မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သတင်းကောင်းဝေမျှရန် စိန်ခေါ်ချက်များကို အောင်မြင်ကျော်လွှားခြင်း

သတင်းကောင်းဝေမျှရန် စိန်ခေါ်ချက်များကို အောင်မြင်ကျော်လွှားခြင်း

သတင်းကောင်းဝေမျှရန် စိန်ခေါ်ချက်များကို အောင်မြင်ကျော်လွှားခြင်း

ကျွန်တော်တို့ရဲ့  ထရပ်ကားက  လက်နက်ကိုင်ယောက်ျား၊ မိန်းမ၊ ဆယ်ကျော်သက်၊ အားလုံးပေါင်း ၆၀ လောက်ရှိတဲ့ စစ်ဆေးရေးဂိတ်နား ရောက်လာတယ်။ တချို့က ယူနီဖောင်းဝတ်ထားပြီး တချို့ကတော့ အရပ်ဝတ်တွေနဲ့ဖြစ်တယ်။ အတော်များများက စက်သေနတ်တွေ ကိုင်ထားပြီး ကျွန်တော်တို့ကို စောင့်နေပုံရတယ်။ ပြည်တွင်းမငြိမ်မသက်ဖြစ်နေချိန်ပေါ့။

ကျွန်တော်တို့က ဆယ်တန်လောက်ရှိတဲ့ ကျမ်းစာ,စာပေတွေကိုသယ်ပြီး ခရီးသွားနေတာ လေးရက်ရှိပြီ။ ကျွန်တော်တို့ကို သူတို့လွှတ်ပေးပါ့မလားလို့ စိုးရိမ်မိတယ်။ သူတို့က ငွေလိုချင်လို့လား။ ကျွန်တော်တို့က ငြိမ်းချမ်းတဲ့သူတွေဖြစ်တယ်ဆိုတာ သူတို့ယုံကြည်လာအောင်ပြောပြဖို့ ဘယ်လောက်ကြာမလဲ။

စစ်သွေးကြွနေတဲ့အမျိုးသားတစ်ယောက်က သူဟာ တာဝန်ခံဖြစ်တယ်ဆိုတာ ကျွန်တော်တို့သိအောင် သူ့ရိုင်ဖယ်သေနတ်ကို မိုးပေါ်ထောင်ပစ်လိုက်တယ်။ ကျွန်တော်တို့ရဲ့ လက်ကိုင်ဖုန်းတွေကို သူသတိပြုမိပြီး အဲဒါတွေကို ပေးဖို့ပြောတယ်။ ကျွန်တော်တို့ ချီတုံချတုံဖြစ်နေတော့ သူက လည်ပင်းဖြတ်ပစ်မယ်ဆိုတဲ့ အမူအရာလုပ်ပြတဲ့အတွက် ငြင်းလိုက်ရင် ဘာဖြစ်မယ်ဆိုတာ သေချာနေပြီ။ ဒါကြောင့် ဖုန်းတွေကိုပေးလိုက်တယ်။

 ရုတ်တရက်၊  ယူနီဖောင်းဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်က သေနတ်ကိုင်ပြီး အနားတိုးလာတယ်။ သူက “အတွင်းရေးမှူး” ဖြစ်ပြီး ကျွန်တော်တို့ဆီက တစ်ခုခုလိုချင်ပြန်တယ်။ သူတို့ဘဝက ခက်ခဲတော့ ကျွန်တော်တို့ဆီကရမယ့် ဘယ်ပစ္စည်းမဆို သူတို့အတွက် အသုံးဝင်တယ်။ နောက်စစ်သားတစ်ယောက်က ကားထဲကဆီတိုင်ကီကိုဖွင့်ပြီး သူ့ဆီပုံးထဲဖြည့်ပြန်တယ်။ ကျွန်တော်တို့တားပေမဲ့ အမိန့်အတိုင်းလုပ်ရတာလို့ သူပြောတယ်။ ကျွန်တော်တို့ ဘာမှမတတ်နိုင်ဘူး။ တခြားသူတွေလည်း ဒီလိုအတွေးမျိုး မဝင်ပါစေနဲ့လို့သာ ဆုတောင်းရတယ်။

နောက်ဆုံး လမ်းဖွင့်ပေးလိုက်ပြီး ကျွန်တော်တို့ဆက်သွားနိုင်ခဲ့ကြတယ်။ ကျွန်တော့်အဖော်နဲ့ကျွန်တော်တို့ အခုမှပဲ သက်ပြင်းချနိုင်တော့တယ်။ အခြေအနေတင်းမာပေမဲ့ ကြောက်စရာကောင်းတဲ့စစ်ဆေးရေးဂိတ်တွေကို ဖြတ်ရတာ ကျင့်သားရလာတယ်။ ၂၀၀၂၊ ဧပြီလကနေ ၂၀၀၄၊ ဇန်နဝါရီလအတွင်းမှာ ကင်မရွန်းနိုင်ငံ၊ ဒူအာလာဆိပ်ကမ်းမြို့ကနေ ဗဟိုအာဖရိကသမ္မတနိုင်ငံရဲ့ မြို့တော်ဗန်ကွီးကို ၁၈ ခေါက် အသွားအပြန်လုပ်ခဲ့ရတယ်။ မိုင်ပေါင်း ၁,၀၀၀ ဝေးတဲ့ အဲဒီခရီးမှာ အံ့ဩစရာတွေ၊ အသက်အန္တရာယ်တွေအပြည့်ပဲ။ *

ဒီခရီးမှာ ပုံမှန်မောင်းရတဲ့ယာဉ်မောင်းတွေဖြစ်တဲ့ ဂျိုးဇက်နဲ့ အီမယ်နူယယ်လ်က ဒီလိုပြောပြတယ်– “ကျွန်တော်တို့ကို ဒီခရီးစဉ်က အများကြီးသင်ပေးတယ်။ ခဏခဏအသံတိတ်ဆုတောင်းပြီး တည်တည်ငြိမ်ငြိမ်နေတာက အကောင်းဆုံးပဲ။ ‘ငါသည် ဘုရားသခင်ကိုခိုလှုံသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌အဘယ်သို့ပြုနိုင်သနည်း’ လို့ရေးခဲ့တဲ့ ဆာလံဆရာရဲ့သဘောထားမျိုးရှိဖို့ ကြိုးစားတယ်။ ကျွန်တော်တို့ခရီးက တကယ်လိုအပ်နေတဲ့သူတွေကို မျှော်လင့်ခြင်းသတင်း ဝေမျှဖို့ဖြစ်တယ်၊ ဒါကို ယေဟောဝါသိတယ်ဆိုတာ ကျွန်တော်တို့ယုံကြည်စိတ်ချတယ်။”—ဆာလံ ၅၆:၁၁

ဘုရားသခင်ပြင်ဆင်ပေးသောအစာကို ကျွေးမွေးရန် အပြည်ပြည်ဆိုင်ရာကြိုးပမ်းမှု

အာဖရိကရဲ့ ဒီဒေသမှာရှိတဲ့လူအတော်များများက ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြားချင်ကြတယ်။ ကျွန်တော်တို့ပို့ပေးတဲ့ ဒီစာပေစာတမ်းတွေက ဘုရားသခင်နဲ့ဆက်ဆံရေးကောင်းရှိဖို့ သူတို့ကိုကူညီပေးတယ်။ (မဿဲ ၅:၃; ၂၄:၁၄) ကင်မရွန်းနိုင်ငံ၊ ဒူအာလာမြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ဌာနခွဲရုံးက ကင်မရွန်းမှာရှိတဲ့ ကြေညာသူ ၃၀,၀၀၀ ကျော်နဲ့ စိတ်ဝင်စားသူတွေဆီကို စာပေစာတမ်းတွေ မှန်မှန်ပို့ပေးတယ်။ ဒါ့အပြင် အိမ်နီးချင်းလေးနိုင်ငံကိုလည်း စာပေတွေပို့ပေးတယ်။

တကယ်တော့ ဒီစာပေတွေက အဝေးကြီးကနေ ရောက်လာခဲ့တာ။ အများစုကို အင်္ဂလန်၊ ဖင်လန်၊ ဂျာမနီ၊ အီတလီနဲ့စပိန်နိုင်ငံမှာ ပုံနှိပ်တယ်။ ပြီးတော့ ပြင်သစ်ကနေ ရေလမ်းခရီးနဲ့ပို့ပေးတယ်။ ကျမ်းစာ,စာပေတွေပါတဲ့ ကုန်သေတ္တာတွေဟာ ဒူအာလာဆိပ်ကမ်းကို နှစ်ပတ်တစ်ကြိမ်ရောက်တယ်။

အဲဒီကုန်သေတ္တာကို ထရပ်ကားပေါ်တင်ပြီး ဌာနခွဲရုံးကိုပို့တယ်။ ထုပ်ပို့ရေးဌာနကညီအစ်ကိုတွေက ပို့မယ့်နေရာအလိုက် အမျိုးအစားခွဲတယ်။ ဝေးလံတဲ့နေရာတွေကို စာပေတွေရောက်ဖို့ဆိုတာ လုံးဝမလွယ်ပါဘူး။ ဒါပေမဲ့ “မြေကြီးစွန်းတိုင်အောင်” သတင်းကောင်းဖြန့်ဝေတဲ့နေရာမှာ စာပေတွေပို့ပေးတာလည်းပါဝင်တယ်။ (တမန်တော် ၁:၈) ဒါကြောင့် အန္တရာယ်များတဲ့ အဲဒီခရီးတွေကို ထရပ်ကားနဲ့ သွားလာလိုတဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိတဲ့ စေတနာ့ဝန်ထမ်းတွေကိုပဲ ဌာနခွဲရုံးက အားထားရတယ်။ ဒီလိုနဲ့ ဗဟိုအာဖရိကမှာရှိတဲ့ လူသန်းပေါင်းများစွာဆီကို ကျမ်းစာ,စာပေတွေ ပုံမှန်ရောက်ရှိနေတယ်။

ထူးခြားသောခရီးစဉ်

ကင်မရွန်း၊ ချာ့ဒ်၊ အီကွေတိုးရီးယယ်လ်ဂီနီ၊ ဂါဘွန်းနဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံတွေအတွက် စာပေတွေကို ထရပ်ကားနဲ့ ပို့ပေးတယ်။ ထရပ်ကားတစ်စီးနဲ့အတူ လိုက်သွားကြည့်ရအောင်။ ယာဉ်မောင်းနဲ့အတူထိုင်နေတယ်လို့ ကိုယ့်ကိုယ်ကိုမြင်ယောင်ကြည့်ပါ။ ဆယ်ရက် ဒါမှမဟုတ် ဒီထက်ပိုကြာမယ့် ခရီးစဉ်မှာ စွန့်စားခန်းတွေလည်းပါတယ်။

ဒီခရီးမှာ ယာဉ်မောင်းခြောက်ယောက်ပါတယ်။ သူတို့က ကျန်းမာသန်စွမ်းတယ်၊ အရည်အချင်းရှိတယ်၊ စိတ်ရှည်ပြီး သပ်သပ်ရပ်ရပ်ဝတ်စားထားကြတယ်။ တချို့က အာဖရိကန်စတိုင်ဝတ်ထားပြီး တချို့က ရှပ်အင်္ကျီနဲ့လည်စည်းဝတ်ထားတယ်။ အကောက်ခွန်အရာရှိတွေက “ဒီသန့်ရှင်းတဲ့ထရပ်ကားနဲ့ သပ်သပ်ရပ်ရပ်ဝတ်စားထားတဲ့ ယာဉ်မောင်းတွေကို ကြည့်ပါဦး၊ သူတို့စာပေမှာပါတဲ့ ပုံတွေထဲကအတိုင်းပဲ” ဆိုပြီး ကောက်ချက်ချခဲ့တယ်။ ယာဉ်မောင်းတွေရဲ့ ပုံပန်းသဏ္ဍာန်ထက် ပိုအရေးကြီးတာက သူတစ်ပါးအကျိုးအတွက် ဘယ်နေရာကိုမဆိုသွားဖို့ လိုလိုလားလားရှိတာပဲဖြစ်တယ်။—ဆာလံ ၁၁၀:၃

ကြီးမားပြန့်ကျဲနေတဲ့ ဒူအာလာမြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုနဲ့လွတ်ဖို့ နေထွက်ခါစ မနက်ခြောက်နာရီလောက်မှာ မြို့ကထွက်လာတယ်။ လူရှုပ်လှတဲ့မြို့ကို ကန့်လန့်ဖြတ်ဆောက်ထားတဲ့ တံတားတစ်ခု ဌာနခွဲရုံးနားမှာရှိတယ်၊ အဲဒီတံတားကို ဖြတ်ပြီးတဲ့နောက်မှာ ကင်မရွန်းရဲ့မြို့တော်ယာအွန်းဒီကို အရင်ဆုံးဦးတည်သွားခဲ့ကြတယ်။

စာအုပ်ဆယ်တန်ပါတဲ့  ထရပ်ကားကိုမောင်းရတာ ဘယ်လောက်ခက်ခဲတဲ့အကြောင်း ယာဉ်မောင်းခြောက်ယောက်စလုံးက သင့်ကိုပြောပြပါလိမ့်မယ်။ ပထမသုံးရက်က လမ်းကောင်းတော့ ပြဿနာသိပ်မရှိပေမဲ့ ဂရုစိုက်မောင်းရတယ်။ ရုတ်တရက် မိုးရွာချလိုက်တော့ လမ်းတွေက မကောင်းတော့ဘူး။ မြင်ကွင်းလည်း မကြည်တော့ဘူး၊ လမ်းတွေက ချော်လာတဲ့အပြင် ညီလည်းမညီတော့ ဖြည်းဖြည်းပဲမောင်းရတယ်။ ညနေစောင်းလာပြီ။ ခဏနားပြီး ဗိုက်ဖြည့်ကြတယ်၊ ပြီးတဲ့နောက် ဒိုင်ခွက်ဘောင်ပေါ်မှာ ခြေထောက်တင်ပြီး အိပ်ကြတယ်။ ဒီခရီးတွေမှာ အမြဲဒီလိုပဲ။

နောက်နေ့မနက်စောစောမှာ ခရီးဆက်ပြန်တယ်။ ယာဉ်မောင်းတစ်ယောက်က လမ်းအခြေအနေကို သေချာကြည့်ပေးရတယ်။ ကားဘီးက လမ်းဘေးမြောင်းနဲ့အရမ်းနီးနေပြီဆိုရင် သူချက်ချင်းသတိပေးတယ်။ တကယ်လို့ မြောင်းထဲကျသွားရင် ရက်တော်တော်ကြာမယ်ဆိုတာ ယာဉ်မောင်းအားလုံး ကောင်းကောင်းသိကြတယ်။ ဗဟိုအာဖရိကသမ္မတနိုင်ငံရဲ့ နယ်စပ်ကိုဖြတ်တဲ့အထိ လမ်းတွေက သိပ်မကောင်းဘူး။ အဲဒီနောက် မိုင် ၄၀၀ ခရီးကတော့ လှပစိမ်းစိုတဲ့ ကျေးလက်တောင်တန်းဒေသကိုဖြတ်သွားရတယ်။ ရွာတွေကိုဖြတ်သွားတဲ့အခါ ကလေးငယ်တွေကို ကျောပိုးထားတဲ့မိခင်တွေနဲ့ ကလေး၊ လူကြီးတွေအားလုံးက ကျွန်တော်တို့ကို လက်ဝှေ့ယမ်းပြကြတယ်။ ပြည်တွင်းမငြိမ်သက်မှုကြောင့် အဲဒီတုန်းက လမ်းပေါ်မှာ ကားတွေသိပ်မရှိဘူး။ ဒါကြောင့် လူတွေက သိချင်စိတ်နဲ့လိုက်ကြည့်ကြတယ်။

နှစ်သက်ဖွယ်အတွေ့အကြုံများ

လုပ်စရာအများကြီးရှိပေမဲ့ ကျမ်းစာ,စာပေတွေ ဝေငှဖို့နဲ့ ခဏနားဖို့ ရွာတွေမှာရပ်လေ့ရှိတယ်လို့ ယာဉ်မောင်းဇာဗယာက ပြောပြတယ်။ သူက အခုလိုပြောပြတယ်– “ဘာဘူအာရွာမှာ သတင်းကောင်းကိုအရမ်းစိတ်ဝင်စားတဲ့ ဆေးရုံဝန်ထမ်းတစ်ယောက်ကို ဟောပြောပြီး သူနဲ့ တိုတိုတုတ်တုတ် ကျမ်းစာလေ့လာခဲ့တယ်။ တစ်နေ့မှာ နောဧဗီဒီယိုအခွေကိုတောင် သူနဲ့သူ့မိသားစုကို ပြခဲ့တယ်။ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေရောက်လာပြီး ခဏနေတော့ သူ့အိမ်က စိတ်စောနေတဲ့ပရိသတ်နဲ့ ပြည့်သွားတယ်။ လူတိုင်းက နောဧအကြောင်းကြားဖူးတယ်။ အခုတော့ သူ့အကြောင်းကို ဖန်သားပြင်ပေါ်မှာ ကြည့်နိုင်ပြီ။ သူတို့ရဲ့ လေးမြတ်မှုကိုတွေ့ရတာ တကယ်ကြည်နူးစရာပဲ။ အဲဒီနောက် ကျွန်တော်တို့ကို ကျေးဇူးတင်တဲ့အနေနဲ့ အထူးကျွေးမွေးဧည့်ခံပြီး တစ်ညလောက်နေဖို့ တောင်းဆိုကြတယ်။ ကျွန်တော်တို့က ခရီးဆက်ရမှာဖြစ်လို့ ချက်ချင်းထွက်ခွာခဲ့ပေမဲ့ ဒီနှိမ့်ချတဲ့သူတွေကို သတင်းကောင်းဝေမျှနိုင်လို့ ပျော်ရွှင်ခဲ့တယ်။”

နောက်ယာဉ်မောင်းဖြစ်တဲ့ အစ္စရေးက ကျွန်တော်တို့သွားရမယ့်နေရာတစ်နေရာဖြစ်တဲ့ ဗန်ကွီးမြို့က တွေ့ကြုံမှုတစ်ခုအကြောင်း ဒီလိုပြောပြတယ်– “ဗန်ကွီးမြို့ကိုရောက်ဖို့ နီးလာလေ လမ်းပိတ်ဆို့မှုတွေ ပိုကြုံရလေပဲ။ ဒါပေမဲ့ စစ်သားအများစုက ဖော်ရွေကြတယ်၊ ဒီခရီးကိုခဏခဏသွားနေတော့ ထရပ်ကားကို သူတို့မှတ်မိကြတယ်။ ကျွန်တော်တို့ကို သူတို့နဲ့အတူထိုင်ဖို့ ဖိတ်ပြီး ကျမ်းစာ,စာပေတွေကို လက်ခံကြတယ်။ စာအုပ်တစ်အုပ်ကို သူတို့အရမ်းတန်ဖိုးထားလို့ အဲဒီပေါ်မှာ သူတို့အမည်၊ ရက်စွဲနဲ့ ပေးတဲ့သူရဲ့အမည်ကို ရေးကြတယ်။ စစ်သားတချို့ရဲ့အမျိုးတွေက သက်သေခံတွေဖြစ်လို့လည်း ဖော်ရွေကြတာဖြစ်တယ်။”

အတွေ့အကြုံအရှိဆုံးယာဉ်မောင်းဖြစ်တဲ့ ဂျိုးဇက်က ပို့ရမယ့်နေရာကိုရောက်တဲ့အခါ ဖြစ်ပျက်ခဲ့တဲ့အရာကို ပြောပြတယ်။ သူဒီလိုပြောတယ်– “ဗန်ကွီးကိုရောက်ဖို့ သိပ်မလိုတော့တဲ့အချိန်မှာ အဲဒီကို မကြာခင်ရောက်တော့မယ်ဆိုတဲ့အကြောင်း ညီအစ်ကိုတွေကို ဖုန်းဆက်ပြောခဲ့တယ်။ သူတို့ချက်ချင်းရောက်လာပြီး ဒေသခံဥပဒေအရ လုပ်စရာရှိတာတွေကို လိုက်လုပ်ပေးကြတယ်။ ဌာနခွဲရုံးလည်းရောက်ရော အားလုံးထွက်လာပြီး ကြိုဆိုနှုတ်ဆက်ကြတယ်။ အနီးအနားအသင်းတော်တွေက ညီအစ်ကိုညီအစ်မတွေ ချက်ချင်းရောက်လာပြီး ရာနဲ့ချီတဲ့ ကျမ်းစာ၊ စာအုပ်ကြီး၊ စာအုပ်ငယ်နဲ့မဂ္ဂဇင်းသေတ္တာတွေကို နာရီပိုင်းလေးမှာပဲ ထရပ်ပေါ်ကချပြီး သိုလှောင်ရုံထဲ ထည့်ပေးခဲ့ကြတယ်။”

“တစ်ခါတလေ အထုပ်တွေထဲမှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကွန်ဂိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံအတွက် လှူဒါန်းလိုက်တဲ့ အဝတ်၊ ဖိနပ်နဲ့ ကလေးပစ္စည်းတွေပါတယ်။ ကျေးဇူးတင်လေးမြတ်တဲ့ညီအစ်ကိုတွေရဲ့ အပြုံးကိုတွေ့ရတာ တကယ်ကြည်နူးစရာပဲ။”

တစ်ရက်နားပြီးတဲ့နောက် ထရပ်ကားကိုပြင်ဆင်ပြီး လာလမ်းအတိုင်းပြန်ခဲ့ကြတယ်။ ပြဿနာတွေက ကျွန်တော်တို့ကို စောင့်ကြိုနေပေမဲ့ ကျွန်တော်တို့ရခဲ့တဲ့ နှစ်သက်စရာအတွေ့အကြုံက အခက်အခဲအားလုံးကို အစားလျော်ပေးတယ်။

ခရီးဝေးတာ၊ မိုးရွာတာ၊ လမ်းဆိုးတာ၊ ဘီးပေါက်တာ၊ ကားပျက်တာတွေက စိတ်ပျက်စရာကောင်းပါတယ်။ ရိုင်းစိုင်းကြမ်းတမ်းတဲ့စစ်သားတွေနဲ့လည်း အမြဲကြုံရတယ်။ ဒါပေမဲ့ ဝေးလံခေါင်သီတဲ့အာဖရိကဒေသတွေမှာ သတင်းကောင်းဝေမျှရတာနဲ့ လက်ခံသူတွေရဲ့အသက်တာမှာ သတင်းကောင်းရဲ့ အကျိုးသက်ရောက်မှုကို တွေ့ရတာထက် ဒီယာဉ်မောင်းတွေကို ပိုကျေနပ်စေတဲ့အရာ ဘာရှိဦးမှာလဲ။

ဥပမာ၊ သူတို့ကြောင့် ဗဟိုအာဖရိကသမ္မတနိုင်ငံရဲ့ ဝေးခေါင်တဲ့ဒေသဖြစ်တဲ့ ဆူဒန်နယ်စပ်နားက ရွာသားတစ်ယောက်က အခုဆို ခေတ်သစ်ဘာသာပြန်ကျမ်းစာကို ဖတ်နိုင်ပြီ။ သူ့ဇနီးက နောက်ဆုံးထုတ်ကင်းမျှော်စင်စာစောင်တွေကို လေ့လာနေပြီး ကလေးတွေက ကြီးမြတ်သောဆရာထံမှ သင်ယူလော့စာအုပ်ကနေ အကျိုးခံစားနေရတယ်။ * သူတို့နဲ့ ကျေးလက်ဒေသမှာနေတဲ့ တခြားသူအများကြီးလည်း မြို့ကြီးတွေမှာရှိတဲ့ ခရစ်ယာန်ညီအစ်ကိုတွေလိုပဲ ဘုရားသခင်ပြင်ဆင်ပေးတဲ့ အချိန်တန်အစာကို ရရှိနေကြတယ်။ ဒါက တကယ့်ကို ကျေနပ်စရာပါပဲ!

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 6 ထိုအချိန်မှစပြီး ဒူအာလာနှင့်ဗန်ကွီးသို့သွားသောလမ်းများမှာ လုံခြုံရေးအတော်ကောင်းလာသည်။

^ အပိုဒ်၊ 25 ယေဟောဝါသက်သေများထုတ်ဝေသည်။

[စာမျက်နှာ ၉ ပါ မြေပုံများ/ ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ကင်မရွန်း

ဒူအာလာ

ဗဟိုအာဖရိက သမ္မတနိုင်ငံ

ဗန်ကွီး

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဂျိုးဇက်

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အီမယ်နူယယ်လ်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဗန်ကွီးမြို့ရှိ ဗဟိုအာဖရိကသမ္မတနိုင်ငံဌာနခွဲရုံး

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဗန်ကွီးတွင် ထရပ်ကားပေါ်မှ ပစ္စည်းများချစဉ်