မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သိုးသငယ်နှင့်အတူ အောင်ပွဲခံ” ခွင့်ရသောကြောင့် ဝမ်းမြောက်ခြင်း

“သိုးသငယ်နှင့်အတူ အောင်ပွဲခံ” ခွင့်ရသောကြောင့် ဝမ်းမြောက်ခြင်း

“သိုးသငယ်နှင့်အတူ အောင်ပွဲခံ” ခွင့်ရသောကြောင့် ဝမ်းမြောက်ခြင်း

ကယ်ရီဒဗလျူဘာဘာသည် ၁၉၇၁ ခုနှစ်တွင်ရေးသားခဲ့သော စာတစ်စောင်၌ စစ်မှန်သောဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ခဲ့သည့် အနှစ် ၅၀ အကြောင်း ပြန်ပြောင်းအမှတ်ရခဲ့၏။ သူဤသို့ရေးခဲ့သည်– “ယေဟောဝါရဲ့အမှုတော်ဆောင်ခဲ့တဲ့နှစ်တွေဟာ အရမ်းကျေနပ်စရာပါပဲ။ ကိုယ်တော့်လူမျိုးနဲ့ ပေါင်းသင်းခွင့်ရတယ်၊ စာတန့်လောကမှာရှိတဲ့ လူဆိုးတွေလက်က ကာကွယ်မှုရတယ်၊ သိုးသငယ်ယေရှုခရစ်နဲ့အတူ အောင်ပွဲခံရမယ့် အလားအလာရှိတယ်၊ ယေဟောဝါရဲ့မေတ္တာတော်ကို ခံစားရတဲ့အထောက်အထားနဲ့အတူ စိတ်နှလုံးကို ကာကွယ်ပေးတဲ့ ငြိမ်သက်မှုနဲ့စိတ်ကျေနပ်မှုရှိပြီး နောက်ဆုံးအောင်ပွဲအတွက် သေချာတဲ့မျှော်လင့်ချက်ကို ရရှိတယ်။”

ခြောက်နှစ်ကြာပြီးနောက် ဘိသိက်ခံတစ်ဦးဖြစ်သော ညီအစ်ကိုဘာဘာသည် ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် စတင်အမှုဆောင်ခဲ့သည်။ ထိုတာဝန်ကိုထမ်းဆောင်ခဲ့သည့် အနှစ် ၃၀ အတွင်း “သိုးသငယ်နှင့်အတူ အောင်ပွဲခံ” ရန် စောင့်မျှော်ခဲ့သည်။ အသက် ၁၀၁ နှစ်ရှိသော ညီအစ်ကိုဘာဘာသည် သူသေဆုံးသည့် ၂၀၀၇၊ ဧပြီ ၈ ရက်၊ တနင်္ဂနွေနေ့အထိ သစ္စာရှိကြောင်းဖော်ပြခဲ့သဖြင့် သိုးသငယ်နှင့်အတူ အောင်ပွဲခံခွင့်ရရှိခဲ့ပါသည်။—၁ ကောရိန္သု ၁၅:၅၇

ကယ်ရီဘာဘာသည် ၁၉၀၅ ခုနှစ်တွင် အင်္ဂလန်၌မွေးဖွားခဲ့ပြီး ကနေဒါနိုင်ငံ၊ ဝင်နီပက်ခ်မြို့တွင် ၁၉၂၁ ခုနှစ်၌ နှစ်ခြင်းခံခဲ့သည်။ နှစ်နှစ်ကြာပြီးနောက် သူနှင့်သူ၏အမြွှာအစ်ကိုနော်မန်တို့သည် စီမံကိန်းအသစ်တွင် ကူညီပေးရန် နယူးယောက်၊ ဘရွတ်ကလင်သို့ ပြောင်းရွှေ့လာကြသည်။ ထိုအချိန်၌ ယေဟောဝါ၏လူမျိုးသည် ‘လောကနိုင်ငံအရပ်ရပ်’ တွင် သတင်းကောင်းပျံ့နှံ့ရေးအတွက် စာအုပ်များကို စတင်၍ကိုယ်ပိုင်ထုတ်လုပ်နေသည်။ (မဿဲ ၂၄:၁၄) ညီအစ်ကိုဘာဘာ၏ ဦးဆုံးတာဝန်မှာ အသေးစားပုံနှိပ်စက်ကို ကိုင်တွယ်ရခြင်းဖြစ်သည်။ ပုံနှိပ်သောစာပေများတွင် တရားရေးကိစ္စများအတွက် ဥပဒေအကြောင်းအရာများပါဝင်ပြီး အမေရိကန်တရားရုံးချုပ်သို့ တင်သွင်းရန်ဖြစ်သည်။ အတန်ကြာသော် ညီအစ်ကိုဘာဘာသည် လုပ်ငန်းတော်ဌာနတွင် အမှုဆောင်ပြီး အသင်းတော်ရေးရာများနှင့် နိုင်ငံတစ်ဝန်း ဟောပြောခြင်းလုပ်ငန်းကို အာရုံစိုက်လုပ်ဆောင်ခဲ့သည်။

ထိုသို့လုပ်ဆောင်ခဲ့ခြင်းကြောင့် ညီအစ်ကိုဘာဘာသည် ၁၉၄၈ ခုနှစ်တွင် နယ်လှည့်အမှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းပြည့်မီခဲ့သည်။ သူသည် အမေရိကန်အနောက်ပိုင်းရှိ အသင်းတော်များ၊ စည်းဝေးပွဲများအားလုံးသို့ လည်ပတ်ခဲ့သည်။ ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ရသည်ကို အထူးနှစ်သက်ပျော်မွေ့ကြောင်း သူပြောပြသည်။ ထိုတာဝန်ကြောင့် ညီအစ်ကိုဘာဘာသည် ညီအစ်ကိုညီအစ်မများစွာနှင့် သိကျွမ်းခွင့်ရခဲ့သည်။ သူ၏ဉာဏ်ကောင်းမှုနှင့် အမှုဆောင်လုပ်ငန်းတွင်ဇွဲရှိမှုတို့က နောက်ပိုင်း ၂၆ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း တက်ရာတွင် အလွန်အထောက်အကူပြုခဲ့သည်။ သင်တန်းကာလအတွင်း ကနေဒါနိုင်ငံမှ ဆစ်ဒနီလီဘရူယာနှင့် ခင်မင်ရင်းနှီးခဲ့သည်။ သင်တန်းဆင်းပြီးနောက် သူတို့လက်ထပ်လိုက်ကြသည်။ အီလီနွိုင်းပြည်နယ်၊ ချီကာဂိုမြို့ရှိအသင်းတော်များသို့ လည်ပတ်ရန် ခရီးထွက်ချိန်သည် သူတို့အတွက် ပျားရည်ဆမ်းခရီးဖြစ်ခဲ့၏။ သူ၏ဇနီးသည် အဖိုးမဖြတ်နိုင်သောအဖော်ဖြစ်ပြီး နယ်လှည့်လုပ်ငန်းလုပ်ခဲ့သည့် အနှစ်နှစ်ဆယ်အတွင်း ကောင်းစွာထောက်မပေးခဲ့၏။

တိုက်နယ်နှင့်ခရိုင်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့ချိန်အတွင်း သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် အမှုဆောင်ပြီး နယ်လှည့်ခဲ့ချိန် အနှစ် ၃၀ အတွင်း ညီအစ်ကိုဘာဘာနှင့်တွေ့ဆုံသိကျွမ်းခဲ့သူတို့သည် သူ၏ဟောပြောချက်များနှင့် တက်ကြွသောမှတ်ချက်များကို အမှတ်ရနေဆဲပင်။ သူသည် “သိုးသငယ်နှင့်အတူ အောင်ပွဲခံ” ခွင့်ရသောကြောင့် ကျွန်ုပ်တို့ အမှန်ပင်ဝမ်းမြောက်ကြပါသည်။