မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဓိပ္ပာယ်ပြည့်ဝသောအသက်တာကို သင်ရရှိနိုင်

အဓိပ္ပာယ်ပြည့်ဝသောအသက်တာကို သင်ရရှိနိုင်

အဓိပ္ပာယ်ပြည့်ဝသောအသက်တာကို သင်ရရှိနိုင်

လူများစွာသည် ငွေနှင့်ပစ္စည်းဥစ္စာအတွက် အသက်ရှင်ကြသည်။ အချို့က နာမည်ကျော်ကြားရန်၊ အချို့က မိမိတို့၏အနုပညာစွမ်းရည် ပြောင်မြောက်ရန်၊ အချို့က သူတစ်ပါးကိုကူညီရန် အသက်ရှင်ကြသည်။ သို့သော် ဘဝတွင် အဘယ်အရာအတွက် အသက်ရှင်နေကြောင်းမသိသူများစွာလည်းရှိသည်။

သင်ကော။ အဘယ်အရာအတွက် အသက်ရှင်နေကြောင်း လေးလေးနက်နက် တွေးတောဖူးသလော။ လူတို့လိုက်စားနေသောအရာများသည် သူတို့ကို အောင်မြင်ပြီးမြောက်မှုနှင့် ကျေနပ်ပျော်ရွှင်မှု အမှန်တကယ်ပေးစွမ်းနေမနေ သိနိုင်ရန် ယင်းတို့ကို လေ့လာကြည့်ကြစို့။ အဘယ်အရာက အဓိပ္ပာယ်ပြည့်ဝသောအသက်တာကို ရရှိစေနိုင်သနည်း။

ဘဝတွင် ငွေနှင့်ပျော်ရွှင်မှုလိုအပ်

“ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ်သည် အဘယ်သို့မြတ်သနည်းဟူမူကား ပညာအတတ်ကိုရသောသူသည် အသက်ကိုလည်းရတတ်၏” ဟု ဒေ. ၇:၁၂ တွင်ဖော်ပြသည်။ မှန်ပါသည်၊ ငွေသည် ကျွန်ုပ်တို့အတွက် အသုံးဝင်၏။ အသက်ရှင်ရန်၊ အထူးသဖြင့် မိသားစုကိုထောက်ပံ့ရန် ငွေလိုအပ်သည်။—⁠၁ တိမောသေ ၅:⁠၈

ထို့ပြင် ငွေဖြင့်ဝယ်ယူနိုင်သော ပျော်ရွှင်မှုအချို့မရှိပါက ဘဝသည် ပျော်မွေ့စရာကောင်းပါမည်လော။ ခရစ်ယာန်ဘာသာကို တည်ထောင်ခဲ့သူ ယေရှုခရစ်က မိမိတွင်ခေါင်းချစရာနေရာမရှိဟု ဆိုခဲ့သော်လည်း စားကောင်းသောက်ဖွယ်များဖြင့် ပျော်မွေ့သောအချိန်များ ရှိခဲ့သည်။ ထို့ ပြင် အဖိုးတန်အင်္ကျီတစ်ထည်လည်းရှိသည်။—⁠မဿဲ ၈:၂၀; ယောဟန် ၂:၁-၁၁; ၁၉:၂၃၊ ၂၄

သို့သော် ယေရှုသည် အပျော်အပါးလိုက်စားခြင်းကို အဓိကမထားခဲ့ပေ။ ဦးစားထားရမည့်အရာကို မှန်ကန်စွာချမှတ်ခဲ့သည်။ “စည်းစိမ်ရှိသော်လည်း စည်းစိမ်၌အသက်မတည်” ဟု ကိုယ်တော်မိန့်ဆိုပြီးနောက် လယ်ပိုင်ရှင်သူဌေးတစ်ဦးအကြောင်း ပုံဥပမာကို မိန့်ဆိုခဲ့သည်။ ထိုသူဌေးက “ငါသည် အဘယ်သို့ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာအရပ်မရှိ။ . . . ငါ့တိုက်များကိုဖျက်၍ ကျယ်သောတိုက်တို့ကိုတည်ပြီးမှ ငါ၏အသီးအနှံဥစ္စာရှိသမျှတို့ကို သိုထားမည်။ ငါ့ဝိညာဉ်အားလည်း ‘အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကိုသိုထားလျက်ရှိ၏။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကိုပြုလော့၊ ငါပြောမည်’ ဟုသူဌေးအကြံရှိ၏။” ထိုသူဌေး၏အတွေးအခေါ်သည် အဘယ်အရာမှားယွင်းခဲ့သနည်း။ ထိုပုံဥပမာကို ယေရှု ဤသို့ဆက်မိန့်ဆို၏– “ထိုသို့အကြံရှိစဉ်တွင် ဘုရားသခင်က ‘အချင်းလူမိုက်၊ ယနေ့ညပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသောဥစ္စာကို အဘယ်သူပိုင်မည်နည်း’ ဟုသူဌေးအားမိန့်တော်မူ၏။” ထိုသူဌေးသည် သီးနှံများကိုသိုလှောင်ထားသော်လည်း သူသေသွားသောအခါ ထိုအရာများကို မခံစားနိုင်တော့ပေ။ ထို့ကြောင့် ယေရှုက “ထို့အတူ ကိုယ်အဖို့ဘဏ္ဍာများကိုဆည်းပူး၍ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူမည်သည်ကား ထိုသူဌေးနှင့်တူသည်” ဟုသင်ခန်းစာပေး၍ နိဂုံးချုပ်ခဲ့သည်။—⁠လုကာ ၁၂:၁၃-၂၁

မှန်ပါသည်၊ ကျွန်ုပ်တို့၏ဘဝတွင် ငွေနှင့်ပျော်ရွှင်မှု လိုအပ်သည်။ သို့သော် ယင်းတို့က ဘဝတွင်အရေးကြီးဆုံးအရာများ မဟုတ်ပါ။ ဘုရားသခင်ရှေ့ကြွယ်ဝခြင်း၊ တစ်နည်းအားဖြင့် ဘုရားသခင့်မျက်နှာသာရရှိခြင်းသာလျှင် အရေးကြီးဆုံးအရာဖြစ်သည်။

နာမည်ကျော်ကြားရန်ကြိုးစားခြင်းသည် အရေးကြီးသလော

လူများစွာသည် နာမည်ကျော်ကြားရန် ကြိုးစားနေကြသည်။ ကျော်ကြားလိုခြင်း၊ မိမိကို အခြားသူများအမှတ်ရစေလိုခြင်းသည် မမှားပါ။ “ကောင်းသောအသရေသည် နံ့သာဆီထက်သာ၍ကောင်း၏။ သေရသောနေ့သည်လည်း ဖွားမြင်သောနေ့ထက် သာ၍ကောင်း၏” ဟုကျမ်းစာကဆိုသည်။—⁠ဒေ. ၇:၁

လူတစ်ဦးသေဆုံးသည့်နေ့တွင် သူ့တစ်သက်တာလုံးလုပ်ဆောင်ခဲ့သမျှကို မှတ်တမ်းတင်ပြီးဖြစ်သည်။ ကောင်းမှုများပြုခဲ့သည်ဆိုလျှင်  ထိုသူ၏သေနေ့သည်  အဘယ်အရာမျှမှတ်တမ်းမတင်ရသေးသော အချိန်ဖြစ်သည့် မွေးနေ့ထက်သာ၍ကောင်း၏။

ထိုကျမ်းကိုရေးသူမှာ ဘုရင်ရှောလမုန်ဖြစ်သည်။ ရှောလမုန်၏ဖတူမိကွဲအစ်ကို အဗရှလုံသည် နာမည်ကျော်ကြားလိုပြီး မိမိကို အခြားသူများအမှတ်ရစေလိုခဲ့သည်။ သို့သော် သူ၏မျိုးရိုးကိုထိန်းသိမ်းနိုင်သော သားသုံးဦးသည် ငယ်ငယ်ရွယ်ရွယ်နှင့်သေဆုံးသွားပုံရသည်။ ထိုအခါ အဗရှလုံ အဘယ်အရာပြုလုပ်ခဲ့သနည်း။ “အဗရှလုံသည် အသက်ရှင်စဉ်အခါ ‘ငါ၏နာမသည် မပျောက် အမြဲတည်မည်အကြောင်း သားမရှိ’ ဟုဆိုလျက် ရှင်ဘုရင်ချိုင့်တွင် ကိုယ်အဖို့ကျောက်တိုင်ကိုစိုက်၍ မိမိနာမဖြင့်သမုတ်” လေ၏။ (၂ ဓမ္မရာဇဝင် ၁၄:၂၇; ၁၈:၁၈) ထိုကျောက်တိုင်၏ အပျက်အယွင်းများကို မတွေ့ရသေးပေ။ သို့သော် ကျမ်းစာလေ့လာသူများသည် အဗရှလုံအား ဖခင်ဒါဝိဒ်၏ထီးနန်းကိုသိမ်းပိုက်သော ပုန်ကန်သူအဖြစ်သိကြသည်။

ယနေ့ လူများစွာသည် မိမိတို့အောင်မြင်ပြီးမြောက်ရာများအတွက် မိမိတို့ကို အမှတ်ရစေရန် ကြိုးစားကြသည်။ အချိန်ကုန်လွန်သည်နှင့်အမျှ ကြိုက်နှစ်သက်ရာများ ပြောင်းလဲတတ်သော လူတို့၏မျက်စိတွင် အစဉ်ဂုဏ်ရှိနေစေရန် သူတို့ကြိုးစားကြသည်။ သို့တိုင် ထိုဂုဏ်သတင်း မည်သို့ဖြစ်သွားသနည်း။ အတ္တသဘောနှင့်ပတ်သက်၍ ခရစ္စတိုဖာလဲ့ရှ်က စာအုပ်တစ်အုပ် (The Culture of Narcissism) တွင် ဤသို့ရေးသားခဲ့၏– “ငယ်ရွယ်နုပျိုမှု၊ စွဲမက်ဖွယ်အသစ်အဆန်းများ တီထွင်ဖန်တီးနိုင်မှုတို့ဖြင့် အောင်မြင်မှုကိုပိုင်းဖြတ်သော ကျွန်ုပ်တို့အချိန်တွင် ကျော်ကြားမှုသည် တစ်ခါနှင့်မျှမတူအောင် တဒင်္ဂသာဖြစ်လာ၏။ ကျော်ကြားလာသူတို့သည်လည်း ထိုကျော်ကြားမှု ပျောက်ဆုံးသွားမည်ကို အမြဲစိုးရိမ်နေကြသည်။” ထို့ကြောင့် နာမည်ကျော်ပုဂ္ဂိုလ်များစွာမှာ နောက်ဆုံးတွင် ဆေးစွဲသူ၊ အရက်စွဲသူများဖြစ်သွားကြပြီး အချိန်မတန်ဘဲသေဆုံးကြရသည်။ မှန်ပါသည်၊ နာမည်ကျော်ကြားရန် ကြိုးစားခြင်းသည် အချည်းနှီးပင်။

သို့ဆိုလျှင် မည်သူ့အမြင်တွင် နာမည်ကောင်းရရန် ကျွန်ုပ်တို့ ကြိုးစားသင့်သနည်း။ ယေဟောဝါသည် မိမိပညတ်များကို လိုက်လျှောက်သူတို့နှင့်ပတ်သက်၍ ပရောဖက်ဟေရှာယမှတစ်ဆင့် ဤသို့မိန့်ဆို၏– “မြတ်သောနာမကို ငါ့အိမ်၊ ငါ့တံတိုင်းအတွင်း၌ ငါပေးမည်။ မပျောက်နိုင်သောထာဝရနာမကို သူတို့အား ငါပေးမည်။” (ဟေရှာယ ၅၆:၄၊ ၅) ဘုရားသခင်ကိုနာခံသောကြောင့် ကိုယ်တော်၏နှစ်သက်လက်ခံမှုရရှိသူတို့သည် “မြတ်သောနာမ” ကို ပိုင်ဆိုင်ကြလိမ့်မည်။ ဘုရားသခင်သည် သူတို့၏အမည်ကို “ထာဝရ” မှတ်မိမည်ဖြစ်ရာ သူတို့သည် ပျောက်ပျက်မည်မဟုတ်ပေ။ ဖန်ဆင်းရှင်ယေဟောဝါရှေ့ ထိုသို့သောနာမည်ကောင်းရှိရန် ကြိုးစားဖို့ ကျမ်းစာကအားပေးထားသည်။

သစ္စာရှိသူများသည် မြေကြီးပရဒိသုတွင် ထာဝရအသက်ရရှိမည့်အချိန်နှင့်ပတ်သက်၍ ဟေရှာယပရောဖက်ပြုခဲ့၏။ ထိုပရဒိသုတွင်ရရှိမည့် “ထာဝရအသက်” သည် “မှန်သောအသက်” ဖြစ်ပြီး လူသားတို့အတွက် ဘုရားသခင့်မူလရည်ရွယ်ချက်ဖြစ်သည်။ (၁ တိမောသေ ၆:၁၂၊ ၁၉) ထို့ကြောင့် တဒင်္ဂသာတည်ပြီး ကျေနပ်ရောင့်ရဲမှုမရှိသော ဘဝအတွက် အသက်ရှင်မည့်အစား ထာဝရအသက်ရရှိရန် ကြိုးစားသင့်သည်မဟုတ်လော။

အနုပညာလိုက်စားခြင်း သို့မဟုတ် သူတစ်ပါးအကျိုးဆောင်ခြင်းသည် ကျေနပ်မှုမပေး

အနုပညာရှင်များစွာသည် ပြောင်မြောက်သောအနုပညာလက်ရာများ ဖန်တီးနိုင်ရန် ကြိုးစားလိုကြသည်။ ထိုသို့ပြုလုပ်နိုင်ရန် လက်ရှိအသက်တာသည် တိုတောင်းလှ၏။ ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သော ပန်းချီပညာရှင်ဟီဒီယိုသည် အသက် ၉၀ အရွယ်ဝန်းကျင်တွင် ပန်းချီပညာတိုးတက်ရန် ကြိုးစားခဲ့သည်။ အနုပညာရှင်တစ်ဦးသည် မိမိ၏ကြိုးစားမှုမှ ကျေနပ်မှုခံစားရသည့်တိုင် နောက်ပိုင်းတွင် ငယ်ရွယ်ကျန်းမာစဉ်က လုပ်နိုင်သကဲ့သို့ လုပ်နိုင်တော့မည်မဟုတ်ပေ။ သို့သော် သူသာ ထာဝစဉ်အသက်ရှင်မည်ဆိုလျှင် အသို့နည်း။ သူ၏အနုပညာကို အပြောင်မြောက်ဆုံးဖြစ်စေရန် မည်မျှလုပ်ဆောင်နိုင်မည်ကို စဉ်းစားကြည့်ပါ။

သူတစ်ပါးအကျိုးဆောင်ခြင်းကိုကော မည်သို့ဆိုမည်နည်း။ ဆင်းရဲသားများအား ဂရုစိုက်ပြီး ပစ္စည်းဥစ္စာပေးကမ်းကူညီသူတစ်ဦးကို ချီးမွမ်းထိုက်ပါသည်။ “အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍ [“ပျော်ရွှင်၊” ကဘ] သည်” ဟုကျမ်းစာကဆို၏။ (တမန်တော် ၂၀:၃၅) ထို့ကြောင့် အခြားသူများ၏အကျိုးကို စိတ်ဝင်စားခြင်းသည် အမှန်ပင် ကျေနပ်ပျော်ရွှင်စေနိုင်သည်။ သို့သော် လူတစ်ဦးသည် မိမိဘဝတစ်ခုလုံးနှစ်မြှုပ်ပြီး ကူညီသည့်တိုင် မည်မျှအောင်မြင်နိုင်မည်နည်း။ လူသားများသည် အခြားသူများ၏ဆင်းရဲဒုက္ခကို သက်သာစေရန် အကန့်အသတ်ဖြင့်သာ လုပ်ဆောင်နိုင်သည်။ ပစ္စည်းဥစ္စာ မည်မျှပင်ပေးကမ်းပါစေ အခြေခံလိုအပ်ချက်တစ်ခုကိုမူ ဖြည့်ဆည်းပေးနိုင်မည်မဟုတ်။ ယင်းလိုအပ်ချက်ကို လူအများစုက လျစ်လျူရှုထားပြီး သူတို့ဘဝတွင် မည်သည့်အခါမျှ မပြည့်ဝခဲ့ပေ။ ထိုလိုအပ်ချက်ကား အဘယ်နည်း။

မွေးရာပါလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့လို

တောင်ပေါ်တရားတော်တွင် လူတို့၏မွေးရာပါလိုအပ်ချက်အကြောင်း ယေရှု ဤသို့ဆို၏– “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။” (မဿဲ ၅:၃ကဘ) ထို့ကြောင့် ကျမ်းစာအရ စစ်မှန်သောပျော်ရွှင်မှုသည် ကြွယ်ဝချမ်းသာမှု၊ ကျော်ကြားမှု၊ အနုပညာအောင်မြင်မှုနှင့် သူတစ်ပါးအကျိုးဆောင်ခြင်းအပေါ် မမူတည်ပါ။ ယင်းအစား ဘုရားသခင်ကိုဝတ်ပြုရန်ဟူသော လိုအပ်ချက်ကို ဖြည့်ဆည်းခြင်းအပေါ် မူတည်သည်။

တမန်တော်ပေါလုသည် ဖန်ဆင်းရှင်ကိုမသိသူတို့အား ကိုယ်တော်ကိုရှာရန် အားပေးခဲ့သည်။ ပေါလု ဤသို့ဆို၏– “ဘုရားသခင်သည် မြေတစ်ပြင်လုံး၌နေရသော လူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့်ဖန်ဆင်းတော်မူ၍ သူတို့အား ခွဲဝေစီမံသောအချိန်ကာလကိုလည်းကောင်း၊ သူတို့၏နေရာအပိုင်းအခြားကိုလည်းကောင်း မှတ်သားတော်မူ၏။ အကြောင်းမူကား လူတို့သည် ဘုရားသခင်ကိုရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ ကြလိမ့်မည်အကြောင်းတည်း။ သို့ဆိုသော်လည်း ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်။ ငါတို့သည် ဘုရားသခင်အားဖြင့်အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။”—⁠တမန်တော် ၁၇:၂၆-၂၈

စစ်မှန်သောဘုရားသခင်အား ဝတ်ပြုရန်ဟူသော လိုအပ်ချက်ကို ဖြည့်ဆည်းခြင်းသည် စစ်မှန်သောပျော်ရွှင်မှု၏သော့ချက်ဖြစ်သည်။ ထို့ပြင် “မှန်သောအသက်” ကိုလည်း ရရှိစေသည်။ ထရေဇာ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူသည် တစ်နာရီကြာ တီဗွီဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ထားသော ပထမဆုံးအမေရိကန်နိုင်ငံသား အာဖရိကန်မင်းသမီးဖြစ်သည်။ သို့သော် ထိုအရာအားလုံးကို သူစွန့်လွှတ်ခဲ့၏။ အဘယ်ကြောင့်နည်း။ “သမ္မာကျမ်းစာအကြံဉာဏ်ကို နားထောင်တာက အကောင်းဆုံးလမ်းစဉ်ဖြစ်တယ်ဆိုတာ ကျွန်မယုံကြည်တယ်” ဟုသူပြောပြသည်။ ထရေဇာသည် လိင်နှင့်အကြမ်းဖက်မှုကို အသားပေးသော တီဗွီဇာတ်လမ်းတွဲများတွင် ပါဝင်ခြင်းဖြင့် ဘုရားသခင်နှင့်သူ့ဆက်ဆံရေးကို မဖျက်ဆီးလိုပေ။ ထို့ကြောင့် သူ့ကို သရုပ်ဆောင်တစ်ဦးအဖြစ် အများပြည်သူက အမှတ်မရတော့ပေ။ သို့သော် သူသည် အချိန်ပြည့်သတင်းကောင်းဟောပြောသူအဖြစ် အမှုဆောင်ကာ အခြားသူများ ဘုရားသခင်နှင့်ဆက်ဆံရေးကောင်းရှိရန် ကူညီပေးနေသဖြင့် အမှန်ပင်ကျေနပ်ရောင့်ရဲမှုခံစားခဲ့ရသည်။

သရုပ်ဆောင်ဘဝကို စွန့်လွှတ်ရန် ထရေဇာ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သူ့မိတ်ဆွေဟောင်းတစ်ဦး ဤသို့ပြော၏– “အောင်မြင်နေတဲ့လုပ်ငန်းကို သူစွန့်လွှတ်လိုက်တာမြင်ရတော့ ကျွန်တော် အရမ်းစိတ်ထိခိုက်မိတယ်။ ဒါပေမဲ့ ပိုအရေးကြီးပြီး ပိုကျေနပ်ပျော်ရွှင်စေတဲ့အရာကို သူရှာတွေ့ခဲ့တာ သေချာတယ်။” နောက်ပိုင်းတွင် ထရေဇာ သေဆုံးခဲ့သည်။ သူသေဆုံးပြီးနောက် ထိုမိတ်ဆွေဟောင်းက “သူပျော်ရွှင်ခဲ့တယ်၊ အဲဒါက ဘဝမှာရနိုင်တဲ့အရာပဲ။ ကျွန်တော်တို့ထဲက ဘယ်နှစ်ယောက်က အဲဒီလိုပြောနိုင်မလဲ” ဟုဆိုခဲ့သည်။ ဘဝတွင် ဘုရားသခင်နှင့်ဆက်ဆံရေးကောင်းရှိရန် ဦးစားထားသူတို့သည် သေဆုံးသွားသည့်တိုင် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ရှင်ပြန်ထမြောက်လာမည့် အံ့ဖွယ်အလားအလာရှိကြသည်။—⁠ယောဟန် ၅:၂၈၊ ၂၉

ကမ္ဘာမြေကြီးနှင့် လူသားတို့အတွက် ဖန်ဆင်းရှင်တွင် ရည်ရွယ်ချက်တစ်ခုရှိ၏။ ကိုယ်တော်သည် ထိုရည်ရွယ်ချက်ကို သင့်အားသိနားလည်စေလိုပြီး ကမ္ဘာ့ပရဒိသုတွင် ထာဝရအသက်ရရှိစေလိုသည်။ (ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉) ယခုအချိန်သည် ကောင်းကင်နှင့်မြေကြီးဖန်ဆင်းရှင် ယေဟောဝါအကြောင်း၊ သင့်အတွက် ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း ပို၍သင်ယူလေ့လာရမည့်အချိန်ဖြစ်သည်။ သင့်ဒေသရှိ ယေဟောဝါသက်သေများက ထိုအသိပညာရရှိရန် ဝမ်းမြောက်စွာကူညီပေးလိုကြပါသည်။ ကျေးဇူးပြု၍ သူတို့နှင့်ဆက်သွယ်ပါ သို့မဟုတ် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ စာရေးပါ။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ယေရှု၏ပုံဥပမာမှ သူဌေး၏အတွေးအခေါ်သည် အဘယ်အရာမှားယွင်းနေသနည်း

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သင်သည် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်လိုသလော