မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သုရကုတ်—ပေါလု၏ရေကြောင်းခရီးတွင် တစ်ထောက်နားခဲ့သောမြို့

သုရကုတ်—ပေါလု၏ရေကြောင်းခရီးတွင် တစ်ထောက်နားခဲ့သောမြို့

သုရကုတ်ပေါလု၏ရေကြောင်းခရီးတွင် တစ်ထောက်နားခဲ့သောမြို့

အေဒီ ၅၉ ခုနှစ်ခန့်တွင် ရွက်သင်္ဘောတစ်စီးသည် မြေထဲပင်လယ်ရှိ မေလိတေ (မော်လ်တာ) ကျွန်းမှ အီတလီသို့ ရွက်လွှင့်သွားခဲ့သည်။ ထိုသင်္ဘောတွင် သင်္ဘောသားများကို ကာကွယ်ပေးသည်ဟုယူဆသော “နတ်သားအမြွှာ” ရုပ်အထိမ်းအမှတ်ပါသည်။ သင်္ဘောသည် စစ္စလီကျွန်းအရှေ့တောင်ဘက်တွင် တည်ရှိသည့် “သုရကုတ်မြို့သို့ဆိုက်လျှင် သုံးရက်နေကြ၏” ဟုကျမ်းရေးသူလုကာ ပြောပြသည်။ (တမန်တော် ၂၈:၁၁၊ ၁၂) သင်္ဘောပေါ်တွင် လုကာ၊ အာရိတ္တာခုနှင့်အတူ ရောမတွင်ရုံးတင်စစ်ဆေးရန် ခေါ်ဆောင်သွားသော တမန်တော်ပေါလုတို့ လိုက်ပါလာသည်။—တမန်တော် ၂၇:၂

သုရကုတ်မြို့တွင် ပေါလုသည် သင်္ဘောပေါ်မှဆင်းခွင့်ရမရ ကျွန်ုပ်တို့မသိကြပေ။ သူ သို့မဟုတ် သူ၏ခရီးဖော်များသာ ဆင်းခွင့်ရခဲ့ပါက အဘယ်အရာကို တွေ့ မြင်ကြမည်နည်း။

ဂရိနှင့်ရောမအချိန်တွင် သုရကုတ်မြို့သည် အေသင်နှင့်ရောမမြို့ကဲ့သို့ပင် အရေးပါ၏။ ထိုမြို့ကို ဘီစီ ၇၃၄ တွင် ကောရိန္သုမြို့သားများက တည်ထောင်ခဲ့သည်ဟု ယုံကြည်ကြ၏။ သုရကုတ်မြို့သည် ထင်ရှားကျော်ကြားခဲ့ပြီး ပြဇာတ်ရေးဆရာ အဲပီကာမက်စ်နှင့် သင်္ချာပညာရှင် အာခိမီးဒီးစ်ကဲ့သို့သော ရှေးခေတ်မှနာမည်ကျော်ပုဂ္ဂိုလ်များ၏ ဇာတိမြေလည်းဖြစ်သည်။ ဘီစီ ၂၁၂ တွင် သုရကုတ်မြို့ကို ရောမတို့ကသိမ်းပိုက်ခဲ့သည်။

ခေတ်သစ်မြို့ကို လည်ပတ်ခြင်းက ပေါလုအချိန်မှသုရကုတ်မြို့အကြောင်း သိရှိစေပေမည်။ မြို့သည် အပိုင်းနှစ်ပိုင်းရှိပြီး တစ်ပိုင်းမှာ ပေါလုစီးလာသောသင်္ဘောဆိုက်ခဲ့ပုံရသည့် အိုတီဂျီယာကျွန်းလေးဖြစ်ကာ နောက်တစ်ပိုင်းမှာ ကျွန်းမကြီးဖြစ်သည်။

စစ္စလီကျွန်းရှိ အပိုလိုကျောင်းမှ ဘီစီခြောက်ရာစုရက်စွဲတပ်ထားသော ရှေးအကျဆုံး တော်ဝင်ဂရိဗိသုကာလက်ရာ အကြွင်းအကျန်များကို ယနေ့အချိန်၌ ကျွန်းပေါ်တွင် တွေ့ ရှိနိုင်သည်။ ဘီစီငါးရာစုရက်စွဲတပ်ထားသော အသီနာကျောင်းကန်၏ ကျောက်တိုင်များရှိသော်လည်း ယခုအခါ ယင်းတို့သည် ခရစ်ယာန်ဘုရားရှိခိုးကျောင်း၏ အစိတ်အပိုင်းဖြစ်နေပြီ။

ခေတ်သစ်မြို့၏အလယ်ဗဟိုမှာ ကျွန်းမကြီးပေါ်တွင် တည်ရှိပြီး ထိုတွင် နာပေါလိရှေးဟောင်းသုတေသနဥယျာဉ်ကို လည်ပတ်နိုင်သည်။ ဥယျာဉ်ဝင်ပေါက်နားတွင် ဂရိပြဇာတ်ရုံရှိသည်။ ယင်းသည် ဂရိပြဇာတ်ရုံဆောက်သည့်ဗိသုကာပညာ၏ ကြီးကျယ်ခမ်းနားဆုံး လက်ရာတစ်ခုပင်ဖြစ်သည်။ ပင်လယ်ကိုမျက်နှာမူထားသောကြောင့် ဖျော်ဖြေရေးအတွက် အလွန်ကောင်းမွန်သောနေရာဖြစ်သည်။ ဥယျာဉ်၏တောင်ဘက်စွန်းအပိုင်းသည် အေဒီသုံးရာစုမှ ရောမပွဲကြည့်စင်ဖြစ်သည်။ ယင်းသည် ဘဲဥပုံဖြစ်ပြီး ပေ ၄၆၀ ရှည်၍ ပေ ၃၉၀ ကျယ်ကာ အီတလီနိုင်ငံတွင် တတိယအကြီးဆုံးဖြစ်သည်။

သုရကုတ်မြို့သို့လည်ပတ်ခွင့်ရမည်ဆိုလျှင် အိုတီဂျီယာကမ်းခြေရှိ ခုံတန်းရှည်တွင် ထိုင်ပြီး တမန်တော် ၂၈:၁၂ ကိုဖွင့်ကာ တမန်တော်ပေါလုစီးလာသောသင်္ဘောသည် ဤကျွန်းတွင်ဆိုက်ရန် ရွက်လွှင့်လာသည်ကို မြင်ယောင်ကြည့်ပါ။

[စာမျက်နှာ ၃၀ ပါ ပုံကြမ်း/ ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

မေလိတေ (မော်လ်တာကျွန်း)

စစ္စလီကျွန်း

သုရကုတ်မြို့

အီတလီ

ရေဂျုန်မြို့

ပေါတယောလိမြို့

ရောမ

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

သုရကုတ်မြို့ရှိ ဂရိပြဇာတ်ရုံ၏အပျက်အယွင်းများ