မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ခရစ်ယာန်တစ်ဦးသည် အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းကို မည်သို့ရှုမြင်သင့်သနည်း။

အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းကို ကျမ်းစာမတားမြစ်ထားပါ။ (တရားဟောရာ ၁၄:၄၊ ၅၊ ၉၊ ၂၀; မဿဲ ၁၇:၂၇; ယောဟန် ၂၁:၆) သို့တိုင် အမဲလိုက်သော၊ ငါးဖမ်းသော ခရစ်ယာန်များအနေဖြင့် ကျမ်းစာမူအချို့ကို သုံးသပ်ဖို့လိုသည်။

ဘုရားသခင်သည် နောဧနှင့်သူ၏သားစဉ်မြေးဆက်တို့အား တိရစ္ဆာန်များကို သတ်ဖြတ်စားသုံးရန် ခွင့်ပြုခဲ့သော်လည်း မစားသုံးမီ အသွေးကိုသွန်းရန် မိန့်မှာခဲ့သည်။ (ကမ္ဘာဦး ၉:၃၊ ၄) ထိုမိန့်မှာချက်က တိရစ္ဆာန်၏အသက်ကို ဘုရားသခင်အစပြုဖန်ဆင်းရာအဖြစ် လေးမြတ်သင့်ကြောင်း အလေးပေးနေခြင်းဖြစ်၏။ ထို့ကြောင့် ခရစ်ယာန်များသည် တိရစ္ဆာန်များ၏အသက်ကို မလေးမြတ်ဘဲ အပျော်သဘောဖြင့် ရက်စက်စွာသတ်ဖြတ်ခြင်း မပြုကြပါ။—သု. ၁၂:၁၀

ကျွန်ုပ်တို့၏သဘောထားပါဝင်သော နောက်ကဏ္ဍတစ်ရပ်ကိုလည်း သုံးသပ်သင့်သည်။ တံငါသည်များဖြစ်သော တမန်တော်တို့သည် ငါးအမြောက်အမြားဖမ်းမိသည်ကို သဘောကျခဲ့ပေမည်။ သို့တိုင် သူတို့သည် မိမိတို့၏အမဲလိုက်နိုင်စွမ်း၊ ငါးဖမ်းနိုင်စွမ်းကို ကြွားဝါပြောဆိုခြင်းမရှိပါ။ သူတို့ အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းမှာ သူတစ်ပါးနှင့်ပြိုင်ဆိုင်ရန်၊ ယောက်ျားပီသကြောင်းပြရန်၊ သားကောင်နောက်လိုက်ပြီး သတ်ပုတ်ရသည့် သည်းထိတ်ရင်ဖိုဖွယ် စိတ်လှုပ်ရှားမှုကိုခံစားရရန်လည်း မဟုတ်ပါ။—ဆာလံ ၁၁:၅; ဂလာတိ ၅:၂၆

ထို့ကြောင့် ကျွန်ုပ်တို့ကိုယ်ကို ဤသို့မေးနိုင်သည်– ‘အသက်နဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ရှုမြင်ချက်ကို ငါလေးမြတ်ရဲ့လား။ ငါ့ရဲ့အတွေးအခေါ်နဲ့အပြောအဆိုမှာ အမဲလိုက်၊ ငါးဖမ်းတဲ့အကြောင်းတွေပဲ ပါနေသလား။ ငါ့ရဲ့ဘဝလမ်းစဉ်က အမဲလိုက်၊ ငါးဖမ်းတဲ့အလုပ်ကိုပဲ အရမ်းနှစ်သက်တဲ့သူဖြစ်တယ်ဆိုတာ ပြနေသလား ဒါမှမဟုတ် ဘုရားသခင်ရဲ့ အမှုတော်ဆောင်သူဖြစ်တယ်ဆိုတာ ပြနေသလား။ အမဲလိုက်၊ ငါးဖမ်းနေတဲ့အတွက် မယုံကြည်သူတွေနဲ့ ပိုပြီးရင်းနှီးလာသလား ဒါမှမဟုတ် မိသားစုကို ဂရုမစိုက်ဘဲ ပစ်ထားသလား။’—လုကာ ၆:၄၅

ဝမ်းစာရေးအတွက် အမဲလိုက်၊ ငါးဖမ်းသူအချို့က အမဲလိုက်၊ ငါးဖမ်းထွက်ချိန်များအတွင်း ခရစ်ယာန်လုပ်ဆောင်မှုများကို လျစ်လျူရှုထားနိုင်သည်ဟု ဆင်ခြေပေးကြပေမည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင့်အမှုတော်ကို ဦးစားထားလုပ်ဆောင်သည့်အခါ ယုံကြည်ခြင်းရှိကြောင်း၊ ကိုယ်တော်အား ကိုးစားကြောင်း တင်ပြကြသည်။ (မဿဲ ၆:၃၃) ထို့ပြင် အာဏာပိုင်များက အတင်းအကျပ်လိုက်နာခိုင်းသည်ဖြစ်စေ၊ မလိုက်နာခိုင်းသည်ဖြစ်စေ အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းနှင့်ပတ်သက်သော [“ဧကရာဇ်မင်း၏၊” ကဘ] ဥပဒေအားလုံးကို ခရစ်ယာန်များနာခံကြသည်။—မဿဲ ၂၂:၂၁; ရောမ ၁၃:၁

ခရစ်ယာန်အချို့သည် အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းနှင့်စပ်လျဉ်း၍ ဘုရားသခင်နည်းတူ ရှုမြင်နိုင်ရန် မိမိတို့၏အတွေးအခေါ်ကို ပြုပြင်ပြောင်းလဲဖို့ လိုပေမည်။ (ဧဖက် ၄:၂၂-၂၄) သို့သော် အခြားသူများ၏ အသိစိတ်ရှိရှိချသော ဆုံးဖြတ်ချက်များကိုလည်း လေးစားဖို့လိုသည်။ ထိုကိစ္စတွင် တမန်တော်ပေါလု ဤသို့အကြံပေးသည်– “ငါတို့သည် ယခုမှစ၍ အချင်းချင်းမစစ်ကြောမစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကိုချင်းထိမိ၍လဲစရာအခွင့်၊ မှားယွင်းစရာအခွင့်မရှိစေမည်အကြောင်း သာ၍စီရင်ကြကုန်အံ့။” (ရောမ ၁၄:၁၃) ထိုသို့ကိုယ်ကျိုးစွန့်မေတ္တာနှင့် လေးစားမှုပြခြင်းက အသင်းတော်တွင် ငြိမ်သက်စေပြီး အသက်၏ပင်ရင်းအမြစ်ဖြစ်တော်မူသော ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကို စိတ်ရွှင်လန်းစေသည်။—၁ ကောရိန္သု ၈:၁၃ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ၁၉၉၀၊ မေ ၁၅ ရက်ထုတ် ကင်းမျှော်စင် [အင်္ဂလိပ်] မှ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုလည်း ရှု။