှင့် မတရားမေထုန်ပြုခြင်း (ဂရိ၊ ပေါ်နီယာ) ကို မနှစ်သက်ကြောင်း ဖော်ပြသည်။ မတရားမေထုန်ပြုခြင်းတွင် အဘယ်အရာပါဝင်သနည်း။ ယင်း၏ဂရိအသုံးအနှုန်းအရ လိင်အင်္ဂါများကို ဓမ္မတာနည်းဖြင့်ဖြစ်စေ၊ ဆန့်ကျင်လျက်ဖြစ်စေ ကာမရာဂစိတ်ဇောဖြင့် အကျင့်ပျက်အသုံးပြုခြင်းပါဝင်သည်။ အိမ်ထောင်ဖက်မဟုတ်သူနှင့် တရားမဝင်လိင်ဆက်ဆံခြင်းပုံစံအားလုံး ပါဝင်သည်။ ထို့ကြောင့် ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းသည် လက်သင့်ခံနိုင်စရာဖြစ်သည်ဟု ကမ္ဘာတစ်ဝန်းရှိ ဆယ်ကျော်သက်များစွာကို လူတို့ပြောကြသည်ဖြစ်စေ၊ သူတို့ကိုယ်တိုင် ထိုသို့ပင် ကောက်ချက်ချသည်ဖြစ်စေ မတရားမေထုန်တွင် ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းလည်း ပါဝင်သည်။ ခရစ်ယာန်စစ်များသည် မိမိတို့၏အတွေးအခေါ်နှင့် လုပ်ရပ်များတွင် “အချည်းနှီးသောစကားကိုပြော၍ လှည့်ဖြားတတ်သောသူအများ” ၏သြဇာလွှမ်းမိုးမှုကို မခံယူကြပေ။ (တိတု ၁:၁၀) သူတို့သည် သမ္မာကျမ်းစာ၏မြင့်မားသောစံနှုန်းကို စွဲကိုင်ကြသည်။ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းကို ဆင်ခြေပေးမည့်အစား ယင်းသည် ကျမ်းစာအရ မတရားမေထုန်ပြုခြင်း၊ ပေါ်နီယာဖြစ်ကြောင်း သူတို့သဘောပေါက်ကြ၏။ ထိုအကျင့်ကို လက်သင့်မခံရန် သူတို့၏ကိုယ်ကိုကိုယ်သိစိတ်ကို လေ့ကျင့်ထားကြသည်။ *တမန်တော် ၂၁:၂၅; ၁ ကောရိန္သု ၆:၁၈; ဧဖက် ၅:၃

မတူညီသောအသံနှင့် မတူညီသောဆုံးဖြတ်ချက်များ

၉။ “ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိ” လျှင် ကိုယ်ကိုကိုယ်သိစိတ်၏အခန်းကဏ္ဍကား အဘယ်နည်း။

“စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိကြ၏” ဟုပေါလုပြောသည့်အခါ သူအဘယ်အရာကို ဆိုလိုသနည်း။ မိမိတို့၏အတွေးအခေါ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာအသိစိတ်ကို သမ္မာကျမ်းစာပါ ဘုရားသခင့်စံနှုန်းများနှင့် ကိုက်ညီစေကြသော ခရစ်ယာန်များကို ပေါလုရည်ညွှန်းနေခြင်းဖြစ်၏။ ဘုရားသခင် တိုက်ရိုက်ပြစ်တင်ရှုတ်ချခြင်းမရှိသော ကိစ္စရပ်များတွင် ယုံကြည်သူချင်းများ၏ ဆုံးဖြတ်ချက်များ တူညီနိုင်မည်မဟုတ်ကြောင်း ထိုခရစ်ယာန်များ သဘောပေါက်ကြသည်။ ထို့ကြောင့် ပြစ်တင်ဝေဖန်မည့်အစား ဘုရားသခင်ပြစ်တင်ရှုတ်ချခြင်းမရှိသော အရာများကို “စင်ကြယ်” သောအရာများအဖြစ် သူတို့အသိအမှတ်ပြုကြ၏။ ကျမ်းစာတွင် သတ်သတ်မှတ်မှတ်လမ်းညွှန်ချက်များ မပေးထားသော ဘဝကဏ္ဍများတွင် အခြားသူအားလုံး မိမိတို့နှင့်ထပ်တူထပ်မျှ တွေးခေါ်ရန် သူတို့မမျှော်လင့်ကြပေ။ ဥပမာအချို့ကို သုံးသပ်ကြည့်ကြစို့။

၁၀။ လက်ထပ်ပွဲ (သို့မဟုတ် ဈာပနအခမ်းအနား) ကြောင့် အဘယ်ပြဿနာပေါ်လာနိုင်သနည်း။

၁၀ အိမ်ထောင်ဖက်တစ်ဦးတည်းသာ ခရစ်ယာန်ဖြစ်လာသော မိသားစုများစွာရှိသည်။ (၁ ပေတရု ၃:၁; ၄:၃) ယင်းကြောင့် ဆွေမျိုးတစ်ဦး လက်ထပ်ချိန် သို့မဟုတ် သေဆုံးချိန်တွင် ပြဿနာများ ပေါ်ပေါက်လာနိုင်သည်။ ဥပမာ၊ မယုံကြည်သူအိမ်ထောင်ဖက်ရှိသော ခရစ်ယာန်ဇနီးတစ်ဦး၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ လင်ယောက်ျား၏ဆွေမျိုးတစ်ဦးက ခရစ်ယာန်ဘောင်ချာ့ခ်ျတွင် လက်ထပ်ပွဲကျင်းပမည်ဖြစ်သည်။ (သို့မဟုတ် ဆွေမျိုးတစ်ဦးဖြစ်စေ၊ မိဘတစ်ဦးဖြစ်စေ ဆုံးပါးသွားခြင်းဖြစ်နိုင်ပြီး ချာ့ခ်ျတွင် ဈာပနအခမ်းအနား ကျင်းပမည်ဖြစ်သည်။) သူတို့ဇနီးမောင်နှံကိုလည်း ဖိတ်ခေါ်သောကြောင့် လင်ယောက်ျားဖြစ်သူက ဇနီးနှင့်အတူ သွားရောက်လိုသည်။ သို့သော် ဇနီးဖြစ်သူ၏ကိုယ်ကိုကိုယ်သိစိတ်က သွားရန် ခွင့်ပြုမည်လော။ သူအဘယ်အရာ လုပ်ဆောင်မည်နည်း။ အောက်ပါဖြစ်နိုင်ခြေနှစ်ခုကို သုံးသပ်ကြည့်ပါ။

၁၁။ ခရစ်ယာန်ဇနီးတစ်ဦးသည် ချာ့ခ်ျတွင်ကျင်းပသော လက်ထပ်ပွဲသို့ တက်ရောက်မည်၊ မတက်ရောက်မည်နှင့်ပတ်သက်၍ မည်သို့စဉ်းစားဆင်ခြင်ပြီး ဆုံးဖြတ်နိုင်ကြောင်း ဖော်ပြပါ။

၁၁ မအေးသည် အယူမှားကမ္ဘာ့ဘာသာရေးအင်ပါယာဖြစ်သော ‘မဟာဗာဗုလုန်အထဲက ထွက်ကြလော့’ ဟူသည့် ပြင်းထန်သောကျမ်းစာအမိန့်ကို ပြန်သုံးသပ်သည်။ (ဗျာ. ၁၈:၂၊) သူသည် ယခင်က ချာ့ခ်ျအသင်းဝင်တစ်ဦးဖြစ်ခဲ့ပြီး ချာ့ခ်ျတွင်ကျင်းပသော လက်ထပ်ပွဲအခမ်းအနားသို့ တက်ရောက်သူအားလုံးသည် ဆုတောင်းခြင်း၊ သီချင်းဆိုခြင်း၊ ဘာသာရေးနှင့်ဆိုင်သည့် လက်ဟန်အမူအရာများပြုလုပ်ခြင်းတို့တွင် ပါဝင်ရကြောင်း သူသိရှိထားသည်။ သူသည် ယင်းတို့နှင့်လုံးဝမပတ်သက်ရန် စိတ်ပိုင်းဖြတ်ထားသည့်အပြင် ထိုနေရာသို့ မသွားရောက်လို၊ သူ၏သမာဓိကို ချိုးဖောက်စေနိုင်သည့် ဖိအားပေးမှုအောက် မရောက်လိုပေ။ မအေးသည် သူ့ခင်ပွန်းကို အိမ်ထောင်ဦးစီးအဖြစ် ရိုသေလေးစားပြီး အတူတကွပူးပေါင်းလုပ်ဆောင်လိုသည်။ သို့တိုင် ကျမ်းစာမူများကို အလျှော့ပေးလိုက်လျောခြင်းမပြုလိုပေ။ (တမန်တော် ၅:၂၉) ထို့ကြောင့် ခင်ပွန်းဖြစ်သူ တက်ရောက်လျှင်ပင် သူလိုက်နိုင်မည်မဟုတ်ကြောင်း လိမ္မာပါးနပ်စွာရှင်းပြသည်။ သူတက်ရောက်ခဲ့လျှင်လည်း အချို့လုပ်ဆောင်မှုများတွင် ပါဝင်မည်မဟုတ်သောကြောင့် ခင်ပွန်းကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ဖြစ်ရာ မတက်ရောက်ခြင်းက ခင်ပွန်းအတွက် အကောင်းဆုံးဖြစ်မည်ဟုယူဆကြောင်း ရှင်းပြပေမည်။ ထိုဆုံးဖြတ်ချက်ကြောင့် သူ၏ကိုယ်ကိုကိုယ်သိစိတ်ကြည်လင်ခဲ့သည်။

၁၂။ ချာ့ခ်ျတွင်ကျင်းပသော လက်ထပ်ပွဲသို့ ဖိတ်ခေါ်ခံရသူတစ်ဦး မည်သို့စဉ်းစားဆင်ခြင်နိုင်ပြီး မည်သို့လုပ်ဆောင်နိုင်သနည်း။

၁၂ မချိုလည်း ထိုသို့အကျပ်ရိုက်စရာအခြေအနေကို တွေ့ကြုံရသည်။ သူသည် ခင်ပွန်းကိုရိုသေလေးစားသူ၊ ဘုရားသခင်ကို သစ္စာစောင့်သိရန် စိတ်ပိုင်းဖြတ်ထားသူ၊ ကျမ်းစာဖြင့်လေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိစိတ်နှင့်အညီ ချက်ချင်းလုပ်ဆောင်တတ်သူဖြစ်၏။ မချိုသည်လည်း မအေးနည်းတူ စဉ်းစားသုံးသပ်ပြီးနောက် ၂၀၀၂၊ မေ ၁၅ ရက်ထုတ်ကင်းမျှော်စင်ပါ “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ဆုတောင်းသုံးသပ်သည်။ ဟေဗြဲလူငယ်သုံးဦးသည် ရွှေရုပ်ကြီးစိုက်ထူရာသို့သွားရန် အမိန့်ကိုလိုက်နာသော်လည်း ယင်းကိုဦးမချခြင်းဖြင့် သမာဓိစောင့်သိနိုင်ခဲ့ကြောင်း သူအမှတ်ရသည်။ (ဒံယေလ ၃:၁၅-၁၈) ထို့ကြောင့် ခင်ပွန်းနှင့်အတူ တက်ရောက်မည်ဖြစ်သော်လည်း ဘာသာရေးနှင့်ဆိုင်သော အပြုအမူများတွင် မပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းက သူ၏ကိုယ်ကိုကိုယ်သိစိတ်နှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သည်။ သူ၏ကိုယ်ကိုကိုယ်သိစိတ်က အဘယ်အရာကိုလုပ်ဆောင်ရန် ခွင့်ပြုပြီး အဘယ်အရာကိုမူ ခွင့်မပြုနိုင်ကြောင်း ခင်ပွန်းဖြစ်သူ နားလည်လွယ်အောင် လိမ္မာပါးနပ်စွာရှင်းပြခဲ့သည်။ စစ်မှန်သောဝတ်ပြုရေးနှင့် မှားယွင်းသောဝတ်ပြုရေးတို့၏ ခြားနားမှုကို ခင်ပွန်းဖြစ်သူ တွေ့မြင်လိမ့်မည်ဟု မချိုမျှော်လင့်ထားသည်။—တမန်တော် ၂၄:၁၆

၁၃။ ခရစ်ယာန်နှစ်ဦး၏ မတူညီသောဆုံးဖြတ်ချက်များကြောင့် ကျွန်ုပ်တို့အဘယ်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်သင့်သနည်း။

၁၃ ထိုခရစ်ယာန်နှစ်ဦး၏  မတူညီသောဆုံးဖြတ်ချက်က မည်သည့်အရာကိုမဆို လူတစ်ဦး လုပ်ဆောင်နိုင်သည် သို့မဟုတ် တစ်ဦးဦး၏ကိုယ်ကိုကိုယ်သိစိတ် အားနည်းသည်ဟု ဆိုလိုနေခြင်းလော။ မဟုတ်ပါ။ ယခင်က ချာ့ခ်ျအသင်းသားဖြစ်ခဲ့ဖူးသူ မအေးသည် ချာ့ခ်ျ၏တေးသီချင်းနှင့် အခမ်းအနားအပြင်အဆင်များအကြောင်း သိရှိထားရာ ထိုတွင်ရှိနေခြင်းက သူ့အတွက် အထူးသဖြင့်အန္တရာယ်ရှိသည်ဟု ယူဆခြင်းဖြစ်နိုင်သည်။ ယခင်က ခင်ပွန်း၏ အတင်းအကျပ်စေခိုင်းမှုကြောင့် ဘာသာရေးကိစ္စများတွင် ပါဝင်လုပ်ဆောင်ခဲ့ခြင်းက သူ၏ကိုယ်ကိုကိုယ်သိစိတ်ကို အနှောင့်အယှက်ပေးနေသောကြောင့်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူ့ဆုံးဖြတ်ချက်က သူ့အတွက် အကောင်းဆုံးဖြစ်သည်ဟု ယုံကြည်လေသည်။

၁၄။ ကိုယ်ပိုင်ဆုံးဖြတ်ရမည့်ကိစ္စများနှင့်ပတ်သက်၍ ခရစ်ယာန်များ အဘယ်အရာကို စိတ်စွဲမှတ်ထားသင့်သနည်း။

၁၄ သို့ဆိုလျှင် မချို၏ဆုံးဖြတ်ချက်သည် မှားနေသလော။ ယင်းကို အခြားသူတို့ ဝေဖန်စီရင်ပိုင်ခွင့်မရှိပါ။ ထိုအခမ်းအနားကို တက်ရောက်မည်ဖြစ်သော်လည်း ဘာသာရေးနှင့်ဆိုင်သော မည်သည့်အပြုအမူကိုမျှ မလုပ်ဆောင်ရန် သူဆုံးဖြတ်သည်ကို ဝေဖန်ကဲ့ရဲ့ခြင်းမပြုသင့်ပါ။ အစားအစာအချို့ စားမည်၊ မစားမည်ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခြင်းနှင့်ပတ်သက်၍ ပေါလု၏အောက်ပါအကြံပြုချက်ကို စိတ်စွဲမှတ်ပါ– “အမျိုးမျိုးကိုစားသောသူသည် မစားသောသူကို မထီမဲ့မြင်မပြုစေနှင့်။ မစားသောသူသည်လည်း၊ စားသောသူကို မစစ်ကြောမစီရင်စေနှင့်။ . . . သူသည် မိမိသခင်စီရင်သောအားဖြင့်သာ အပြစ်လွတ်ခြင်း၊ အပြစ်ခံခြင်းသို့ရောက်ရ၏။ သူသည် အပြစ်လွတ်ခြင်းသို့ရောက်လိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် သူ၏အပြစ်ကိုလွှတ်ခြင်းငှာ တတ်နိုင်တော်မူ၏။” (ရောမ ၁၄:၃၊ ၄) စိတ်ရင်းမှန်သောခရစ်ယာန်တိုင်းသည် ကျမ်းစာဖြင့်လေ့ကျင့်ထားသည့် ကိုယ်ကိုကိုယ်သိစိတ်၏လမ်းညွှန်မှုကို လျစ်လျူရှုရန် သူတစ်ပါးကို တိုက်တွန်းလိုမည်မဟုတ်ပေ၊ အကြောင်းမှာ ယင်းသည် အသက်ရရှိစေသောအသံကို လျစ်လျူရှုစေခြင်းနှင့်တူပေမည်။

၁၅။ သူတစ်ပါး၏ ကိုယ်ကိုကိုယ်သိစိတ်နှင့် ခံစားချက်များကို အဘယ်ကြောင့် အလေးအနက် ထည့်သွင်းစဉ်းစားသင့်သနည်း။

၁၅ အထက်ပါဖြစ်ရပ်ကို ဆက်ကြဦးစို့။ ထိုခရစ်ယာန်အမျိုးသမီးနှစ်ဦးစလုံးသည် အခြားအချက်များကိုလည်း သုံးသပ်သင့်သည်။ တစ်ချက်မှာ အခြားသူတို့အပေါ် အကျိုးသက်ရောက်ခြင်းဖြစ်၏။ “ညီအစ်ကိုချင်း တိုက်မိ၍လဲစရာအကြောင်း၊ မှားယွင်းစရာအကြောင်း မရှိစေရန် ဆုံးဖြတ်ကြလော့” ဟုကျွန်ုပ်တို့ကို ပေါလုတိုက်တွန်းထားသည်။ (ရောမ ၁၄:၁၃ကဘ) မအေးအနေဖြင့် အလားတူအခြေအနေများသည် အသင်းတော်ကိုဖြစ်စေ၊ မိသားစုကိုဖြစ်စေ အလွန်စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း၊ သူ၏လုပ်ရပ်က  သားသမီးများအပေါ် အကြီးအကျယ်အကျိုးသက်ရောက်နိုင်ကြောင်း သိရှိပေမည်။ မချိုအတွက်မူ အလားတူရွေးချယ်မှုများသည် အသင်းတော်နှင့် သူ့အသိုင်းအဝိုင်းကို စိတ်အနှောင့်အယှက်မဖြစ်စေခဲ့ကြောင်း သိရှိထားပေမည်။ ကောင်းစွာလေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိစိတ်သည် သူတစ်ပါးအပေါ် မည်သို့ထိခိုက်မည်ကို အကင်းပါးပါး ထည့်တွက်စဉ်းစားပေးကြောင်း ထိုအမျိုးသမီးနှစ်ဦးစလုံးနှင့် ကျွန်ုပ်တို့အားလုံး သဘောပေါက်သင့်သည်။ ထို့ကြောင့် ယေရှု ဤသို့မိန့်ဆို၏– “ငါ့ကိုယုံကြည်သော ဤသူငယ်တစ်စုံတစ်ယောက်ကို အကြင်သူသည် မှားယွင်းစေ၏၊ ထိုသူသည် လည်ပင်း၌ကြိတ်ဆုံကျောက်ကိုဆွဲ၍ နက်နဲသောပင်လယ်၌ နှစ်မြှုပ်ခြင်းကိုခံရသော် အနေသာ၍ကောင်း၏။” (မဿဲ ၁၈:၆) လူတစ်ဦးသည် သူတစ်ပါးအား ထိမိလဲစေမည့်ကိစ္စတစ်ခုကို လျစ်လျူရှုခဲ့လျှင် ကရေတေကျွန်းရှိ ခရစ်ယာန်များကဲ့သို့ ညစ်ညူးသော ကိုယ်ကိုကိုယ်သိစိတ် ပိုင်ဆိုင်သူဖြစ်လာနိုင်သည်။

၁၆။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ခရစ်ယာန်တစ်ဦးသည် အဘယ်အပြောင်းအလဲများကို လုပ်ဆောင်နိုင်သနည်း။

၁၆ ခရစ်ယာန်တစ်ဦး၏ ဘုရားသခင်နှင့်ဆက်ဆံရေးသည် တိုးတက်နေသင့်သကဲ့သို့ ကိုယ်ကိုကိုယ်သိစိတ်၏အသံကို ဂရုပြုကာ တုံ့ပြန်ရာတွင်လည်း တိုးတက်နေသင့်သည်။ မကြာသေးမီက နှစ်ခြင်းခံခဲ့သူ မာ့ခ်၏အဖြစ်ကို သုံးသပ်ကြည့်ကြစို့။ ရုပ်ပုံ သို့မဟုတ် အသွေးနှင့်ပတ်သက်နိုင်သည့် ကျမ်းစာနှင့်မညီသော အကျင့်ဟောင်းများကို ရှောင်ရှားရန် သူ၏ကိုယ်ကိုကိုယ်သိစိတ်က ပြောဆိုနေသည်။ (တမန်တော် ၂၁:၂၅) ယခု သူသည် ဘုရားသခင်တားမြစ်ထားရာများနှင့် မသိမသာဆင်တူသည့်အရာများကိုပင် ဂရုတစိုက်ရှောင်ရှားနေသည်။ တစ်ဖက်တွင် တီဗွီအစီအစဉ်အချို့ကဲ့သို့သော သူလက်ခံနိုင်သည့်အရာတို့ကို လူအချို့ အဘယ်ကြောင့်လက်မခံကြောင်း သူစဉ်းစားမရဖြစ်နေသည်။

၁၇။ ဘုရားသခင်နှင့်ဆက်ဆံရေးတိုးတက်လာခြင်းနှင့် အချိန်သည် ခရစ်ယာန်တစ်ဦး၏ ကိုယ်ကိုကိုယ်သိစိတ်နှင့် ဆုံးဖြတ်ချက်များအပေါ် မည်သို့အကျိုးသက်ရောက်ခဲ့ကြောင်း ဥပမာပေးပါ။

၁၇ နောက်ဆုံးတွင် မာ့ခ်သည် အသိပညာတိုးများလာပြီး ဘုရားသခင်နှင့်ပိုမိုရင်းနှီးလာသည်။ (ကောလောသဲ ၁:၉-၁၁) အဘယ်အကျိုးရရှိခဲ့သနည်း။ သူ၏ ကိုယ်ကိုကိုယ်သိစိတ်၏အသံမှာ အတော်အတန်လေ့ကျင့်ခံခဲ့ရသည်။ ယခု မာ့ခ်သည် ကိုယ်ကိုကိုယ်သိစိတ်၏အသံကို ပိုမိုနားထောင်လိုပြီး ကျမ်းစာမူများကို အလေးထားသုံးသပ်လာသည်။ သူရှောင်ကြဉ်နေသော “မသိမသာဆင်တူသည့်” အရာအချို့သည် ဘုရားသခင့်အတွေးအခေါ်နှင့် မဆန့်ကျင်ကြောင်း သိရှိလာသည်။ ထို့ပြင် ကျမ်းစာမူများကို ပို၍လိုက်နာပြီး ကောင်းစွာလေ့ကျင့်ထားသည့် ကိုယ်ကိုကိုယ်သိစိတ်နှင့်အညီ လုပ်ဆောင်လိုခဲ့သည်။ ထို့ကြောင့် လက်သင့်ခံစရာဟု ယခင်ကယူဆခဲ့သော တီဗွီအစီအစဉ်များကို မကြည့်တော့ရန် သူ၏ကိုယ်ကိုကိုယ်သိစိတ်က လှုံ့ဆော်ပေးနေသည်။ မှန်ပါသည်၊ သူ၏ကိုယ်ကိုကိုယ်သိစိတ်သည် ပိုမိုသန့်ရှင်းစင်ကြယ်လာခဲ့ပြီ။—ဆာလံ ၃၇:၃၁

၁၈။ ကျွန်ုပ်တို့တွင် အဘယ်ဝမ်းမြောက်စရာအကြောင်းရှိသနည်း။

၁၈ အသင်းတော်အများစုရှိ ခရစ်ယာန်များ၏တိုးတက်မှုအခြေအနေမှာ အမျိုးမျိုးရှိသည်။ အချို့မှာ ယုံကြည်ခြင်းတွင် နုနယ်ကြသေးသည်။ သူတို့၏ကိုယ်ကိုကိုယ်သိစိတ်သည် ကိစ္စအချို့တွင် မည်သို့မျှအသံမပြုသော်လည်း ကိစ္စအချို့တွင်မူ အသံကျယ်လောင်လွန်းပေမည်။ အဆိုပါပုဂ္ဂိုလ်များသည် ယေဟောဝါ၏လမ်းညွှန်ချက်များကို ချက်ချင်းသိနားလည်နိုင်ရန်၊ လေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိစိတ်ကို တုံ့ပြန်နိုင်ရန် အချိန်နှင့်အကူအညီ လိုပေမည်။ (ဧဖက် ၄:၁၄၊ ၁၅) ဝမ်းသာစရာမှာ အသင်းတော်များတွင် ဘုရားသခင်၏အတွေးအခေါ်နှင့် အလွန်ကိုက်ညီသော ကိုယ်ကိုကိုယ်သိစိတ်ရှိသူ၊ ကျမ်းစာအသိပညာနက်နဲသူ၊ ကျမ်းစာမူများကိုလိုက်နာရာတွင် အတွေ့အကြုံရင့်ကျက်သူများစွာလည်း ရှိနိုင်သည်။ သခင်ဘုရားနှစ်သက်လက်ခံသောအရာများကို ကိုယ်ကျင့်တရားစင်ကြယ်သော၊ စစ်မှန်သောဝတ်ပြုရေးနှင့် ကိုက်ညီသောအရာများအဖြစ် ရှုမြင်သည့် “စင်ကြယ်သူ” များစွာ ကျွန်ုပ်တို့ဝန်းကျင်တွင်ရှိနေခြင်းက အလွန်ဝမ်းမြောက်စရာပင်။ (ဧဖက် ၅:၁၀) ကျွန်ုပ်တို့အားလုံးလည်း ထိုအခြေအနေအထိ တိုးတက်သောသူများဖြစ်ရန်၊ တိကျမှန်ကန်သောအသိပညာ၊ ဘုရားရေးရာ ဆည်းကပ်မြှပ်နှံမှုနှင့်ကိုက်ညီသည့် ကိုယ်ကိုကိုယ်သိစိတ် ဆက်ရှိနေရန် ပန်းတိုင်ထားနိုင်ကြပါစေ။—တိတု ၁:၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ၁၉၈၃၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင်စာမျက်နှာ ၃၀-၁ [အင်္ဂလိပ်] တွင် အိမ်ထောင်သည်များ သုံးသပ်နိုင်ရန် အောက်ပါအချက်များပါဝင်သည်– “အိမ်ထောင်သည်မောင်နှံများသည် အတိအလင်းတားမြစ်ထားသော လိင်ဆိုင်ရာအကျင့်အကြံများအပါအဝင် ယေဟောဝါရှေ့တွင် မသန့်ရှင်းရာမှန်သမျှကို မုန်းတီးသင့်သည်။ ကိုယ်ကိုကိုယ်သိစိတ် စင်ကြယ်စေမည့်အရာကိုသာ သူတို့ပြုလုပ်သင့်သည်။ . . . အထူးသဖြင့် လိင်ဆက်ဆံခြင်းသည် အသရေရှိသင့်၊ အကျိုးဖြစ်စေသင့်ပြီး ချစ်ခင်တွယ်တာကြောင်းဖော်ပြသည့်လုပ်ရပ်ဖြစ်သင့်သည်ကို စိတ်စွဲမှတ်ထားကြသည်။ သို့ဖြင့် အိမ်ထောင်ဖက်အား စိတ်ထိခိုက်စေမည့်အရာ မှန်သမျှကို တားဆီးပေးနိုင်သည်။—ဧဖက် ၅:၂၈-၃၀; ၁ ပေတရု ၃:၁-၇။”

သင်မည်သို့ဖြေဆိုမည်နည်း

• ကရေတေကျွန်းရှိ ခရစ်ယာန်အချို့တွင် ညစ်ညူးသောကိုယ်ကိုကိုယ်သိစိတ် အဘယ်ကြောင့် ရှိကြသနည်း။

• ကောင်းစွာလေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိစိတ် ရှိသည့် ခရစ်ယာန်နှစ်ဦးသည် ဆုံးဖြတ်ချက်များ ချရာတွင် မည်သို့ကွာခြားနိုင်သနည်း။

• အချိန်ကြာလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ ကိုယ်ကိုကိုယ်သိစိတ်သည် မည်သို့ ဖြစ်သင့်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

စစ္စလီကျွန်း

ဂရိ

အာရှ မိုင်းနား

ကရေတေကျွန်း

ကုပရုကျွန်း

မြေ ထဲ ပင် လယ်

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

အခြေအနေတစ်မျိုးတည်းကို ရင်ဆိုင်ရသော ခရစ်ယာန်နှစ်ဦးသည် ဆုံးဖြတ်ချက်များချရာတွင် ကွဲပြားခြားနားနိုင်