သင့်ယုံကြည်ချက်ကိုဝေမျှရန်အခွင့်အရေးများ လက်မလွှတ်တမ်းအသုံးချပါသလော
သင့်ယုံကြည်ချက်ကိုဝေမျှရန်အခွင့်အရေးများ လက်မလွှတ်တမ်းအသုံးချပါသလော
“ကြွင်းမဲ့အမှန်တရားရှိသလော။” ယင်းသည် ပိုလန်နိုင်ငံတွင် နိုင်ငံတစ်ဝန်းကျင်းပခဲ့သော စာစီစာကုံးပြိုင်ပွဲ၏အကြောင်းအရာဖြစ်သည်။ ယင်းစာစီစာကုံးအတွက် ညွှန်ကြားချက်များက ဤသို့ဆိုသည်– “ကျွန်ုပ်တို့ အကြွင်းမဲ့အမှန်တရား မလိုအပ်ပါ။ မည်သူမျှမလိုအပ်ပါ။ အကြွင်းမဲ့အမှန်တရားဆိုသည်မှာလည်း မရှိပါလေ။” ယေဟောဝါသက်သေတစ်ဦးဖြစ်သော ခြင်း၁၅ နှစ်အရွယ်အထက်တန်းကျောင်းသူ အာဂါးတာသည် မိမိ၏ဝတ်ပြုရေးယုံကြည်ချက်ကို အခြားသူများ ဝေမျှရန် ယင်းအခွင့်အရေးကိုအသုံးချဖို့ ဆုံးဖြတ်ခဲ့သည်။စာစီစာကုံးအတွက်ပြင်ဆင်ရာတွင် အာဂါးတာသည် ဦးစွာယေဟောဝါ၏လမ်းညွှန်မှုရရှိရန်ဆုတောင်းခဲ့ပြီး အကြောင်းအရာနှင့်စပ်လျဉ်းသော အချက်အလက်များကို ရှာဖွေစုဆောင်းခဲ့သည်။ ၁၉၉၅၊ ဇူလိုင် ၁ ရက်ထုတ်ကင်းမျှော်စင်တွင် ဆက်နွှယ်နေသောအချက်အလက်ကို တွေ့ ရှိခဲ့သည်။ ‘အမှန်တရားကားအဘယ်သို့နည်း’ ဟူသည့် ပုန္တိပိလတ်က ယေရှုကိုမေးခဲ့သည့်မေးခွန်းကို သူကိုးကားခဲ့သည်။ (ယောဟန် ၁၈:၃၈) ယင်းမေးခွန်းက “အမှန်တရားတဲ့လား၊ အဲ့ဒါက ဘာလဲ၊ မရှိနိုင်တဲ့ဥစ္စာ!” ဟုဆိုနေသည့်အလား အပြစ်ရှာသည့်သဘောပေါ်လွင်နေကြောင်း သူရေးသားခဲ့သည်။ “ပိလတ်၏မေးခွန်းက ကျွန်မအား စာစီစာကုံးအတွက်ညွှန်ကြားချက်များကို ပြန်သတိရစေသည်” ဟုအာဂါးတာက ရေးသားခဲ့သည်။
နောက်ထပ် သူက ဆက်နွှယ်ခြင်းပြဝါဒ (အမှန်တရားဟူ၍မရှိဟုဆိုသော နှိုင်းရအယူအဆ) ၏တိုးတက်ဖြစ်ပေါ်မှုကို ဆွေးနွေးခဲ့သည်– ယင်းအယူအဆမှာ တစ်ဦးအတွက်မှန်သည့်အရာသည် အခြားတစ်ဦးအတွက် မမှန်ဘဲနေမည်ဖြစ်သည်၊ ထို့ကြောင့် နှစ်ဦးစလုံး “မှန်ကန်” နေပေမည်ဟူ၍ဖြစ်သည်။ “အယ်ရိုဒိုင်နမစ်နိယာမတရားသည် တိကျမှန်ကန်သည်ဟုမယုံနိုင်လျှင် အဘယ်သူသည် လေယာဉ်ပျံပေါ်တက်ဝံ့မည်နည်း” ဟူသောမေးခွန်းများကို သူမေးခဲ့သည်။ ထို့နောက် သမ္မာကျမ်းစာကိုညွှန်ပြကာ ဤသို့ပြောသည်– “ဘုရားသခင့်နှုတ်မြွက်စကားတော်အပေါ် ယုံကြည်အားထားခြင်းသည် မှန်ကန်ကြောင်း အတည်ပြုပြောဆိုတင်ပြနိုင်သော အချက်အလက်များတွင် မြဲမြံခိုင်ခံ့စွာ အခြေခံပါသည်။” စိတ်ရင်းမှန်ဖြင့် အကြွင်းမဲ့အမှန်တရားကိုရှာဖွေသူတို့သည် ယင်းကိုတွေ့ ရှိရန် များစွာစိတ်ရှည်ရမည်ဖြစ်ကြောင်း သူ့မျှော်လင့်ချက်ကို ဖော်ပြခဲ့သည်။
အာဂါးတာသည် အထူးဒီပလိုမာဆုရခဲ့ပြီး အတန်းသားအားလုံးရှေ့ တင်ဆက်ရန်အခွင့်အရေး ရရှိခဲ့သည်။ ကျောင်းနေဖက်တချို့သည် သူတို့နှင့်ကျမ်းစာလေ့လာရန် သူ၏ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြသည်။ အာဂါးတာသည် မိမိ၏ယုံကြည်ချက်ကို အခြားသူများအား ဝေမျှရန်ဤအခွင့်အရေးကို အသုံးပြုခဲ့ရသည့်အတွက် ကျေးဇူးတင်သည်။ မှန်ပါသည်၊ သင်၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ ပြောဆိုရန်အခွင့်အရေးကို နိုးနိုးကြားကြားရှိခြင်းက သီးပွင့်စေနိုင်သည်။ အဘယ်အခွင့်အရေးများကို သင်လက်မလွှတ်တမ်းအသုံးချနိုင်ပါသနည်း။