မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလင်းရှိရာသို့ ခရီးနှင်ခြင်း

အလင်းရှိရာသို့ ခရီးနှင်ခြင်း

အလင်းရှိရာသို့ ခရီးနှင်ခြင်း

မီးပြတိုက်များသည် လူများစွာ၏အသက်ကို ကယ်ဆယ်ခဲ့ပြီ။ သို့သော် မောပန်းနေသောခရီးသွားတစ်ဦးအတွက် အဝေးမှ အလင်းရောင်သည် အန္တရာယ်ကျောက်ဆောင်များရှိကြောင်း သတိပေးရုံထက်မကပေ။ မိမိလိုရာခရီး ရောက်လုနီးပြီဖြစ်ကြောင်းကိုလည်း သိစေသည်။ အလားတူ၊ ယနေ့ ခရစ်ယာန်များလည်း ဘုရားသခင်နှင့်ဆက်ဆံရေးကို ပျက်စီးစေမည့်အန္တရာယ်ရှိသော မှောင်မိုက်လောကကို ဖြတ်သန်းနေရသည်။ ထိုခရီးရှည်၏အဆုံး ရောက်လုနီးပြီ။ သမ္မာကျမ်းစာတွင် ဘုရားသခင်နှင့်ကင်းကွာနေသော လူသားထုကို “မငြိမ်နိုင်ဘဲလှုပ်ရှား၍ ရွှံ့နှင့်အမှိုက်ကိုပက်သော ပင်လယ်ရေ” နှင့်နှိုင်းယှဉ်ထားသည်။ (ဟေရှာယ ၅၇:၂၀) ဘုရားသခင့်လူမျိုးကို ထိုသို့သောဝန်းကျင်က ဝိုင်းရံထားသည်။ သို့သော် သူတို့တွင် ကယ်တင်ခြင်းရမည်ဟူသော တောက်ပသည့်မျှော်လင့်ချက်ရှိသည်။ ယင်းသည် သူတို့အတွက် ယုံကြည်ကိုးစားနိုင်သော ပုံဆောင်အလင်းဖြစ်သည်။ (မိက္ခာ ၇:၈) ယေဟောဝါနှင့် ကိုယ်တော်၏နှုတ်မြွက်တော်ကြောင့် “အလင်းသည် တရားသောသူအဖို့၊ ဝမ်းမြောက်ခြင်းသည် သဘောဖြောင့်သောသူတို့အဖို့ ပျိုးကြဲလျက်ရှိ၏။”—ဆာလံ ၉၇:၁၁ *

သို့သော် ခရစ်ယာန်အချို့သည် အာရုံပျံ့လွင့်စရာများကြောင့် ယေဟောဝါ၏အလင်းမှ သွေဖည်သွားကြသည်။ ရုပ်ဝါဒလိုက်စားခြင်း၊ အကျင့်ပျက်ခြင်း၊ အယူဖောက်ပြန်ခြင်းကဲ့သို့သော လှည့်စားတတ်သောကျောက်ဆောင်များကြောင့် ယုံကြည်ခြင်းသင်္ဘောပျက်ခဲ့ကြသည်။ မှန်ပါသည်၊ ပထမရာစုတွင်ကဲ့သို့ပင် ယနေ့လည်း အချို့သူတို့သည် “ယုံကြည်ခြင်းသင်္ဘောပျက်၍ ဆုံးရှုံး ကြပြီ။” (၁ တိမောသေ ၁:၁၉; ၂ ပေတရု ၂:၁၃-၁၅၊ ၂၀-၂၂) ကမ္ဘာသစ်သည် ကျွန်ုပ်တို့ဦးတည်သွားနေသော ဆိပ်ကမ်းမြို့နှင့်တူသည်။ ထိုနေရာသို့ရောက်လုနီးပြီဖြစ်ရာ ယခုအချိန်တွင် ယေဟောဝါ၏မျက်နှာသာကို ဆုံးရှုံးခြင်းသည် ဝမ်းနည်းဖွယ်ကောင်းလိုက်လေခြင်း။

‘သင့်ယုံကြည်ခြင်းသင်္ဘောပျက်ခြင်းကို’ ရှောင်ပါ

လွန်ခဲ့သောရာစုနှစ်များ၌ သင်္ဘောတစ်စင်းသည် အပြောကျယ်လှသောပင်လယ်ကို ဘေးကင်းစွာဖြတ်သန်းလာသော်လည်း ဆိပ်ကမ်းနားရောက်ခါနီးတွင် ပျက်သွားလေ့ရှိသည်။ ရေလမ်းခရီး၏အလှည့်စားတတ်ဆုံးနေရာမှာ ကမ်းကပ်ခါနီးတွင်ဖြစ်သည်။ အလားတူ လူ့သမိုင်းတစ်လျှောက် အန္တရာယ်အရှိဆုံးကာလမှာ ဤအစီအစဉ်စနစ်၏ “နောက်ဆုံးသောနေ့ရက်များ” ဖြစ်သည်။ ယင်းသည် အထူးသဖြင့် အပ်နှံထားသော ကျေးကျွန်များအတွက် ‘ခဲယဉ်းသောကာလဖြစ်မည်’ ဟုသမ္မာကျမ်းစာက တိကျစွာဖော်ပြသည်။—၂ တိမောသေ ၃:၁-၅သမ္မာ။

ဤနောက်ဆုံးကာလသည် အဘယ်ကြောင့် အလွန်ခက်ခဲသနည်း။ ဘုရားသခင့်လူမျိုးကို တိုက်ခိုက်ရန် “ကာလတစ်ခဏသာရှိသည်ကို” စာတန်သိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့၏ယုံကြည်ခြင်းပျက်ပြားစေရန် ရက်စက်သောတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်လျက်ရှိသည်။ (ဗျာ. ၁၂:၁၂၊ ၁၇) သို့သော် ကျွန်ုပ်တို့သည် ကူရာမဲ့ကာ လမ်းညွှန်မှုမရှိဘဲမဖြစ်ပေ။ ယေဟောဝါသည် မိမိသွန်သင်ချက်ကို လိုက်နာသူတို့၏ခိုလှုံရာ ဖြစ်မြဲဖြစ်နေသည်။ (၂ ဓမ္မရာဇဝင် ၂၂:၃၁) စာတန်၏ကောက်ကျစ်စဉ်းလဲသော နည်းပရိယာယ်များကို ဖော်ထုတ်သည့် သတိပေးပုံနမူနာများကို ကိုယ်တော်ပေးထားသည်။ ကတိထားရာပြည်သို့ဝင်ခါနီးနေသော ဣသရေလလူမျိုးတို့နှင့်ပတ်သက်သည့် နမူနာနှစ်ခုကို သုံးသပ်ကြည့်ကြစို့။—၁ ကောရိန္သု ၁၀:၁၁; ၂ ကောရိန္သု ၂:၁၁

ကတိထားရာပြည်အနီးတွင်

ဣသရေလလူမျိုးသည် မောရှေ၏ဦးဆောင်မှုဖြင့် အီဂျစ်ပြည်မှ လွတ်မြောက်ခဲ့ကြသည်။ မကြာမီ ကတိထားရာပြည်၏တောင်ဘက်နယ်စပ်နား ရောက်ရှိလာကြသည်။ မောရှေသည် သူလျှို ၁၂ ဦးကိုစေလွှတ်ကာ ပြည်ကိုစုံစမ်းစေသည်။ ယုံကြည်ခြင်းကင်းမဲ့သော သူလျှိုဆယ်ဦးသည် စိတ်ပျက်စရာသတင်းကို သယ်ဆောင်လာကြ၏။ ခါနာန်လူတို့သည် “အလွန်အရပ်မြင့်” ပြီး စစ်အင်အားတောင့်တင်းသောကြောင့် သူတို့ကို ဣသရေလလူတို့အောင်နိုင်မည်မဟုတ်ဟု ကြားပြောကြသည်။ ယင်းက ဣသရေလလူတို့ကို မည်သို့ဖြစ်စေသနည်း။ ‘ငါတို့သည် ဓားဖြင့်သေ၍ သားမယားတို့သည် ရန်သူလက်သို့ရောက်စေခြင်းငှာ ထာဝရဘုရားသခင်သည် အဘယ်ကြောင့် ငါတို့ကို ဤအရပ်သို့ဆောင်ခဲ့တော်မူသနည်း။ . . . လူတစ်စုံတစ်ယောက်ကို ချီးမြှောက်၍ အဲဂုတ္တုပြည်သို့ပြန်ကြစို့’ ဟုဆိုလျက် မောရှေနှင့်အာရုန်ကို ပြစ်တင်မြည်တမ်းသည်ဟု မှတ်တမ်းကဆို၏။—တောလည်ရာ ၁၃:၁၊ ၂၊ ၂၈-၃၂; ၁၄:၁-၄

စဉ်းစားကြည့်ပါ။ ယေဟောဝါသည် ကပ်ဘေးကြီးဆယ်ခုအပြင် ပင်လယ်နီတွင် အံ့ဖွယ်အမှုဖြင့် ထိုအချိန်က ကမ္ဘာ့အင်ပါယာဖြစ်သော အီဂျစ်ကိုရှုတ်ချခဲ့ကြောင်း ထိုလူမျိုး မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်။ ကတိထားရာပြည်သည် သူတို့ရှေ့ လက်တစ်ကမ်းတွင်သာရှိသည်။ ထို့ကြောင့် သင်္ဘောတစ်စီးသည် အလင်းရှိရာသို့ ဦးတည်သွားသကဲ့သို့ သူတို့လည်းသွားဖို့ဖြစ်သည်။ သို့သော် သေးနုပ်သော၊ ကွဲပြားနေသောခါနာန်ပြည်ကို ယေဟောဝါမဖျက်ဆီးနိုင်ဟု သူတို့ယုံကြည်နေကြသည်။ ထိုယုံကြည်ခြင်းမဲ့သောတုံ့ပြန်မှုက ခါနာန်လူတို့သည် “ငါတို့စားစရာဖို့ဖြစ်ကြ၏” ဟုဆိုသော ရဲရင့်သည့်သူလျှိုနှစ်ဦးဖြစ်သူ ယောရှုနှင့်ကာလက်အပြင် ဘုရားသခင်ကို အလွန်စိတ်ပျက်စေမည်ပင်။ ယောရှုနှင့်ကာလက်သည် ခါနာန်ပြည်တစ်လျှောက် သွားလာခဲ့သဖြင့် ကိုယ်တွေ့သိခဲ့ခြင်းဖြစ်သည်။ လူတို့သည် ကတိထားရာပြည်သို့မဝင်ရသောအခါ သူတို့နှင့်အတူ ယောရှုနှင့်ကာလက်သည် တောထဲတွင် ဆယ်စုနှစ်များစွာ ဆက်၍လှည့်လည်ခဲ့သော်လည်း ယုံကြည်ခြင်းမဲ့သူများနည်းတူ မသေဆုံးခဲ့ကြပါ။ ယောရှုနှင့်ကာလက်သည် နောက်လူမျိုးဆက်ကို ကတိထားပြည်သို့ ဦးဆောင်ခေါ်သွားခဲ့သည်။ (တောလည်ရာ ၁၄:၉၊ ၃၀) ဤတစ်ကြိမ်တွင် ဣသရေလလူတို့သည် စမ်းသပ်မှုနောက်တစ်မျိုးနှင့် ရင်ဆိုင်ခဲ့ရသည်။ သူတို့အခြေအနေ မည်သို့ရှိမည်နည်း။

မောဘဘုရင်ဗာလက်သည် အယူမှားပရောဖက်ဗာလမ်ကိုငှားပြီး ဣသရေလလူတို့ကို ကျိန်ဆဲစေသည်။ သို့သော် ကျိန်ခြင်းအစား ကောင်းချီးပေးစေခြင်းဖြင့် ထိုအကြံအစည်ကို ယေဟောဝါတားဆီးခဲ့သည်။ (တောလည်ရာ ၂၂:၁-၇; ၂၄:၁၀) ဗာလမ်သည် စိတ်မပျက်ဘဲ ဆိုးယုတ်သော နောက်အကြံအစည်တစ်ခုကို ကြံစည်လေ၏။ ယင်းသည် ဘုရားသခင့်လူမျိုးကို ကတိထားရာပြည်ထဲသို့ဝင်ရန် အရည်အချင်းမပြည့်မီစေဖို့ဖြစ်သည်။ မည်သို့အားဖြင့်နည်း။ ကိုယ်ကျင့်တရားပျက်ပြားမှုနှင့် ဗာလဝတ်ပြုမှုသို့ သက်ဆင်းစေခြင်းဖြင့်ဖြစ်သည်။ ခြုံပြောရလျှင် ထိုအကြံအစည် မအောင်မြင်ခဲ့သော်လည်း ယင်းကြောင့် ဣသရေလလူမျိုး ၂၄,၀၀၀ ခန့်သေဆုံးခဲ့ရသည်။ သူတို့သည် မောဘအမျိုးသမီးများနှင့် မတရားမေထုန်ပြုပြီး ဗာလပေဂုရကို ဆည်းကပ်ခဲ့ကြသည်။—တောလည်ရာ ၂၅:၁-၉

ထိုအချက်ကို စဉ်းစားကြည့်ပါ။ ထိုလူမျိုးမှအများစုသည် “ကြောက်မက်ဖွယ်. . . တောကြီးအလယ်” တွင် သူတို့ကို ဘေးမသီရန်မခဘဲ ယေဟောဝါ ခေါ်ဆောင်လာကြောင်း မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြသည်။ (တရားဟောရာ ၁:၁၉) သို့တိုင် သူတို့၏အမွေမြေထဲဝင်ခါနီးတွင် ၂၄,၀၀၀ ခန့်သည် သွေးသားဆန္ဒကို အရှုံးပေးပြီး ယေဟောဝါလက်တော်ဖြင့် သေဆုံးခဲ့ကြရသည်။ ယင်းက ယနေ့ သာ၍ကြီးမြတ်သောအမွေမြေထဲ ဝင်လုဆဲဆဲ ယေဟောဝါလူမျိုးအတွက် အမှန်ပင် သတိပေးပုံနမူနာဖြစ်သည်။

စာတန်သည် ယေဟောဝါ၏မျက်မှောက်ခေတ်ကျေးကျွန်များကို သူတို့၏ဆုလာဘ်မရရှိစေရန် နောက်ဆုံးကြိုးစားရာတွင် နည်းစနစ်အသစ်များ မလိုပေ။ ကတိထားရာပြည်သို့ ဣသရေလလူမျိုး ပထမအကြိမ်သွားစဉ်က အသုံးပြုခဲ့သောနည်းစနစ်အတိုင်း စာတန်သည် ခြိမ်းခြောက်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ ကဲ့ရဲ့လှောင်ပြောင်မှု စသည်တို့ဖြင့် ကြောက်စိတ်၊ သံသယစိတ်များဝင်လာစေသည်။ ခရစ်ယာန်အချို့သည် ထိုသို့သောအရာများကြောင့် အရှုံးပေးခဲ့ကြ၏။ (မဿဲ ၁၃:၂၀၊ ၂၁) အောင်မြင်သော နောက်နည်းပရိယာယ်တစ်ခုမှာ အကျင့်ပျက်ပြားစေခြင်းဖြစ်သည်။ တစ်ခါတစ်ရံ မကောင်းသောရည်ရွယ်ချက်ဖြင့် ခရစ်ယာန်အသင်းတော်အတွင်း ဝင်လာသူတို့သည် ဘုရားသခင်နှင့် ဆက်ဆံရေးမကောင်းသူများ၊ ဘုရားသခင်ထံမှအလင်းနှင့်အညီ ယုံကြည်စိတ်ချစွာ မလျှောက်လှမ်းသူများကို အကျင့်ပျက်စေခဲ့ကြပြီ။—ယုဒ ၈၊ ၁၂-၁၆

ဘုရားသခင်နှင့်ဆက်ဆံရေး အလွန်ကောင်းပြီး ကိုယ်တော့်သတိပေးချက်များကို လိုက်နာရာတွင် နိုးကြားသူများအတွက်မူ လောကတွင် ကိုယ်ကျင့်တရား တစ်ဟုန်ထိုးကျဆင်းခြင်းသည် စာတန် အလွန်အမျက်ထွက်နေကြောင်းဖော်ပြသည့် အထောက်အထားဖြစ်၏။ မှန်ပါသည်၊ ဘုရားသခင့်သစ္စာရှိကျေးကျွန်များကို မကြာမီ ထိခိုက်နိုင်တော့မည်မဟုတ်ကြောင်း စာတန်သိသည်။ ထို့ကြောင့် ဤအချိန်သည် စာတန့်တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် ဘုရားသခင့်သတိပေးချက်များကိုနိုးနိုးကြားကြား လိုက်နာနေရမည့်အချိန် ဖြစ်ပေသည်။

ဘုရားသခင့်သတိပေးချက်များကို နိုးနိုးကြားကြား လိုက်နာစေသည့် အထောက်အကူများ

တမန်တော်ပေတရုသည် ဘုရားသခင့်ပရောဖက်ပြုစကားတော်ကို “မှောင်မိုက်အရပ်၌ ထွန်းလင်းသောဆီမီး” အဖြစ်ဖော်ပြခဲ့သည်။ အကြောင်းမှာ ယင်းက ခရစ်ယာန်များအား ဘုရားသခင်၏ရည်ရွယ်ချက်များ အကောင်အထည်ပေါ်လာပုံကို နားလည်စေသောကြောင့်ဖြစ်သည်။ (၂ ပေတရု ၁:၁၉-၂၁) ဘုရားသခင့်နှုတ်မြွက်တော်ကို ချစ်မြတ်နိုးသူများ၊ ယင်း၏လမ်းညွှန်မှုခံယူနေသူများသည် မိမိတို့လမ်းခရီးကို ယေဟောဝါပဲ့ပြင်ပေးမည်ဖြစ်ကြောင်း တွေ့ရှိကြသည်။ (သု. ၃:၅၊ ၆) ထိုလေးမြတ်တတ်သူတို့သည် မျှော်လင့်ချက်အပြည့်ဖြင့် “ရွှင်လန်းသောစိတ်နှင့် သီချင်းဆို” ကြမည်ဖြစ်သော်လည်း ယေဟောဝါကိုမသိသူ၊ ကိုယ်တော်၏နည်းလမ်းများကို စွန့်ပစ်သူတို့သည် နောက်ဆုံးတွင် “ဝမ်းနည်း” ပြီး ‘နှလုံးကြေကွဲ’ ကြရမည်။ (ဟေရှာယ ၆၅:၁၃၊ ၁၄) ထို့ကြောင့် ကျမ်းစာကို လုံ့လစိုက်ထုတ်လေ့လာခြင်း၊ သင်ယူသိရှိရာကို လက်တွေ့ကျင့်သုံးခြင်းတို့ဖြင့် လက်ရှိအစီအစဉ်စနစ်၏ တဒင်္ဂအပျော်အပါးများထက် သေချာသောမျှော်လင့်ချက်ကို ကျွန်ုပ်တို့အာရုံစိုက်နိုင်သည်။

ဘုရားသခင့်သတိပေးချက်များကို လိုက်နာရာတွင် နိုးကြားနေရန် ဆုတောင်းဖို့လည်း လိုအပ်၏။ လက်ရှိအစီအစဉ်စနစ်အဆုံးနှင့်ပတ်သက်၍ ယေရှုက “သင်တို့သည် ဖြစ်လတ္တံ့သောအမှုအရာတို့နှင့်ကင်းလွတ်၍ လူသားထံသို့ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း အစဉ် [“တိုးလျှိုးအသနားခံလျက်၊” ကဘ] စောင့်နေကြလော့” ဟုမိန့်ဆိုခဲ့သည်။ (လုကာ ၂၁:၃၄-၃၆) အလွန်စိတ်အားထက်သန်စွာဆုတောင်းခြင်းဖြစ်သော “တိုးလျှိုးအသနားခံ” ဟူသောစကားကို ယေရှုအသုံးပြုခဲ့ကြောင်း သတိပြုပါ။ ဤခဲယဉ်းသောအချိန်တွင် ထာဝရအသက်ဆုံးရှုံးသွားနိုင်ကြောင်း ယေရှုသိသည်။ သင့်ဆုတောင်းချက်များက ဘုရားသခင့်သတိပေးချက်များကို လိုက်နာရာတွင် သင်အလွန်နိုးကြားလိုကြောင်း ဖော်ပြပါသလော။

ကျွန်ုပ်တို့အမွေမြေသို့သွားသည့်ခရီးတွင် အန္တရာယ်အရှိဆုံးအပိုင်းမှာ ခရီးဆုံးချိန်ဖြစ်ကြောင်း မမေ့ကြစို့နှင့်။ ထို့ကြောင့် ကယ်တင်ခြင်းသို့ပို့ဆောင်ပေးနိုင်သော အလင်းကို မျက်ခြည်မပြတ်ရန် အလွန်အရေးကြီးပါသည်။

မီးပြတိုက်အတုများကို သတိပြုလော့

ရွက်သင်္ဘောများခေတ်တွင် လကွယ်ညများကို ကြိုက်နှစ်သက်သော လူဆိုးဓားပြများသည် သင်္ဘောများကို အန္တရာယ်ပြုလေ့ရှိသည်။ ထိုညမျိုးတွင် သင်္ဘောသားများသည် ကမ်းခြေကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ ထိုလူဆိုးများသည် မာလိန်မှူးများကို လမ်းကြောင်းပြောင်းသွားစေဖို့ လှည့်စားရန် အန္တရာယ်ရှိသောကမ်းခြေများတစ်လျှောက် အလင်းရောင်ထွန်းထားပေမည်။ ထိုအခါ လှည့်စားခံရသူများသည် သင်္ဘောပျက်ပြီး ကုန်ပစ္စည်းများ လုယက်ခံရကာ အသက်ဆုံးရှုံးနိုင်သည်။

အလားတူ၊ လှည့်စားတတ်သည့် “လင်းသောကောင်းကင်တမန်” စာတန်သည် စစ်မှန်သောဝတ်ပြုသူများရရှိထားသော ဘုရားသခင်နှင့်ဆက်ဆံရေးကို ဖျက်ဆီးလိုသည်။ သတိမရှိသူများကို လှည့်စားရန် စာတန်သည် ‘တမန်တော်အတုအယောင်’ နှင့် “ဖြောင့်မတ်ခြင်းတရားကိုဟောသော” အယူဖောက်ပြန်သူများကို အသုံးပြုပေမည်။ (၂ ကောရိန္သု ၁၁:၁၃-၁၅) သို့သော် သတိရှိပြီး အတွေ့အကြုံရင့်ကျက်သော မာလိန်မှူးနှင့်သင်္ဘောသားများသည် လှည့်စားတတ်သောမီးပြတိုက်များ၏ လှည့်ဖြားမှုခံရရန် အကြောင်းနည်းသည်။ ထိုနည်းတူ “ကိုယ့်အာရုံများကိုအသုံးပြုတတ်သဖြင့် အလေ့အကျင့်ရှိ၍ ကောင်းမကောင်းကို ပိုင်းခြားသိနိုင်သော” ခရစ်ယာန်များသည် မှားယွင်းသောသွန်သင်ချက်များနှင့် ထိခိုက်စေသောအတွေးအခေါ်များကို မြေတောင်မြှောက်ပေးသူတို့၏ လှည့်ဖြားမှုမခံရကြချေ။—ဟေဗြဲ ၅:၁၄သမ္မာ; ဗျာ. ၂:၂

သင်္ဘောသားများသည် လမ်းတစ်လျှောက်တွေ့ရမည့် မီးပြတိုက်စာရင်းကို ယူဆောင်လာကြသည်။ စာရင်းတွင် မီးပြတိုက်တစ်ခုစီ၏ အချက်ပြပုံများအပါအဝင် ထူးခြားချက်များကို ဖော်ပြထားသည်။ ကမ္ဘာ့စွယ်စုံကျမ်းက ဤသို့ဆို၏– “သင်္ဘောသားများသည် မီးပြတိုက်တစ်ခု၏ ထူးခြားချက်များကို ဂရုပြုလေ့လာခြင်း၊ မီးပြတိုက်စာရင်းများကို စေ့စေ့စပ်စပ်လေ့လာခြင်းဖြင့် မည်သည့်နေရာတွင် မည်သည့်မီးပြတိုက် တွေ့ရမည်ကို ဆုံးဖြတ်ကြသည်။” အလားတူ၊ ဘုရားသခင့်နှုတ်မြွက်တော်သည် စိတ်ရိုးဖြောင့်သူများအား စစ်မှန်သောဝတ်ပြုရေးနှင့် ယင်းကိုလိုက်စားသူများကို ခွဲခြားသိရှိစေနိုင်သည်။ အထူးသဖြင့် ယေဟောဝါသည် ဤနောက်ဆုံးကာလအတွင်း စစ်မှန်သောဝတ်ပြုရေးကို မှားယွင်းသောဘာသာရေးများအထက် မြှင့်တင်ချိန်တွင်ဖြစ်သည်။ (ဟေရှာယ ၂:၂၊ ၃; မာလခိ ၃:၁၈) စစ်မှန်သောဝတ်ပြုရေးနှင့် မှားယွင်းသောဝတ်ပြုရေး၏ အကြီးအကျယ်ခြားနားမှုကို ဟေရှာယ ၆၀:၂၊ ၃ တွင် ဤသို့ဆို၏– ‘ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကိုဖုံးလွှမ်းလိမ့်မည်။ ထူထပ်သောမှောင်မိုက်သည် လူများကိုဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း သင်၏အပေါ်မှာ ထာဝရဘုရားသခင်သည် ပေါ်ထွန်းတော်မူ၍ တန်ခိုးတော်သည် သင်၏အပေါ်မှာ ထင်ရှားလျက်ရှိလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် သင်၏အလင်းသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည် သင်၌ပေါ်ထွန်းခြင်းအရောင်သို့လည်းကောင်း လာကြလိမ့်မည်။’

တိုင်းနိုင်ငံအားလုံးမှ လူသန်းပေါင်းများစွာသည် ယေဟောဝါထံမှအလင်း၏လမ်းညွှန်မှုကို ဆက်၍ခံယူနေသောကြောင့် ခရီးဆုံးပန်းတိုင်ရောက်ခါနီးတွင် ယုံကြည်ခြင်းသင်္ဘော ပျက်ကြမည်မဟုတ်ချေ။ ယင်းအစား လက်ရှိအစီအစဉ်စနစ်၏ နောက်ဆုံးနေ့ရက်များတစ်လျှောက် ဘေးကင်းစွာဖြတ်သန်းနိုင်ပြီး လုံခြုံရာအရပ်ဖြစ်သောကမ္ဘာသစ်အတွင်း ဝင်ရောက်နိုင်မည်ဖြစ်ပေသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 သမ္မာကျမ်းစာတွင် “အလင်း” ကိုပုံဆောင်သဘောဖြင့် အမျိုးမျိုးအသုံးပြုသည်။ ဥပမာ၊ ဘုရားသခင်ကို အလင်းနှင့်ဆက်စပ်ထားသည်။ (ဆာလံ ၁၀၄:၁၊ ၂; ၁ ယောဟန် ၁:၅) ဘုရားသခင်၊ ကိုယ်တော့်ရည်ရွယ်ချက်များနှင့်ပတ်သက်သော အကြောင်းအရာကို အလင်းနှင့်နှိုင်းယှဉ်ထားသည်။ (ဟေရှာယ ၂:၃-၅; ၂ ကောရိန္သု ၄:၆) မြေကြီးပေါ်အမှုဆောင်ချိန်အတွင်း ယေရှုသည် အလင်းဖြစ်၏။ (ယောဟန် ၈:၁၂; ၉:၅; ၁၂:၃၅) ယေရှု၏နောက်လိုက်များလည်း အလင်းထွန်းလင်းရန် မိန့်မှာခံရသည်။—မဿဲ ၅:၁၄၊ ၁၆

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

သင်္ဘောသားများကဲ့သို့ပင် ခရစ်ယာန်များသည် မီးပြတိုက်အတုများ၏လှည့်ဖြားမှုမခံရရန် သတိပြုကြ