မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘စိတ်နှိမ့်ချခြင်းကို ယူတင်ဝတ်ဆောင်ကြလော့’

‘စိတ်နှိမ့်ချခြင်းကို ယူတင်ဝတ်ဆောင်ကြလော့’

‘စိတ်နှိမ့်ချခြင်းကို ယူတင်ဝတ်ဆောင်ကြလော့’

သူသည် ထင်ရှားသောမြို့တစ်မြို့မှဖြစ်၏။ ရောမနိုင်ငံသားတစ်ဦးအဖြစ် မွေးဖွားခဲ့ပြီး လူသိများသောမိသားစုတစ်စုမှ ဖြစ်ပုံရသည်။ ရှောလုဖြစ်သောထိုပုဂ္ဂိုလ်သည် အေဒီပထမရာစုတွင် ရနိုင်သော အကောင်းဆုံးပညာရေးတချို့ကို ဆည်းပူးခဲ့ပြီး အနည်းဆုံး ဘာသာစကားနှစ်မျိုးပြောတတ်သည့်အပြင် ဖာရိရှဲဟုခေါ်သော လူသိများသည့်ဂျူးဘာသာရေးအုပ်စုမှ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။

ရှောလုသည် သာမန်လူတို့ကို အထင်သေးခဲ့ဖူးမည်ဖြစ်ပြီး သူ၏ဖြောင့်မတ်မှုအတွက် ဝင့်ဝါခဲ့မည်ဖြစ်သည်။ (လုကာ ၁၈:၁၁၊ ၁၂; တမန်တော် ၂၆:၅) ရှောလု၏လုပ်ဖော်ဆောင်ဖက်ဖာရိရှဲများက မိမိတို့သည် အခြားသူတို့ထက် သာလွန်သည်ဟု ယူမှတ်ကာ ထင်ပေါ်ကျော်ကြား၊ အရေးပါသူဟုအထင်ရောက်စေသည့် ဘွဲ့ထူးဘွဲ့မြတ်များကို ကြိုက်နှစ်သက်ကြသည်။ (မဿဲ ၂၃:၆၊ ၇; လုကာ ၁၁:၄၃) ထိုသို့သောသူတို့နှင့်ပေါင်းသင်းခြင်းက ရှောလုအား မာနထောင်လွှားသူဖြစ်စေနိုင်သည်။ သူသည် ခရစ်ယာန်များကို ထက်ထက်သန်သန်နှိပ်စက်ညှဉ်းပန်းသူတစ်ဦးဖြစ်ကြောင်း ကျွန်ုပ်တို့သိကြသည်။ နှစ်များကြာပြီးနောက် တမန်တော်ပေါလုဟုသိလာကြသောအခါ သူက မိမိသည် “ကဲ့ရဲ့သောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူဖြစ်ဖူး” သည်ဟု ပြောခဲ့သည်။—⁠၁ တိမောသေ ၁:၁၃

မှန်ပါသည်၊ ရှောလုသည် ခရစ်ယာန်တစ်ဦး တမန်တော်ပေါလုဖြစ်လာပြီး သူ၏ပင်ကိုစရိုက်သည်လည်း လုံးဝပြောင်းလဲသွားခဲ့သည်။ ခရစ်ယာန်တမန်တော်တစ်ဦးအနေနှင့် သူသည် ‘သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသောသူထက်သာ၍ငယ်သောသူ’ ဖြစ်ကြောင်း နှိမ့်ချစွာပြောခဲ့သည်။ (ဧဖက် ၃:၉) သူသည် အောင်မြင်သောသတင်းကောင်းဟောပြောသူတစ်ဦးဖြစ်ခဲ့သော်လည်း ယင်းအတွက် အနည်းငယ်မျှပင် မိမိကိုမိမိ ဂုဏ်မတင်ခဲ့ပေ။ ယင်းအစား ဂုဏ်တင်မှုအားလုံးကို ဘုရားသခင်အားပေးခဲ့သည်။ (၁ ကောရိန္သု ၃:၅-၉; ၂ ကောရိန္သု ၁၁:၇) ခရစ်ယာန်ချင်းများကို ပေါလုဤသို့အားပေးတိုက်တွန်းခဲ့သည်– “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။”—⁠ကောလောသဲ ၃:၁၂

ယင်းအကြံပေးချက်သည် ကျွန်ုပ်တို့၏ ၂၁ ရာစုတွင် လက်တွေ့ကျပါသလော။ နှိမ့်ချမှုရှိခြင်းသည် အကျိုးရှိပါသလော။ စိတ်နှိမ့်ချခြင်းသည် အမှန်ပင် ခွန်အားရှိခြင်း၏အမှတ်လက္ခဏာဖြစ်နိုင်သလော။

အတိုင်းအဆမဲ့တန်ခိုးနှင့်ပြည့်စုံသော ဖန်ဆင်းရှင်သည် နှိမ့်ချမှုရှိပါသလော

စိတ်နှိမ့်ချခြင်းနှင့်ပတ်သက်သော မည်သည့်ဆွေးနွေးမှုမဆိုတွင် ဘုရားသခင့်ရှုမြင်ချက်ကို ထည့်စဉ်းစားရန် လိုသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကိုယ်တော်သည် ကျွန်ုပ်တို့၏အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်၊ ဖန်ဆင်းရှင်ဖြစ်တော်မူသောကြောင့်ဖြစ်သည်။ ကိုယ်တော်နှင့်ခြားနားလျက် ကျွန်ုပ်တို့သည် မိမိတို့၏ကန့်သတ်ချက်များကို အသိအမှတ်ပြုရကြမည်။ ကျွန်ုပ်တို့သည် ကိုယ်တော့်ကိုမှီခိုရကြသည်။ ဧလိဟုအမည်ရှိ ရှေးပညာရှိတစ်ဦးက ဤသို့ဆိုခဲ့သည်– ‘အကျွန်ုပ်တို့သည် အတိုင်းအဆမဲ့တန်ခိုးရှင်ကို ရှာ၍မတွေ့နိုင်ကြ။ တန်ခိုးကြီးတော်မူ၏။’ (ယောဘ ၃၇:၂၃သမ) ကြီးမားကျယ်ပြောလှသည့်စကြဝဠာကြီးကို စေ့စေ့စဉ်းစားဆင်ခြင်ရုံမျှပြုခြင်းက ကျွန်ုပ်တို့အား နှိမ့်ချမှုရှိစေ၏။ ပရောဖက်ဟေရှာယက ဤသို့ဖိတ်ခေါ်ထားသည်– “အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။”—⁠ဟေရှာယ ၄၀:၂၆

ယေဟောဝါဘုရားသခင်သည် အတိုင်းအဆမဲ့တန်ခိုးရှင်ဖြစ်တော်မူသည့်အပြင် နှိမ့်ချမှုလည်း ရှိတော်မူ၏။ ဘုရင်ဒါဝိဒ်သည် ကိုယ်တော်ထံဤသို့ဆုတောင်းခဲ့သည်– “ကိုယ်တော်သည် ကယ်တင်တော်မူခြင်းဒိုင်းလွှားကိုအပ်၍ သည်းခံ [နှိမ့်ချ] ခြင်းအားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ရောက်ပါ၏။” (၂ ဓမ္မရာဇဝင် ၂၂:၃၆) ဘုရားသခင်နှိမ့်ချမှုရှိသည်ဟု ဆိုနိုင်ရခြင်းမှာ ကိုယ်တော်၏စိတ်တော်နှင့်တွေ့ရန်ကြိုးစားသော နိမ့်ကျသည့်လူသားများကို အရေးထားကာ ကြင်နာမှုပြတော်မူခြင်းကြောင့်ဖြစ်သည်။ ယေဟောဝါသည် ကိုယ်တော်အားကြောက်ရွံ့သူတို့ကို ကြင်နာစွာဆက်ဆံရန် ပုံဆောင်သဘောအရ ကောင်းကင်မှ ကိုယ်ကိုနှိမ့်ချတော်မူသည်ဟု ပြောနိုင်သည်။—⁠ဆာလံ ၁၁၃:၅-၇

ထို့ပြင် ယေဟောဝါသည် မိမိကျေးကျွန်များတွင်ရှိသော စိတ်နှိမ့်ချခြင်းကို တန်ဖိုးထားတော်မူ၏။ တမန်တော်ပေတရုဤသို့ရေးခဲ့သည်– “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။” (၁ ပေတရု ၅:၅) မာနကြီးခြင်းကို ဘုရားသခင် မည်သို့ရှုမြင်သည်နှင့်ပတ်သက်၍ ကျမ်းရေးသူတစ်ဦးက ဤသို့မှတ်ချက်ချခဲ့သည်– ‘မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရားသခင်စက်ဆုပ်ရွံရှာတော်မူ၏။’ (သု. ၁၆:၅) သို့ဆိုလျှင် စိတ်နှိမ့်ချခြင်းသည် ခွန်အားရှိခြင်း၏အမှတ်လက္ခဏာ မည်သို့ ဖြစ်နိုင်သနည်း။

စိတ်နှိမ့်ချခြင်းဟူသည် အဘယ်အရာမဟုတ်

စိတ်နှိမ့်ချခြင်းသည် နိမ့်ကျခြင်းနှင့်မတူပါ။ အချို့သောရှေးယဉ်ကျေးမှုများတွင် စိတ်နှိမ့်ချပုံရသူသည် ခယလွန်းသော၊ စိတ်ညှိုးငယ်သော၊ သနားဖွယ်ကောင်းသော အစေခံကျွန်တစ်ဦးဖြစ်သည်။ ယင်းနှင့်ဆန့်ကျင်လျက် စိတ်နှိမ့်ချခြင်းသည် ချီးမြှောက်ဂုဏ်တင်မှုကိုဖြစ်စေကြောင်း သမ္မာကျမ်းစာက အလေးပေးဖော်ပြထားသည်။ ဥပမာ၊ ပညာရှိတစ်ဦးက ဤသို့ရေးသားခဲ့သည်– ‘စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားသခင်ကိုကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကိုရတတ်၏။’ (သု. ၂၂:၄) ထို့ ပြင် ဆာလံ ၁၃၈:၆ တွင် ဤသို့ဖတ်ရသည်– ‘ထာဝရဘုရားသခင်သည် မြင့်မြတ်တော်မူသော်လည်း စိတ်နှိမ့်ချသောသူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သောသူတို့ကိုကား အဝေးကသိတော်မူ၏။’

နှိမ့်ချသည်ဟုဆိုရာ၌ လူတစ်ဦးသည် အရည်အချင်းများ သို့မဟုတ် အောင်မြင်မှုများမရှိဟု မဆိုလိုပါ။ ဥပမာ၊ ယေရှုခရစ်က မိမိသည် ယေဟောဝါ၏တစ်ပါးတည်းသောသားတော်မဟုတ်ဟူ၍ တစ်ခါမျှမဆိုခဲ့သကဲ့သို့ မြေကြီးပေါ် မိမိ၏ဓမ္မအမှုသည် အရေးမကြီးဟူ၍လည်း တစ်ခါမျှမမိန့်ဆိုခဲ့ပါ။ (မာကု ၁၄:၆၁၊ ၆၂; ယောဟန် ၆:၅၁) သို့တိုင် ယေရှုသည် မိမိ၏လုပ်ဆောင်မှုများကြောင့်ရသော ဂုဏ်တင်ချီးမွမ်းမှုကို ခမည်းတော်အား ပေးခြင်းအားဖြင့်၊ မိမိ၏တန်ခိုးတော်ကို အခြားသူတို့အား ကြီးစိုးရန်နှင့် ဖိနှိပ်ချုပ်ချယ်ရန်မဟုတ်ဘဲ သူတို့ကို ကူညီပေးရန် အသုံးပြုခြင်းအားဖြင့် နှိမ့်ချမှုတင်ပြခဲ့သည်။

ခွန်အားရှိခြင်း၏အမှတ်လက္ခဏာ

ယေရှုခရစ်သည် “အံ့ဖွယ်သောအမှုတို့ကို” ပြုတော်မူသောကြောင့် တစ်ခေတ်တည်းသားတို့သည် ကိုယ်တော်ကို သိလာခဲ့ကြသည်မှာ သံသယရှိစရာမလိုပါ။ (တမန်တော် ၂:၂၂) သို့တိုင် အချို့သူတို့၏အမြင်တွင် ကိုယ်တော်သည် “အနိမ့်ကျဆုံးသူ” ဖြစ်တော်မူ၏။ (ဒံယေလ ၄:၁၇ကဘ) ကိုယ်တော်သည် နှိမ့်ချစွာအသက်ရှင်တော်မူခဲ့သည့်ပြင် စိတ်နှိမ့်ချမှုရှိခြင်း၏တန်ဖိုးကိုလည်း ထပ်ခါတလဲသင်ပေးတော်မူခဲ့သည်။ (လုကာ ၉:၄၈; ယောဟန် ၁၃:၂-၁၆) သို့သော် ကိုယ်တော်၏နှိမ့်ချမှုက ကိုယ်တော်အား ပျော့ညံ့သူမဖြစ်စေခဲ့ပါ။ ကိုယ်တော်သည် ခမည်းတော်၏နာမတော်ကို ကာကွယ်ရာတွင်နှင့် မိမိ၏ဓမ္မအမှုကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ရာတွင် ကြောက်ရွံ့ခြင်းမရှိသူဖြစ်၏။ (ဖိလိပ္ပိ ၂:၆-၈) သမ္မာကျမ်းစာတွင် ယေရှုကို သတ္တိရှိသောခြင်္သေ့အဖြစ် ဖော်ပြထားသည်။ (ဗျာ. ၅:၄) စိတ်နှိမ့်ချခြင်းသည် ကိုယ်ကျင့်တရားကြံ့ခိုင်ခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်ခြင်းနှင့် ဆက်စပ်နေကြောင်း ယေရှု၏ပုံသက်သေကဖော်ပြသည်။

ကျွန်ုပ်တို့သည် စစ်မှန်သောနှိမ့်ချမှုတင်ပြရန် ကြိုးစားသောအခါ စိတ်နှိမ့်ချသောဘဝလမ်းစဉ်ဖြစ်ဖို့ အမှန်တကယ်ကြိုးစားအားထုတ်မှုလိုအပ်သည်ကို သိကြသည်။ ယင်းတွင် အလွယ်ကူဆုံးလမ်းစဉ်ကို လိုက်လျှောက်ခြင်း သို့မဟုတ် ဇာတိစိတ်ထားများကို အညံ့ခံမည့်အစား ဘုရားသခင့်အလိုတော်ကို အမြဲလက်အောက်ခံခြင်း ပါဝင်သည်။ နှိမ့်ချမှုကို ကြိုးစားမွေးမြူရာတွင် ကိုယ်ကျင့်တရားကြံ့ခိုင်မှုလိုအပ်သည်၊ အကြောင်းမှာ ယေဟောဝါ၏အမှုတော်ထမ်းဆောင်ရန်နှင့် အခြားသူတို့၏အကျိုးကို တစ်ကိုယ်ကောင်းမဆန်ဘဲ ထမ်းဆောင်ရန်မှာ မိမိတို့၏အကျိုးကို ဒုတိယနေရာထားဖို့ လိုအပ်သောကြောင့်ဖြစ်သည်။

နှိမ့်ချမှုရှိခြင်း၏အကျိုးကျေးဇူးများ

နှိမ့်ချမှုတွင် မာန်မာနမရှိခြင်း သို့မဟုတ် ဘဝင်မမြင့်ခြင်း ပါဝင်၏။ ယင်းကို ဖော်ပြရန် “စိတ်နှိမ့်ချခြင်း” ဟူသောအသုံးအနှုန်းကို သမ္မာကျမ်းစာက အသုံးပြုထားသည်။ (ဧဖက် ၄:၂) ကျွန်ုပ်တို့၏အားသာချက်များနှင့် အားနည်းချက်များ၊ အောင်မြင်မှုများနှင့် ဆုံးရှုံးမှုများတို့နှင့်ပတ်သက်၍ မိမိတို့ကိုယ်ကို အမှန်အတိုင်းအကဲဖြတ်မည်ဆိုလျှင် နှိမ့်ချမှုရှိသောစိတ်ထားကို မွေးမြူနိုင်သည်။ ယင်းနှင့်ပတ်သက်၍ အကြံဉာဏ်ကောင်းကို ပေါလုဤသို့ရေးသားခဲ့သည်– “ကိုယ်ကိုထင်သင့်သည်အတိုင်းထက်လွန်၍မထင်ဘဲ . . . ကိုယ်ကိုလျောက်ပတ်စွာထင်ရမည်အကြောင်း . . . ငါသည် သင်တို့တွင်ရှိသမျှသောသူတို့ကို မှာထား၏။” (ရောမ ၁၂:၃) ဤအကြံပေးချက်ကို လိုက်လျှောက်သူတိုင်းသည် နှိမ့်ချမှုတင်ပြသူတို့ ဖြစ်ကြသည်။

ကျွန်ုပ်တို့သည် မိမိတို့၏အကျိုးထက် အခြားသူတို့၏အကျိုးကို စိတ်ရင်းမှန်ဖြင့် ဦးစားထားသည့်အခါ နှိမ့်ချမှုရှိကြောင်း တင်ပြရာရောက်၏။ ပေါလုသည် ဘုရားသခင့်တန်ခိုးတော်လှုံ့ဆော်ခြင်းခံရကာ ခရစ်ယာန်များကို ဤသို့တိုက်တွန်းခဲ့သည်– ‘ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောလိုသောစိတ်ရှိ၍ အဘယ်အမှုကိုမျှမပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်ထင်မှတ်ကြလော့။’ (ဖိလိပ္ပိ ၂:၃) ယင်းသည် မိမိနောက်လိုက်များအား ယေရှုမိန့်မှာချက်နှင့် ကိုက်ညီသည်– “သင်တို့တွင်အကြီးဖြစ်သောသူသည် သင်တို့အစေခံဖြစ်ရ၏။ အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်လတ္တံ့။ အကြင်သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့။”—⁠မဿဲ ၂၃:၁၁၊ ၁၂

မှန်ပါသည်၊ ဘုရားသခင်သည် စိတ်နှိမ့်ချသောသူတို့ကို အလွန်တန်ဖိုးထားတော်မူ၏။ တပည့်ဖြစ်သူယာကုပ်က ယင်းအချက်ကို အလေးပေးကာ ဤသို့ရေးခဲ့သည်– “ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။ သို့ပြုလျှင်၊ သင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်။” (ယာကုပ် ၄:၁၀) ဘုရားသခင့်ချီးမြှောက်မှုကို မခံလိုသူ မည်သူရှိမည်နည်း။

စိတ်နှိမ့်ချမှုကင်းမဲ့ခြင်းက အုပ်စုလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ မပြေလည်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကို ဖြစ်စေတတ်သည်။ တစ်ဖက်တွင်မူ စိတ်နှိမ့်ချခြင်းက ရလဒ်ကောင်းများကို ဖြစ်စေတတ်၏။ ကျွန်ုပ်တို့သည် နွေးထွေးသောဘုရားသခင့်မျက်နှာသာတော် ခံစားနိုင်၏။ (မိက္ခာ ၆:၈) စိတ်ငြိမ်သက်မှုကို ခံစားနိုင်သည်၊ အကြောင်းမှာ စိတ်နှိမ့်ချသူတစ်ဦးသည် ထောင်လွှားသူထက် ပျော်ရွှင်မှု၊ ကျေနပ်မှု ပိုရနိုင်သောကြောင့်ဖြစ်သည်။ (ဆာလံ ၁၀၁:၅) မိသားစုများ၊ မိတ်ဆွေများ၊ အလုပ်ဖော်များ၊ အခြားသူများနှင့် ဆက်ဆံရာတွင် အဆင်ပြေချောမွေ့ကာ ပို၍ပျော်မွေ့ဖွယ်ကောင်းလာလိမ့်မည်။ စိတ်နှိမ့်ချသူတို့သည် မကျေမနပ်ဖြစ်ခြင်းနှင့် မရမကတောင်းဆိုခြင်း၊ အလွယ်တကူစိတ်ထိခိုက်သွားစေနိုင်သည့် အပြုအမူ ပြုမူခြင်း၊ စိမ်းကားခြင်း၊ အငြိုးထားခြင်းနှင့် နာကြည်းခြင်းတို့ကို ရှောင်ကြဉ်၏။—⁠ယာကုပ် ၃:၁၄-၁၆

မှန်ပါသည်၊ စိတ်နှိမ့်ချမှုကို ပြုစုပျိုးထောင်ခြင်းသည် အခြားသူတို့နှင့်ကောင်းသောဆက်ဆံရေးကို ထိန်းသိမ်းရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ယင်းက တစ်ကိုယ်ကောင်းဆန်ပြီး ပြိုင်ဆိုင်မှုနှင့်ပြည့်နေသောလောက၏ စိန်ခေါ်ချက်များကို ရင်ဆိုင်ဖြေရှင်းရာတွင် ထောက်ကူပေးနိုင်သည်။ ယခင်က ဘဝင်မြင့်ပြီး မာန်မာနကြီးခဲ့သော တမန်တော်ပေါလုသည် ဘုရားသခင့်အကူအညီဖြင့် အောင်မြင်ကျော်လွှားနိုင်ခဲ့သည်။ ထိုနည်းတူ၊ ကျွန်ုပ်တို့သည် မာန်မာနကြီးစေသော သို့မဟုတ် အခြားသူတို့ထက်သာလွန်သည်ဟု ထင်မြင်စေသော မည်သည့်သဘောထားကိုမဆို ရှောင်ကြဉ်သင့်၏။ “မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏။” (သု. ၁၆:၁၈) ပေါလု၏ပုံသက်သေနှင့် အကြံပေးချက်တို့ကိုလိုက်လျှောက်ခြင်းဖြင့် ‘စိတ်နှိမ့်ချခြင်းကို ယူတင်ဝတ်ဆောင်ခြင်း’ ၏အမြော်အမြင်ရှိမှုကို ကျွန်ုပ်တို့မြင်တွေ့ပါလိမ့်မည်။—⁠ကောလောသဲ ၃:၁၂

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ဘဝင်မြင့်ခြင်းနှင့် မာန်မာနရှိခြင်းကို ပေါလုအောင်မြင်ကျော်လွှားနိုင်ခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

စိတ်နှိမ့်ချမှုရှိခြင်းက အခြားသူများနှင့်ကောင်းသောဆက်ဆံရေးကို ထိန်းသိမ်းထားရန် ကျွန်ုပ်တို့အား ထောက်ကူပေး

[Picture Credit Line on page 5]

Anglo-Australian Observatory/David Malin Images