မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာသစ်သို့သွားရာ ခရီးလမ်း

ကမ္ဘာသစ်သို့သွားရာ ခရီးလမ်း

ဘဝအတ္ထုပ္ပတ္တိ

ကမ္ဘာသစ်သို့သွားရာ ခရီးလမ်း

ဂျက် ပရမ်ဘာ ပြောပြသည်

ဆွီဒင်နိုင်ငံအလယ်ပိုင်း၊ လှပတဲ့အာဗိုကာမြို့ပြင်က ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးမှာ စေတနာ့ဝန်ထမ်း ၈၀ ကျော်ရှိတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးကာရင်က အဲဒီရုံးမှာနေပြီး အမှုဆောင်တယ်။ ကျွန်တော်တို့ ဒီကို ဘယ်လိုရောက်ရှိခဲ့သလဲ။

အသက် ၁၅ နှစ်အရွယ် ဆွီဒင်သူတစ်ယောက်က ၁၉ ရာစုနှစ်ကုန်ပိုင်းလောက်မှာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့လာတယ်။ နယူးယောက်မြို့က ခိုလှုံရေးစခန်းမှာ ဆွီဒင်နိုင်ငံသားဖြစ်တဲ့ သင်္ဘောသားတစ်ယောက်နဲ့ ဆုံဆည်းခဲ့တယ်။ သူတို့ချစ်ကြိုက်သွားပြီး လက်ထပ်လိုက်တယ်။ အဲဒီနောက် ကျွန်တော်မွေးလာတယ်။ ဒါတွေက ၁၉၁၆၊ ပထမကမ္ဘာစစ်အတွင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘရွန့်ဇ်မြို့မှာ ဖြစ်ပျက်ခဲ့တာပါ။

မကြာခင်မှာပဲ ယေဟောဝါသက်သေတွေရဲ့ ဘရွတ်ကလင်ဌာနချုပ်နဲ့ မလှမ်းမကမ်းနေရာကို ကျွန်တော်တို့ပြောင်းရွှေ့ခဲ့ကြတယ်။ ဌာနချုပ်ကနေ လှမ်းမြင်နိုင်တဲ့ ဘရွတ်ကလင်တံတားအနီးတစ်ဝိုက်မှာ ကျွန်တော်နဲ့အတူ ရွက်လှေစီးခဲ့တယ်လို့ နောက်ပိုင်းမှာ အဖေပြန်ပြောပြတယ်။ ဌာနချုပ်ရဲ့လုပ်ဆောင်မှုတွေက ကျွန်တော့်ဘဝကို အကြီးအကျယ်အကျိုးသက်ရောက်စေလိမ့်မယ်ဆိုတာ မသိခဲ့ဘူး။

၁၉၁၈၊ ပထမကမ္ဘာစစ်ပြီးဆုံးချိန်မှာ ဥရောပတိုက်ရဲ့ အဓိပ္ပာယ်မဲ့သိမ်းရုံးသတ်ဖြတ်မှု အဆုံးတိုင်ခဲ့တယ်။ စစ်သားတွေ အိမ်ပြန်နိုင်ခဲ့ကြပေမဲ့ အလုပ်လက်မဲ့နဲ့ ဆင်းရဲနွမ်းပါးမှုပြဿနာတွေကို ရင်ဆိုင်ရပြန်တယ်။ ဆွီဒင်ကိုပြန်ရင် အကောင်းဆုံးဖြစ်မယ်လို့ အဖေတွေးမိပြီး ၁၉၂၃ မှာ ပြန်ခဲ့ကြတယ်။ ဒါးစ်လန်းဒေသ၊ ရထားဘူတာအနီးက အဲရစ်ခ်ဆင်ရွာလေးမှာ ကျွန်တော်တို့ အခြေချခဲ့ကြတယ်။ အဖေက စက်ပြင်အလုပ်ရုံတစ်ခု တည်ထောင်တယ်။ အဲဒီမှာ ကျွန်တော်ကြီးပြင်းလာပြီး ကျောင်းတက်ခဲ့တယ်။

အမှန်တရားမျိုးစေ့ကြဲခဲ့

အဖေရဲ့လုပ်ငန်းက သိပ်အဆင်မပြေဘူး။ ဒါကြောင့် ၁၉၃၀ ပြည့်လွန်နှစ်တွေအစောပိုင်းမှာ သူသင်္ဘောပြန်လိုက်တယ်။ အမေ့ခမျာ စိုးရိမ်ပူပန်စရာအပြည့်နဲ့ ကျန်ရစ်ခဲ့သလို ကျွန်တော်လည်း အဖေ့အလုပ်ရုံကို ဆက်ဦးစီးရတယ်။ တစ်နေ့၊ အမေ့ရဲ့ခဲအိုဖြစ်တဲ့ ဦးလေးယိုဟန်ဆီ အမေသွားလည်တယ်။ ကမ္ဘာ့အခြေအနေတွေကြောင့် တွေးပူနေတဲ့အမေက “ယိုဟန်၊ အခြေအနေတွေ ဒီအတိုင်းပဲဆက်ရှိနေမှာလား” လို့မေးလိုက်တယ်။

ဦးလေးက “မဟုတ်ဘူး” လို့ပြောပြီး ဆိုးသွမ်းမှုအဆုံးတိုင်မယ်၊ ဘုရင်ယေရှုခရစ်ရဲ့နိုင်ငံတော်က ကမ္ဘာကို ဖြောင့်မတ်စွာအုပ်စိုးသွားမယ်ဆိုတဲ့ ဘုရားသခင့်ကတိတော်အကြောင်း ပြောပြတယ်။ (ဟေရှာယ ၉:၆၊ ၇; ဒံယေလ ၂:၄၄၊ ၄၅) ပြီးတော့ အဲဒီနိုင်ငံတော်ဆိုတာ ဖြောင့်မတ်တဲ့အုပ်ချုပ်မှုဖြစ်ပြီး ကမ္ဘာကိုပရဒိသုဖြစ်စေမယ်၊ အဲဒီအတွက်ဆုတောင်းဖို့ ယေရှုသင်ပေးခဲ့တယ်ဆိုပြီး ရှင်းပြတယ်။—⁠မဿဲ ၆:၉၊ ၁၀; ဗျာ. ၂၁:၃၊ ၄

ဒီကျမ်းစာကတိတော်တွေကို အမေ သိပ်သဘောကျသွားတယ်။ အိမ်အပြန်ခြေလှမ်းတိုင်းမှာ ဘုရားသခင်ကို ကျေးဇူးတင်စိတ်အပြည့်နဲ့ပေါ့။ ဒါပေမဲ့ အမေ ဒီလိုဘာသာရေးစိတ်ဝင်စားတာကို ကျွန်တော်တို့သားအဖကတော့ သိပ်မကြိုက်ဘူး။ ၁၉၃၅ လောက်ကစပြီး ဆွီဒင်အနောက်ပိုင်းက ထရိုဟတ်တန်မြို့ကို ကျွန်တော်ပြောင်းရွှေ့ပြီး အဲဒီကအလုပ်ရုံကြီးတစ်ခုမှာ အလုပ်ရခဲ့တယ်။ သင်္ဘောလိုက်ရာက ပြန်ရောက်လာတဲ့အဖေနဲ့ အမေလည်း ကျွန်တော်ရှိတဲ့မြို့ကို ပြောင်းရွှေ့လာကြတယ်။ ဒါကြောင့် ကျွန်တော်တို့မိသားစု စုစုစည်းစည်းပြန်ဖြစ်ခဲ့တယ်။

အမေက ဘုရားသခင်အကြောင်းပိုသိချင်တဲ့အတွက် ဒီမြို့မှာ ယေဟောဝါသက်သေတွေကို ရှာပြန်တယ်။ အဲဒီတုန်းက သက်သေခံတွေဟာ အစောပိုင်းခရစ်ယာန်တွေလိုပဲ အိမ်တွေမှာစည်းဝေးကြတယ်။ (ဖိလေမုန် ၁၊ ၂) တစ်နေ့တော့ အမေ့အိမ်မှာ စည်းဝေးကျင်းပမယ့်အလှည့်ရောက်လာတယ်။ အမေက သူ့မိတ်ဆွေတွေကို ဖိတ်ခေါ်လို့ရမလားလို့ စိုးရိမ်စိတ်နဲ့ အဖေ့ဆီမှာခွင့်တောင်းတယ်။ “မင်းမိတ်ဆွေဆိုရင် ငါ့မိတ်ဆွေပဲပေါ့” လို့ အဖေပြန်ဖြေတယ်။

ဒီလိုနဲ့ အိမ်မှာစည်းဝေးဖို့ ညီအစ်ကိုညီအစ်မတွေကို အမေဖိတ်ခေါ်တယ်။ သက်သေခံတွေ အိမ်ရောက်လာတာနဲ့ ကျွန်တော်လည်း ရှောင်ထွက်သွားတာပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ ရှောင်မသွားဖို့ ဆုံးဖြတ်လိုက်တယ်။ သက်သေခံတွေရဲ့ လှိုက်လှဲပျူငှာမှု၊ ရိုးရှင်းတဲ့ကျိုးကြောင်းဆင်ခြင်မှုတွေက ကျွန်တော့်ရဲ့စိတ်စွန်းကွက်မှုအားလုံးကို ဖြေဖျောက်လိုက်တယ်။ ကျွန်တော့်နှလုံးသားမြေမှာ အနာဂတ်မျှော်လင့်ချက်ဖြစ်တဲ့ အမှန်တရားမျိုးစေ့ ကြီးထွားစပြုနေပြီ။

ပင်လယ်သို့သွား

ကျွန်တော်လည်း အဖေ့သွေးပါလို့ထင်ပါရဲ့၊ အဖေ့လိုပဲ သင်္ဘောလိုက်ချင်တယ်။ ပြီးတော့ ဘုရားသခင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ လိုမှန်းလည်း သိလာတယ်။ ကျွန်တော်တို့သင်္ဘော ဆိပ်ကမ်းကပ်တဲ့အခါ ယေဟောဝါသက်သေတွေနဲ့ဆက်သွယ်ဖို့ ကြိုးစားတယ်။ ဟော်လန်နိုင်ငံ (ယခု နယ်သာလန်)၊ အမ်စတာဒမ်မြို့ရောက်တော့ သက်သေခံတွေကို ဘယ်မှာရှာတွေ့နိုင်သလဲလို့ စာတိုက်မှာသွားမေးတယ်။ လိပ်စာတစ်ခုရပြီးတဲ့နောက် ချက်ချင်းသွားရှာတယ်။ ဆယ်နှစ်သမီးတစ်ယောက်က ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုတယ်။ ကျွန်တော်က သူစိမ်းဖြစ်ပေမဲ့ သူတို့မိသားစုနဲ့ ချက်ချင်းရင်းနှီးသွားတယ်။ အပြည်ပြည်ဆိုင်ရာညီအစ်ကိုအသင်းအပင်းရဲ့ မေတ္တာကို ခံစားလိုက်ရတယ်။

ကျွန်တော်တို့စကားမပေါက်ကြပေမဲ့ အဲဒီမိသားစုက ပြက္ခဒိန်နဲ့ရထားခရီးစဉ်ကိုပြပြီး မြေပုံလည်းဆွဲပြတဲ့အခါ ဟာလမ်မြို့အနီးမှာ စည်းဝေးပွဲကျင်းပမယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ ဒါနဲ့ ကျွန်တော်သွားတက်တယ်။ ဘာမှနားမလည်ပေမဲ့ သိပ်ပျော်တာပဲ။ တနင်္ဂနွေနေ့အတွက် လူထုဟောပြောချက်ဖိတ်စာကို သက်သေခံတွေ ဝေငှနေတာတွေ့တော့ ကျွန်တော်လည်း ဝေချင်တယ်။ ဒါနဲ့ လူတွေပစ်ချခဲ့တဲ့ဖိတ်စာတွေကိုကောက်ပြီး တစ်ခါပြန်ဝေပေးတယ်။

တစ်ခါက အာဂျင်တီးနားနိုင်ငံ၊ ဗျူးနို့အေရီမြို့ကို ကမ်းကပ်တော့ ယေဟောဝါသက်သေတွေရဲ့ဌာနခွဲကို သွားခဲ့တယ်။ အထဲမှာ ရုံးခန်းတစ်ခု၊ သိုလှောင်ခန်းတစ်ခုရှိတယ်။ စားပွဲတစ်လုံးနားမှာ အမျိုးသမီးတစ်ယောက်ထိုင်ပြီး ဇာထိုးနေတယ်။ အနားမှာ သူ့သမီးလေးက အရုပ်နဲ့ကစားနေတယ်။ ညဉ့်နက်နေပြီ၊ အမျိုးသားက ဆွီဒင်ဘာသာစကားနဲ့ ဖန်ဆင်းခြင်းစာအုပ်အပါအဝင် စာအုပ်တချို့ကို စာအုပ်စင်က ယူလာတယ်။ သူတို့ရဲ့ပြုံးရွှင်တဲ့မျက်နှာကြောင့် ကျွန်တော်လည်း သူတို့လိုပဲ သက်သေခံတစ်ယောက်ဖြစ်ချင်လာတယ်။

အပြန်ခရီးမှာ ကျွန်တော်တို့သင်္ဘောက နယူးဖောင်လန်ကမ်းရိုးတန်းမှာ ပျက်ကျခဲ့တဲ့ ကနေဒါစစ်လေယာဉ်တစ်စင်းကို တင်လာတယ်။ ရက်အနည်းငယ်ကြာတော့ ကျွန်တော်တို့ စကော့တလန်နား ရောက်လာကြတယ်။ အဲဒီမှာပဲ အင်္ဂလိပ်ရေတပ်သင်္ဘောတစ်စင်းက ကျွန်တော်တို့ကို ထိန်းသိမ်းထားလိုက်တယ်။ ကျွန်တော်တို့ကိုစုံစမ်းစစ်ဆေးဖို့ အောခ်နီကျွန်းပေါ်က ကာ့ခ်ဝေါလ်မြို့ကို ခေါ်သွားကြတယ်။ အဲဒီအချိန်က ဒုတိယကမ္ဘာစစ်စတင်ချိန်ပေါ့။ ၁၉၃၉၊ စက်တင်ဘာမှာ ဟစ်တလာရဲ့နာဇီတပ်က ပိုလန်ကို ဝင်ရောက်ကျူးကျော်တယ်။ ရက်အနည်းငယ်အကြာမှာ ကျွန်တော်တို့ကို လွှတ်ပေးလိုက်ပြီး ဆွီဒင်ကို ချောချောမောမောပြန်ရောက်လာတယ်။

မိသားစုနဲ့ ပြန်ဆုံနိုင်ပြီဖြစ်တဲ့အပြင် ယေဟောဝါနဲ့ဆက်ဆံရေးကောင်းရှိဖို့လည်း အာရုံစိုက်နိုင်ပြီ။ အခု ကျွန်တော် ယေဟောဝါရဲ့လူမျိုးဖြစ်ချင်တယ်၊ အစည်းအဝေးတွေကို လုံးဝမပျက်ချင်ဘူး။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) သင်္ဘောသားဘဝကိုပြန်တွေးကြည့်ရင် ပျော်စရာပဲ။ တခြားသင်္ဘောသားတွေကို ကျွန်တော်အမြဲဟောခဲ့ပြီး သူတို့ထဲက တစ်ယောက်က သက်သေခံဖြစ်လာတယ်။

အထူးအမှုတော်တစ်ရပ်

၁၉၄၀ ပြည့်လွန်နှစ်တွေအစောပိုင်းမှာ စတော့ဟုမ်းမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ဌာနခွဲရုံးကို ကျွန်တော်သွားလည်ပတ်တယ်။ ဆွီဒင်နိုင်ငံရဲ့ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်နေတဲ့ ယိုဟန်အိတ်ခ်ျ အန်နာရော့သ်က ကျွန်တော့်ကိုကြိုဆိုတယ်။ ရှေ့ဆောင်တစ်ဦးအဖြစ် အချိန်ပြည့်အမှုဆောင်ချင်တဲ့အကြောင်း သူ့ကိုပြောပြတဲ့အခါ သူက ကျွန်တော့်ကိုသေချာကြည့်ပြီး “ဒီအဖွဲ့အစည်းက ဘုရားသခင်ရဲ့အဖွဲ့အစည်းပဲဆိုတာ ခင်ဗျားယုံသလား” လို့မေးတယ်။

“ယုံတာပေါ့” လို့ကျွန်တော်ပြန်ဖြေတယ်။ အဲဒီနောက် ၁၉၄၀၊ ဇွန် ၂၂ ရက်မှာ ကျွန်တော်နှစ်ခြင်းခံပြီး ပုံသက်သေကောင်းတဲ့သူတွေနဲ့အတူ ဌာနခွဲမှာအမှုဆောင်ခဲ့တယ်။ စနေ၊ တနင်္ဂနွေနေ့တွေကျတော့ ဓမ္မအမှုမှာပါဝင်တယ်။ နွေရာသီရဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ ရပ်ဝေးကို စက်ဘီးနဲ့သွားပြီး ဟောပြောလေ့ရှိတယ်။ မြက်ခြောက်ပုံတွေမှာ ညအိပ်ရတယ်။

အများအားဖြင့်တော့ စတော့ဟုမ်းမှာပဲ တစ်အိမ်မှတစ်အိမ်ဟောပြောတယ်။ တစ်ခါက၊ မြေအောက်ထပ်မှာ ဘွိုင်လာအိုးနဲ့အလုပ်ရှုပ်ပြီး ဒေါသထွက်နေတဲ့ အမျိုးသားတစ်ဦးကို ကျွန်တော်တွေ့တယ်။ ဒါနဲ့ အင်္ကျီလက်ကိုမတင်ပြီး ချက်ချင်းကူညီပေးလိုက်တယ်။ ဘွိုင်လာအိုးက ရေစိမ့်တာရပ်သွားတော့ ကျွန်တော့်ကို ကျေးဇူးတင်တဲ့အကြည့်နဲ့ကြည့်ပြီး “ခင်ဗျားလာတာ တခြားကိစ္စရှိရမယ်။ အိမ်ပေါ်တက်ပြီး ကော်ဖီသောက်ရင်းပြောကြရအောင်” လို့ပြောတယ်။ ဒါနဲ့ ကော်ဖီသောက်ရင်း သူ့ကိုသက်သေခံခဲ့တယ်။ နောက်ဆုံး၊ သူလည်း သက်သေခံတစ်ယောက်ဖြစ်လာတယ်။

ဆွီဒင်နိုင်ငံက စစ်အတွင်းမှာ ကြားနေပေမဲ့ စစ်ဒဏ်ကိုတော့ ခံစားခဲ့ရတယ်။ ကျွန်တော်အပါအဝင် အမျိုးသားတွေအများကြီးကို စစ်ထဲဝင်ခိုင်းတယ်။ ကျွန်တော် စစ်သင်တန်းတက်ဖို့ငြင်းတော့ ခဏထောင်ကျလိုက်သေးတယ်။ နောက်ပိုင်း အလုပ်ကြမ်းစခန်းကို ရောက်သွားတယ်။ သက်သေခံလူငယ်တွေလည်း တရားရုံးကိုဆင့်ခေါ်ခံရပြီး အဲဒီမှာ ဘုရားသခင့်နိုင်ငံတော်အကြောင်း သက်သေခံနိုင်ခဲ့တယ်။ “ထိုသူတို့မှစ၍ တစ်ပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှာ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကိုပို့ဆောင်ကြလိမ့်မည်” ဆိုတဲ့ ယေရှုရဲ့ပရောဖက်ပြုချက်က သိပ်မှန်တာပဲ။—⁠မဿဲ ၁၀:⁠၁၈

ဘဝအပြောင်းအလဲများ

၁၉၄၅ ခုနှစ်ရောက်တော့ ဥရောပမှာ စစ်ကြီးပြီးဆုံးသွားတယ်။ နောက်ပိုင်းနှစ်တွေမှာ ကမ္ဘာချီလုပ်ငန်းကိုဦးဆောင်နေတဲ့ နေသန်အိပ်ခ်ျနောရ်က သူ့ရဲ့အတွင်းရေးမှူး မီလ်တန်ဟဲန်ရှယ်လ်နဲ့အတူ ဘရွတ်ကလင်ကနေ လာရောက်လည်ပတ်တယ်။ သူတို့ရဲ့လည်ပတ်မှုက ဆွီဒင်ရဲ့ဟောပြောခြင်းလုပ်ငန်းကို ပြန်လည်ဖွဲ့စည်းတဲ့ကိစ္စနဲ့ ကျွန်တော်ကိုယ်တိုင်အတွက် အရေးပါတဲ့အလှည့်အပြောင်းတစ်ခုပါပဲ။ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း တက်နိုင်တယ်ဆိုတာသိရတာနဲ့ ချက်ချင်း လျှောက်လွှာတင်ခဲ့တယ်။

နောက်နှစ်မှာ နယူးယောက်မြို့၊ ဆောက်သ်လန်စင်းအနီးမှာရှိတဲ့ ဂိလဒ်ကျောင်းကို ကျွန်တော် တက်ရောက်နိုင်ခဲ့တယ်။ ငါးလကြာသင်တန်းကာလမှာ ကျမ်းစာနဲ့ဘုရားသခင်ရဲ့အဖွဲ့အစည်းကို ကျေးဇူးတင်လေးမြတ်စိတ် တိုးပွားလာတယ်။ ပြီးတော့ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်သူတွေက ရင်းနှီးဖော်ရွေပြီး ထောက်ထားစာနာတတ်မှန်း သိလာတယ်။ သူတို့လည်း ကျွန်တော်တို့နဲ့တွဲဖက်ပြီး အလုပ်ကြိုးစားကြတယ်။ (မဿဲ ၂၄:၁၄) အဲဒါကို အံ့အားသင့်တာမဟုတ်ပေမဲ့ ကိုယ်တွေ့မြင်လိုက်ရလို့ ပျော်ရွှင်ခဲ့တာ။

၁၉၄၇၊ ဖေဖော်ဝါရီလ ၉ ရက်မှာ ရှစ်ကြိမ်မြောက်ဂိလဒ်ကျောင်း ဆင်းခဲ့တယ်။ ညီအစ်ကိုနောရ်က ကျောင်းသားတွေတာဝန်ကျမယ့် နိုင်ငံတွေကို ကြေညာပေးတယ်။ ကျွန်တော့်အလှည့်ရောက်တော့ “ညီအစ်ကိုပရမ်ဘာက ဆွီဒင်ကိုပြန်ပြီး အမှုဆောင်ရမယ်” လို့ကြေညာတယ်။ အမှန်အတိုင်းဝန်ခံရရင် ကိုယ့်နိုင်ငံမှာပြန်ပြီးအမှုဆောင်ဖို့ ကျွန်တော် သိပ်စိတ်မထက်သန်လှဘူး။

ခက်ခဲသောတာဝန်ကို ထမ်းဆောင်ခြင်း

ကျွန်တော် ဆွီဒင်ကိုပြန်ရောက်တော့ နိုင်ငံများစွာမှာ စတင်လုပ်ကိုင်နေတဲ့ ခရိုင်လုပ်ငန်းကိုလုပ်ဆောင်ဖို့ တာဝန်ရတယ်။ ဆွီဒင်နိုင်ငံရဲ့ ဦးဆုံးခရိုင်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရပြီး တစ်နိုင်ငံလုံးကိုကြီးကြပ်ဖို့ တာဝန်ပေးခံရတယ်။ တိုက်နယ်စည်းဝေးပွဲလို့ အမည်တွင်လာတဲ့ အစည်းအဝေးတွေကို စီစဉ်ဖွဲ့စည်းပြီး ကြီးကြပ်ပေးရတယ်။ အဲဒီလိုစည်းဝေးပွဲတွေကို ဆွီဒင်တစ်နိုင်ငံလုံးက မြို့တွေမှာကျင်းပတယ်။ ဒီအစီအစဉ်က အသစ်ဖြစ်တဲ့အတွက် ညွှန်ကြားချက်တွေ သိပ်မများသေးဘူး။ ဒါကြောင့် ညီအစ်ကိုအန်နာရော့သ်နဲ့ ကျွန်တော်ထိုင်ပြီး အစီအစဉ်တစ်ခုကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ကြတယ်။ တာဝန်ခန့်အပ်စာရရှိတိုင်း စိုးရိမ်လွန်းလို့ ယေဟောဝါကို အကြိမ်ကြိမ်ဆုတောင်းတယ်။ ဒီလိုနဲ့ ခရိုင်လုပ်ငန်းမှာ ၁၅ နှစ်ကြာ အမှုဆောင်ခွင့်ရရှိခဲ့တယ်။

အဲဒီတုန်းက အစည်းအဝေးကျင်းပမယ့်နေရာ ရှာရတာသိပ်ခက်တယ်။ အနွေးဓာတ်မရ၊ စုတ်ချာနေတဲ့ ကပွဲရုံလိုနေရာမျိုးတွေမှာ စည်းဝေးခဲ့ရတယ်။ နမူနာတစ်ခုကတော့ ဖင်လန်နိုင်ငံ၊ ရိုကီရိုမှာကျင်းပတဲ့ စည်းဝေးပွဲပဲ။ အဲဒီမှာ နှစ်အတော်ကြာမသုံးဘဲပစ်ထားတဲ့ မြို့တော်ခန်းမအဟောင်းတစ်လုံးရှိတယ်။ နှင်းမုန်တိုင်းတိုက်ခတ်နေပြီး အပူချိန်က သုညအောက် လေးဒီဂရီဖာရင်ဟိုက်ရှိတယ်။ ကျွန်တော်တို့လည်း ဆီတိုင်ကီအလွတ်တွေနဲ့လုပ်ထားတဲ့ မီးဖိုကြီးနှစ်ခုမှာ မီးဖိုလိုက်ကြတယ်။ ဒါပေမဲ့ မီးခိုးခေါင်းတိုင်မှာ ငှက်တွေအသိုက်ဆောက်ထားမှန်း ကျွန်တော်တို့ မသိကြဘူး။ ဒါကြောင့် ခန်းမတစ်ခုလုံး မီးခိုးတွေ မွှန်နေတာပဲ။ အပေါ်အင်္ကျီတွေနဲ့ မျက်နှာကိုကာထားရပြီး မျက်လုံးတွေစပ်ကုန်ပေမဲ့ အားလုံး ငြိမ်ငြိမ်ထိုင်နားထောင်ကြတယ်။ ဒါက စည်းဝေးပွဲကို ပိုပြီးအမှတ်ရစရာဖြစ်စေတယ်။

တိုက်နယ်စည်းဝေးပွဲသုံးရက်ကျင်းပဖို့ ညွှန်ကြားချက်တွေမှာ တက်ရောက်သူတွေအတွက် အစားအစာပြင်ဆင်ပေးတာလည်း ပါဝင်တယ်။ အစကတော့ အဲဒီလုပ်ငန်းအတွက် ကျွန်တော်တို့မှာ ပစ္စည်းလည်းမစုံ၊ အတွေ့အကြုံလည်းမရှိဘူး။ ဒါပေမဲ့ ညီအစ်ကိုညီအစ်မတွေက ခက်ခဲတဲ့တာဝန်ကို လက်ခံကြတယ်။ စည်းဝေးပွဲမတိုင်ခင်တစ်ရက်မှာ ဇလုံကြီးတစ်ခုနဲ့ အာလူးတွေခွာရင်း တွေ့ကြုံမှုတွေပြောဆိုနေကြတာ ပျော်ရွှင်စရာအချိန်ပါပဲ။ ညီအစ်ကိုညီအစ်မတွေရဲ့ တည်တံ့တဲ့ခင်မင်ရင်းနှီးမှုတွေက ဒီလိုအတူတကွကြိုးစားလုပ်ဆောင်တဲ့ အချိန်အခါတွေကနေ အစပြုခဲ့ကြတာ။

အဲဒီတုန်းက တိုက်နယ်စည်းဝေးပွဲကြော်ငြာကတ်ကိုချိတ်ပြီး လှည့်လှည်ချီတက်ရတယ်။ မြို့ ဒါမှမဟုတ် ရွာတစ်ခုလုံးကိုလှည့်လည်ပြီး လူထုဟောပြောချက်တက်ဖို့ ဖိတ်ခေါ်ရတယ်။ လူအများစုကတော့ ဖော်ရွေပြီးလေးစားမှုရှိကြတယ်။ တစ်ခါက ဖန်စပန်မြို့မှာ လှည့်လည်နေတုန်း စက်ရုံတစ်ခုကနေ အလုပ်သမားတွေ တန်းစီထွက်လာတယ်။ ရုတ်တရက် သူတို့ထဲက အမျိုးသားတစ်ယောက်က “ကြည့်စမ်း! ဟစ်တလာ မချေမှုန်းနိုင်တာ သူတို့အဖွဲ့ပဲ” ဆိုပြီးအော်ပြောတယ်။

ကျွန်တော့်ဘဝတွင် အပြောင်းအလဲကြီးတစ်ခု

ကာရင်လို့ခေါ်တဲ့ ချစ်စရာကောင်းတဲ့ညီအစ်မနဲ့တွေ့ဆုံပြီးနောက် နယ်လှည့်အမှုထမ်းဖြစ်တဲ့ ကျွန်တော့်ဘဝ ပြောင်းလဲသွားတော့တယ်။ ၁၉၅၃၊ ဇူလိုင်လမှာ နယူးယောက်မြို့၊ ရန်ကီးအားကစားကွင်းမှာကျင်းပတဲ့  အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို ကျွန်တော်တို့နှစ်ယောက်စလုံး တက်ရောက်ဖို့ ဖိတ်ခေါ်ခံရတယ်။ ဇူလိုင် ၂၀ ရက်၊ တနင်္လာနေ့အစီအစဉ်ခေတ္တရပ်နားချိန်မှာ ညီအစ်ကိုမီလ်တန်ဟဲန်ရှယ်လ်က ကျွန်တော်တို့ကို လက်ထပ်ပေးခဲ့တယ်။ ဒီလိုနာမည်ကျော်အားကစားကွင်းကြီးမှာ ထူးခြားတဲ့ဖြစ်ရပ်ပါပဲ။ ၁၉၆၂ ခုနှစ်အထိ နယ်လှည့်လုပ်ငန်းမှာ ကျွန်တော်တို့အတူတူ အမှုဆောင်ပြီးတဲ့နောက် ဆွီဒင်ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ အစကတော့ မဂ္ဂဇင်းဌာနမှာ ကျွန်တော်အလုပ်လုပ်ရတယ်။ အဲဒီနောက် စက်ပြင်ကျွမ်းကျင်တော့ ပုံနှိပ်စက်တွေနဲ့ ဌာနခွဲရဲ့စက်ပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းဖို့တာဝန်ရတယ်။ ကာရင်ကတော့ အဝတ်လျှော်ဌာနမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တယ်။ အခုတော့ စာပြင်ဌာနမှာ အမှုဆောင်နေတာ ကြာပါပြီ။

ယေဟောဝါရဲ့အမှုဆောင်ခွင့်ရတဲ့ ၅၄ နှစ်ကျော်အတွင်း စိတ်လှုပ်ရှားစရာကောင်းပြီး အဓိပ္ပာယ်ပြည့်ဝပျော်ရွှင်တဲ့အသက်တာကို ကျွန်တော်တို့ဇနီးမောင်နှံ ပိုင်ဆိုင်ခဲ့ပါတယ်။ ယေဟောဝါက ကိုယ်တော့်အဖွဲ့အစည်းမှာ မေတ္တာအပြည့်နဲ့ကြိုးစားနေကြတဲ့ ကျေးကျွန်တွေကို ကောင်းချီးပေးနေတယ်။ ကျွန်တော်ဗေသလရောက်ခါစ၊ ၁၉၄၀ ပြည့်နှစ်လောက်တုန်းက ဆွီဒင်မှာ သက်သေခံ ၁,၅၀၀ ပဲရှိသေးတယ်။ အခုတော့ ၂၂,၀၀၀ ကျော်သွားပြီ။ တခြားနိုင်ငံတွေမှာလည်း ပိုပြီးတိုးတက်နေတယ်။ အခုဆို ကမ္ဘာတစ်ဝန်းမှာ သက်သေခံခြောက်သန်းခွဲကျော်ရှိနေပြီ။

ကမ္ဘာသစ်ကိုသွားတဲ့ ခရီးလမ်းတစ်လျှောက်မှာ ယေဟောဝါရဲ့ဝိညာဉ်တော်က ကျွန်တော်တို့ကို ကူညီပေးတယ်။ လူ့လောကကြီးရဲ့ မငြိမ်မသက်ဖြစ်မှုကို တွေ့မြင်နေရပေမဲ့ ယုံကြည်ခြင်းရှိတဲ့အတွက် မကြောက်ရွံ့ခဲ့ပါဘူး။ ရှေ့တည့်တည့်မှာ ဘုရားသခင်ရဲ့ကမ္ဘာသစ်ကို ရှင်းရှင်းလင်းလင်း လှမ်းမြင်နေရပြီ။ ယေဟောဝါရဲ့ကောင်းမြတ်မှုအားလုံးအတွက် ကျွန်တော်တို့ဇနီးမောင်နှံ ကိုယ်တော့်ကိုအရမ်းကျေးဇူးတင်တယ်။ ပြီးတော့ သမာဓိဆက်စောင့်ထိန်းနိုင်ဖို့၊ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ဘုရားသခင့်မျက်နှာသာနဲ့ ထာဝရအသက်ရရှိဖို့ ခွန်အားပေးပါလို့ နေ့တိုင်းဆုတောင်းလျက်ပါပဲ။—⁠မဿဲ ၂၄:၁၃

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

အမေ့ပေါင်ပေါ်တွင်

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

၁၉၂၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် အဖေနှင့်အတူ ရွက်လှေစီးခဲ့သောနေရာ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

၁၉၄၆၊ ဂိလဒ်ကျောင်းတွင် (မီလ်တန်၏ဖခင်) ဟာမန်ဟဲန်ရှယ်လ်နှင့်အတူ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံများ]

၁၉၅၃၊ ဇူလိုင် ၂၀ တွင် ရန်ကီး အားကစားကွင်း၌ ကျွန်တော်တို့လက်ထပ်ခဲ့