မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အံ့ဩစရာကောင်းတဲ့ သူ့ရဲ့စိတ်ပိုင်းဖြတ်ချက်ကို ကျွန်တော်လေးစားမိတယ်”

“အံ့ဩစရာကောင်းတဲ့ သူ့ရဲ့စိတ်ပိုင်းဖြတ်ချက်ကို ကျွန်တော်လေးစားမိတယ်”

“အံ့ဩစရာကောင်းတဲ့ သူ့ရဲ့စိတ်ပိုင်းဖြတ်ချက်ကို ကျွန်တော်လေးစားမိတယ်”

စာပေအရေးအသားကြောင့် ၁၉၉၉ ခုနှစ်တွင် နိုဗယ်လ်ဆုရခဲ့သော ဂျာမန်စာရေးဆရာ ဂူန်တာဂရာ့စ်သည် သူ၏ဘဝအတ္ထုပ္ပတ္တိကို ၂၀၀၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် ဂျာမန်ပြည်သူ့ကာကွယ်ရေးတပ်၌ စစ်မှုထမ်းခဲ့သည့်အချိန်အကြောင်း သူဖော်ပြခဲ့သည်။ ယင်းတွင် အနှစ် ၆၀ ကျော်ကြာခဲ့ပြီဖြစ်သော်လည်း သူယခုထိမမေ့သေးသော လူတစ်ယောက်အကြောင်း ရေးထားသည်။ ထိုသူသည် နှိပ်စက်ညှဉ်းပန်းခံရသည့်ကြားမှ ယုံကြည်ခြင်းအတွက် မားမားမတ်မတ်ရပ်တည်ခဲ့သူဖြစ်၏။

ဂျာမန်နေ့စဉ်သတင်းစာတစ်စောင်တွင် ဂရာ့စ်ကို လူတွေ့မေးမြန်းခဲ့ရာ လက်နက်ကိုင်ရန်ငြင်းဆိုခဲ့သော ထိုလူထူးလူဆန်းအကြောင်း ပြန်ပြောပြခဲ့သည်။ “သူက ယေဟောဝါသက်သေတစ်ယောက်ဖြစ်ပြီး နာဇီဝါဒ၊ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ တစ်ခုကိုမှ မထောက်ခံဘူး” ဟုဂရာ့စ်ပြောပြ၏။ ထိုသက်သေခံ၏အမည်ကို ဂရာ့စ်မမှတ်မိတော့ပေ။ သူ့ကို ‘ကျွန်တော်တို့ အဲဒါတွေကိုမလုပ်ဘူး’ ဟုအဓိပ္ပာယ်ရသော ဂျာမန်အမည်ပေးထားသည်။ အကြောင်းမှာ ယေဟောဝါသက်သေများသည် စစ်နှင့်ပတ်သက်သောကိစ္စများတွင် မပါဝင်သောကြောင့်ဖြစ်၏။ ထိုသူမှာ ယိုအာကင်မ်အယ်လ်ဖာမန်ဖြစ်ကြောင်း ယေဟောဝါသက်သေများ သိရှိခဲ့သည်။ သူသည် အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံရ၊ အရှက်ခွဲခံရပြီးနောက် တိုက်ပိတ်ခံရသည်။ သို့သော် အယ်လ်ဖာမန်သည် ဆက်လက်တည်ကြည်ပြီး လက်နက်ကိုင်ရန် ငြင်းဆိုခဲ့သည်။

“အံ့ဩစရာကောင်းတဲ့  သူ့ရဲ့စိတ်ပိုင်းဖြတ်ချက်ကို ကျွန်တော်လေးစားမိတယ်။ အဲဒါတွေကို သူ ဘယ်လိုခံရပ်နိုင်သလဲ၊ ဘာကြောင့် သူ အဲဒီလိုလုပ်နိုင်တာလဲလို့ စဉ်းစားမိတယ်” ဟုဂရာ့စ်ပြောခဲ့သည်။ အယ်လ်ဖာမန်သည် ဘုရားသခင်အပေါ် သူ၏သမာဓိကို ချိုးဖျက်ရန်ရည်ရွယ်သော ကြိုးပမ်းမှုများကို ခံရပ်ပြီး နောက်ဆုံး ၁၉၄၄၊ ဖေဖော်ဝါရီလတွင် ရှတွတ်ဟော့ဖ်ချွေးတပ်စခန်းသို့ အပို့ခံခဲ့ရသည်။ ၁၉၄၅၊ ဧပြီလတွင် လွတ်လာပြီးနောက် စစ်အတွင်း၌လည်းမသေဘဲ အသက်ရှင်ကျန်ရစ်ခဲ့သည်။ ၁၉၉၈ တွင် သူသေဆုံးချိန်အထိ ယေဟောဝါသက်သေတစ်ဦးအဖြစ် သစ္စာတည်ကြည်ခဲ့သည်။

ဂျာမနီနိုင်ငံနှင့် နာဇီတို့စိုးမိုးခဲ့သောနိုင်ငံများတွင် ယုံကြည်ခြင်းကြောင့် ရက်စက်ကြမ်းကြုတ်မှုများကို တွေ့ ကြုံခံစားခဲ့ရသော သက်သေခံ ၁၃,၄၀၀ တို့တွင် အယ်လ်ဖာမန်လည်း တစ်ဦးအပါအဝင်ဖြစ်၏။ သူတို့သည် နိုင်ငံရေးတွင်ကြားနေပြီး လက်နက်ကိုင်ရန်ငြင်းဆိုခြင်းဖြင့် ကျမ်းစာညွှန်ကြားချက်ကို လိုက်လျှောက်ခဲ့ကြသည်။ (မဿဲ ၂၆:၅၂; ယောဟန် ၁၈:၃၆) သက်သေခံ ၄,၂၀၀ ခန့်သည် ချွေးတပ်စခန်းများတွင် အချုပ်ခံရပြီး ၁,၄၉၀ သည် အသက်ဆုံးရှုံးခဲ့ရ၏။ ယနေ့တွင်ပင် ယေဟောဝါသက်သေမဟုတ်သူများစွာသည် သူတို့၏ရပ်တည်မှုကို လေးစားပြီး အသိအမှတ်ပြုခဲ့ကြပြီ။

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

ယိုအာကင်မ်အယ်လ်ဖာမန်