မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် ပျက်ကွက်ခြင်းမရှိပါ

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် ပျက်ကွက်ခြင်းမရှိပါ

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် ပျက်ကွက်ခြင်းမရှိပါ

‘သင်တို့၏ဘုရားသခင်ယေဟောဝါသည် သင်တို့အဖို့မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံ၏။’—⁠ယောရှု ၂၃:၁၄

၁။ ယောရှုကား မည်သူနည်း။ သူ၏အသက်တာကုန်ဆုံးခါနီးတွင် အဘယ်အရာပြုလုပ်ခဲ့သနည်း။

သူသည် တက်တက်ကြွကြွနှင့် ရဲစွမ်းသတ္တိရှိသည့် စစ်သူကြီးတစ်ဦးဖြစ်ပြီး ယုံကြည်ခြင်းနှင့် သမာဓိရှိသူဖြစ်သည်။ သူသည် မောရှေနှင့်အတူတွဲလုပ်ဆောင်ခဲ့ပြီး ကြောက်မက်ဖွယ်တောကြီးထဲမှ နို့နှင့်ပျားရည်စီးသောပြည်သို့ ဣသရေလလူမျိုးကို ဦးဆောင်ခေါ်သွားရန် ယေဟောဝါရွေးချယ်ခဲ့သူဖြစ်သည်။ သူ၏အသက်တာကုန်ဆုံးခါနီးတွင် ရိုသေလေးစားမှုခံရသော ဤသူ ယောရှုသည် ဣသရေလအသက်ကြီးသူတို့အား စိတ်ဓာတ်တက်ကြွစေသည့် နောက်ဆုံးနှုတ်ခွန်းဆက်မိန့်ခွန်းကို ပြောကြားခဲ့သည်။ ထိုမိန့်ခွန်းသည် သူ၏စကားကိုနားထောင်နေသူတို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့သည်မှာ သေချာသည်။ ယင်းက သင့်ကိုလည်း အလားတူဖြစ်စေနိုင်သည်။

၂၊ ၃။ ဣသရေလအသက်ကြီးသူတို့အား ယောရှုမိန့်ခွန်းပြောချိန်တွင် ဣသရေလလူမျိုး၏အခြေအနေမှာ မည်သို့နည်း။ ယောရှု အဘယ်အရာပြောခဲ့သနည်း။

သမ္မာကျမ်းစာပါ ဤဖော်ပြချက်ကို မြင်ယောင်ကြည့်ပါ– ‘ယေဟောဝါသည် ပတ်ဝန်းကျင်နေသောရန်သူအပေါင်းတို့လက်မှ ဣသရေလအမျိုးကိုကယ်လွှတ်၍ ငြိမ်သက်ခြင်းအခွင့်ကို ကြာမြင့်စွာသောကာလပတ်လုံး ပေးတော်မူပြီးမှ ယောရှုသည် အသက်ကြီး၍အိုမင်းသောအခါ ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသောသူများနှင့်တကွ အမျိုးသားအပေါင်းတို့ကိုခေါ်ပြီးလျှင်’ ဤသို့ပြော၏– ‘ငါသည် အသက်ကြီးရင့်၍အိုမင်းပြီ။’—⁠ယောရှု ၂၃:၁၊ ၂

ယောရှုသည် အသက် ၁၁၀ နီးပါးရှိနေပြီဖြစ်ပြီး ဘုရားသခင့်လူမျိုးသမိုင်းတွင် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး အချိန်ကာလတစ်ခုအတွင်း အသက်ရှင်ခဲ့သည်။ သူသည် ဘုရားသခင်၏ တန်ခိုးပါသောအမှုတော်များကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့သူတစ်ဦးဖြစ်ပြီး ယေဟောဝါ၏ကတိတော်များစွာပြည့်စုံသည်ကို မြင်တွေ့ခဲ့ရသည်။ ကိုယ်တွေ့အတွေ့အကြုံကြောင့် ယုံကြည်စိတ်ချစွာ သူဤသို့ပြောခဲ့၏– ‘သင်တို့၏ဘုရားသခင်ယေဟောဝါသည် သင်တို့အဖို့မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာသိကြ၏။’—⁠ယောရှု ၂၃:၁၄

၄။ ယေဟောဝါသည် ဣသရေလလူမျိုးအား အဘယ်အာမခံချက်များ ပေးခဲ့သနည်း။

ယောရှုအသက်ရှင်ချိန်အတွင်း ယေဟောဝါ၏အဘယ်မိန့်တော်မူချက်များ ပြည့်စုံခဲ့သနည်း။ ဣသရေလလူမျိုးကို ယေဟောဝါပေးခဲ့သော အာမခံချက်သုံးခုကို ကျွန်ုပ်တို့ သုံးသပ်ကြပါမည်။ ဦးဆုံး၊ ဘုရားသခင်သည် သူတို့ကို အချုပ်အနှောင်မှ ကယ်နုတ်မည်ဖြစ်သည်။ ဒုတိယ၊ ကိုယ်တော် သူတို့ကို ကာကွယ်ပေးမည်။ တတိယ၊ ကိုယ်တော်သည် သူတို့ကို ထောက်မတော်မူမည်။ ယေဟောဝါသည် မျက်မှောက်ခေတ် ကိုယ်တော်၏လူမျိုးကိုလည်း အလားတူအာမခံချက်များ ပေးထားတော်မူပြီး ကျွန်ုပ်တို့၏ဘဝအသက်တာတွင်လည်း ယင်းတို့ပြည့်စုံသည်ကို တွေ့မြင်ကြရသည်။ သို့သော် ယေဟောဝါ၏ မျက်မှောက်ခေတ်လုပ်ဆောင်ချက်များကို မဆွေးနွေးမီ ယောရှုခေတ်က ကိုယ်တော်လုပ်ဆောင်ခဲ့ရာများကို သုံးသပ်ကြည့်ကြစို့။

ယေဟောဝါသည် ကိုယ်တော်၏လူမျိုးကို ကယ်နုတ်တော်မူ၏

၅၊ ၆။ ယေဟောဝါသည် ဣသရေလလူမျိုးအား အီဂျစ်ပြည်မှ မည်သို့ကယ်နုတ်ခဲ့သနည်း။ ယင်းက အဘယ်အရာကို ထင်ရှားပြသနည်း။

ဣသရေလလူမျိုးသည် အီဂျစ်ကျွန်ဘဝရောက်နေခြင်းကြောင့် ဘုရားသခင်ထံ ငိုကြွေးအကူအညီတောင်းသည့်အခါ ယေဟောဝါသည် ကြည့်ရှုသိမှတ်တော်မူခဲ့သည်။ (ထွက်မြောက်ရာ ၂:၂၃-၂၅) မီးလောင်နေသောချုံမှ မောရှေကို ယေဟောဝါဤသို့မိန့်တော်မူခဲ့၏– “[ငါ၏လူ] တို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှ ကယ်နုတ်၍ . . . နို့နှင့်ပျားရည်စီးတတ်သောပြည်သို့ ပို့ဆောင်ခြင်းငှာ ငါဆင်းလာပြီ။” (ထွက်မြောက်ရာ ၃:၈) ယင်းသို့ယေဟောဝါလုပ်ဆောင်သည်ကို တွေ့မြင်ဖို့ဆိုသည်မှာ အလွန်ပင်စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပေမည်။ ဖာရောက ဣသရေလလူမျိုးကို အီဂျစ်မှထွက်ခွာရန် ခွင့်မပြုသည့်အခါ ဘုရားသခင်သည် နိုင်းမြစ်ရေကို သွေးဖြစ်စေလိမ့်မည်ဟု မောရှေ ဖာရောအားအသိပေးခဲ့သည်။ ယေဟောဝါ၏စကားတော် မပျက်ကွက်ခဲ့ပါ။ နိုင်းမြစ်ရေသည် သွေးဖြစ်သွားခဲ့သည်။ ငါးများသေကုန်ပြီး မြစ်ရေကို မသောက်နိုင်ကြတော့ပါ။ (ထွက်မြောက်ရာ ၇:၁၄-၂၁) ဖာရောသည် ဆက်၍ခေါင်းမာနေသောကြောင့် ယေဟောဝါသည် နောက်ထပ်ကပ်ဘေးကိုးခု ကျရောက်စေခဲ့သည်၊ ကပ်ဘေးတစ်ခုကျတော့မည်ကို ကြို၍အသိပေးခဲ့သည်။ (ထွက်မြောက်ရာ အခန်းကြီး ၈-၁၂) အီဂျစ်တို့၏သားဦးများသေဆုံးသော ဆယ်ခုမြောက်ကပ်ဘေးပြီးနောက် ဖာရောသည် ဣသရေလလူမျိုးကို ထွက်သွားရန်အမိန့်ထုတ်သောကြောင့် သူတို့ထွက်ခွာခဲ့ကြသည်။—⁠ထွက်မြောက်ရာ ၁၂:၂၉-၃၂

ယင်းကယ်နုတ်မှုက ဣသရေလလူမျိုးကို မိမိလူမျိုးအဖြစ် ယေဟောဝါရွေးချယ်ရန် လမ်းပွင့်စေခဲ့သည်။ ယင်းက ယေဟောဝါသည် ကတိတော်များကိုပြည့်စုံစေတော်မူသောအရှင်၊ ကိုယ်တော်၏မိန့်တော်မူချက် တစ်ခုမျှမပျက်ကွက်ကြောင်း ထင်ရှားစေခဲ့သည်။ လူမျိုးတို့၏ဘုရားသခင်များထက် ယေဟောဝါသည် ပိုင်သအုပ်စိုးရှင်ဖြစ်ကြောင်း ထင်ရှားပြခဲ့သည်။ ယင်းကယ်နုတ်ခြင်းအကြောင်းကို ဖတ်ရှုခြင်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေပါသည်။ ယင်းတို့ကိုကြုံတွေ့ရခြင်းသည် အဘယ်သို့ဖြစ်မည်ကို မြင်ယောင်ကြည့်ပါ။ ယေဟောဝါသည် ‘မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားသခင် ဖြစ်တော်မူကြောင်းကို’ ယောရှု အသေအချာတွေ့မြင်ခဲ့ရသည်။—⁠ဆာလံ ၈၃:၁၈

ယေဟောဝါသည် ကိုယ်တော်၏လူမျိုးကို ကာကွယ်တော်မူ၏

၇။ ယေဟောဝါသည် ဣသရေလလူမျိုးကို ဖာရော၏စစ်တပ်မှ မည်သို့ကာကွယ်ပေးခဲ့သနည်း။

ဒုတိယအာမခံချက်ဖြစ်သော မိမိလူမျိုးကို ယေဟောဝါကာကွယ်မည်နှင့်ပတ်သက်၍ကော အသို့နည်း။ ယေဟောဝါသည် သူတို့ကို အီဂျစ်ပြည်မှကယ်နုတ်မည်ဖြစ်ပြီး ကတိထားရာပြည်တော်သို့ဝင်စေမည်ဟူသည့် ကိုယ်တော်၏ကတိတော်တွင် ထိုအာမခံချက် ပါဝင်သည်။ အမျက်ထွက်နေသောဖာရောသည် စစ်မြင်းရထား ရာနှင့်ချီပါဝင်သော အင်အားကြီးစစ်တပ်ဖြင့် ဣသရေလလူတို့နောက် လိုက်လာသည်ကို အမှတ်ရပါ။ အထူးသဖြင့် တောင်များနှင့် ပင်လယ်ကြားတွင် ဣသရေလလူတို့ ပိတ်မိသွားချိန်တွင် မာနထောင်လွှားသောဖာရောသည် မိမိကိုယ်ကို အလွန်ယုံကြည်စိတ်ချခဲ့မည်မှာ သေချာသည်။ ယခု ဘုရားသခင်သည် မိမိလူမျိုးကိုကာကွယ်ရန် ကြားဝင်တော်မူခဲ့ပြီး ဖာရောစစ်တပ်နှင့် ဣသရေလလူတို့ကြားတွင် မိုးတိမ်တစ်ခုဖြင့် ခြားစေခဲ့သည်။ အီဂျစ်လူတို့ဘက်ခြမ်းသည် အမှောင်ဖြစ်ပြီး ဣသရေလလူတို့ဘက်ခြမ်းသည် အလင်းဖြစ်သည်။ အီဂျစ်လူတို့ကို ရှေ့မဆက်ဖို့ မိုးတိမ်က တားထားချိန်တွင် မောရှေသည် သူ၏လှံတံကိုမြှောက်လိုက်ရာ ပင်လယ်နီနှစ်ခြမ်းကွဲသွားပြီး ဣသရေလလူတို့အတွက် လွတ်မြောက်ရာလမ်း၊ အီဂျစ်လူတို့အတွက်မူ ထောင်ချောက်တစ်ခုဖြစ်ခဲ့သည်။ ယေဟောဝါသည် ဖာရော၏အင်အားကြီးစစ်တပ်ကို လုံးလုံးဖျက်ဆီးခဲ့ပြီး မိမိလူမျိုး ရှုံးနိမ့်မှုတစ်စုံတစ်ရာမရှိစေရန် ကာကွယ်ပေးခဲ့သည်။—⁠ထွက်မြောက်ရာ ၁၄:၁၉-၂၈

၈။ ဣသရေလလူမျိုးသည် (က) တောကန္တာရတွင်၊ (ခ) ကတိထားရာပြည်သို့ဝင်ချိန်တွင် အဘယ်ကာကွယ်မှုကို ခံစားခဲ့ကြရသနည်း။

ပင်လယ်နီကိုဖြတ်ပြီးနောက် “မီးမြွေ၊ ကင်းမြီးကောက်များ၍ ရေမရှိ၊ အငတ်ခံရာအရပ် ကြောက်မက်ဖွယ်သောတောကြီးအလယ်” ဟုဖော်ပြထားသောနယ်မြေတွင် ဣသရေလလူမျိုး လှည့်လည်ခဲ့ရသည်။ (တရားဟောရာ ၈:၁၅) ထိုတွင်လည်း ယေဟောဝါသည် မိမိလူမျိုးကို ကာကွယ်ပေးခဲ့ပြန်သည်။ ကတိထားရာပြည်ထဲဝင်ဖို့နှင့်ပတ်သက်၍ကော အသို့နည်း။ ခွန်အားကြီးသောခါနာန်စစ်တပ်က သူတို့ကိုတိုက်ခိုက်ခဲ့ကြသည်။ သို့တိုင် ယောရှုအား ယေဟောဝါဤသို့မိန့်တော်မူခဲ့၏– “သင်နှင့် သင်၌ပါသောဤလူအပေါင်းတို့သည် ယခုထ၍ ယော်ဒန်မြစ်တစ်ဖက်သို့ကူးကြလော့။ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကို ဝင်စားကြလော့။ သင့်အသက်တည်သည်ကာလပတ်လုံး သင့်ရှေ့မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိသကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည်။ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုပစ်၍မထား။” (ယောရှု ၁:၂၊) ယေဟောဝါ၏ထိုစကားများ မပျက်ကွက်ခဲ့ပါ။ ခြောက်နှစ်နီးပါးအချိန်အတွင်း ယောရှုသည် ဘုရင် ၃၁ ပါးကိုအနိုင်ရခဲ့ပြီး ကတိထားရာပြည် နယ်မြေအတော်များများကို အောင်နိုင်ခဲ့သည်။ (ယောရှု ၁၂:၇-၂၄) ယေဟောဝါ၏ ကာကွယ်စောင့်ရှောက်မှုသာမရှိခဲ့လျှင် ထိုသို့အောင်နိုင်ဖို့ ဖြစ်နိုင်မည်မဟုတ်ပါ။

ယေဟောဝါသည် ကိုယ်တော်၏လူမျိုးကို ထောက်မတော်မူ၏

၉၊ ၁၀။ ယေဟောဝါသည် မိမိလူမျိုးကို တောကန္တာရတွင် မည်သို့ထောက်မတော်မူခဲ့သနည်း။

ယခု တတိယအာမခံချက်ဖြစ်သော ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို ထောက်မတော်မူသည်ကို သုံးသပ်ကြည့်ပါ။ အီဂျစ်ပြည်မှကယ်နုတ်ပြီး မကြာမီအချိန်တွင် ဣသရေလလူတို့ကို ဘုရားသခင် ဤသို့ကတိပြုခဲ့၏– “ငါသည် သင်တို့အဖို့ မိုးကောင်းကင်က မုန့်မိုးကိုရွာစေမည်။ လူတို့သည် နေ့တိုင်းထွက်၍ တစ်နေ့စားလောက်အောင် သိမ်းယူရကြမည်။” ဘုရားသခင်မိန့်တော်မူခဲ့သည့်အတိုင်း ‘ကောင်းကင်မှမုန့်’ ကိုပေးတော်မူခဲ့သည်။ “ဣသရေလအမျိုးသားတို့သည် မြင်သောအခါ ‘အဘယ်အရာနည်း’ ဟု မသိသောကြောင့် တစ်ယောက်ကိုတစ်ယောက်မေးကြ၏။” ယင်းမှာ သူတို့ကိုပေးမည်ဟု ယေဟောဝါကတိပြုတော်မူခဲ့သော မန္နမုန့်ဖြစ်သည်။—⁠ထွက်မြောက်ရာ ၁၆:၄၊ ၁၃-၁၅

၁၀ တောကန္တာရတွင် နှစ်ပေါင်း ၄၀ လုံးလုံး အစာနှင့်ရေကိုထောက်မပေးခြင်းဖြင့် ဣသရေလလူမျိုးကို ယေဟောဝါစောင့်ရှောက်ခဲ့သည်။ သူတို့၏ဝတ်လုံများ မဟောင်းမနွမ်း၊ သူတို့၏ခြေများ မပွန်းမရောင်ကြောင်းကိုပင် တွေ့မြင်စေခဲ့သည်။ (တရားဟောရာ ၈:၃၊ ၄) ယင်းတို့အားလုံးကို ယောရှုတွေ့မြင်ခဲ့ရသည်။ ယေဟောဝါသည် ကတိပြုတော်မူခဲ့သည့်အတိုင်း မိမိလူမျိုးတော်ကို ကယ်နုတ်၊ ကာကွယ်၊ ထောက်မပေးခဲ့သည်။

မျက်မှောက်ခေတ်အချိန်တွင် ကယ်နုတ်ပေးမှု

၁၁။ ၁၉၁၄ ခုနှစ်တွင် ဘရွတ်ကလင်၊ နယူးယောက်၌ အဘယ်အရာ ဖြစ်ပျက်ခဲ့သနည်း။ ထိုအချိန်တွင် အဘယ်အချိန်ကာလ ရောက်လာခဲ့သနည်း။

၁၁ ကျွန်ုပ်တို့အချိန်တွင်ကော အသို့နည်း။ ၁၉၁၄၊ အောက်တိုဘာ ၂ ရက်၊ သောကြာနေ့တွင် ထိုအချိန်က ကျမ်းစာကျောင်းသားများကိုဦးဆောင်သူ ချားလ်စ် တေ့ဇ် ရပ်စယ်လ်သည် ဘရွတ်ကလင်၊ နယူးယောက်ရှိ ဗေသလထမင်းစားခန်းထဲ ခြေလှမ်းကျဲကျဲဖြင့်ဝင်လာသည်။ “အားလုံး မင်္ဂလာနံနက်ခင်းပါ” ဟုရွှင်ရွှင်ပျပျနှုတ်ဆက်သည်။ ပြီးနောက် ထိုင်ခုံတွင်မထိုင်မီ ဝမ်းသာအားရဖြင့် “တစ်ပါးအမျိုးသားကာလ ကုန်ဆုံးပြီ။ သူတို့ရဲ့မင်းများခေတ်ကုန်ပြီ” ဟုကြေညာခဲ့သည်။ စကြဝဠာပိုင်သအုပ်စိုးရှင်ဖြစ်သော ယေဟောဝါအဖို့ ကိုယ်တော့်လူမျိုးအကျိုးအတွက်လုပ်ဆောင်ရန် အချိန်ရောက်လာပြန်လေပြီ။ လုပ်လည်း လုပ်ဆောင်တော်မူခဲ့သည်။

၁၂။ ၁၉၁၉ ခုနှစ်တွင် အဘယ်ကယ်နုတ်မှု ဖြစ်ခဲ့သနည်း။ အဘယ်ရလဒ်ဖြစ်ခဲ့သနည်း။

၁၂ ငါးနှစ်မျှကြာပြီးနောက် ယေဟောဝါသည် မိမိလူမျိုးကို ကမ္ဘာ့အယူမှားဝတ်ပြုရေးအင်ပါယာဖြစ်သော ‘မဟာဗာဗုလုန်’ မှကယ်နုတ်ခဲ့သည်။ (ဗျာ. ၁၈:၂) ယင်းစိတ်လှုပ်ရှားဖွယ်ကယ်နုတ်မှုကို ကျွန်ုပ်တို့ထဲမှအနည်းစုသာ မျက်မြင်ကိုယ်တွေ့များဖြစ်ကြသည်။ သို့တိုင် ကျွန်ုပ်တို့သည် ယင်း၏အကျိုးဆက်ရလဒ်ကို အထင်အရှားတွေ့မြင်ကြရသည်။ ယေဟောဝါသည် စင်ကြယ်သောဝတ်ပြုရေးကို ပြန်လည်တည်ထောင်ခဲ့ပြီး ကိုယ်တော်အားဝတ်ပြုလိုသူတို့ကို စုစည်းတော်မူခဲ့သည်။ ယင်းကို ပရောဖက်ဟေရှာယမှတစ်ဆင့် ဤသို့ကြို၍မိန့်တော်မူခဲ့သည်– ‘နောက်ဆုံးသောကာလ၌ ယေဟောဝါ၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။’—⁠ဟေရှာယ ၂:၂

၁၃။ ယေဟောဝါ၏လူမျိုးအလယ်တွင် အဘယ်တိုးပွားမှုကို သင်တွေ့မြင်ရသနည်း။

၁၃ ဟေရှာယ၏စကားများ မပျက်မကွက် ပြည့်စုံခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် ဘိသိက်ပေးခံရသောအကြွင်းအကျန်သည် ရဲရင့်စွာကမ္ဘာချီသက်သေခံခြင်းလုပ်ငန်းကို စတင်ခဲ့ပြီး မှန်သောဘုရားသခင့်ဝတ်ပြုရေးကို မြှင့်တင်ခဲ့ကြသည်။ ၁၉၃၀ ပြည့်လွန်နှစ်များတွင် ယင်းလုပ်ဆောင်မှုသည် “အခြားသိုး” ကိုစုသိမ်းခြင်းဖြစ်ကြောင်း ထင်ရှားလာသည်။ (ယောဟန် ၁၀:၁၆) ဦးဆုံး ထောင်နှင့်ချီသောသူများ ဝင်လာကြသည်၊ ပြီးနောက် သိန်းနှင့်ချီသောသူများ၊ ယခု သန်းနှင့်ချီသောသူတို့သည် စင်ကြယ်သောဝတ်ပြုရေးဘက် ရပ်တည်နေကြသည်။ တမန်တော်ယောဟန်မြင်တွေ့ခဲ့ရသော စိတ်အာရုံတစ်ခုတွင် သူတို့ကို ‘လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ အဘယ်သူမျှမရေတွက်နိုင်သော လူအုပ်ကြီး’ အဖြစ်ဖော်ပြထားသည်။ (ဗျာ. ၇:၉) သင့်ဘဝအသက်တာအတွင်း အဘယ်အရာကို သင်မြင်တွေ့ခဲ့ရသနည်း။ အမှန်တရားကို သင်ဦးဆုံးသင်ယူချိန်တွင် ကမ္ဘာပေါ် ယေဟောဝါသက်သေ မည်မျှရှိသနည်း။ ယနေ့အချိန်တွင် ယေဟောဝါအားဝတ်ပြုကိုးကွယ်သူ ၆,၇၀၀,၀၀၀ ကျော်ပြီဖြစ်သည်။ ယေဟောဝါသည် မိမိလူမျိုးကို မဟာဗာဗုလုန်မှ ကယ်နုတ်ခြင်းဖြင့် စိတ်လှုပ်ရှားဖွယ်တိုးပွားမှုများဖြစ်ရန် လမ်းဖွင့်ပေးခဲ့ပြီး ယခု ကမ္ဘာချီအတိုင်းအတာဖြင့် တွေ့မြင်ရသည်။

၁၄။ အဘယ်ကယ်နုတ်မှုကို တွေ့ကြုံရဦးမည်နည်း။

၁၄ ကမ္ဘာပေါ်ရှိလူသားတိုင်း ရင်ဆိုင်ကြုံတွေ့ရမည့် နောက်ထပ်ကယ်နုတ်ခြင်းလုပ်ရပ်တစ်ခုရှိသေးသည်။ ယေဟောဝါသည် အံ့မခန်းဖွယ်တန်ခိုးတော်ထင်ရှားပြကာ ကိုယ်တော်အားဆန့်ကျင်သူအားလုံးကို ဖယ်ရှားပစ်ပြီး မိမိ၏လူမျိုးကို ဖြောင့်မတ်ခြင်းတရားတည်မည့် ကမ္ဘာသစ်အတွင်းသို့ ကယ်နုတ်တော်မူမည်။ ဆိုးသွမ်းမှုအဆုံးတိုင်ပြီး လူ့သမိုင်းတွင် ဘုန်းအသရေအပြည့်ဝဆုံးအချိန်စတင်မည်ကို တွေ့မြင်ရခြင်းသည် အလွန်ရွှင်လန်းအားရစရာဖြစ်လိမ့်မည်။—⁠ဗျာ. ၂၁:၁-၄

ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါ၏ ကာကွယ်ပေးမှု

၁၅။ မျက်မှောက်ခေတ်တွင် ယေဟောဝါ၏ကာကွယ်မှု အဘယ်ကြောင့် လိုအပ်ရသနည်း။

၁၅ ကျွန်ုပ်တို့သိရှိခဲ့ရသည့်အတိုင်း ယောရှုခေတ်က ဣသရေလလူမျိုးသည် ယေဟောဝါ၏ကာကွယ်မှု လိုအပ်ခဲ့သည်။ မျက်မှောက်ခေတ် ယေဟောဝါ၏လူမျိုးသည် ယင်းနှင့်မတူတစ်မူထူးခြားမည်လော။ ထူးခြားမည်မဟုတ်ပါ။ ယေရှုက မိမိနောက်လိုက်များအား ဤသို့သတိပေးခဲ့၏– “လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကိုခံစေခြင်းငှာ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကိုမုန်းကြလိမ့်မည်။” (မဿဲ ၂၄:၉) နှစ်များတစ်လျှောက် ဒေသများစွာရှိ ယေဟောဝါသက်သေများသည် ပြင်းထန်သောဆန့်ကျင်မှု၊ ရက်စက်သောညှဉ်းပန်းနှိပ်စက်မှုတို့ကို ခံရပ်ခဲ့ရသည်။ သို့တိုင် ယေဟောဝါသည် မိမိလူမျိုးနှင့်အတူရှိကြောင်း သက်သေထူခဲ့သည်။ (ရောမ ၈:၃၁) မည်သည့်အရာကမျှ၊ “သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ” ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းကို ရပ်တန့်သွားစေမည်မဟုတ်ကြောင်း ကိုယ်တော်၏နှုတ်မြွက်စကားတော်က အာမခံထားသည်။—⁠ဟေရှာယ ၅၄:၁၇

၁၆။ ယေဟောဝါသည် မိမိလူမျိုးကိုကာကွယ်ပေးကြောင်း အဘယ်အထောက်အထားကို သင်တွေ့မြင်ရသနည်း။

၁၆ လောက၏မုန်းတီးမှုများကြား ယေဟောဝါ၏လူမျိုးသည် ဆက်၍တိုးပွားခဲ့သည်။ ယေဟောဝါသက်သေများသည် နိုင်ငံပေါင်း ၂၃၆ နိုင်ငံတွင် တိုးပွားနေခြင်းက ကျွန်ုပ်တို့ကို ဖျက်ဆီး သို့မဟုတ် အသံတိတ်သွားစေလိုကြသူတို့ရန်မှ ယေဟောဝါကာကွယ်ပေးကြောင်း ခိုင်လုံသည့်အထောက်အထား အမှန်ပင်ဖြစ်သည်။ သင့်အသက်တာအတွင်း ဘုရားသခင့်လူမျိုးကို အပြင်းအထန်ဆန့်ကျင်ခဲ့သော အင်အားကြီးနိုင်ငံရေးခေါင်းဆောင် သို့မဟုတ် [ခရစ်ယာန်]ဘာသာရေးခေါင်းဆောင်တို့၏ အမည်များကို သင်မှတ်မိပါသလော။ သူတို့ မည်သို့ဖြစ်သွားပြီနည်း။ ယခု သူတို့ အဘယ်နေရာတွင်ရှိသနည်း။ မောရှေနှင့် ယောရှုခေတ်က ဖာရောကဲ့သို့ပင် သူတို့အများစုမှာ ဆုံးရှုံးသွားကြပြီဖြစ်သည်။ တည်ကြည်စွာသေဆုံးသွားကြသော မျက်မှောက်ခေတ် ဘုရားသခင့်ကျေးကျွန်များနှင့်ပတ်သက်၍ကော အသို့နည်း။ သူတို့သည် ဘုရားသခင့်မှတ်ဉာဏ်တွင် ကာကွယ်ခံရကြသည်။ ထိုနေရာထက်လုံခြုံသည့် အခြားနေရာမရှိနိုင်ပါ။ ကာကွယ်ပေးမည်ဟူသော ယေဟောဝါ၏နှုတ်မြွက်ချက်သည် အမှန်ပင်ဖြစ်နေသည်မှာ ရှင်းနေပါသည်။

ယနေ့ မိမိလူမျိုးကို ယေဟောဝါထောက်မ

၁၇။ ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးကိုဖြစ်စေသော ပုံဆောင်အစာနှင့်ပတ်သက်၍ အဘယ်အာမခံချက်ကို ယေဟောဝါပေးတော်မူသနည်း။

၁၇ ယေဟောဝါသည် တောကန္တာရတွင် မိမိလူမျိုးကို ထောက်မခဲ့သကဲ့သို့ ယနေ့အချိန်တွင်လည်း ကိုယ်တော်ထောက်မတော်မူသည်။ ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ အားဖြင့် ဘုရားသခင်နှင့်ပို၍ရင်းနှီးစေသော ပုံဆောင်အစာကို ကျွန်ုပ်တို့ရရှိကြသည်။ (မဿဲ ၂၄:၄၅) ရာစုနှစ်ချီ၍ လျှို့ဝှက်နက်နဲရာဖြစ်ခဲ့သော ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာအမှန်ကို ကျွန်ုပ်တို့ရရှိကြသည်။ ဒံယေလကို ကောင်းကင်တမန် ဤသို့ပြောခဲ့၏– “အမှုကုန်ရသည်ကာလ [“ဆုံးခန်းကာလ၊” ကဘ] တိုင်အောင် ဤစကားတော်တို့ကိုပိတ်၍ စာစောင်ကိုတံဆိပ်ခတ်ထားလော့။ အများသောသူတို့သည် ထိုစာကိုကြည့်ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်။”—⁠ဒံယေလ ၁၂:⁠၄

၁၈။ စစ်မှန်သောအသိပညာသည် ယနေ့အချိန်တွင် တိုးပွားလျက်ရှိသည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။

၁၈ ကျွန်ုပ်တို့သည် ဆုံးခန်းကာလတွင် အသက်ရှင်နေရကြပြီး စစ်မှန်သောအသိပညာ အမှန်ပင်တိုးပွားလျက်ရှိသည်။ ကမ္ဘာတစ်ဝန်းတွင် သန့်ရှင်းသောစွမ်းအားတော်က အမှန်တရားကိုမြတ်နိုးသူတို့အား မှန်သောဘုရားသခင်၊ ကိုယ်တော့်ရည်ရွယ်တော်မူချက်တို့နှင့်ပတ်သက်သည့် တိကျမှန်ကန်သောအသိပညာရရှိစေရန် ဦးဆောင်လျက်ရှိသည်။ ယနေ့ ကမ္ဘာပေါ်တွင် သမ္မာကျမ်းစာ အမြောက်အမြားရှိသည်၊ သမ္မာကျမ်းစာတွင်ပါဝင်သော အဖိုးထိုက်အမှန်တရားများကိုနားလည်ရန် အကူအညီဖြစ်စေသည့် စာပေများလည်း အမြောက်အမြားရှိသည်။ ဥပမာ၊ လေ့လာရန်စာပေဖြစ်သော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာအဘယ်နည်းစာအုပ်ပါ မာတိကာကို သုံးသပ်ကြည့်ပါ။ * ယင်းတွင်ပါရှိသော အခန်းများမှာ “ဘုရားသခင်နှင့်ပတ်သက်သော အမှန်တရားကား အဘယ်နည်း၊” “သေလွန်သူများ မည်သည့်နေရာတွင် ရှိနေကြသနည်း၊” “ဘုရားသခင့်နိုင်ငံတော်ဟူသည် အဘယ်နည်း၊” “ဘုရားသခင်သည် ဆင်းရဲခက်ခဲမှုကို အဘယ်ကြောင့် ခွင့်ပြုထားသနည်း” တို့ဖြစ်သည်။ လူတို့သည် နှစ်ထောင်နှင့်ချီတစ်လျှောက်လုံး ထိုကဲ့သို့သောမေးခွန်းများကို စဉ်းစားတွေးတောခဲ့ကြသည်။ ယခု အဖြေများကို အလွယ်တကူရရှိနိုင်ကြပြီဖြစ်သည်။ ရာစုနှစ်နှင့်ချီ သမ္မာကျမ်းစာကို လျစ်လျူရှုခဲ့ကြသည့်ပြင် ခရစ်ယာန်ဘောင်၏ အယူမှားသွန်သင်ချက်များကြားမှပင် ဘုရားသခင့်နှုတ်မြွက်စကားတော်သည် ယေဟောဝါအားဝတ်ပြုကိုးကွယ်လိုသူအားလုံးကို ထောက်မပေးခြင်းဖြင့် ဩဇာလွှမ်းမိုးလျက်ရှိသည်။

၁၉။ အဘယ်ကတိတော်များ ပြည့်စုံနေသည်ကို သင်တွေ့မြင်ရသနည်း။ သင်အဘယ်ကောက်ချက်ချသနည်း။

၁၉ ကျွန်ုပ်တို့ကိုယ်တိုင် မြင်တွေ့ခဲ့ရာများကြောင့် ကျွန်ုပ်တို့ ဤသို့အခိုင်အမာပြောနိုင်ကြသည်– ‘သင်တို့၏ဘုရားသခင်ယေဟောဝါသည် သင်တို့အဖို့မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြ၏။’ (ယောရှု ၂၃:၁၄) ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို ကယ်နုတ်၊ ကာကွယ်၊ ထောက်မတော်မူသည်။ ကိုယ်တော်သတ်မှတ်ထားချိန်တွင် ပြည့်စုံရန်ပျက်ကွက်ခဲ့သော ကတိတော်တစ်စုံတစ်ခုကို သင်ထောက်ပြနိုင်ပါသလော။ ထောက်ပြနိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ယုံကြည်စိတ်ချထိုက်သော ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ပညာရှိရှိယုံကြည်ကြသည်။

၂၀။ အနာဂတ်ကို ယုံကြည်စိတ်ချမှုဖြင့် အဘယ်ကြောင့် မျှော်ကြည့်နိုင်သနည်း။

၂၀ အနာဂတ်နှင့်ပတ်သက်၍ကော အသို့နည်း။ ကျွန်ုပ်တို့ထဲမှအများစုသည် ပျော်မွေ့ ဖွယ်ကောင်းသော ပရဒိသုအဖြစ်ပြောင်းလဲသွားမည့် ကမ္ဘာမြေကြီးပေါ် အသက်ရှင်နေထိုင်ရန် မျှော်လင့်နိုင်သည်ဟု ယေဟောဝါမိန့်တော်မူ၏။ ကျွန်ုပ်တို့ထဲမှအနည်းငယ်သည် ခရစ်တော်နှင့်အတူ ကောင်းကင်တွင်အုပ်ချုပ်ရန် မျှော်လင့်ချက်ရှိကြသည်။ ကျွန်ုပ်တို့၏မျှော်လင့်ချက် မည်သို့ပင်ရှိပါစေ ယောရှုကဲ့သို့ ဆက်၍တည်ကြည်နေရန် အကြောင်းရင်းအခိုင်အလုံရှိသည်။ ကျွန်ုပ်တို့၏မျှော်လင့်ချက် အမှန်တကယ်ဖြစ်လာသည့်အချိန် ရောက်ရှိလာမည်။ ထိုအချိန်တွင် ယေဟောဝါလုပ်ဆောင်တော်မူခဲ့သည့် ကတိတော်အားလုံးကို ပြန်ပြောင်းကြည့်ကာ ‘အကုန်အစင်ပြည့်စုံ၏’ ဟုကျွန်ုပ်တို့လည်း ပြောကြပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 ယေဟောဝါသက်သေများထုတ်ဝေသည်။

သင်ရှင်းပြနိုင်သလော

• ယေဟောဝါ၏ အဘယ်အာမခံချက်များပြည့်စုံသည်ကို ယောရှုတွေ့ မြင်ခဲ့ရသနည်း။

• ဘုရားသခင်၏ အဘယ်အာမခံချက်များ ပြည့်စုံသည်ကို သင်တွေ့ မြင်ခဲ့ရပြီနည်း။

• ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့်ပတ်သက်၍ အဘယ်အရာ သေချာသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

မိမိလူမျိုးကိုကယ်နုတ်ရန် ယေဟောဝါကြားဝင်ဆောင်ရွက်ခဲ့

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ပင်လယ်နီတွင် မိမိလူမျိုးကို ယေဟောဝါမည်သို့ကာကွယ်ခဲ့သနည်း

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

တောကန္တာရတွင် မိမိလူမျိုးကို ယေဟောဝါမည်သို့ထောက်မခဲ့သနည်း

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ယနေ့အချိန်တွင် ယေဟောဝါသည် မိမိလူမျိုးကို ဂရုစိုက်စောင့်ရှောက်