မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင်၏နက်နဲရာတို့ကို” စူးစမ်းရှာဖွေခြင်း

“ဘုရားသခင်၏နက်နဲရာတို့ကို” စူးစမ်းရှာဖွေခြင်း

“ဘုရားသခင်၏နက်နဲရာတို့ကို” စူးစမ်းရှာဖွေခြင်း

“စွမ်းအားတော်သည် ခပ်သိမ်းသောအရာ၊ ဘုရားသခင်၏နက်နဲရာတို့ကိုပင် စစ်တော်မူ၏။” —⁠၁ ကောရိန္သု ၂:၁၀၊ ကဘ။

၁။ ကျမ်းစာသင်သားအသစ်တို့ကို ရွှင်လန်းစေသည့် သမ္မာကျမ်းစာအမှန်တရားအချို့ကား အဘယ်နည်း။

ခရစ်ယာန်အသင်းတော်ရှိ ကျွန်ုပ်တို့အများစုသည် အမှန်တရားကို ဦးဆုံးသင်ယူသိရှိချိန်က ခံစားခဲ့ရသော ရွှင်လန်းမှုကို ပြန်အမှတ်ရနိုင်ကြသည်။ ယေဟောဝါ၏နာမတော် အဘယ်ကြောင့်အရေးကြီးကြောင်း၊ ဆင်းရဲခက်ခဲမှုကို ကိုယ်တော်ခွင့်ပြုရသည့်အကြောင်း၊ အချို့သူတို့ ကောင်းကင်သို့သွားရသည့်အကြောင်း၊ တည်ကြည်သောကျန်လူသားတို့အတွက် အဘယ်အနာဂတ်ရှိကြောင်းတို့ကို ကျွန်ုပ်တို့သိရှိလာခဲ့ကြသည်။ ယခင်က ကျွန်ုပ်တို့သည် ကျမ်းစာကိုဆန်းစစ်ခဲ့ကြမည်ဖြစ်သော်လည်း လူအများစုကဲ့သို့ပင် ထိုအကြောင်းအရာတို့ကို နားမလည်ခဲ့ကြပါ။ သန္တာကျောက်တန်းကို ရေပေါ်မှနေ၍ စူးစမ်းစိုက်ကြည့်နေသူနှင့် ကျွန်ုပ်တို့တူခဲ့ကြသည်။ အထောက်အကူပစ္စည်းမသုံးပါက ရေမျက်နှာပြင်အောက်ရှိ လှပသည့်အရာများကို အနည်းအကျဉ်းသာ မြင်ရသည်။ သို့သော် ရေငုပ်မျက်မှန် သို့မဟုတ် အောက်ခြေတွင် မှန်တပ်ဆင်ထားသောသင်္ဘောဖြင့် တောက်ပပြီးရောင်စုံဖြစ်သော သန္တာကျောက်တန်းများ၊ ငါးများ၊ ပင်လယ်အနီမိုနီကောင်များနှင့် အခြားစိတ်ဝင်စားဖွယ်သတ္တဝါများကို ဦးဆုံးအကြိမ် စိတ်လှုပ်ရှားစွာ တွေ့မြင်ရမည်ဖြစ်သည်။ အလားတူပင် သမ္မာကျမ်းစာကိုနားလည်ရန် တစ်ဦးတစ်ယောက်က စတင်ကူညီပေးချိန်တွင် “ဘုရားသခင်၏နက်နဲရာတို့” နှင့်ပတ်သက်၍ ဦးဆုံးရိုးရိုးရိပ်ရိပ် မြင်ခဲ့ရကြသည်။—⁠၁ ကောရိန္သု ၂:၈-၁၀

၂။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုလေ့လာခြင်းမှ ခံစားရသည့်ရွှင်လန်းမှုသည် အဘယ်ကြောင့် မကုန်ဆုံးနိုင်သနည်း။

သမ္မာကျမ်းစာအမှန်တရားကို တစ်ချက်တွေ့မြင်ရုံမျှဖြင့် ကျေနပ်သင့်သလော။ “ဘုရားသခင်၏နက်နဲရာတို့” ဟူသောအသုံးအနှုန်းတွင် အခြားသူတို့အဖို့ နားလည်ရန်ခက်ခဲသောအရာကို ဘုရားသခင်၏သန့်ရှင်းသောစွမ်းအားတန်ခိုးဖြင့် ခရစ်ယာန်များအား ဖွင့်လှစ်ဖော်ပြသော ဘုရားသခင်၏ဉာဏ်ပညာကို နားလည်သဘောပေါက်ခြင်းပါဝင်သည်။ (၁ ကောရိန္သု ၂:၇) ဘုရားသခင်၏ဉာဏ်ပညာသည် အတိုင်းအဆမဲ့ဖြစ်သောကြောင့် ကိုယ်တော်၏နည်းလမ်းတော်များကို စူးစမ်းရှာဖွေခြင်းဖြင့် ကြီးစွာသောရွှင်လန်းမှုကို ခံစားရနိုင်သည်။ ဘုရားသခင်၏ဉာဏ်ပညာနည်းလမ်းတော်အားလုံးကို ကျွန်ုပ်တို့ သိရှိနိုင်ကြမည်တော့မဟုတ်ပါ။ ကျွန်ုပ်တို့သည် “ဘုရားသခင်၏နက်နဲရာတို့” ကို ဆက်၍စူးစမ်းရှာဖွေမည်ဆိုပါက သမ္မာကျမ်းစာအခြေခံသွန်သင်ချက်များကို ကျွန်ုပ်တို့ဦးဆုံးသိရှိချိန်တွင် ခံစားခဲ့ရသောရွှင်လန်းမှုမျိုး အမြဲခံစားနိုင်ပါသည်။

၃။ ယုံကြည်ချက်များနှင့်ပတ်သက်သည့် အခြေခံအကြောင်းရင်းကို သေသေချာချာနားလည်သဘောပေါက်ဖို့ အဘယ်ကြောင့်လိုအပ်သနည်း။

ထို ‘နက်နဲရာတို့’ ကိုနားလည်ဖို့ အဘယ်ကြောင့်လိုသနည်း။ ကျွန်ုပ်တို့သည် အဘယ်အရာကိုယုံကြည်သည်ကိုသာမကဘဲ အဘယ်ကြောင့်ယုံကြည်သည်—⁠ယုံကြည်ချက်များနှင့်ပတ်သက်သည့် အခြေခံအကြောင်းရင်း—⁠ကို နားလည်သဘောပေါက်ခြင်းက ယုံကြည်ချက်များအပေါ် ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှု ပို၍ခိုင်ခံ့စေသည်။ “ဘုရားသခင့် အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့ကို သိမှတ်” ရန် ကျွန်ုပ်တို့၏ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို အသုံးပြုဖို့ သမ္မာကျမ်းစာကဆိုထား၏။ (ရောမ ၁၂:၁၊ ၂ကဘ) တစ်စုံတစ်ရာသောလမ်းစဉ်ဖြင့်နေထိုင်ရန် ကျွန်ုပ်တို့အား ယေဟောဝါတောင်းဆိုခြင်းကို နားလည်သဘောပေါက်ခြင်းက ကိုယ်တော်အားနာခံမည်ဟူသည့် ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ခိုင်ခံ့စေသည်။ ထို့ကြောင့် ‘နက်နဲရာတို့’ နှင့်ပတ်သက်သောအသိပညာက တရားမဲ့ပြုမူဖို့သွေးဆောင်ခံရသည့်အခါ ခုခံတွန်းလှန်ရန် ခွန်အားဖြစ်စေနိုင်ပြီး “ကောင်းသောအကျင့်ဘက်၌စိတ်အားကြီး” ရန် လှုံ့ဆော်ပေးနိုင်သည်။—⁠တိတု ၂:၁၄

၄။ ကျမ်းစာလေ့လာမှုပြုခြင်းတွင် အဘယ်အရာပါဝင်ပတ်သက်သနည်း။

နက်နဲရာတို့ကို နားလည်သဘောပေါက်ရန် လေ့လာမှုပြုဖို့လိုသည်။ သို့သော် လေ့လာမှုဟူသည် တစ်စုံတစ်ရာကို အပေါ်ယံဖတ်ရှုခြင်းမျိုး မဟုတ်ပါ။ ကျွန်ုပ်တို့သိရှိထားပြီးသားအချက်နှင့် မည်သို့ဆက်နွှယ်မှုရှိသည်ကို အသေအချာဆန်းစစ်ခြင်း ပါဝင်သည်။ (၂ တိမောသေ ၁:၁၃) ယင်းက အဘယ်ကြောင့်ထိုသို့ဖော်ပြထားရကြောင်းကို ပိုင်းခြားသိမြင်စေသည်။ ကျမ်းစာလေ့လာမှုပြုခြင်းဆိုရာ၌ ပညာရှိဆုံးဖြတ်ချက်များချရာတွင်နှင့် အခြားသူတို့ကိုကူညီပေးရာတွင် ကျွန်ုပ်တို့သိရှိထားရာကို မည်သို့ပြန်လည်အသုံးပြုနိုင်မည်ကို စဉ်းစားဆင်ခြင်ခြင်း ပါဝင်သင့်သည်။ ထို့ပြင် ‘ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူပြီး အကျိုးပြု’ သောကြောင့် လေ့လာမှုပြုရာတွင် ကျမ်းစာ၏အချို့အပိုင်းလောက်ကိုသာမဟုတ်ဘဲ “ဘုရားသခင်မိန့်တော်မူသမျှ” ကိုလေ့လာသင့်သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇; မဿဲ ၄:၄) ကျမ်းစာလေ့လာမှုပြုရာတွင် အားစိုက်ထုတ်ဖို့ လိုအပ်နိုင်သည်။ သို့သော် နှစ်သက်ပျော်မွေ့ဖွယ်လည်းဖြစ်နိုင်သည့်ပြင် ‘ဘုရားသခင့်နက်နဲရာတို့’ ကိုနားလည်သဘောပေါက်ဖို့ အလွန်အမင်း မခက်ခဲပါ။

ယေဟောဝါသည် စိတ်နှိမ့်ချသူတို့ကို နားလည်သဘောပေါက်ရန် ကူညီတော်မူ၏

၅။ “ဘုရားသခင်၏နက်နဲရာတို့” ကို မည်သူတို့နားလည်သဘောပေါက်နိုင်သနည်း။

သင်သည် ကျောင်းတွင် ထူးချွန်ခဲ့သူမဟုတ်၊ လေ့လာမှုပြုသည့်အကျင့်မရှိသူဖြစ်လျှင်ပင် “ဘုရားသခင်၏နက်နဲရာတို့” ကို နားလည်နိုင်မည်မဟုတ်ဟု မယူမှတ်သင့်ပါ။ ယေရှုမြေကြီးပေါ်အမှုဆောင်ချိန်အတွင်း ယေဟောဝါသည် မိမိ၏ရည်ရွယ်တော်မူချက်များကို နားလည်ရန် ပညာရှိ၊ ဉာဏ်ကောင်းသောသူတို့အား မဟုတ်ဘဲ ဘုရားသခင့်ကျေးကျွန်အားဖြင့် သွန်သင်ပေးမှုကို နှိမ့်ချစွာလက်ခံသည့် ပညာတတ်မဟုတ်သောသာမန်လူတန်းစားတို့ကို ဖွင့်ပြပေးခဲ့သည်။ ကျောင်းပညာတတ်သူတို့နှင့်နှိုင်းယှဉ်လျှင် သူတို့သည် သူငယ်များနှင့်တူသည်။ (မဿဲ ၁၁:၂၅; တမန်တော် ၄:၁၃) တမန်တော်ပေါလုက “ဘုရားသခင်ကိုချစ်သော သူတို့အဖို့အလို့ငှာ ဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့” နှင့်ပတ်သက်၍ ယုံကြည်သူချင်းတို့ကို ဤသို့ရေးခဲ့၏– “ဘုရားသခင်သည် စွမ်းအားတော်အားဖြင့် ငါတို့အား ဖော်ပြတော်မူ၏။ ထိုစွမ်းအားတော်သည် ခပ်သိမ်းသောအရာ၊ ဘုရားသခင်၏နက်နဲရာတို့ကိုပင် စစ်တော်မူ၏။”—⁠၁ ကောရိန္သု ၂:၉၊ ၁၀ကဘ။

၆။ ၁ ကောရိန္သု ၂:၁၀ သည် အဘယ်အရာကိုဆိုလိုသနည်း။

ဘုရားသခင့်စွမ်းအားတော်သည် “ခပ်သိမ်းသောအရာ၊ ဘုရားသခင်၏နက်နဲရာတို့ကိုပင်” မည်သို့စစ်တော်မူသနည်း။ ခရစ်ယာန်တစ်ဦးစီကို သီးသန့်ဖွင့်ပြမည့်အစား ယေဟောဝါသည် မိမိ၏စည်းလုံးသောလူမျိုးတော်ကို ကျမ်းစာနားလည်မှုပေးသည့် ကိုယ်တော်၏အဖွဲ့အစည်းကို လမ်းညွှန်ရန် မိမိ၏စွမ်းအားတော်ကို အသုံးပြုတော်မူသည်။ (တမန်တော် ၂၀:၂၈; ဧဖက် ၄:၃-၆) ကမ္ဘာတစ်ဝန်းရှိ အသင်းတော်အားလုံးသည် တူညီသောကျမ်းစာလေ့လာမှုအစီအစဉ်တွင် ပျော်မွေ့ကြသည်။ နှစ်ကာလများတစ်လျှောက် အသင်းတော်များသည် သမ္မာကျမ်းစာသွန်သင်ရာအားလုံးကို အမျိုးပေါင်းစုံစွာ ပို့ချပေးသည်။ ‘ဘုရားသခင့်နက်နဲရာတို့’ ကိုနားလည်သဘောပေါက်ရန် လိုအပ်သောသဘောထားရှိစေဖို့ သန့်ရှင်းသောစွမ်းအားတော်သည် အသင်းတော်အားဖြင့် လူတို့ကိုအကူအညီပေးသည်။—⁠တမန်တော် ၅:၃၂

‘ဘုရားသခင်၏နက်နဲရာတို့’ တွင် ပါဝင်ရာများ

၇။ လူများစွာသည် “ဘုရားသခင်၏နက်နဲရာတို့” ကို အဘယ်ကြောင့်နားမလည်ကြသနည်း။

‘နက်နဲရာတို့’ သည် နားလည်ရန်အလွန်ခက်သောအရာများဖြစ်သည်ဟု မယူမှတ်သင့်ပါ။ “ဘုရားသခင်၏နက်နဲရာတို့” နှင့်ပတ်သက်သောအသိပညာကို လူအများစု မသိမြင်ရခြင်းမှာ ဘုရားသခင့်ဉာဏ်ပညာကို ဆည်းပူးရယူရန် အလွန်ခက်ခဲသောကြောင့်မဟုတ်ဘဲ အဖွဲ့အစည်းအားဖြင့် ယေဟောဝါပြင်ဆင်ပေးသော အထောက်အကူကိုငြင်းဆန်ကြရန် လူများကို စာတန်လှည့်ဖြားထားသောကြောင့်ဖြစ်သည်။—⁠၂ ကောရိန္သု ၄:၃၊ ၄

၈။ ဧဖက်မြို့သားများထံရေးသောစာပါ တတိယမြောက်အခန်းကြီးတွင် ပေါလုသည် အဘယ်နက်နဲရာများအကြောင်း ရည်ညွှန်းခဲ့သနည်း။

ဧဖက်မြို့သားများထံရေးသောစာပါ တတိယမြောက်အခန်းကြီး၌ ပေါလုက “ဘုရားသခင်၏နက်နဲရာတို့” တွင်ပါဝင်သော အမှန်တရားများစွာကို ဖော်ပြထားသည်၊ ယင်းတို့မှာ မျိုးနွယ်တော် မည်သူမည်ဝါဖြစ်ကြောင်း၊ လူသားတို့ထဲမှ ကောင်းကင်မျှော်လင့်ချက်ရှိသူတို့ကို ရွေးချယ်ခြင်း၊ မေရှိယနိုင်ငံတော်ကဲ့သို့သော ယေဟောဝါ၏လူမျိုးအများစု ကောင်းစွာနားလည်သဘောပေါက်ကြသည့် အရာများဖြစ်သည်။ ပေါလုဤသို့ရေးခဲ့၏– “ထိုနက်နဲသောအရာကို သန့်ရှင်းသောတမန်တော်တို့နှင့် ပရောဖက်တို့အား ယခုကာလ၌ ဝိညာဉ်တော်အားဖြင့် ဖွင့်လှစ်တော်မူသည်နည်းတူ အခြားသောကာလတို့၌ လူမျိုးတို့အားပြတော်မမူ။ ထိုနက်နဲသောအရာဟူမူကား တစ်ပါးအမျိုးသားတို့သည် . . . ယုဒအမျိုးသားတို့နှင့်အတူ အမွေခံ၍ တစ်လုံးတစ်ဝတစ်ကိုယ်တည်းဖြစ်လျက် ခရစ်တော်နှင့်ဆိုင်သောကတိတော်ကို ဆက်ဆံရကြသတည်း။” ပေါလုက မိမိသည် “ဘုရားသခင်၌ ရှေးကပ်ကာလပတ်လုံးဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာနှင့်စပ်ဆိုင်သောသာသနာသည် အဘယ်သို့ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှာ” ခန့်အပ်ခံခဲ့ရသည်ဟု ဆိုထား၏။—⁠ဧဖက် ၃:၅-၉

၉။ “ဘုရားသခင်၏နက်နဲရာတို့” ကိုနားလည်သဘောပေါက်ခြင်းသည် အဘယ်ကြောင့် အခွင့်ထူးဖြစ်သနည်း။

ပေါလုက ဘုရားသခင့်အလိုတော်နှင့်ပတ်သက်၍ “ကောင်းကင်အရပ်တို့၌ . . . ဘုရားသခင်၏ထူးဆန်းသောပညာတော်ကို အသင်းတော်အားဖြင့် ယခုသိရကြမည်” ဟုဆက်ရှင်းပြခဲ့သည်။ (ဧဖက် ၃:၁၁) ကောင်းကင်တမန်တို့သည် ခရစ်ယာန်အသင်းတော်နှင့် ယေဟောဝါဆက်ဆံပုံဉာဏ်ပညာကို စောင့်ကြည့်ကာ နားလည်သဘောပေါက်ခြင်းကြောင့် အကျိုးခံစားရကြသည်။ ကောင်းကင်တမန်များပင် စိတ်ဝင်စားသည့်အရာတို့ကို ကျွန်ုပ်တို့နားလည်သဘောပေါက်ခွင့်ရခြင်းသည် အခွင့်ထူးတစ်ရပ်ပင်။ (၁ ပေတရု ၁:၁၀-၁၂) ထို့ပြင် ပေါလုက ကျွန်ုပ်တို့သည် “သန့်ရှင်းသူအပေါင်းတို့၏နည်းတူ” ခရစ်ယာန်ယုံကြည်ချက်များ၏ “အနံ၊ အလျား၊ အနက်၊ အမြင့်တို့ကို ပိုင်းခြား၍သိခြင်းငှာ” ကြိုးစားသင့်သည်ဟု ဆိုထား၏။ (ဧဖက် ၃:၁၁၊ ၁၈) ယခင်က မသုံးသပ်ခဲ့ဖူးခြင်းဖြစ်နိုင်သည့် နက်နဲရာတချို့ကို ယခု နမူနာသုံးသပ်ကြည့်ကြစို့။

နက်နဲရာတို့၏ ပုံနမူနာများ

၁၀၊ ၁၁။ သမ္မာကျမ်းစာအရ ယေရှုသည် အဘယ်အချိန်တွင် ဘုရားသခင်၏ ကောင်းကင်ဆိုင်ရာ “မိန်းမ” ၏ “အမျိုးအနွယ်” အဓိကအစိတ်အပိုင်းဖြစ်လာခဲ့သနည်း။

၁၀ ယေရှုသည် ကမ္ဘာဦး ၃:၁၅ တွင်ဖော်ပြထားသော ဘုရားသခင့်ကောင်းကင်ဆိုင်ရာ “မိန်းမ” ၏ “အမျိုးအနွယ်” အဓိကအစိတ်အပိုင်းဖြစ်ကြောင်း ကျွန်ုပ်တို့သိကြသည်။ ကျွန်ုပ်တို့ပို၍နားလည်သဘောပေါက်စေရန် ဤသို့မေးနိုင်သည်– ‘ယေရှုသည် အဘယ်အချိန်တွင် ကတိထားရာမျိုးနွယ်တော်ဖြစ်လာခဲ့သနည်း။ လူသားမတိုင်မီအချိန်ကလော၊ လူသားတစ်ဦးအနေနှင့် မွေးဖွားချိန်တွင်လော၊ ကိုယ်တော် နှစ်ခြင်းခံချိန်တွင်လော၊ သို့မဟုတ် ရှင်ပြန်ထမြောက်ချိန်တွင်လော။’

၁၁ ပရောဖက်ပြုချက်တွင် ဘုရားသခင်၏ “မိန်းမ” အဖြစ်ဖော်ပြခံရသော ကိုယ်တော်၏ကောင်းကင်ဆိုင်ရာအဖွဲ့အစည်းသည် မြွေ၏ခေါင်းကိုကြိတ်မည့် မျိုးနွယ်တော်ကိုဖြစ်ပွားစေမည်ဟု ကတိပြုတော်မူခဲ့သည်။ သို့သော် နှစ်ပေါင်းထောင်ချီကုန်ဆုံးသွားသည့်တိုင် ဘုရားသခင်၏မိန်းမသည် စာတန်နှင့် သူ၏လုပ်ဆောင်မှုများကို ချေမှုန်းပစ်နိုင်စွမ်းရှိသည့် မည်သည့်အမျိုးအနွယ်ကိုမျှ မဖြစ်ပွားခဲ့ပါ။ သို့ဖြစ်၍ ဟေရှာယပရောဖက်ပြုချက်တွင် သူ့ကို “အမြုံမ၊” “စိတ်ငြိုငြင်သောမိန်းမ” ဟုခေါ်ဆိုထားသည်။ (ဟေရှာယ ၅၄:၁၊ ၅၊ ၆) နောက်ဆုံး ဗက်လင်တွင် ယေရှုမွေးဖွားလာသည်။ ကိုယ်တော်နှစ်ခြင်းခံပြီးသည်နှင့် သန့်ရှင်းသောစွမ်းအားတော်ဖြင့် ဘိသိက်ပေးခြင်းခံရသည့်အခါ ကိုယ်တော်သည် ဘုရားသခင်နှင့်အထူးကောင်းမွန်သော ဆက်ဆံရေးရှိသည့်သားတစ်ဦးဖြစ်လာရာ ယေဟောဝါက ‘ဤသူကား ငါ၏သားပေတည်း’ ဟုကြေညာခဲ့သည်။ (မဿဲ ၃:၁၇; ယောဟန် ၃:၃) နောက်ဆုံးတွင် မိန်းမ၏ “အမျိုးအနွယ်” အဓိကအစိတ်အပိုင်း ပေါ်ပေါက်လာခဲ့သည်။ နောက်ပိုင်း ယေရှု၏နောက်လိုက်များသည်လည်း သန့်ရှင်းသောစွမ်းအားတော်ဖြင့် ဘိသိက်ပေးခြင်း၊ မွေးဖွားခြင်းခံခဲ့ကြရသည်။ ကြာမြင့်စွာ “သားမဖွားသော” အမျိုးသမီးတစ်ဦးကဲ့သို့ ခံစားခဲ့ရသည့် ယေဟောဝါ၏ “မိန်းမ” သည် နောက်ဆုံးတွင် “ဝမ်းမြောက်” နိုင်ခဲ့လေပြီ။—⁠ဟေရှာယ ၅၄:၁; ဂလာတိ ၃:၂၉

၁၂၊ ၁၃။ မြေကြီးပေါ်ရှိ ဘိသိက်ပေးခြင်းခံရသော ခရစ်ယာန်အားလုံးသည် ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ တွင်ပါဝင်ကြောင်း အဘယ်ကျမ်းချက်များက တင်ပြသနည်း။

၁၂ ကျွန်ုပ်တို့အား နက်နဲရာဖွင့်ပြခဲ့သည့် ဒုတိယပုံနမူနာမှာ လူသားတို့ထဲမှ ၁၄၄,၀၀၀ ကိုရွေးချယ်ရန် ဘုရားသခင့်ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဖြစ်သည်။ (ဗျာ. ၁၄:၁၊) မည်သည့်သတ်သတ်မှတ်မှတ်အချိန်တွင်မဆို မြေကြီးပေါ်တွင်အသက်ရှင်ခဲ့သော ဘိသိက်ပေးခြင်းခံရသူအားလုံးသည် ယေရှု၏အိမ်သူအိမ်သားများအတွက် အချိန်တန် ‘အစာ’ ကိုပြင်ဆင်ပေးမည့် ‘တည်ကြည်ပြီး သတိပညာရှိကျွန်’ တွင်ပါဝင်ကြောင်း ကျွန်ုပ်တို့လက်ခံကြသည်။ (မဿဲ ၂၄:၄၅) ဤနားလည်သဘောပေါက်မှုမှန်ကန်ကြောင်းကို အဘယ်ကျမ်းချက်များက ထောက်ခံသနည်း။ ယေရှုသည် မိမိ၏ညီတော်များကို ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိစေသည့် ပုံဆောင်အစာဖြင့်ထောက်မပေးသော ခရစ်ယာန်တစ်ဦးဦးကို ယေဘုယျသဘောဖြင့် ရည်ညွှန်းခြင်းဖြစ်မည်လော။

၁၃ ဘုရားသခင်က ဣသရေလလူမျိုးအား ဤသို့မိန့်တော်မူခဲ့၏– “သင်တို့သည် . . . ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန်ဖြစ်ကြ၏။” (ဟေရှာယ ၄၃:၁၀) အေဒီ ၃၃၊ နိသန် ၁၁ ရက်နေ့တွင် ယေရှုက ဣသရေလခေါင်းဆောင်များအား ဘုရားသခင်သည် မိမိ၏ကျေးကျွန်အဖြစ်မှ ဣသရေလလူမျိုးကို ငြင်းပယ်လိုက်ပြီဖြစ်ကြောင်း ဤသို့မိန့်တော်မူခဲ့၏– “ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနုတ်၍ နိုင်ငံတော်၏အသီးကိုသီးအံ့သော လူမျိုးအားပေးရလတ္တံ့။” လူအုပ်အားလည်း ယေရှုဤသို့မိန့်တော်မူခဲ့၏– ‘သင်တို့၏ဝတ်ပြုရာအိမ်တော်သည် စွန့်ပစ်ခံရလေပြီ။’ (မဿဲ ၂၁:၄၃; ၂၃:၃၈ကဘ) ယေဟောဝါ၏ကျွန်ဖြစ်သော ဣသရေလလူမျိုးသည် တည်ကြည်မှုမရှိသည့်ပြင် သတိပညာလည်းမရှိခဲ့ပါ။ (ဟေရှာယ ၂၉:၁၃၊ ၁၄) ထိုနေ့နှောင်းပိုင်းတွင် ယေရှုဤသို့မိန့်တော်မူခဲ့၏– ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်ကား ဧကန်စင်စစ် မည်သူနည်း။’ အမှန်တွင် ကိုယ်တော် ဤသို့မေးခြင်းဖြစ်၏– ‘ဘုရားသခင်၏တည်ကြည်သောကျွန်ဖြစ်ရန် ဣသရေလလူမျိုးနေရာတွင် အဘယ်သတိပညာရှိသောလူမျိုးဖြင့် အစားထိုးမည်နည်း။’ တမန်တော်ပေတရုက ဘိသိက်ပေးခြင်းခံရသော ခရစ်ယာန်အသင်းတော်ကို ပြောချိန်တွင် ဤသို့အဖြေပေးခဲ့၏– “သင်တို့မူကား . . . ‘သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသောအပေါင်းအသင်း’ ဖြစ်ကြ၏။” (၁ ပေတရု ၁:၃-၅; ၂:၉) ဘုရားသခင်အသစ်ရွေးချယ်သည့်လူမျိုးဖြစ်သော “ဘုရားသခင်၏ဣသရေလအမျိုး” သည် ယေဟောဝါ၏အသစ်သောကျွန်ဖြစ်လာသည်။ (ဂလာတိ ၆:၁၆) ရှေးဣသရေလလူမျိုးအဝင်အားလုံးကို “ကျွန်” တစ်ဦးအဖြစ်ဖော်ပြခဲ့သကဲ့သို့ပင် မည်သည့်တစ်ချိန်ချိန်တွင်မဆို မြေကြီးပေါ်ရှိ ဘိသိက်ပေးခြင်းခံရသော ခရစ်ယာန်အားလုံးကိုလည်း ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ တစ်ဦးအဖြစ် ဖော်ပြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ကျွန်မှတစ်ဆင့် ‘အစာ’ ရရှိကြခြင်းသည် အခွင့်ထူးတစ်ရပ်ပင်။

ကိုယ်ပိုင်လေ့လာမှုကို ရွှင်လန်းဖွယ်ရာဖြစ်စေနိုင်

၁၄။ ဖတ်ရှုရုံလောက်သာမဟုတ်သော ကျမ်းစာလေ့လာမှုသည် အဘယ်ကြောင့် ရွှင်လန်းစေသနည်း။

၁၄ သမ္မာကျမ်းစာနှင့်ပတ်သက်၍ အသစ်သောအရာ ဖွင့်ပြခြင်းကို နားလည်သဘောပေါက်သည့်အခါ ယင်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသောကြောင့် မပျော်ရွှင်ပေလော။ သို့ဖြစ်၍ ဖတ်ရှုရုံသာမဟုတ်သော သမ္မာကျမ်းစာလေ့လာမှုသည် ထိုကဲ့သို့သောရွှင်လန်းမှုကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် သင်သည် ခရစ်ယာန်စာပေများကို ဖတ်ရှုသည့်အခါ သင့်ကိုယ်သင် ဤသို့မေးပါ– ‘ဒီရှင်းပြချက်ဟာ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အရင်ငါနားလည်ခဲ့တာနဲ့နှိုင်းယှဉ်တဲ့အခါ ဘယ်လိုနေလဲ။ ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ကောက်ချက်တွေကို ပိုပြီးထောက်ပံ့ပေးတဲ့ နောက်ထပ်ဘယ်ကျမ်းချက် ဒါမှမဟုတ် အကြောင်းပြချက်တွေ စဉ်းစားနိုင်သေးသလဲ။’ ထပ်ဆင့်သုတေသနပြုဖို့လိုအပ်မည်ဆိုပါက သင်အဖြေရလိုသည့် မေးခွန်းကို ချရေးထားကာ နောက်တစ်ကြိမ်လေ့လာရန်အကြောင်းအရာ ဖြစ်စေပါ။

၁၅။ အဘယ်လေ့လာမှုအစီအစဉ်များက ရွှင်လန်းမှုဖြစ်စေနိုင်သနည်း။ ယင်းတို့သည် တည်မြဲသောအကျိုးကျေးဇူးများ မည်သို့ဖြစ်စေနိုင်သနည်း။

၁၅ အဘယ်အကြောင်းအရာကိုလေ့လာရာတွင် တိုးသိနားလည်လာမှုကြောင့် ရွှင်လန်းမှုခံစားရသနည်း။ လူသားတို့၏အကျိုးအတွက် ဘုရားသခင်ကြားဝင်ဆောင်ရွက်ခဲ့သော ပဋိညာဉ်အမျိုးမျိုးကို အသေးစိတ်ဆန်းစစ်လေ့လာခြင်းကဲ့သို့သော အကြောင်းအရာများသည် ကျွန်ုပ်တို့၏နားလည်သဘောပေါက်မှုကို တိုးတက်စေသည်။ ယေရှုခရစ်ကိုညွှန်ပြခဲ့သော ပရောဖက်ပြုချက်များကိုလေ့လာခြင်း သို့မဟုတ် သမ္မာကျမ်းစာပါ ပရောဖက်ပြုချက်ကျမ်းများကို အခန်းငယ်တစ်ခုစီ ဆင်ခြင်သုံးသပ်ခြင်းဖြင့် သင်၏ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်သည်။ ယေဟောဝါသက်သေများ—⁠ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများစာအုပ်ကို သင်တို့၏ဘာသာစကားဖြင့် ရနိုင်မည်ဆိုပါက ယင်းစာအုပ်ကိုအသုံးပြုကာ ယေဟောဝါသက်သေများ၏ မျက်မှောက်ခေတ်သမိုင်းကြောင်းကို ပြန်သုံးသပ်ခြင်းသည်လည်း ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်။ * ကင်းမျှော်စင်များ၌ ဖော်ပြခဲ့ပြီးဖြစ်သော “စာရှုသူများထံမှမေးခွန်းလွှာ” များကိုပြန်သုံးသပ်ခြင်းက အချို့သောကျမ်းချက်များကို ပို၍နားလည်သဘောပေါက်စေမည်မှာ သေချာသည်။ အပြီးသတ်ကောက်ချက်များတင်ပြရာတွင် အသုံးပြုသွားသည့် ကျမ်းဆိုင်ရာကျိုးကြောင်းဆင်ခြင်သွားပုံကို အထူးမှတ်သားပါ။ ယင်းက သင်၏ “ပိုင်းခြား၍သိနိုင်သောဉာဏ်” ကိုလေ့ကျင့်ပေးရာတွင် အထောက်အကူပြုမည်။ (ဟေဗြဲ ၅:၁၄) လေ့လာမှုပြုသည့်အခါ သင်၏ကိုယ်ပိုင်ကျမ်းစာတွင် သို့မဟုတ် စာရွက်ပေါ်တွင် မှတ်ချက်များယူပါ၊ သို့မှသာ သင်၏လေ့လာမှုသည် သင်နှင့် သင်အကူအညီပေးနိုင်သူတို့အတွက် တည်မြဲသောအကျိုးကျေးဇူး ဖြစ်ပေလိမ့်မည်။

သမ္မာကျမ်းစာလေ့လာမှုတွင်ပျော်မွေ့ရန် လူငယ်များကို အကူအညီပေးပါ

၁၆။ ကျမ်းစာလေ့လာမှုတွင်ပျော်မွေ့ရန် လူငယ်များကို သင်မည်သို့ကူညီပေးနိုင်သနည်း။

၁၆ မိဘတို့သည် မိမိတို့၏ကလေးများ ဘုရားသခင်နှင့် ရင်းနှီးလိုစိတ်ရှိလာရန် များစွာအကူအညီပေးနိုင်ကြသည်။ နက်နဲရာတို့ကို နားလည်သဘောပေါက်နိုင်သည့် လူငယ်တို့၏စွမ်းရည်ကို လျှော့မတွက်ပါနှင့်။ မိသားစုကျမ်းစာသင်အံမှုအတွက် ပြင်ဆင်ရာတွင် အကြောင်းအရာတစ်ခုကို သုတေသနပြုရန် လူငယ်များကို သင်တာဝန်ပေးပါက သူတို့အဘယ်အရာသင်ယူသိရှိခဲ့ကြောင်းကို မေးနိုင်သည်။ မိသားစုသင်အံမှုတွင် မိမိတို့၏ယုံကြည်ခြင်းကို မည်သို့ခုခံကာကွယ်ရန်နှင့် မိမိတို့သင်ယူသိရှိရာသည် မှန်ကန်ကြောင်း သက်သေပြတတ်ရန် လူငယ်တို့ကို အထောက်အကူပြုသည့် လက်တွေ့သရုပ်ပြရသောအပိုင်းများကိုလည်း ထည့်သွင်းနိုင်ပါသည်။ ထို့ပြင် ကျမ်းစာနယ်မြေများကို သင်ပေးရာတွင်နှင့် သင်တို့၏ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းတွင် ဖတ်ပြီးရာကို ရှင်းရှင်းလင်းလင်းဖြစ်စေရန် “ကောင်းမွန်သောပြည်ကို ကြည့်လော့” ဘရိုရှာကိုအသုံးပြုနိုင်သည်။ *

၁၇။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ကျမ်းစာလေ့လာမှုအစီအစဉ်များကို မျှတမှုရှိစေရန် အဘယ်ကြောင့်လိုအပ်သနည်း။

၁၇ ကိုယ်ပိုင်ကျမ်းစာလေ့လာမှုအစီအစဉ်များသည် စိတ်ဝင်စားဖွယ်ဖြစ်ပြီး ယုံကြည်ခြင်းခိုင်ခံ့စေနိုင်သော်လည်း အသင်းတော်အစည်းအဝေးများအတွက် ပြင်ဆင်ခြင်းကို မထိခိုက်စေရန် ဂရုပြုရမည်။ အစည်းအဝေးများသည် ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ မှတစ်ဆင့် ကျွန်ုပ်တို့အား ယေဟောဝါလမ်းညွှန်ပေးနေသည့် နောက်ထပ်နည်းတစ်ခုဖြစ်သည်။ သို့သော် ထပ်ဆင့်သုတေသနပြုခြင်းက အစည်းအဝေးများတွင် အဓိပ္ပာယ်ပြည့်ဝသော မှတ်ချက်များပေးနိုင်ရန် အထောက်အကူပြုနိုင်သည်—⁠ဥပမာ၊ အသင်းတော်စာအုပ်ကြီးသင်တန်းတွင် သို့မဟုတ် သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းပေါ်လွင်ချက်တို့တွင်ဖြစ်သည်။

၁၈။ “ဘုရားသခင်၏နက်နဲရာတို့” ကိုလေ့လာရန် လိုအပ်သောကြိုးစားအားထုတ်မှုသည် အဘယ်ကြောင့်အကျိုးနပ်သနည်း။

၁၈ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေးလေးနက်နက်ကိုယ်ပိုင်လေ့လာခြင်းက ယေဟောဝါနှင့် ပို၍ရင်းနှီးလာစေရန် အထောက်အကူပြုနိုင်သည်။ ထိုကဲ့သို့လေ့လာမှုပြုခြင်း၏တန်ဖိုးကို သမ္မာကျမ်းစာက ဤသို့တင်ပြထား၏– “ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ်သည် အဘယ်သို့မြတ်သနည်းဟူမူကား ပညာအတတ်ကိုရသောသူသည် အသက်ကိုလည်းရတတ်၏။” (ဒေ. ၇:၁၂) သို့ဖြစ်၍ ဘုရားသခင်ထံမှအမှန်တရားကို လေးလေးနက်နက်နားလည်သဘောပေါက်ရန် လိုအပ်သော ကြိုးစားအားထုတ်မှုသည် အကျိုးဖြစ်ထွန်းပါသည်။ သမ္မာကျမ်းစာက မပြတ်စူးစမ်းရှာဖွေခြင်းပြုနေသူတို့ကို “ဘုရားသခင်ကိုသိသောဉာဏ်နှင့် ပြည့်စုံလိမ့်မည်” ဟုကတိပြုထားသည်။—⁠သု. ၂:၄၊ ၅

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 15 ယေဟောဝါသက်သေများ ထုတ်ဝေသည်။

^ အပိုဒ်၊ 16 ယေဟောဝါသက်သေများ ထုတ်ဝေသည်။

သင်ရှင်းပြနိုင်သလော

• “ဘုရားသခင်၏နက်နဲရာတို့” မှာအဘယ်နည်း။

• နက်နဲရာများ လေ့လာခြင်းကို အဘယ်ကြောင့် ဘယ်တော့မျှမရပ်သင့်သနည်း။

• “ဘုရားသခင်၏နက်နဲရာတို့” ကို နားလည်သဘောပေါက်ခြင်းမှရသည့် ရွှင်လန်းမှုသည် ခရစ်ယာန်အားလုံးအတွက် အဘယ်ကြောင့်လမ်းပွင့်လျက်ရှိသနည်း။

• “ဘုရားသခင်၏နက်နဲရာတို့” မှပို၍အကျိုးအပြည့်အဝရရှိရန် မည်သို့ပြုလုပ်နိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ယေရှုသည် အဘယ်အချိန်တွင် ကတိထားရာမျိုးနွယ်တော် ဖြစ်လာခဲ့သနည်း

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

မိသားစုသင်အံမှုအတွက် ကြိုတင်ပြင်ဆင် ရာတွင် မိဘတို့က ကလေးများအား သုတေသနပြုရမည့် အကြောင်းအရာကို တာဝန်ပေးနိုင်