မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နာဟုံ၊ ဟဗက္ကုတ်နှင့် ဇေဖနိကျမ်းမှ ပေါ်လွင်ချက်များ

နာဟုံ၊ ဟဗက္ကုတ်နှင့် ဇေဖနိကျမ်းမှ ပေါ်လွင်ချက်များ

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

နာဟုံ၊ ဟဗက္ကုတ်နှင့် ဇေဖနိကျမ်းမှ ပေါ်လွင်ချက်များ

အာရှုရိကမ္ဘာ့အာဏာစက်သည် ဣသရေလဆယ်နွယ်နိုင်ငံ၏မြို့တော် ရှမာရိကို ချေမှုန်းခဲ့ပြီးဖြစ်၏။ ယုဒပြည်ကိုလည်း ခြိမ်းခြောက်ရန်မူနေသည်မှာ ကြာလှပြီဖြစ်သည်။ ယုဒပြည်၏ပရောဖက်နာဟုံသည် အာရှုရိ၏မြို့တော် နိနေဝေနှင့်ပတ်သက်သော သတင်းစကားကို ကြေညာရသည်။ ဘီစီ ၆၃၂ မတိုင်မီ ရေးသားပြီးစီးခဲ့သော နာဟုံကျမ်းတွင် ထိုသတင်းစကားပါရှိသည်။

နောက်ပိုင်းတွင် ဗာဗုလုန်သည် ကမ္ဘာ့အာဏာစက်ဖြစ်လာပြီး ခါလဒဲဘုရင်များ အတန်ကြာအုပ်စိုးခဲ့သည်။ ဘီစီ ၆၂၈ တွင်ရေးသားပြီးစီးခဲ့ပုံရသော ဟဗက္ကုတ်ကျမ်း၌ ယေဟောဝါသည် တရားစီရင်ရာတွင် ထိုကမ္ဘာ့အာဏာစက်ကို မည်သို့အသုံးပြုမည်ဖြစ်ကြောင်း၊ နောက်ဆုံးတွင် ဗာဗုလုန် မည်သို့ဖြစ်သွားမည့်အကြောင်း ကြိုဟောထားသည်။

ယုဒပြည်၏ပရောဖက်ဇေဖနိသည် နာဟုံနှင့် ဟဗက္ကုတ်တို့မတိုင်မီ ပရောဖက်ပြုခဲ့သည်။ ဘီစီ ၆၀၇ တွင် ယေရုရှလင်မြို့မပျက်စီးမီ နှစ်ပေါင်း ၄၀ ကျော် ပရောဖက်ပြုကာ ယုဒပြည်၏ ပျက်စီးခြင်းဘေးနှင့် မျှော်လင့်ချက်အကြောင်း သူကြွေးကြော်ခဲ့သည်။ ဇေဖနိကျမ်းတွင် အခြားတိုင်းနိုင်ငံများကို ပြစ်ဒဏ်စီရင်မည့်ကြေညာချက်များလည်း ပါဝင်သည်။

“လူအသက်ကိုသတ်တတ်သောမြို့၌ အမင်္ဂလာဖြစ်စေသော”

(နာဟုံ ၁:၁–၃:၁၉)

‘စိတ်ရှည်ပြီး တန်ခိုးကြီးတော်မူ’ သောယေဟောဝါဘုရားသခင်ထံမှ ‘နိနေဝေမြို့နှင့်ဆိုင်သော ဆင့်ဆိုချက်’ ရောက်ရှိလာ၏။ ယေဟောဝါသည် “အမှုရောက်သောအခါ” မိမိထံခိုလှုံသူတို့အတွက် “ရဲတိုက်ဖြစ်တော်မူ” သော်လည်း နိနေဝေမြို့မူကား ဖျက်ဆီးခံရသည်။—⁠နာဟုံ ၁:၁၊ ၃၊

‘ထာဝရဘုရားသခင်သည် . . . ယာကုပ်၏ဘုန်းကိုပြုပြင်တော်မူ၏။’ သို့သော် အာရှုရိသည် ဘုရားသခင့်လူမျိုးတော်ကို ‘ခြင်္သေ့ကိုက်ဖြတ်’ သကဲ့သို့ ရက်စက်စွာဆက်ဆံခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် “[နိနေဝေ]ရထားတို့ကို မီးခိုးထဲမှာမီးရှို့မည်။ [သူ၏] ခြင်္သေ့ပျိုတို့ကို ဓားဖြင့်ဖျက်ဆီးမည်။” (နာဟုံ ၂:၂၊ ၁၂၊ ၁၃) “လူအသက်ကိုသတ်တတ်သော [နိနေဝေ] မြို့၌ အမင်္ဂလာဖြစ်စေသော။” “[သူ]၏သတင်းကို ကြားသမျှသောသူတို့သည် . . . လက်ခုပ်တီး” ၍ ရွှင်လန်းကြလိမ့်မည်။—⁠နာဟုံ ၃:၁၊ ၁၈

ကျမ်းစာမေးခွန်းများအဖြေ–

၁:၉—⁠နိနေဝေမြို့ “အပြီးဆုံးရှုံး” ခြင်းက ယုဒပြည်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ယင်းက အာရှုရိလက်မှ လုံးလုံးလွတ်မြောက်ခြင်းကို ဆိုလိုသည်။ “တစ်ဖန် နှိပ်နင်းစရာအကြောင်းမရှိရ။” နိနေဝေမြို့ လုံးဝပျောက်ကွယ်သွားသည့်အလား နာဟုံ ဤသို့ရေး၏– “ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းစကားကို ကြားပြောသောသူ၏ခြေတို့ကို တောင်ပေါ်မှာ ကြည့်ကြလော့။ အို ယုဒအမျိုး သင်၏ဓမ္မပွဲကိုခံလော့။”—⁠နာဟုံ ၁:၁၅

၂:၆—⁠အဘယ် “မြစ်တံခါး” တို့ ပွင့်ခဲ့သနည်း။ ထိုတံခါးတို့သည် နိနေဝေမြို့ရိုးရှိ တိုက်ဂရစ္စမြစ်တံခါးများကို ရည်ညွှန်းသည်။ ဘီစီ ၆၃၂ တွင် ဗာဗုလုန်နှင့်မေဒိတပ် ပူးပေါင်းကာ နိနေဝေမြို့ကိုတိုက်ခိုက်ချိန်တွင် ထိုမြို့သည် မကြောက်ရွံ့ခဲ့ပေ။ လုံခြုံစိတ်ချရသော မြို့ရိုးကြီးကြောင့် မြို့ကိုမဖြိုဖျက်နိုင်ဟု သူတို့ယူမှတ်ခဲ့သည်။ သို့သော် မိုးသည်းထန်စွာရွာသွန်းကာ တိုက်ဂရစ္စမြစ်ရေ လျှံသွားသည်။ သမိုင်းပညာရှင်ဒီအိုဒိုးရပ်စ်၏အဆိုအရ ယင်းကြောင့် “မြို့၏တစ်စိတ်တစ်ပိုင်းကို ရေလွှမ်းမိုးသွားပြီး မြို့ရိုးလည်း အတော်များများပြိုကျသွားသည်။” ထို့ကြောင့် ကြိုဟောထားသည့်အတိုင်း မြစ်တံခါးများ ပွင့်သွားပြီး သွေ့ခြောက်သောအမှိုက် တစ်ခဏချင်းတွင် မီးလောင်သွားသကဲ့သို့ နိနေဝေမြို့လည်း ပျက်စီးသွားခဲ့သည်။—⁠နာဟုံ ၁:၈-၁၀

၃:၄—⁠နိနေဝေမြို့သည်  အဘယ်နည်းဖြင့်  ပြည့်တန်ဆာမိန်းမနှင့်တူသနည်း။ နိနေဝေမြို့သည် တိုင်းနိုင်ငံများနှင့်မိတ်ဖွဲ့ကာ ကူညီမည်ဟု ကတိပြုသော်လည်း အမှန်မှာ သူတို့ကိုဖိနှိပ်ခြင်းဖြင့် လှည့်စားခဲ့သည်။ ဥပမာ၊ ရှုရိ-ဣသရေလမဟာမိတ်ကို တိုက်ခိုက်ရာတွင် ယုဒဘုရင်အာခတ်ကို အာရှုရိတို့ကူညီပေးခဲ့၏။ သို့သော် နောက်ဆုံးတွင် ‘အာရှုရိရှင်ဘုရင်သည် အာခတ်ကို သာ၍ဆင်းရဲစေ၏။’—⁠၂ ရာဇဝင်ချုပ် ၂၈:၂၀

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–

၁:၂-၆ယေဟောဝါသည် မိမိအား အကြွင်းမဲ့ဝတ်ပြုရန် ငြင်းဆန်သောရန်သူများကို လက်စားချေခဲ့သည်။ ယင်းက မိမိအားဝတ်ပြုသူတို့ထံမှ အကြွင်းမဲ့ဝတ်ပြုခြင်းကိုသာ ကိုယ်တော်မျှော်လင့်ကြောင်း ဖော်ပြသည်။—⁠ထွက်မြောက်ရာ ၂၀:၅

၁:၁၀မျှော်စင်အမြောက်အမြားရှိသော နိနေဝေမြို့ရိုးကြီးက ယေဟောဝါ၏စကားတော်များ မပြည့်စုံစေရန် မဟန့်တားနိုင်ခဲ့ပေ။ ယနေ့ ယေဟောဝါလူမျိုးတော်၏ရန်သူများလည်း ကိုယ်တော့်ပြစ်ဒဏ်စီရင်ချက်များမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။—⁠သု. ၂:၂၂; ဒံယေလ ၂:၄၄-၄၅

‘ဖြောင့်မတ်သောသူမူကား အသက်ရှင်လိမ့်မည်’

(ဟဗက္ကုတ် ၁:၁–၃:၁၉)

ဟဗက္ကုတ်ကျမ်း၏ပထမအခန်းကြီးနှစ်ခုသည် ပရောဖက်နှင့်ယေဟောဝါဘုရားသခင်၏ အပြန်အလှန်စကားပြောဆိုခန်းဖြစ်သည်။ ယုဒပြည်တွင် ဖြစ်ပျက်ရာများကြောင့် စိတ်သောကရောက်နေသော ဟဗက္ကုတ်သည် ဘုရားသခင်ကို ဤသို့မေး၏– “မတရားသောအမှုကို အကျွန်ုပ်အား အဘယ်ကြောင့်ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့်မြင်စေတော်မူသနည်း။” ထိုအခါ ယေဟောဝါက “ပြင်းထန်လျင်မြန်သော ခါလဒဲအမျိုးကို ငါနှိုးဆော်၏” ဟုဖြေဆိုသည်။ “သစ္စာပျက်သောသူတို့ကို” ဘုရားသခင်သုံး၍ ယုဒပြည်အားဒဏ်ပေးမည်ကို ဟဗက္ကုတ်အံ့အားသင့်ခဲ့သည်။ (ဟဗက္ကုတ် ၁:၃၊ ၆၊ ၁၃) ဖြောင့်မတ်သောသူသည် အသက်ရှင်မည်ဖြစ်သော်လည်း ရန်သူများမူကား ပြစ်ဒဏ်မှလွတ်မြောက်မည်မဟုတ်ကြောင်း သူ့ကိုစိတ်ချစေခဲ့၏။ ထို့ပြင် ခါလဒဲစစ်တပ်အပေါ်ကျရောက်မည့် ကပ်ဘေးငါးခုကို ဟဗက္ကုတ်မှတ်တမ်းတင်ခဲ့သည်။—⁠ဟဗက္ကုတ် ၂:၄

သနားကြင်နာမှုခံစားရရန် ဟဗက္ကုတ်ဆုတောင်းရာတွင် ပင်လယ်နီ၊ တောကန္တာရနှင့် ယေရိခေါမြို့တို့တွင်ပြုခဲ့သော ယေဟောဝါ၏တန်ခိုးကြီးလုပ်ရပ်များကို ပြန်အမှတ်ရခဲ့သည်။ အာမဂေဒုန်တွင် ယေဟောဝါ၏အမျက်ဒေါသအကြောင်းကိုလည်း ပရောဖက်ကြိုဟောခဲ့၏။ သူ၏ဆုတောင်းချက်ကို ဤသို့နိဂုံးချုပ်သည်– ‘အရှင်ထာဝရဘုရားသခင်သည် ငါ၏အစွမ်းသတ္တိဖြစ်တော်မူ၏။ ငါ့ခြေကို သမင်ခြေကဲ့သို့ဖြစ်စေ၍ ငါ၏မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုနေရာချတော်မူမည်။’—⁠ဟဗက္ကုတ် ၃:၁၊ ၁၉

ကျမ်းစာမေးခွန်းများအဖြေ–

၁:၅၊ ၆—⁠ယေရုရှလင်မြို့အား ခါလဒဲလူတို့တိုက်ခိုက်ခြင်းသည် ဂျူးတို့အတွက် အဘယ်ကြောင့် မယုံနိုင်စရာဖြစ်ပုံရသနည်း။ ဟဗက္ကုတ် စတင်ပရောဖက်ပြုချိန်တွင် ယုဒပြည်သည် အီဂျစ်၏ဩဇာအောက်ရောက်နေသည်။ (၄ ဓမ္မရာဇဝင် ၂၃:၂၉၊ ၃၀၊ ၃၄) ဗာဗုလုန်စစ်တပ်သည် တန်ခိုးအာဏာကြီးမားလာသော်လည်း ဖာရောနေခေါကို အနိုင်မရသေးပေ။ (ယေရမိ ၄၆:⁠၂) ထို့ပြင် ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်သည် ယေရုရှလင်တွင်ရှိပြီး ဒါဝိဒ်မင်းမျိုးသည် ထိုတွင် ဆက်တိုက်အုပ်ချုပ်လျက်ရှိ၏။ ထို့ကြောင့် ယေရုရှလင်ကိုဖျက်ဆီးရန် ခါလဒဲလူတို့ကို ယေဟောဝါအသုံးပြုမည်ဟူသော “အမှု” သည် ထိုအချိန်ရှိဂျူးတို့အတွက် မဖြစ်နိုင်ပုံရပေမည်။ သို့သော် ဟဗက္ကုတ်၏စကားများကို သူတို့မည်မျှပင် မယုံပါစေ ဗာဗုလုန်လက်ချက်ဖြင့် ယေရုရှလင်မြို့ပျက်စီးခြင်းသည် ဘီစီ ၆၀၇ တွင် “ဧကန်အမှန်” ဖြစ်ပျက်ခဲ့၏။—⁠ဟဗက္ကုတ် ၂:၃

၂:၅ကဘ—⁠“မာနထောင်လွှားသောသူ” ကားမည်သူနည်း၊ သူသည် အဘယ်ကြောင့် “ပန်းတိုင်ရောက်မည်မဟုတ်” သနည်း။ စစ်ရေးကျွမ်းကျင်မှုကိုသုံးပြီး နိုင်ငံများကို တိုက်ခိုက်အနိုင်ယူသော ဗာဗုလုန်တို့သည် “မာနထောင်လွှားသောသူ” ဖြစ်၏။ သူတို့၏အောင်ပွဲများကြောင့် စပျစ်ရည်နှင့်ပျော်မွေ့သောသူကဲ့သို့ ဖြစ်လာသည်။ သို့သော် ယေဟောဝါသည် မေဒိ-ပေရသိကိုသုံးပြီး ဗာဗုလုန်ကို ကျရှုံးစေမည်ဖြစ်သောကြောင့် တိုင်းနိုင်ငံအားလုံးကို မိမိထံသို့ဆွဲငင်၍စုဝေးရာတွင် အောင်မြင်မည်မဟုတ်ပေ။ ယနေ့အချိန်တွင် “မာနထောင်လွှားသောသူ” တို့မှာ နိုင်ငံရေးအင်အားစုများဖြစ်သည်။ သူတို့လည်း ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချလွန်းခြင်း၊ မာနထောင်လွှားခြင်းဖြင့် ယစ်မူးနေပြီး လောဘတကြီး နယ်ချဲ့နေကြသည်။ သို့သော် “တိုင်းသူနိုင်ငံသားအမျိုးမျိုးအပေါင်းတို့ကို မိမိသို့ဆွဲငင်၍စုဝေး” မည့်ပန်းတိုင်သို့မရောက်ကြပေ။ ဘုရားသခင့်နိုင်ငံတော်သာလျှင် လူသားတို့ကို စည်းလုံးစေလိမ့်မည်။—⁠မဿဲ ၆:၉၊ ၁၀

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–

၁:၁-၄; ၁:၁၂–၂:⁠၁ဟဗက္ကုတ်သည် စိတ်ရင်းမှန်ဖြင့်မေးခဲ့ရာ ယေဟောဝါ ပြန်ဖြေဆိုခဲ့၏။ စစ်မှန်သောဘုရားသခင်သည် သစ္စာရှိကျေးကျွန်များ၏ ဆုတောင်းချက်များကို နားထောင်တော်မူသည်။

၂:၁ကျွန်ုပ်တို့သည် ဟဗက္ကုတ်နည်းတူ ယေဟောဝါ၏လုပ်ငန်းတော်တွင် တက်ကြွစွာလုပ်ဆောင်နေသင့်သည်။ ပဲ့ပြင်ဆုံးမမှုနှင့်အညီ ကျွန်ုပ်တို့၏အတွေးအခေါ်ကို ပြုပြင်ပြောင်းလဲရန် အသင့်ရှိနေသင့်သည်။

၂:၃; ၃:၁၆ယေဟောဝါ၏နေ့ရက် ရောက်ရှိလာမည်ကို ယုံကြည်စိတ်ချစွာ စောင့်မျှော်နေကြစဉ် အရေးတကြီးသဘောထား မပျောက်ဆုံးကြစို့နှင့်။

၂:⁠၄လာလတ္တံ့သော ယေဟောဝါ၏တရားစီရင်ရာနေ့တွင် လွတ်မြောက်နိုင်ရန် သစ္စာရှိရှိ ခံရပ်တည်ကြည်နေရမည်။—⁠ဟေဗြဲ ၁၀:၃၆-၃၈

၂:၆၊ ၇၊ ၉၊ ၁၂၊ ၁၅၊ ၁၉မတရားသောနည်းဖြင့်ရသောဥစ္စာကို တပ်မက်သူ၊ အကြမ်းဖက်မှုကို နှစ်သက်သူ၊ အကျင့်ပျက်ပြားသူ၊ ရုပ်ပုံကိုးကွယ်သူတို့အပေါ် ကပ်ဘေးကျရောက်မည်မှာ သေချာသည်။ ထိုအကျင့်ဆိုးများကို သတိပြုရှောင်ရှားရမည်။

၂:၁၁ကျွန်ုပ်တို့သည် လောက၏ဆိုးညစ်မှုများကို မဖော်ထုတ်ပါက “ကျောက်တစ်လုံးသည် ကျောက်ထရံထဲကဟစ်ခေါ်” လိမ့်မည်။ ထို့ကြောင့် သတင်းကောင်းကို ရဲရဲရင့်ရင့်ဟောပြောနေခြင်းသည် အရေးကြီးလှ၏။

၃:⁠၆ယေဟောဝါတရားစီရင်ချိန်တွင် မည်သည့်အရာကမျှ တားဆီးနိုင်မည်မဟုတ်ပေ။ တောင်များ၊ ကုန်းရိုးများကဲ့သို့ တည်မြဲပုံရသော လူ့အဖွဲ့အစည်းများပင် မတားဆီးနိုင်ပေ။

၃:၁၃အာမဂေဒုန်တွင် လူတို့ကို သိမ်းရုံးဖျက်ဆီးမည်မဟုတ်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။ ယေဟောဝါသည် သစ္စာရှိကျေးကျွန်များကို ကယ်တင်တော်မူမည်။

၃:၁၇-၁၉အာမဂေဒုန်မတိုင်မီနှင့် အာမဂေဒုန်အတွင်း အခက်အခဲများကြုံရနိုင်သော်လည်း ယေဟောဝါ၏အမှုတော်ကို ပျော်ရွှင်စွာထမ်းဆောင်သည်နှင့်အမျှ ကျွန်ုပ်တို့ကို ကိုယ်တော် “အစွမ်းသတ္တိ” ပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။

‘ထာဝရဘုရားသခင်၏နေ့ နီးပြီ’

(ဇေဖနိ ၁:၁–၃:၂၀)

ယုဒပြည်တွင် ဗာလဝတ်ပြုရေး ပျံ့နှံ့နေ၏။ ‘ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့ကို ငါတိုက်မည်’ ဟုပရောဖက်ဇေဖနိမှတစ်ဆင့် ယေဟောဝါမိန့်ဆို၏။ ‘ထာဝရဘုရားသခင်၏နေ့ နီးပြီ’ ဟုဇေဖနိသတိပေးလေသည်။ (ဇေဖနိ ၁:၄၊ ၇၊ ၁၄) ဘုရားသခင့်တောင်းဆိုချက်များကို ပြည့်မီသူတို့သာ ထိုနေ့တွင် “ပုန်းရှောင်ရာကို” တွေ့ကြလိမ့်မည်။—⁠ဇေဖနိ ၂:၃

‘ညှဉ်းဆဲတတ်သော [ယေရုရှလင်] မြို့သည် အမင်္ဂလာရှိ၏။ သို့သော်လည်း ထာဝရဘုရားသခင်မိန့်တော်မူသည်ကား “ဖမ်းဆီးလုယက်ခြင်းငှာ ငါမထမီတိုင်အောင် ငါ့ကိုငံ့လင့်ကြလော့။ တိုင်းနိုင်ငံပြည်သားအမျိုးမျိုးတို့ကို စုဝေးစေ၍ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင်သွန်းလောင်းမည်ဟု ငါအကြံရှိ၏။”’ သို့သော် ဘုရားသခင်က “သိမ်းသွားခြင်းကိုခံရသောသူတို့ကို သင်တို့မျက်မှောက်၌ တစ်ဖန်ဆောင်ခဲ့ပြန်သောအခါ မြေကြီးသားအမျိုးမျိုးတို့တွင် ချီးမွမ်းခြင်းဂုဏ်အသရေကို သင်တို့အားပေးမည်” ဟုကတိပြုတော်မူ၏။—⁠ဇေဖနိ ၃:၁၊ ၈၊ ၂၀

ကျမ်းစာမေးခွန်းများအဖြေ–

၂:၁၃၊ ၁၄—⁠လုံးလုံးပျက်စီးသွားပြီဖြစ်သော နိနေဝေမြို့၏ “ပြတင်းပေါက်၌မြည်” သံကား မည်သူ့အသံနည်း။ နိနေဝေမြို့သည် သားရဲတိရစ္ဆာန်များနှင့်ငှက်များ၏ နားခိုရာဖြစ်လာသောကြောင့် ထိုအသံမှာ ငှက်များ၏တေးဆိုသံ၊ ပျက်စီးနေသောပြတင်းပေါက်တွင် လေတိုးသံကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။

၃:၉—⁠“သန့်ရှင်းသောဘာသာစကား”  ဟူသည် အဘယ်နည်း၊ ယင်းကို မည်သို့ပြောဆိုသနည်း။ ယင်းသည် သမ္မာကျမ်းစာတွင်တွေ့ရသော ဘုရားသခင်နှင့်ပတ်သက်သည့်အမှန်တရားဖြစ်၏။ ယင်းတွင် ကျမ်းစာသွန်သင်ချက်အားလုံး ပါဝင်၏။ ထိုအမှန်တရားကိုယုံကြည်ခြင်း၊ အခြားသူများအား မှန်ကန်စွာသွန်သင်ပေးခြင်း၊ ဘုရားသခင့်အလိုတော်နှင့်အညီ အသက်ရှင်ခြင်းဖြင့် ထိုဘာသာစကားကို ပြောဆိုကြသည်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–

၁:⁠၈ဇေဖနိခေတ်ရှိလူအချို့သည် “ထူးခြားစွာဝတ်” ဆင်ခြင်းဖြင့် ပတ်ဝန်းကျင်နိုင်ငံများ၏ နှစ်သက်လက်ခံမှုကို ရရှိလိုပုံပေါက်သည်။ ယနေ့ ယေဟောဝါကိုဝတ်ပြုသူများသည် ထပ်တူနည်းများဖြင့် လောကနှင့်လိုက်လျောညီထွေဖြစ်ရန် ကြိုးစားပါက အလွန်မိုက်မဲပေမည်။

၁:၁၂; ၃:၅၊ ၁၆ယေဟောဝါသည် ပရောဖက်များအား အထပ်ထပ်စေလွှတ်ပြီး မိမိ၏တရားစီရင်ချက်ကို လူတို့အား သတိပေးခဲ့သည်။ ဂျူးလူမျိုးများစွာသည် စပျစ်ဝိုင်အိုး၏အောက်ခြေရှိ အနည်အဖတ်များကဲ့သို့ ဘဝတွင် သက်သောင့်သက်သာနေထိုင်ပြီး သတင်းစကားကို လျစ်လျူရှုသော်လည်း ကိုယ်တော် ဆက်၍သတိပေးခဲ့သည်။ ယေဟောဝါ၏နေ့ကြီး နီးလာသည်နှင့်အမျှ လူတို့၏ဂရုမစိုတ်တတ်သော သဘောထားက ကျွန်ုပ်တို့ကို “လက်အားမလျော့စေ” သင့်ပေ၊ ယင်းအစား သတင်းကောင်းကို ဇွဲမလျှော့ဘဲ ကြေညာသင့်သည်။

၂:⁠၃အမျက်တော်ထွက်ရာနေ့တွင် ယေဟောဝါတစ်ပါးတည်းသာ ကျွန်ုပ်တို့ကို ကယ်တင်နိုင်သည်။ ကိုယ်တော့်မျက်နှာသာ ဆက်ရရှိနိုင်ရန် ကျမ်းစာကိုသေချာစွာလေ့လာခြင်း၊ ကိုယ်တော့်လမ်းညွှန်မှုရရန် ဆုတောင်းခြင်း၊ ကိုယ်တော့်ထံချဉ်းကပ်ခြင်းဖြင့် ‘ယေဟောဝါကိုရှာ’ ရမည်။ ကိုယ်ကျင့်တရားစင်ကြယ်စွာနေထိုင်ခြင်းဖြင့် ‘ဖြောင့်မတ်ခြင်းကိုရှာ’ ရမည်။ နှိမ့်ချခြင်းနှင့်လက်အောက်ခံခြင်းကို ပြုစုပျိုးထောင်ခြင်းဖြင့် “စိတ်နှိမ့်ချခြင်းကိုလည်းရှာ” ရမည်။

၂:၄-၁၅; ၃:၁-၅ယေဟောဝါ၏တရားစီရင်ရာနေ့တွင် ကိုယ်တော့်လူမျိုးကိုဖိနှိပ်သော ခရစ်ယာန်ဘောင်နှင့် တိုင်းနိုင်ငံအားလုံးသည် ရှေးခေတ်ယေရုရှလင်နှင့် ပတ်ဝန်းကျင်နိုင်ငံများကဲ့သို့ ဇာတ်သိမ်းရလိမ့်မည်။ (ဗျာ. ၁၆:၁၄၊ ၁၆; ၁၈:၄-၈) ထို့ကြောင့် ဘုရားသခင့်တရားစီရင်ချက်များကို မကြောက်မရွံ့ ဆက်ကြေညာနေသင့်သည်။

၃:၈၊ ၉ကျွန်ုပ်တို့သည် ယေဟောဝါ၏နေ့ကို စောင့်မျှော်နေစဉ် “သန့်ရှင်းသောဘာသာစကား” ကိုသင်ယူခြင်း၊ ကိုယ်တော့်ထံအပ်နှံကာ ‘နာမတော်ကိုခေါ်ခြင်း’ ဖြင့် ကယ်တင်ခြင်းအတွက် အသင့်ပြင်ဆင်ကြသည်။ ထို့ပြင် ယေဟောဝါ၏လူမျိုးတော်နှင့်အတူ “တညီတညွတ်တည်း” အမှုဆောင်ပြီး “ချီးမွမ်းခြင်းယဇ်” ကိုပူဇော်ကြသည်။—⁠ဟေဗြဲ ၁၃:၁၅

“အလျင်အမြန်လာ၏”

“ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ” ဟုဆာလံဆရာ သီဆိုခဲ့သည်။ (ဆာလံ ၃၇:၁၀) နာဟုံကျမ်းတွင် နိနေဝေမြို့အကြောင်း၊ ဟဗက္ကုတ်ကျမ်းတွင် ဗာဗုလုန်နှင့် အယူဖောက်ပြန်သောယုဒလူမျိုးအကြောင်း ကြိုဟောထားရာများကို တွေးတောဆင်ခြင်သည့်အခါ ဆာလံဆရာ၏စကားများ အမှန်တကယ်ဖြစ်လာမည်ကို ကျွန်ုပ်တို့ယုံကြည်ကြသည်။ သို့သော် မည်မျှကြာကြာစောင့်ရဦးမည်နည်း။

‘ထာဝရဘုရားသခင်၏နေ့ကြီး နီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏’ ဟု ဇေဖနိ ၁:၁၄ ကဆိုသည်။ ထိုနေ့တွင် ပုန်းရှောင်ရာကိုတွေ့နိုင်ပုံနှင့် ကယ်တင်ခံရရန် ယခု အဘယ်အရာပြုလုပ်ရမည်ကို ဇေဖနိကျမ်းကဖော်ပြသည်။ မှန်ပါသည်၊ ‘ဘုရားသခင်၏နှုတ်မြွက်တော်သည် အသက်ရှင်၍ တန်ခိုးနှင့်ပြုပြင်တတ်၏။’—⁠ဟေဗြဲ ၄:၁၂

[စာမျက်နှာ ၈ ပါ ရုပ်ပုံများ]

နိနေဝေမြို့ရိုးကြီးက နာဟုံ၏ပရောဖက်ပြုချက် မပြည့်စုံစေရန် မဟန့်တားနိုင်ခဲ့ပေ

[Credit Line]

Randy Olson/National Geographic Image Collection