မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အနာဂတ်ကိုရည်မျှော်လျက် အသက်ရှင်ပါ

အနာဂတ်ကိုရည်မျှော်လျက် အသက်ရှင်ပါ

အနာဂတ်ကိုရည်မျှော်လျက် အသက်ရှင်ပါ

“နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်” ဟု အစ္စရေးနိုင်ငံ၊ တောင်ပေါ်ဒေသတွင်ဟောသော တရားတော်၌ ယေရှုခရစ်မိန့်ဆိုခဲ့သည်။ ထို့နောက် “နက်ဖြန်နေ့သည် မိမိကိုယ်ကို ကြည့်ရှုစောင့်ရှောက်လိမ့်မည်” ဟုဆက်မိန့်ဆိုလေ၏။—မဿဲ ၆:၃၄အင်္ဂလိပ်ကျမ်းစာသစ်။

“နက်ဖြန်နေ့သည် မိမိကိုယ်ကို ကြည့်ရှုစောင့်ရှောက်လိမ့်မည်” ဟူသောစကားသည် အဘယ်အရာကိုဆိုလိုသနည်း။ လက်ရှိအတွက်သာ အသက်ရှင်ပြီး အနာဂတ်ကို လျစ်လျူရှုရမည်ဟု ဆိုလိုသလော။ ယင်းသည် ယေရှုနှင့်ကိုယ်တော့်နောက်လိုက်များ ယုံကြည်ခဲ့ရာနှင့် ကိုက်ညီသလော။

“မစိုးရိမ်ကြနှင့်”

မဿဲ ၆:၂၅-၃၂ ပါယေရှု၏စကားများကို သင်ကိုယ်တိုင်ဖတ်ကြည့်ပါ။ အခန်းငယ်အချို့တွင် ဤသို့ဆို၏– “အဘယ်သို့စားသောက်ရမည်ဟု အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ဝတ်ရမည်ဟု ကိုယ်အဖို့ မစိုးရိမ်ကြနှင့်။ . . . မိုးကောင်းကင်၌ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကိုကျွေးမွေးတော်မူ၏။ . . . အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။ အဝတ်အဖို့၌ အဘယ်ကြောင့်စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့်ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။ . . . ထို့ကြောင့် ‘အဘယ်သို့စားသောက်ရအံ့နည်း၊ အဘယ်သို့ဝတ်ရအံ့နည်း’ ဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။”

ထို့နောက် အကြံပြုချက်နှစ်ခုဖြင့် ယေရှုနိဂုံးချုပ်သည်။ ပထမ၊ “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ ပေးတော်မူလတ္တံ့။” ဒုတိယ၊ “နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယနေ့အဖို့လောက်ပေ၏။”—မဿဲ ၆:၃၃၊ ၃၄

သင်တို့လိုအပ်သောအရာကို သင်တို့အဘ သိတော်မူ၏

ယေရှုသည် လယ်သမားများအပါအဝင် မိမိတပည့်များကို ‘စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ ကျီ၌စုသွင်းခြင်း’ တို့မလုပ်ရန် ပြောနေခြင်းဖြစ်သည်ဟု သင်ထင်သလော။ သို့မဟုတ် လိုအပ်သောအဝတ်အထည်အတွက် ‘အလုပ်လုပ်ခြင်း၊ ချည်ငင်ခြင်း’ မပြုရန် ပြောနေခြင်းလော။ (သု. ၂၁:၅; ၂၄:၃၀-၃၄; ဒေ. ၁၁:၄) လုံးဝမဟုတ်ပါ။ သူတို့အလုပ်မလုပ်ပါက စားစရာ၊ ဝတ်စရာရှိမည်မဟုတ်၊ “ရိတ်သောကာလ၌ သူတစ်ပါးကိုတောင်း” ရမည်မှာသေချာသည်။—သု. ၂၀:၄

စိုးရိမ်ခြင်းနှင့်ပတ်သက်၍ကော။ ယေရှုသည် မိမိစကားကိုနားထောင်သောပရိသတ်များအား စိုးရိမ်စိတ်မရှိရဟု ဆိုလိုသလော။ ယင်းသည် လက်တွေ့မကျပေ။ ယေရှုကိုယ်တိုင်ပင် အဖမ်းခံရသောညတွင် အလွန်စိတ်ဖိစီးမှု၊ စိုးရိမ်မှုခံစားခဲ့ရသည်။—လုကာ ၂၂:၄၄

ယေရှုသည် အခြေခံအမှန်တရားတစ်ခုကို ဖော်ပြနေခြင်းသာဖြစ်၏။ အလွန်အမင်းစိုးရိမ်ခြင်းသည် သင်ရင်ဆိုင်ရသော မည်သည့်ပြဿနာကိုမျှ ဖြေရှင်းပေးနိုင်မည်မဟုတ်ပါ။ ထို့ပြင် သင့်ကို အသက်ပိုရှည်စေမည်မဟုတ်။ သင့် “အသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေ” မည်မဟုတ်ဟု ယေရှုဆိုခဲ့သည်။ (မဿဲ ၆:၂၇) ယင်းအစား ရေရှည်စိုးရိမ်ပူပန်မှုသည် သင့်ကို အသက်တိုစေနိုင်သည်။

ကိုယ်တော့်အကြံဉာဏ်သည် အလွန်ပင်လက်တွေ့ကျ၏။ အမှန်မှာ ဘယ်တော့မျှဖြစ်လာမည်မဟုတ်သော အရာများကို ကျွန်ုပ်တို့စိုးရိမ်ကြသည်။ ယင်းကို ဒုတိယကမ္ဘာစစ်၏ အမှောင်လွှမ်းသောနေ့များအတွင်း ဗြိတိသျှနိုင်ငံခေါင်းဆောင် ဝင်စတန်ချာချီ သဘောပေါက်ခဲ့သည်။ ထိုအချိန်တွင် သူ စိုးရိမ်ခဲ့ရာများနှင့်ပတ်သက်၍ ဤသို့ရေးခဲ့၏– “အဲဒီတုန်းက စိုးရိမ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်တဲ့အခါ သေဆုံးခါနီးအဖိုးအိုတစ်ယောက်ရဲ့စကားကို သတိရမိတယ်၊ သူ့အသက်တာမှာ စိုးရိမ်မှုတွေ အများကြီးရှိခဲ့ပေမဲ့ အများစုကတော့ လုံးဝမဖြစ်ခဲ့ပါဘူးလို့ သူပြောတယ်။” မှန်ပါသည်၊ အထူးသဖြင့် ဖိစီးမှုများ၊ ပြဿနာများကြောင့် အလွန်အမင်းစိုးရိမ်စရာဖြစ်လာသောအခါ တစ်နေ့တာအတွက်သာ စဉ်းစားခြင်းက ပညာရှိရာရောက်သည်။

‘ဘုရားသခင်၏နိုင်ငံတော်ကို ရှေးဦးစွာရှာကြလော့’

ယေရှုသည် ပရိသတ်၏ကာယပိုင်းနှင့် စိတ်ပိုင်းအကျိုးထက်မက ထည့်စဉ်းစားခဲ့သည်။ ဘဝလိုအပ်ရာများပိုင်ဆိုင်ရေးအတွက် စိုးရိမ်ခြင်းအပြင် ရုပ်ပစ္စည်းမက်မောခြင်းနှင့် အပျော်အပါးလိုက်စားလွန်းခြင်းတို့က သာ၍အရေးကြီးသောအရာများကို လွှမ်းမိုးသွားနိုင်ကြောင်း ကိုယ်တော်သိသည်။ (ဖိလိပ္ပိ ၁:၉-၁၁) သို့သော် ‘ဘဝလိုအပ်ရာတွေ ပိုင်ဆိုင်ရေးထက် ပိုအရေးကြီးတာ ဘာရှိနိုင်ဦးမလဲ’ ဟုသင်တွေးမိပေမည်။ အဖြေမှာ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရေးပင်ဖြစ်သည်။ ကျွန်ုပ်တို့အသက်တာတွင် အဓိကအရာမှာ ‘ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးရှာနေခြင်း’ ဖြစ်သင့်ကြောင်း ယေရှုအလေးပေးခဲ့သည်။—မဿဲ ၆:၃၃

ယေရှုခေတ်တွင် လူများစွာသည် ရုပ်ပစ္စည်းလိုက်စားမှုနောက် တကောက်ကောက်လိုက်ခဲ့ကြသည်။ စည်းစိမ်ဥစ္စာစုဆောင်းရေးသည် သူတို့ဦးစားထားရာဖြစ်၏။ သို့သော် ယေရှုက မိမိ၏ပရိသတ်အား အခြားအမြင်တစ်မျိုးရှိရန် အားပေးခဲ့သည်။ ဘုရားသခင်ထံအပ်နှံထားသူများအနေဖြင့် သူတို့သည် “ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်” ရမည်၊ ယင်းကား “လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။”—ဒေ. ၁၂:၁၃

ရုပ်ပစ္စည်းများကို မက်မောစွဲလမ်းခြင်း၊ တစ်နည်းအားဖြင့် ‘လောကအမှု၌စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း’ သည် ဘုရားသခင်အား ဝတ်ပြုခြင်းမှ သွေဖည်သွားစေနိုင်သည်။ (မဿဲ ၁၃:၂၂) ထို့ကြောင့် တမန်တော်ပေါလုက “ငွေရတတ်ခြင်းငှာအလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သောတပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌နစ်မွန်းတတ်ကြ၏” ဟုရေးခဲ့သည်။ (၁ တိမောသေ ၆:၉) တပည့်များ ထိုအဖြစ်မျိုးမရောက်စေရန် ကူညီပေးသည့်အနေဖြင့် ယေရှုက ကောင်းကင်ခမည်းတော်သည် သူတို့လိုအပ်ရာအားလုံးကို သိတော်မူကြောင်း စိတ်ချစေခဲ့သည်။ ဘုရားသခင်သည် “မိုးကောင်းကင်၌ကျင်လည်သောငှက်များကို” ကြည့်ရှုစောင့်ရှောက်သကဲ့သို့ သူတို့ကိုလည်း ကြည့်ရှုစောင့်ရှောက်လိမ့်မည်။ (မဿဲ ၆:၂၆၊ ၃၂) ထို့ကြောင့် စိုးရိမ်ပူပန်မှုများဖြင့် လွှမ်းမိုးဖိစီးနေသည်အထိ မဖြစ်သင့်ပေ။ ယင်းအစား သူတို့သည် ဘဝလိုအပ်ရာများအတွက် အတတ်နိုင်ဆုံးလုပ်ဆောင်ပြီးနောက် ကျန်ကိစ္စများကို ယေဟောဝါ၏လက်တော်တွင် ယုံကြည်စိတ်ချစွာ အပ်နှံထားကြသည်။—ဖိလိပ္ပိ ၄:၆၊ ၇

“နက်ဖြန်နေ့သည် မိမိကိုယ်ကို ကြည့်ရှုစောင့်ရှောက်လိမ့်မည်” ဟူသော ယေရှု၏စကားက မနက်ဖြန်ဖြစ်လာမည့်အရာအတွက် အလွန်အမင်းစိုးရိမ်ခြင်းဖြင့် ယနေ့ကြုံနေရသော ပြဿနာများကို ထပ်မတိုးစေသင့်ကြောင်း ဆိုလိုနေခြင်းသာဖြစ်သည်။ အခြားဘာသာပြန်ကျမ်းတစ်အုပ်က ဤသို့ဆို၏– “နက်ဖြန်အတွက် မစိုးရိမ်နှင့်၊ နက်ဖြန်နေ့သည် မိမိစိုးရိမ်စရာနှင့်မိမိ ရှိလိမ့်မည်။ နေ့စဉ်ကြုံရသောပြဿနာများကို ထပ်မတိုးစေပါနှင့်။”—မဿဲ ၆:၃၄ခေတ်သုံးအင်္ဂလိပ်ဘာသာပြန်ကျမ်း။

“နိုင်ငံတော်တည်ထောင်ပါစေသော”

အနာဂတ်အတွက် မစိုးရိမ်ခြင်းနှင့် အနာဂတ်ကို လုံးဝလျစ်လျူရှုခြင်းသည် အလွန်ကွာခြားပါသည်။ အနာဂတ်ကို လျစ်လျူရှုရမည်ဟု တပည့်များကို ယေရှု တစ်ခါမျှမသွန်သင်ခဲ့ပေ။ ယင်းအစား အနာဂတ်ကို လေးလေးနက်နက်စိတ်ဝင်စားရန် ကိုယ်တော် အားပေးခဲ့သည်။ သူတို့သည် နေ့စဉ်အစာဖြစ်သော လက်ရှိလိုအပ်ရာများအတွက် ဆုတောင်းသင့်သည်မှာ မှန်ပါသည်။ သို့သော် မြေကြီးပေါ်တွင် ဘုရားသခင်၏နိုင်ငံတော်တည်ထောင်ရန်နှင့် ဘုရားသခင့်အလိုတော်ပြည့်စုံရန်ဟူသည့် အနာဂတ်ဖြစ်ရပ်များအတွက် ဦးဆုံးဆုတောင်းသင့်သည်။—မဿဲ ၆:၉-၁၁

ကျွန်ုပ်တို့သည် နောဧခေတ်မှလူများနှင့် မတူသင့်ပေ။ သူတို့သည် “စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်” အလွန်အလုပ်များနေကြရာ ဖြစ်လာမည့်အရာနှင့်ပတ်သက်၍ “သတိမဲ့နေကြသည်။” အဘယ်ရလဒ်ရရှိခဲ့သနည်း။ “ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်း” ခဲ့သည်။ (မဿဲ ၂၄:၃၆-၄၂) ကျွန်ုပ်တို့သည် အနာဂတ်ကိုရည်မျှော်လျက် အသက်ရှင်ဖို့လိုကြောင်း တမန်တော်ပေတရုသတိပေးရာတွင် ထိုသမိုင်းဝင်ဖြစ်ရပ်ကို အသုံးပြုခဲ့သည်။ ‘ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့် . . . ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မျှော်လင့်တောင့်တလျက် သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းအားဖြင့် အဘယ်သို့သောသူဖြစ်အပ်ကြသနည်း’ ဟုသူရေးခဲ့သည်။—၂ ပေတရု ၃:၅-၇၊ ၁၁၊ ၁၂

ကောင်းကင်ဘုံ၌ဘဏ္ဍာကို ဆည်းပူးကြလော့

ထို့ကြောင့် ယေဟောဝါ၏နေ့ကို “မျှော်လင့်တောင့်တ” နေကြပါစို့။ ထိုသို့ပြုခြင်းက ကျွန်ုပ်တို့၏အချိန်၊ ခွန်အား၊ အစွမ်းအစ၊ ဥစ္စာအင်ခွင်နှင့် အရည်အချင်းတို့ကို အသုံးပြုပုံအပေါ် များစွာသက်ရောက်မှုရှိပါလိမ့်မည်။ ‘ဘုရားသခင်ဝတ်၌မွေ့လျော်သော’ အလုပ်များအတွက် အချိန်အနည်းငယ်သာပေးပြီး ဘဝလိုအပ်ရာများ၊ အပျော်အပါးနှင့် ရုပ်ပစ္စည်းလိုက်စားမှုတွင်သာ အာရုံနှစ်မြှုပ်ထားခြင်းမဖြစ်သင့်ပေ။ လက်ရှိအသက်တာကိုသာ အာရုံစိုက်ခြင်းဖြင့် အကျိုးရကောင်းရမည်ဖြစ်သော်လည်း ယင်းတို့သည် ခေတ္တသာဖြစ်ပါလိမ့်မည်။ မြေကြီးပေါ်တွင် ဘဏ္ဍာဆည်းပူးမည့်အစား ယေရှုမိန့်ဆိုသကဲ့သို့ “ကောင်းကင်ဘုံ၌ဘဏ္ဍာကို ဆည်းပူး” ခြင်းက သာ၍ပညာရှိရာရောက်သည်။—မဿဲ ၆:၁၉၊ ၂၀

အနာဂတ်အတွက် အကြီးအကျယ်စီမံကိန်းဆွဲထားသော လူတစ်ဦးအကြောင်းပုံဥပမာတွင် ထိုအချက်ကို ယေရှု အလေးပေးဖော်ပြသည်။ ထိုစီမံကိန်းများဆွဲရာတွင် ဘုရားသခင်ကို သူလုံးဝထည့်မစဉ်းစားခဲ့ပေ။ သူ၏လယ်မြေသည် အလွန်သီးပွင့်ဖြစ်ထွန်းသည်။ ထို့ကြောင့် တစ်သက်လုံး စားသောက်ပျော်မွေ့ကာ စည်းစိမ်ခံစားနိုင်ရန် ကျီအဟောင်းများကိုဖျက်ပြီး ပိုကြီးသောကျီများကိုဆောက်ဖို့ သူဆုံးဖြတ်ခဲ့သည်။ သို့သော် သူ ဘာဖြစ်သွားသနည်း။ သူ့လုပ်ဆောင်မှု၏ အကျိုးရလဒ်များကို မခံစားရမီ သေဆုံးသွားသည်။ ပိုဆိုးသည်မှာ သူသည် ဘုရားသခင်နှင့်ဆက်ဆံရေးကောင်း မရှိခြင်းပင်ဖြစ်၏။ ထို့ကြောင့် ယေရှုက “ကိုယ်အဖို့ဘဏ္ဍာများကိုဆည်းပူး၍ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူမည်သည်ကား ထိုသူဌေးနှင့်တူသည်” ဟုနိဂုံးချုပ်ခဲ့သည်။—လုကာ ၁၂:၁၅-၂၁; သု. ၁၉:၂၁

သင်ဘာလုပ်နိုင်သနည်း

ယေရှု၏ဥပမာထဲမှ ထိုသူဌေးပြုခဲ့သည့်အမှားမျိုး မပြုမိပါစေနှင့်။ အနာဂတ်အတွက် ဘုရားသခင့်ရည်ရွယ်ချက်ကို ရှာဖွေပြီး ယင်းအပေါ်တွင် သင့်အသက်တာကို တည်ဆောက်ပါ။ ဘုရားသခင်သည် မိမိပြုလုပ်မည့်အရာများကို လူတို့အား အသိမပေးဘဲမနေပေ။ ‘အကယ်စင်စစ် အရှင်ထာဝရဘုရားသခင်သည် မိမိကျွန်ပရောဖက်တို့အားမဖော်မပြဘဲ အဘယ်အမှုကိုမျှစီရင်တော်မမူ’ ဟုရှေးပရောဖက်အာမုတ် ရေးသားခဲ့သည်။ (အာမုတ် ၃:၇) ပရောဖက်များမှတစ်ဆင့် ယေဟောဝါဖော်ပြခဲ့ရာများကို ကိုယ်တော့်မှုတ်သွင်းခံ သမ္မာကျမ်းစာတွင် ယနေ့ သင်တွေ့ရှိနိုင်ပါသည်။—၂ တိမောသေ ၃:၁၆၊ ၁၇

တစ်ခါမျှမဖြစ်ခဲ့ဖူးသည့်အတိုင်းအတာဖြင့် တစ်ကမ္ဘာလုံးကိုထိခိုက်မည့်အရာတစ်ခု အနာဂတ်တွင်ဖြစ်ပျက်လာမည်ဟု ကျမ်းစာကဖော်ပြသည်။ ‘ကမ္ဘာဦးမှစ၍ မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဆင်းရဲခြင်းသည် ထိုကာလ၌ဖြစ်လိမ့်မည်’ ဟုယေရှုမိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၂၁) ယင်းကို မည်သည့် လူသားမျှ မတားဆီးနိုင်ပါ။ အမှန်မှာ၊ စစ်မှန်သောဝတ်ပြုသူများသည် ယင်းကို လုံးဝမတားဆီးလိုကြပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယင်းသည် ကမ္ဘာပေါ်ရှိ ဆိုးယုတ်မှုမှန်သမျှကို ဖယ်ရှားပစ်ပြီး “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ဖြစ်သော ကောင်းကင်အုပ်ချုပ်ရေးသစ်နှင့် မြေကြီးလူ့အဖွဲ့အစည်းသစ်ကို ဆောင်ကြဉ်းပေးမည်ဖြစ်သောကြောင့်တည်း။ ထိုကမ္ဘာသစ်တွင် ဘုရားသခင်သည် လူတို့၏ “မျက်စိ၌ မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။”—ဗျာ. ၂၁:၁-၄

ထိုဖြစ်ရပ်များနှင့်ပတ်သက်၍ ကျမ်းစာမိန့်ဆိုရာများကို ယခုပင် အချိန်ယူဆန်းစစ်သင့်သည်မဟုတ်လော။ ထိုသို့ပြုလုပ်ရာတွင် သင် အကူအညီလိုသလော။ ယေဟောဝါသက်သေများထံတွင် အကူအညီတောင်းပါ။ သို့မဟုတ် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ စာရေးပါ။ အရေးကြီးဆုံးကား လက်ရှိအတွက်သာမဟုတ်ဘဲ ထူးမြတ်လှသောအနာဂတ်အတွက် အသက်ရှင်ပါလေ။

[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]

“မစိုးရိမ်ကြနှင့်။ . . . နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်”