ဩဗဒိ၊ ယောနနှင့် မိက္ခာကျမ်းတို့မှ ပေါ်လွင်ချက်များ
ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏
ဩဗဒိ၊ ယောနနှင့် မိက္ခာကျမ်းတို့မှ ပေါ်လွင်ချက်များ
‘ဩဗဒိမြင်ရသောစိတ်အာရုံကို ဆိုပေအံ့။’ (ဩဗဒိ ၁၊ သမ္မာ) ဤစကားများဖြင့် ဩဗဒိကျမ်းအစပြုသည်။ ပရောဖက်သည် ဘီစီ ၆၀၇ တွင် သူရေးခဲ့သောစာအုပ်၌ မိမိနာမည်မှတစ်ပါး မိမိအကြောင်း အခြားအဘယ်အရာမျှ ဖော်ပြမထားပါ။ လွန်ခဲ့သည့်ရာစုနှစ် နှစ်ခုကျော်တွင် ရေးသားပြီးစီးသောကျမ်းစောင်၌ ပရောဖက်ယောနသည် သူ၏ဟောပြောခြင်းတာဝန်နှင့်ဆက်နွှယ်သော ကိုယ်တိုင်တွေ့ကြုံခဲ့သည့်အရာကို ပွင့်ပွင့်လင်းလင်းဖော်ပြခဲ့သည်။ မိက္ခာပရောဖက်ပြုခဲ့သော နှစ်ပေါင်း ၆၀ ကြာလုပ်ဆောင်မှုများသည် ဩဗဒိနှင့် ယောနတို့၏ကြားကာလဖြစ်သော ဘီစီ ၇၇၇ မှ ၇၁၇ အထိ ဖြစ်သည်။ မိမိအကြောင်း မိက္ခာပြောပြသည့်တစ်ခုတည်းသောအရာမှာ သူသည် “မောရရှရွာသား” ဖြစ်ကြောင်းနှင့် “ယုဒဘုရင်ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်းတို့လက်ထက်၌” ယေဟောဝါ၏စကားတော် သူ့ထံရောက်လာခဲ့သည့်အကြောင်းတို့ဖြစ်သည်။ (မိက္ခာ ၁:၁) ပရောဖက်သည် ကျေးလက်ဒေသလူနေမှုစရိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိကြောင်းကို သူ့သတင်းစကား၏အဓိကအချက်များ ပေါ်လွင်စေရန် အသုံးပြုသောပုံဥပမာအမျိုးအစားများတွင် အထင်အရှားတွေ့ရသည်။
ဧဒုံသည် “အစဉ်ပယ်ရှားခြင်းကိုခံရလိမ့်မည်”
ဧဒုံနှင့်စပ်လျဉ်း၍ ဩဗဒိဤသို့ဆို၏– “သင်သည် ညီယာကုပ်အားပြုသောကြမ်းကြုတ်မှုကြောင့် အရှက်နှင့်ဖုံးလွှမ်း၍ အစဉ်ပယ်ရှားခြင်းကိုခံရလိမ့်မည်။” ဣသရေလလူမျိုးဖြစ်သော ယာကုပ်၏သားစဉ်မြေးဆက်များအပေါ် မကြာသေးမီကပြုလုပ်သော ဧဒုံလူမျိုးတို့၏အကြမ်းဖက်လုပ်ရပ်များကို ပရောဖက်စိတ်တွင် ကွင်းကွင်းကွက်ကွက်မြင်နေတုန်းပင်။ ဘီစီ ၆၀၇ တွင် ဗာဗုလုန်လူမျိုးတို့ ယေရုရှလင်မြို့ကို ဖျက်ဆီးသောအခါ ဧဒုံလူမျိုးတို့သည် “လက်ခံသောသူဖြစ်” ပြီး ကျူးကျော်တိုက်ခိုက်လာသော “တစ်ပါးအမျိုးသားတို့” နှင့်မဟာမိတ်ဖွဲ့ခဲ့ကြသည်။—ဩဗဒိ ၁၀၊ သမ္မာ၊ ၁၁။
သို့သော် ယာကုပ်အမျိုးအနွယ်အတွက် ပြန်လည်တည်ထောင်ခြင်းရှိသည်။ ဩဗဒိပရောဖက်ပြုချက်က ဤသို့ဖော်ပြသည်– “ဇိအုန်တောင်ပေါ်မှာ ဘေးလွတ်သောသူအချို့ရှိကြလိမ့်မည်။ သန့်ရှင်းသောအရပ်ဖြစ်လိမ့်မည်။”—ဩဗဒိ ၁၇။
ကျမ်းစာမေးခွန်းများ၏အဖြေ–
၅-၈—ဧဒုံပြည်ပျက်စီးခြင်းကို ညအခါ သူခိုးဓားပြများလာခြင်း၊ စပျစ်သီးဆွတ်သောသူတို့လာခြင်းတို့နှင့် နှိုင်းယှဉ်ခြင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။ သူခိုးများသည် ဧဒုံပြည်သို့ လာပါက သူတို့လိုချင်ရာများကိုသာ ယူသွားကြလိမ့်မည်။ ရိတ်သိမ်းသူများ ဧဒုံပြည်သို့ လာပါက ကောက်သင်းကောက်ရန် အသီးအနှံတချို့ ချန်ထားခဲ့ကြလိမ့်မည်။ သို့သော် ဧဒုံပြည်ကျဆုံးသောအခါ ၎င်း၏ဥစ္စာအင်ခွင်များကို အောင်နိုင်သူများ အသေအချာရှာဖွေကြမည်ဖြစ်ပြီး ၎င်းပြည်သည် “[သူ] နှင့်မိတ်သဟာယဖွဲ့သောသူအပေါင်းတို့” ဖြစ်သော ဗာဗုလုန်လူမျိုးတို့အားဖြင့် အပြီးအပိုင်တိုက်ခိုက်လုယက်ခြင်းခံရလိမ့်မည်။—ယေရမိ ၄၉:၉၊ ၁၀။
၁၀ [သမ္မာ]—ဧဒုံပြည်သည် မည်သို့အားဖြင့် “အစဉ်ပယ်ရှားခြင်းကို ခံရလိမ့်မည်နည်း။” ကမ္ဘာပေါ်တွင် အစိုးရ၊ ပြည်သူပြည်သားတို့နှင့် အမှန်တကယ်တည်ရှိခဲ့သောဧဒုံပြည်သည် ကြိုဟောထားသည့်အတိုင်း ကွယ်ပျောက်သွားခဲ့သည်။ ဗာဗုလုန်ဘုရင် နဗိုနိုက်ဒတ်စ်သည် ဘီစီခြောက်ရာစုအလယ်လောက်တွင် ဧဒုံပြည်ကို အောင်နိုင်ခဲ့သည်။ ဘီစီလေးရာစု၌ ဧဒုံနယ်မြေတွင် နာဘတန်လူမျိုးများ လာရောက်နေရာယူခဲ့ကြပြီး ဧဒုံလူမျိုးတို့သည် ယုဒပြည်တောင်ပိုင်းတွင်ရှိသော နေဂပ်ဒေသ၌ လာရောက်နေထိုင်ခဲ့ကြသည်၊ နောက်ပိုင်း ဣဒုမဲဟုလူသိများခဲ့သည်။ အေဒီ ၇၀ တွင် ယေရုရှလင်မြို့ကို ရောမလူမျိုးတို့ဖျက်ဆီးပြီးနောက် ဧဒုံလူမျိုးတို့ ပျောက်ကွယ်သွားခဲ့သည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ–
၃၊ ၄။ ဧဒုံလူမျိုးတို့သည် ရန်သူတို့၏တိုက်ခိုက်မှုမှ အကာအကွယ်ယူနိုင်သည့် ကျောက်ဆောင်ပေါသော မြင့်မားသည့်တောင်တန်း များနှင့် နက်ရှိုင်းသောချောက်များတွင် နေထိုင်ခဲ့ကြသောကြောင့် ဘေးကင်းလုံခြုံသည်ဟု ယုံကြည်စိတ်ချလွန်းခြင်းဖြင့် သူတို့ကိုယ်သူတို့ လှည့်စားခဲ့ကြသည်။ သို့သော် ယေဟောဝါ၏တရားစီရင်ချက်ကို ရှောင်လွှဲ၍မရချေ။
၈၊ ၉၊ ၁၅။ လူ့ပညာနှင့် တန်ခိုးတို့သည် ‘ယေဟောဝါ၏နေ့’ အတွင်း မည်သည့်ကာကွယ်မှုမျှ မပေးနိုင်ချေ။—ယေရမိ ၄၉:၇၊ ၂၂။
၁၂-၁၄။ ဘုရားသခင့်ကျေးကျွန်များ ကြုံတွေ့နိုင်သည့်အခက်အခဲများအပေါ် ဝမ်းမြောက်ရွှင်လန်းနေကြသူတို့အတွက် ဧဒုံလူမျိုးတို့၏အဖြစ်အပျက်က သတိပေးပုံနမူနာဖြစ်သည်။ ယေဟောဝါသည် မိမိလူတို့အား မတော်မတရားပြုမူဆက်ဆံသည်ကို ပေါ့ပေါ့တန်တန် မရှုမြင်ပါ။
၁၇-၂၀။ ယာကုပ်၏အမျိုးအနွယ်နှင့်ပတ်သက်သော ဤပြန်လည်တည်ထောင်ခြင်းပရောဖက်ပြုချက်သည် ဘီစီ ၅၃၇ တွင် အကြွင်းအကျန်တို့ ယေရုရှလင်သို့ပြန်လာခဲ့ကြသောအခါ စတင်ပြည့်စုံခဲ့သည်။ ယေဟောဝါ၏စကားတော်သည် အမြဲမှန်ကန်ခဲ့၏။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ကတိတော်များကို အပြည့်အဝယုံကြည်စိတ်ချနိုင်ကြသည်။
“နိနေဝေမြို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်”
“နိနေဝေမြို့ကြီးသို့သွားပြီးလျှင်” တရားစီရင်ခြင်းသတင်းကို “ကြွေးကြော်လော့” ဟူသော ဘုရားသခင့်ပညတ်ကို နာခံမည့်အစား ယောနသည် ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးသည်။ ယေဟောဝါသည် “ပြင်းစွာသောလေကို ပင်လယ်အပေါ်သို့စေလွှတ်တော်မူ” ပြီး “ငါးကြီး” တစ်ကောင်ကိုအသုံးပြုခြင်းဖြင့် ကိုယ်တော်သည် ယောန၏ဦးတည်ရာကိုပြောင်းပြီး အာရှုရိမြို့တော်သို့ ဒုတိယအကြိမ်သွားရန် တာဝန်ပေးသည်။—ယောန ၁:၂၊ ၄၊ ၁၇; ၃:၁၊ ၂။
ယောနသည် နိနေဝေမြို့ထဲဝင်ကာ ရှင်းလင်းပြတ်သားသောသတင်းစကားကို ဤသို့ကြွေးကြော်သည်– “အရက်လေးဆယ်လွန်သော် နိနေဝေမြို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။” (ယောန ၃:၄) သူကြွေးကြော်သည့်အတိုင်း ဖြစ်မလာသည့်အခါ ယောန “အမျက်ထွက်” ခဲ့သည်။ ယေဟောဝါသည် ယောနအား သနားကြင်နာမှုဆိုင်ရာသင်ခန်းစာကိုပေးရန် “ကြက်ဆူပင် [ဘူးပင်]” ကို အသုံးပြုတော်မူသည်။—ယောန ၄:၁၊ ၆။
ကျမ်းစာမေးခွန်းများ၏အဖြေ–
၃:၃—နိနေဝေမြို့၏အကျယ်အဝန်းသည် “သုံးရက်ခရီး” အမှန်တကယ်ဖြစ်သလော။ ဖြစ်ပါသည်။ ရှေးအချိန်က နိနေဝေမြို့ဟုဆိုရာတွင် မြောက်ဘက် ခေါရ်စဘတ်မြို့မှ တောင်ဘက် နင်မ်ရွတ်အရပ်ဒေသရှိ ကျေးရွာများအထိ ပါဝင်သည်ဟု နားလည်ရပေမည်။ ကျေးရွာအားလုံးအပါအဝင် နိနေဝေမြို့သည် ဝန်းပတ်အလျားမိုင် ၆၀ ရှိစတုဂံပုံစံဖြစ်သည်။
၃:၄—ယောနသည် နိနေဝေမြို့သားများကို ဟောပြောရန် အာရှုရိဘာသာစကားသင်ယူခဲ့သလော။ ယောနသည် အာရှုရိဘာသာစကားကို တတ်ပြီးသားဖြစ်နိုင်သည် သို့မဟုတ် ယင်းဘာသာစကား ပြောနိုင်စွမ်းကို အံ့ဖွယ်နည်းဖြင့်ရရှိခဲ့သည်လည်း ဖြစ်နိုင်၏။ အခြားဖြစ်နိုင်သေးသည်မှာ သူ၏တိုက်ရိုက်ကျသောသတင်းစကားကို ဟေဗြဲဘာသာစကားဖြင့်ပြောပြီး တစ်ဦးတစ်ယောက်က ဘာသာပြန်ဆိုပေးခဲ့ခြင်းဖြစ်ပေမည်။ ဘာသာပြန်နှင့်ပြောခဲ့မည်ဆိုလျှင် သူ၏သတင်းစကားများကို ပို၍စူးစမ်းလေ့လာလိုစိတ်ပင် ဖြစ်စေခဲ့ပေမည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ
၁:၁-၃။ ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်ခြင်းကို ရှောင်ရန် အခြားလုပ်ဆောင်မှုများကို တမင်တကာစီစဉ်ထားခြင်းသည် မှားယွင်းသောသဘောထား၏လက္ခဏာဖြစ်သည်။ စကားအားဖြင့်ဆိုရလျှင် ဘုရားသခင်ပေးထားသောတာဝန်မှ ထွက်ပြေးသူဟု ဆိုရပေမည်။
၁:၁၊ ၂; ၃:၁၀။ ယေဟောဝါ၏သနားကြင်နာမှုကို တိုင်းနိုင်ငံ၊ လူမျိုး သို့မဟုတ် အထူးလူအုပ်စုတစ်စုအတွက် မကန့်သတ်ထားပါ။ ‘ထာဝရဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သောသဘောရှိ၍ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏။’—ဆာလံ ၁၄၅:၉။
၁:၁၇; ၂:၁၀။ ယောနသည် ငါးကြီးဝမ်းထဲ သုံးရက်သုံးညရှိနေခြင်းက ယေရှု၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ပရောဖက်ပြုရည်ညွှန်းသည်။—မဿဲ ၁၂:၃၉၊ ၄၀; ၁၆:၂၁။
၁:၁၇; ၂:၁၀; ၄:၆။ ယေဟောဝါသည် ယောနအား မုန်တိုင်းထန်သောပင်လယ်မှ ကယ်နုတ်ခဲ့သည်။ ဘုရားသခင်သည်လည်း “ကြက်ဆူပင် [ဘူးပင်] ကိုပြင်ဆင်ပြီးလျှင် ယောန၏စိတ်ကိုပြေစေခြင်းငှာ သူ့ခေါင်းပေါ်မှာလွှမ်း၍မိုးစေတော်မူ၏။” မျက်မှောက်ခေတ် ယေဟောဝါကိုကိုးကွယ်သူများသည် မိမိတို့အား ကာကွယ်ရန်နှင့် ကယ်တင်ရန် မိမိတို့၏ဘုရားသခင်နှင့် ကိုယ်တော်၏ချစ်ခင်ကြင်နာမှုကို ယုံကြည်ကိုးစားနိုင်သည်။—ဆာလံ ၁၃:၅; ၄၀:၁၁။
၂:၁၊ ၂၊ ၉၊ ၁၀။ ယေဟောဝါသည် ကိုယ်တော့်ကျေးကျွန်များ၏ဆုတောင်းသံကို နားညောင်းတော်မူပြီး သူတို့၏အသနားခံချက်များကို အာရုံစိုက်တော်မူ၏။—ဆာလံ ၁၂၀:၁; ၁၃၀:၁၊ ၂။
၃:၈-၁၀။ စစ်မှန်သောဘုရားသခင်သည် စိတ်ပြောင်းလဲ၍ “နောင်တရသဖြင့်” ကိုယ်တော်မိန့်ဆိုခဲ့သည့်ဘေးဒဏ်ကို “မပေးဘဲနေတော်မူ၏။” အဘယ်ကြောင့်နည်း။ နိနေဝေမြို့သားများသည် ‘မိမိတို့လိုက်သောဆိုးသောလမ်းကိုလွှဲရှောင်’ ကြသောကြောင့်ဖြစ်သည်။ ထိုနည်းတူ ယနေ့တွင်လည်း အပြစ်သားတစ်ဦးသည် စစ်မှန်သောနောင်တရမည်ဆိုလျှင် ဘုရားသခင့်တရားစီရင်ချက် ပြောင်းလဲသွားနိုင်သည်။
၄:၁-၄။ အဘယ်လူသားကမျှ ဘုရားသခင်၏သနားကြင်နာမှုကို မကန့်သတ်နိုင်ပါ။ ကျွန်ုပ်တို့သည် ယေဟောဝါ၏သနားကြင်နာမှုတင်ပြသည့်နည်းများကို အပြစ်မတင်မိရန် သတိပြုသင့်သည်။
၄:၁၁။ ယေဟောဝါသည် ကမ္ဘာတစ်ဝန်းတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကို စိတ်ရှည်စွာဟောပြောစေ၏။ အကြောင်းမှာ နိနေဝေမြို့ရှိ လူ ၁၂၀,၀၀၀ တို့အတွက် ကိုယ်တော်ပြုလုပ်ခဲ့သကဲ့သို့ “ကိုယ်လက်ယာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိသောသူ” တို့ကို ကိုယ်တော်သနားတော်မူသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း ရပ်ကွက်ရှိလူတို့ကို သနားပြီး ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ထက်သန်စွာမပါဝင်သင့်ပေလော။—၂ ပေတရု ၃:၉။
‘သူတို့၏ခေါင်းပြောင်ခြင်းသည် ပို၍ကျယ်လာရန်ရှိ၏’
မိက္ခာသည် ဣသရေလနှင့် ယုဒ၏အပြစ်များကို ဖော်ထုတ်ပြီး သူတို့၏မြို့တော်များ လူဆိတ်ညံရာအရပ်ဖြစ်မည်ကို ကြိုဟောကာ ပြန်လည်တည်ထောင်လာမည်ကိုပါ ကတိပေးထားသည်။ ရှမာရိမြို့သည် “လယ်ပြင်၌ မြေပုံကဲ့သို့” ဖြစ်လာလိမ့်မည်။ ၎င်း၏ရုပ်ပုံကိုးကွယ်သည့်လမ်းစဉ်ကြောင့် ဣသရေလနှင့် ယုဒသည် “ခေါင်းပြောင်ခြင်း” သို့မဟုတ် အရှက်ခွဲခြင်းခံထိုက်၏။ သုံ့ပန်းဘဝရောက်သွားခြင်းကြောင့် သူတို့၏ခေါင်းပြောင်ခြင်းသည် ခေါင်းပေါ်တွင် အမွေးနုအနည်းငယ်သာရှိသည့် “ရွှေလင်းတကဲ့သို့” ပို၍ကျယ်လာရန်ဖြစ်သည်။ ယေဟောဝါ ဤသို့ကတိပေးတော်မူ၏– “အိုယာကုပ် ငါသည် သင်၏အမျိုးသားအပေါင်းတို့ကို . . . ဆက်ဆက်စုဝေးစေမည်။” (မိက္ခာ ၁:၆၊ ၁၆; ၂:၁၂) ဖောက်ပြန်သောခေါင်းဆောင်များနှင့် အပြစ်ကျူးလွန်သောပရောဖက်များကြောင့် ယေရုရှလင်သည်လည်း “မြေပုံများဖြစ်လိမ့်မည်။” သို့သော် ယေဟောဝါသည် မိမိ၏လူတို့ကို စုထားတော်မူ၏။ “ဗက်လင်ဧဖရတ်မြို့” မှ “ဣသရေလအမျိုးကိုအုပ်စိုးရသောသခင်” ပေါ်ထွန်းမည်။—မိက္ခာ ၃:၁၂; ၄:၁၂; ၅:၂။
ယေဟောဝါသည် ဣသရေလလူတို့အပေါ် မတရားပြုတော်မူခဲ့သလော။ ကိုယ်တော်၏တောင်းဆိုတော်မူချက်များသည် တင်းကျပ်လွန်းသလော။ မဟုတ်ပါ။ မိမိအား ဝတ်ပြုကိုးကွယ်သူများထံမှ ယေဟောဝါတောင်းဆိုသည်မှာ သူတို့၏ဘုရားသခင့်ရှေ့တော်၌ ‘တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်းနှင့် နှိမ့်ချသောစိတ်နှင့်ကျင့်နေခြင်း’ တို့ဖြစ်သည်။ (မိက္ခာ ၆:၈) သို့သော် မိက္ခာနှင့်တစ်ခေတ်တည်းသားများသည် အလွန်ဆိုးသွမ်းကြပြီး “အကောင်းဆုံးသောသူသည် ဆူးပင်ကဲ့သို့ဖြစ်၏။ အဖြောင့်ဆုံးသောသူသည် ဆူးခြံထက်ခက်လှ” ပြီး အနားသို့လာသူတို့ကို ထိခိုက်နာကျင်စေကြသည်။ သို့သော် ပရောဖက်ဤသို့မေးသည်– ‘ယေဟောဝါကဲ့သို့ အဘယ်ဘုရားသခင်ရှိပါသနည်း။’ ဘုရားသခင်သည် မိမိလူတို့အပေါ်တွင် သနားကြင်နာမှု ပြန်၍ပြကာ “အကျွန်ုပ်တို့၏အပြစ်အလုံးစုံတို့ကို နက်နဲသောပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည်။”—မိက္ခာ ၇:၄၊ ၁၈၊ ၁၉။
ကျမ်းစာမေးခွန်းများ၏အဖြေ–
၂:၁၂—‘ကျန်ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ စုဝေးခြင်း’ နှင့်ပတ်သက်သောပရောဖက်ပြုချက်သည် အဘယ်အချိန်တွင် ပြည့်စုံခဲ့သနည်း။ ပထမပြည့်စုံချက်မှာ ဂျူးအကြွင်းအကျန်တို့သည် ဗာဗုလုန်သုံ့ပန်းဘဝမှ မိမိတို့နေရင်းပြည်သို့ပြန်လာကြချိန်ဖြစ်သော ဘီစီ ၅၃၇ တွင်ဖြစ်သည်။ မျက်မှောက်ခေတ်အချိန်တွင် ဤပရောဖက်ပြုချက်သည် “ဘုရားသခင်၏ဣသရေလအမျိုး” တွင် ပြည့်စုံခဲ့သည်။ (ဂလာတိ ၆:၁၆) ၁၉၁၉ ခုနှစ်မှစ၍ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် “သိုးခြံ၌သိုးများကဲ့သို့” အတူတကွစုဝေးခြင်းခံခဲ့ကြရသည်။ အထူးသဖြင့် ၁၉၃၅ ခုနှစ်မှစ၍ “အခြားသိုး” မှ ‘လူအုပ်ကြီး’ ပူးပေါင်းလာသောကြောင့် “အသံကြီး” လာပြီဖြစ်သည်။ (ဗျာ. ၇:၉; ယောဟန် ၁၀:၁၆) သူတို့သည် စစ်မှန်သောဝတ်ပြုရေးကို ထက်သန်စွာမြှင့်တင်ရာတွင် အတူတကွလုပ်ဆောင်ကြသည်။
၄:၁-၄—ယေဟောဝါသည် မည်သို့အားဖြင့် “နောက်ဆုံးသောကာလ၌ . . . များပြားသောလူတို့တွင် တရားစီရင်၍ . . . အားကြီးသောလူမျိုးတို့ကို ဆုံးမတော်မူ” သနည်း။ “များပြားသောလူတို့” နှင့် “အားကြီးသောလူမျိုး” ဟူသော အသုံးအနှုန်းက လူမျိုးစုများ သို့မဟုတ် နိုင်ငံရေးအာဏာပိုင်ပုဂ္ဂိုလ်များကို မရည်ညွှန်းပါ။ ယင်းအစား ဤအသုံးအနှုန်းများက ယေဟောဝါအားဝတ်ပြုကိုးကွယ်သူများဖြစ်လာကြသော လူမျိုးအပေါင်းမှလာကြသူတို့ကို ရည်ညွှန်းသည်။ ယေဟောဝါသည် ကိုယ်တော်နှင့် သူတို့၏ဆက်ဆံရေးပေါ်မူတည်ပြီး သူတို့ကို စီရင်ဆုံးမတော်မူသည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–
၁:၆၊ ၉; ၃:၁၂; ၅:၂။ ကြိုဟောထားသည့်အတိုင်း ရှမာရိသည် မိက္ခာအသက်ရှင်ချိန်အတွင်းဖြစ်သော ဘီစီ ၇၄၀ တွင် အာရှုရိလူမျိုးတို့၏လက်ချက်ဖြင့် သိမ်းရုံးဖျက်ဆီးခံခဲ့ရသည်။ (၄ ဓမ္မရာဇဝင် ၁၇:၅၊ ၆) အာရှုရိလူမျိုးတို့သည် ဟေဇကိမင်းကြီးနန်းစံချိန်အတွင်း ယေရုရှလင်မြို့အထိ လာခဲ့ကြသည်။ (၄ ဓမ္မရာဇဝင် ၁၈:၁၃) ယေရုရှလင်မြို့သည် ဘီစီ ၆၀၇ တွင် ဗာဗုလုန်လူမျိုးတို့၏လက်ချက်ဖြင့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ (၂ ရာဇဝင်ချုပ် ၃၆:၁၉) ပရောဖက်ပြုထားသည့်အတိုင်း မေရှိယသည် “ဗက်လင်ဧဖရတ်မြို့” တွင် ဖွားမြင်ခဲ့သည်။ (မဿဲ ၂:၃-၆) ယေဟောဝါ၏ပရောဖက်ပြုချက်သည် ဘယ်သောအခါမျှ မပျက်ကွက်ပါ။
၂:၁၊ ၂။ ကျွန်ုပ်တို့သည် ဘုရားသခင့်အမှုတော်ဆောင်သည်ဟုဆိုသော်လည်း “ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်” အစား ချမ်းသာကြွယ်ဝမှုကို ဦးစားထားမည်ဆိုလျှင် အလွန်အန္တရာယ်ရှိပါလိမ့်မည်။—မဿဲ ၆:၃၃; ၁ တိမောသေ ၆:၉၊ ၁၀။
၃:၁-၃၊ ၅။ ယေဟောဝါသည် ကိုယ်တော့်လူမျိုးအလယ်ရှိ တာဝန်ရှိသူများကို တရားမျှတစွာပြုမူကြရန် မျှော်လင့်တော်မူ၏။
၃:၄။ ကျွန်ုပ်တို့၏ဆုတောင်းသံကို ယေဟောဝါနားညောင်းစေလိုလျှင် အပြစ်ကိုပြုကျင့်သူ သို့မဟုတ် နှစ်ဘဝစံသူ မဖြစ်ရပါ။
၃:၈။ တရားစီရင်ခြင်းသတင်းပါဝင်သည့် သတင်းကောင်းကြေညာရန်တာဝန်ကို ယေဟောဝါ၏သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ခွန်အားရရှိမှသာလျှင် ပြီးမြောက်အောင်မြင်နိုင်သည်။
၅:၅။ ဤမေရှိယနှင့်ဆိုင်သောပရောဖက်ပြုချက်က ဘုရားသခင့်လူတို့သည် ရန်သူတို့၏တိုက်ခိုက်မှုခံရသောအခါ “[ပြည့်စုံမှုကို တင်စားသည့်] သိုးထိန်းခုနစ်ပါး” နှင့် အစွမ်းသတ္တိနှင့်ပြည့်စုံသောအမျိုးသားများစွာဖြစ်သည့် “လူကြီးရှစ်ပါး” တို့သည် ယေဟောဝါ၏လူမျိုးတို့အလယ်တွင် ဦးဆောင်ရန် ပေါ်ထွန်းကြသည်။
၅:၇၊ ၈။ လူများစွာအတွက် ယနေ့ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ဘုရားသခင့်ထံတော်မှကောင်းချီးတစ်ခုဖြစ်သော “နှင်းကဲ့သို့” ဖြစ်ကြသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ကိုယ်တော်သည် ဘုရားသခင်၏နိုင်ငံတော်သတင်းတရားကို ကြေညာရန် ဝိညာဉ်တော်ဖွားခရစ်ယာန်များကို အသုံးပြုတော်မူသောကြောင့်ဖြစ်သည်။ “အခြားသိုး” တို့သည် ဟောပြောခြင်းလုပ်ငန်းတွင် ဝိညာဉ်တော်ဖွားခရစ်ယာန်များကို တက်ကြွစွာထောက်မခြင်းဖြင့် လူတို့အား ဝိညာဉ်ရေးအရလန်းဆန်းစေခြင်းတွင် သူတို့ကို ကူညီပေးကြသည်။ (ယောဟန် ၁၀:၁၆) အခြားသူများအား အမှန်တကယ်လန်းဆန်းစေသည့် ဤလုပ်ငန်းတွင် ပါဝင်ခွင့်ရရှိခြင်းသည် အခွင့်ထူးဖြစ်သည်!
၆:၃၊ ၄။ ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်ကို တုပသင့်ပြီး ပေါင်းသင်းရခက်သူတို့ သို့မဟုတ် ဝိညာဉ်ရေးအရ အားနည်းနေသူတို့ကိုပင် ကြင်နာမှုနှင့် ထောက်ထားစာနာမှုပြသင့်သည်။
၇:၇။ ဤဆိုးယုတ်သောအစီအစဉ်စနစ်အဆုံးပိုင်းတွင် ပြဿနာများကို ကျွန်ုပ်တို့ရင်ဆိုင်ဖြေရှင်းသောအခါ မျှော်လင့်ချက်မပျောက်ဆုံးသင့်ပါ။ ယင်းအစား မိက္ခာကဲ့သို့ပင် ကျွန်ုပ်တို့၏ “ဘုရားသခင်ကို စောင့်မျှော်” ရန် လိုအပ်သည်။
၇:၁၈၊ ၁၉။ ယေဟောဝါသည် ကျွန်ုပ်တို့၏အမှားများကို ခွင့်လွှတ်ရန် လိုလိုလားလားရှိသောကြောင့် ကျွန်ုပ်တို့အားပြစ်မှားသူတို့ကို ခွင့်လွှတ်ရန် လိုလိုလားလားရှိသင့်သည်။
ဆက်၍ ‘ယေဟောဝါ၏နာမတော်၌ လျှောက်လှမ်းခြင်း’
ဘုရားသခင်နှင့် ကိုယ်တော့်လူမျိုးကို တိုက်ခိုက်သူတို့သည် “အစဉ်ပယ်ရှားခြင်းကိုခံရလိမ့်မည်။” (ဩဗဒိ ၁၀၊ သမ္မာ) သို့သော် ယေဟောဝါ၏သတိပေးချက်ကို ကျွန်ုပ်တို့အာရုံစိုက်ပြီး ‘ဆိုးသောလမ်းကိုလွှဲရှောင်’ ခြင်းအားဖြင့် ကိုယ်တော်၏အမျက်တော်ငြိမ်းစေနိုင်သည်။ (ယောန ၃:၁၀) ဤ “နောင်ကာလ” အတွင်းဖြစ်သော “နောက်ဆုံးသောကာလ၌” စစ်မှန်သောဝတ်ပြုရေးသည် မှားသောဝတ်ပြုရေးအားလုံးအထက်တွင် ချီးမြှောက်ခံရမည်ဖြစ်ပြီး နာခံမှုရှိသူတို့သည် စစ်မှန်သောဝတ်ပြုရေးသို့ စုရုံးရောက်ရှိလာကြသည်။ (မိက္ခာ ၄:၁; ၂ တိမောသေ ၃:၁) ထို့ကြောင့် ကျွန်ုပ်တို့သည် “ယေဟောဝါ၏နာမတော်ကိုအမှီပြု၍ ကာလအစဉ် လျှောက်လှမ်းကြ” ရန် သန္နိဋ္ဌာန်ချနိုင်ကြပါစေ။—မိက္ခာ ၄:၅၊ ကဘ။
ဩဗဒိ၊ ယောနနှင့် မိက္ခာကျမ်းတို့က ကျွန်ုပ်တို့အား တန်ဖိုးရှိသောသင်ခန်းစာများကို သင်ပေးသည်တကား! လွန်ခဲ့သောနှစ်ပေါင်း ၂,၅၀၀ ကျော်ကရေးသားခဲ့သော်လည်း ယင်းတို့၏သတင်းတရားသည် ‘အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်းနှင့် ပြည့်စုံ၏။’—ဟေဗြဲ ၄:၁၂။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ဩဗဒိ ဤသို့ပရောဖက်ပြုသည်– “ဧဒုံသည် အစဉ်ပယ်ရှားခြင်းကို ခံရလိမ့်မည်”
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
မိက္ခာသည် ‘ယေဟောဝါအပေါ် စောင့်မျှော်ခဲ့၊’ သင်လည်း စောင့်မျှော်နိုင်
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဟောပြောခြင်းလုပ်ငန်းသည် မြတ်နိုးတန်ဖိုးထားရမည့် အခွင့်ထူးဖြစ်