“ကျေးဇူးပြုပြီး ကျွန်မရဲ့လက်ဆောင်လေးကို လက်ခံပေးပါ”
“ကျေးဇူးပြုပြီး ကျွန်မရဲ့လက်ဆောင်လေးကို လက်ခံပေးပါ”
ရုရှားနိုင်ငံ၊ ယေဟောဝါသက်သေတို့၏ဌာနခွဲရုံးမှ လက်ခံရရှိသောစာတစ်စောင်တွင် ထိုသို့ရေးထားသည်။ ထိုစာနှင့်အတူ သိုးမွေးခြေအိတ်အပြည့်ပါသော ပုံးကြီးတစ်ပုံးလည်း ပါသည်။
ထိုလက်ဆောင်သည် ရုရှားအရှေ့ဖျားဒေသ အသင်းတော်တစ်ခုမှ အသက် ၆၇ နှစ်အရွယ် အေလာအမည်ရှိ ယေဟောဝါသက်သေတစ်ဦးထံမှဖြစ်၏။ အေလာသည် ယေဟောဝါကိုအမှုဆောင်နေသည်မှာ ဆယ်နှစ်ကျော်ရှိပြီဖြစ်ကာ သတင်းကောင်းကို ထက်သန်စွာဟောပြောနေသူဖြစ်သည်။ သို့သော် ရုတ်တရက် ကိုယ်တစ်ခြမ်း လေဖြတ်သွားသည်။ သို့တိုင် ယုံကြည်သူချင်းများအတွက် အထည်များချုပ်ပေးသော ပထမရာစုမှအမျိုးသမီးဒေါ်ကာကဲ့သို့ပင် အေလာလည်း မေတ္တာ၏လှုံ့ဆော်မှုကြောင့် ထိုသို့ပြုခဲ့ခြင်းဖြစ်သည်။—တမန်တော် ၉:၃၆၊ ၃၉။
သူ၏စာတွင် ဤသို့ရေးထားသည်– “ကျွန်မခြေထောက်တွေ လှုပ်လို့မရပေမဲ့ လက်တွေတော့ လှုပ်ရှားနိုင်သေးတယ်။ ဒါကြောင့် စာရေးပြီး သက်သေခံတယ်။ ပြီးတော့ ခြေအိတ်လေးတွေထိုးပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီခြေအိတ်တွေကို ရုရှားအရှေ့ဖျားဒေသနဲ့ ဆိုက်ဘေးရီးယားတို့လို အရမ်းအေးတဲ့ဒေသတွေမှာ ဘုရားသခင့်နိုင်ငံတော်ခန်းမဆောက်လုပ်နေတဲ့ ညီအစ်ကိုညီအစ်မတွေကို ပေးချင်ပါတယ်။”
ယေရှုခရစ်သည် မိမိ၏နောက်လိုက်စစ်များနှင့်ပတ်သက်၍ ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) အေလာတင်ပြခဲ့သောမေတ္တာမျိုးသည် ယေရှု၏စစ်မှန်သောတပည့်များ၏ အမှတ်လက္ခဏာပင်ဖြစ်ပေသည်။