မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့် ဘုရားသခင့်နိုင်ငံတော်

ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့် ဘုရားသခင့်နိုင်ငံတော်

ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့် ဘုရားသခင့်နိုင်ငံတော်

‘အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် ဘုန်းတန်ခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့်ပြည့်စုံ တော်မူ၏။ . . . အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် အစိုးရတော်မူ၏။’—၁ ရာဇဝင်ချုပ် ၂၉:၁၁

၁။ ယေဟောဝါသည် အဘယ်ကြောင့် စကြဝဠာ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ဖြစ်ထိုက်သနည်း။

‘ထာဝရဘုရားသခင်သည် ပလ္လင်တော်ကို ကောင်းကင်ဘုံ၌တည်တော်မူ၍ အာဏာတော်သည် ခပ်သိမ်းသောအရပ်တို့ကိုနှံ့ပြား၏။’ (ဆာလံ ၁၀၃:၁၉) ဆာလံဆရာသည် ထိုစကားများဖြင့် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့်ပတ်သက်သည့် အခြေခံအမှန်တရားကို ဖော်ပြ၏။ ယေဟောဝါဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သောကြောင့် စကြဝဠာ၏အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ဖြစ်ထိုက်သည်။

၂။ ယေဟောဝါအုပ်စိုးသော ဝိညာဉ်နယ်ပယ်ကို ဒံယေလ မည်သို့ဖော်ပြသနည်း။

မှန်ပါသည်၊ အုပ်စိုးရှင်တစ်ဦးဖြစ်ရန် အုပ်စိုးခံပြည်သူများရှိဖို့လိုသည်။ ဦးစွာ၊ ယေဟောဝါသည် မိမိဖန်ဆင်းခဲ့သော ဝိညာဉ်သတ္တဝါများကို အုပ်စိုးသည်။ ၎င်းတို့မှာ ကိုယ်တော်ဦးဆုံးဖန်ဆင်းသည့် တစ်ပါးတည်းသောသားတော်နှင့် နောက်ပိုင်းဖန်ဆင်းသည့် ကောင်းကင်တမန်အလုံးအရင်းတို့ဖြစ်သည်။ (ကောလောသဲ ၁:၁၅-၁၇) နှစ်များစွာကြာပြီးနောက် ပရောဖက်ဒံယေလသည် ကောင်းကင်မြင်ကွင်းကို တစ်စွန်းတစ်စမြင်တွေ့ခွင့်ရခဲ့သည်။ “ထိုအခါ ငါကြည့်ရှုစဉ် ရာဇပလ္လင်များကိုတည်ထားလျက်ရှိ၍ အသက်ကြီးသောသူတစ်ဦးသည် ထိုင်တော်မူ၏။ . . . အတိုင်းမသိများစွာသောသူတို့သည် အမှုတော်ကိုဆောင်ရွက်၍ ကုဋေသင်္ချေမက ရှေ့တော်၌ခစား၍နေကြ၏” ဟုသူဆို၏။ (ဒံယေလ ၇:၉၊ ၁၀) “အသက်ကြီးသောသူ” ယေဟောဝါသည် ဝိညာဉ်သားများဖြင့်ဖွဲ့စည်းထားသည့် စည်းစနစ်ကျသောမိသားစုကြီးကို အကြွင်းမဲ့ပိုင်သအုပ်စိုးသူအဖြစ် အတိုင်းမသိကာလတစ်လျှောက် ဦးစီးကြီးကြပ်လာခဲ့သည်။ ထိုသားတို့သည် “အမှုတော်ထမ်း” များအဖြစ် ကိုယ်တော်၏အလိုတော်ကို ထမ်းဆောင်ကြသည်။—ဆာလံ ၁၀၃:၂၀၊ ၂၁

၃။ ယေဟောဝါသည် မျက်မြင်ရစကြဝဠာအပေါ် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို မည်သို့ချဲ့ထွင်ခဲ့သနည်း။

နောက်ဆုံး၊ ယေဟောဝါသည် ကမ္ဘာမြေအပါအဝင် ကြီးမားကျယ်ပြောပြီး ရှုပ်ထွေးလှသော မျက်မြင်ရစကြဝဠာကို ဖန်ဆင်းခြင်းဖြင့် မိမိ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ချဲ့ထွင်ခဲ့သည်။ (ယောဘ ၃၈:၄၊) ကမ္ဘာမြေမှ ကြည့်ရှုသူတစ်ဦးအတွက် ကောင်းကင်အဖွဲ့အစည်းသည် အလွန်စည်းစနစ်ကျနပြီး တိကျစွာလည်ပတ်နေခြင်းကြောင့် ယင်းကို လမ်းညွှန်သူ၊ ထိန်းချုပ်သူမလိုအပ်သယောင် ထင်မြင်စေသည်။ သို့တိုင် ဆာလံဆရာက ယေဟောဝါသည် ‘ထိုအရာတို့ကိုအမိန့်တော်ရှိ၍ ဖန်ဆင်းတော်မူ၏။ . . . ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည်စေတော်မူ၍ မပျက်ရသောဓမ္မတာကို စီရင်တော်မူ၏’ ဟုဆိုသည်။ (ဆာလံ ၁၄၈:၅၊ ၆) ယေဟောဝါသည် ဝိညာဉ်နယ်ပယ်နှင့် မျက်မြင်ရစကြဝဠာ၏လည်ပတ်လုပ်ဆောင်မှုကို အစဉ်ညွှန်ကြားကာ စည်းစနစ်တကျရှိစေခြင်းဖြင့် မိမိ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ကျင့်သုံးတော်မူသည်။—နေဟမိ ၉:၆

၄။ ယေဟောဝါသည် မိမိ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို လူသားတို့အပေါ် မည်သို့ကျင့်သုံးတော်မူသနည်း။

ပထမလူသားမောင်နှံကိုဖန်ဆင်းချိန်တွင် ဘုရားသခင်သည် မိမိ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို အခြားတစ်နည်းဖြင့် ကျင့်သုံးခဲ့သည်။ အဓိပ္ပာယ်ရှိပြီး ကျေနပ်ဖွယ်အသက်တာအတွက် လိုအပ်ရာမှန်သမျှကို ပြင်ဆင်ပေးထားသည့်အပြင် ကမ္ဘာပေါ်မှ နိမ့်ကျသောသတ္တဝါများအပေါ် အုပ်စိုးပိုင်ခွင့်ကိုလည်း သူတို့ထံပေးအပ်ထားသည်။ (ကမ္ဘာဦး ၁:၂၆-၂၈; ၂:၈၊ ၉) ထို့ကြောင့် ဘုရားသခင်သည် ကောင်းမြတ်ကြင်နာစွာ အုပ်ချုပ်ရုံမက မိမိ၏အုပ်ချုပ်ခံပြည်သူများကိုလည်း ဂုဏ်တင်ချီးမြှောက်ကြောင်း ထင်ရှားသည်။ အာဒံနှင့်ဧဝသည် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို လက်အောက်ခံနေသရွေ့ ကမ္ဘာ့ပရဒိသုစံအိမ်တွင် ထာဝစဉ်အသက်ရှင်ခွင့်ရှိသည်။—ကမ္ဘာဦး ၂:၁၅-၁၇

၅။ ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှု ကျင့်သုံးပုံနှင့်ပတ်သက်၍ ကျွန်ုပ်တို့အဘယ်အရာဆိုနိုင်သနည်း။

ယင်းတို့အားလုံးမှ ကျွန်ုပ်တို့ အဘယ်ကောက်ချက်ချနိုင်သနည်း။ ဦးစွာ၊ ယေဟောဝါသည် မိမိဖန်ဆင်းရာအားလုံး၏ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်တော်မူသည်။ ဒုတိယ၊ ဘုရားသခင်၏အုပ်စိုးမှုသည် ကောင်းမြတ်ကြင်နာမှုရှိပြီး အုပ်ချုပ်ခံများကို ဂုဏ်တင်ချီးမြှောက်သည်။ နောက်ဆုံးအချက်မှာ ဘုရားသခင့်အုပ်စိုးမှုကို ကျွန်ုပ်တို့နာခံမည်၊ ထောက်ခံမည်ဆိုပါက ထာဝရကောင်းချီးများခံစားရမည်။ ထို့ကြောင့် ‘အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် ဘုန်းတန်ခိုးအာနုဘော်တော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့်ပြည့်စုံတော်မူ၏။ ကောင်းကင်မြေကြီး၌ ရှိရှိသမျှကို ပိုင်တော်မူ၏။ အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏အထွတ်၊ မြင့်မြတ်တော်မူ၏’ ဟုရှေးဣသရေလဘုရင်ဒါဝိဒ်ဆိုခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်ပေ။—၁ ရာဇဝင်ချုပ် ၂၉:၁၁

ဘုရားသခင့်နိုင်ငံတော် အဘယ်ကြောင့် လိုအပ်

၆။ ဘုရားသခင့် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့် ကိုယ်တော့်နိုင်ငံတော်၏ ဆက်နွှယ်မှုကား အဘယ်နည်း။

ယေဟောဝါသည် စကြဝဠာ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် မိမိတန်ခိုးအာဏာကို အစဉ်ကျင့်သုံးနေသည်ဖြစ်ရာ ကိုယ်တော်၏နိုင်ငံတော် အဘယ်ကြောင့်လိုအပ်ရသနည်း။ အုပ်စိုးရှင်တစ်ဦးသည်  အုပ်ချုပ်ခံပြည်သူများအထက်ရှိ ကိုယ်စားလှယ်အဖွဲ့မှတစ်ဆင့် သူ၏အာဏာကို ကျင့်သုံးလေ့ရှိသည်။ ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်သည် ကိုယ်တော်အသုံးပြုသော ကိုယ်စားလှယ်အဖွဲ့ဖြစ်ပြီး ယင်းမှတစ်ဆင့် ဖန်ဆင်းရာများအပေါ် မိမိ၏စကြဝဠာ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအာဏာကို ကျင့်သုံးသည်။

၇။ ယေဟောဝါသည် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကျင့်သုံးပုံ နည်းသစ်တစ်ရပ်ကို အဘယ်ကြောင့် ဖွဲ့စည်းတည်ထောင်ခဲ့သနည်း။

ယေဟောဝါသည် မိမိ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို အခြေအနေအမျိုးမျိုးတွင် နည်းအမျိုးမျိုးဖြင့် ကျင့်သုံးတော်မူသည်။ ထို့ကြောင့် ပြောင်းလဲမှုအသစ်တစ်ခု ဖြစ်ပေါ်လာချိန်တွင် မိမိ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကျင့်သုံးပုံ နည်းသစ်တစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ယေဟောဝါ၏ ဝိညာဉ်သားတစ်ဦးဖြစ်သော စာတန်သည် ကိုယ်တော်၏အုပ်စိုးမှုကို ပုန်ကန်ပြီး အာဒံနှင့်ဧဝကိုလည်း ထိုသို့ပြုရန် သွေးဆောင်နိုင်ခဲ့ချိန်တွင်ဖြစ်သည်။ ထိုပုန်ကန်မှုသည် ဘုရားသခင့် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို စိန်ခေါ်ခြင်းဖြစ်၏။ မည်သည့်နည်းဖြင့်နည်း။ တားမြစ်ထားသောအသီးကိုစားလျှင် “ဧကန်အမှန်သေရမည်မဟုတ်” ဟုဧဝကိုပြောခြင်းဖြင့် ယေဟောဝါသည် မုသာသုံးသူဖြစ်ကြောင်း၊ ယုံကြည်ကိုးစားထိုက်သူမဟုတ်ကြောင်း စာတန်ထိပါးပြောဆိုခဲ့သည်။ ထို့ပြင် ဧဝအား “ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင်သိတော်မူသည်” ဟုလည်းဆို၏။ အာဒံနှင့်ဧဝသည် ဘုရားသခင့်ပညတ်ကိုလျစ်လျူရှုပြီး ကိုယ့်လမ်းကိုယ်လျှောက်ပါက ပိုကောင်းမည်ဟု စာတန်ဆိုလိုခြင်းဖြစ်သည်။ (ကမ္ဘာဦး ၃:၁-၆) ယင်းသည် ဘုရားသခင်၏အုပ်ချုပ်ပိုင်ခွင့်ကို တိုက်ရိုက်စိန်ခေါ်ခြင်းဖြစ်သည်။ ယေဟောဝါ အဘယ်အရာလုပ်ဆောင်မည်နည်း။

၈၊ ၉။ (က) အုပ်စိုးရှင်တစ်ဦးသည် မိမိပိုင်နက်အတွင်းဖြစ်ပေါ်လာသော ပုန်ကန်မှုကို မည်သို့ကိုင်တွယ်မည်နည်း။ (ခ) ဧဒင်တွင်ပုန်ကန်မှုကို ယေဟောဝါ မည်သို့ကိုင်တွယ်ခဲ့သနည်း။

အုပ်စိုးရှင်တစ်ဦးသည် မိမိပိုင်နက်အတွင်းဖြစ်ပေါ်လာသော ပြောင်ပြောင်တင်းတင်းပုန်ကန်မှုကို မည်သို့ကိုင်တွယ်မည်ဟု ကျွန်ုပ်တို့မျှော်လင့်သနည်း။ သမိုင်းကြောင်းကို အကျွမ်းတဝင်ရှိသူတို့သည် အလားတူဖြစ်ရပ်များကို အမှတ်ရပေမည်။ ကောင်းမြတ်ကြင်နာသော အုပ်စိုးရှင်ပင်ဖြစ်ပါစေ ကိစ္စရပ်ကို လျစ်လျူရှုမည့်အစား ပုန်ကန်သူများကို တရားစီရင်ပြီး သစ္စာဖောက်အဖြစ် ကြေညာမည်ဖြစ်သည်။ ထို့နောက် အုပ်စိုးရှင်သည် ပုန်ကန်သူအင်အားစုကို နှိမ်နင်းရန် တစ်ဦးတစ်ယောက်ကို တာဝန်အပ်နှင်းပြီး ပြန်လည်ငြိမ်သက်အေးချမ်းစေမည်။ အလားတူ၊ ယေဟောဝါသည် ချက်ချင်းအရေးယူဆောင်ရွက်ပြီး ပုန်ကန်သူများအပေါ် တရားစီရင်ချက်ချခြင်းဖြင့် အခြေအနေကို အပြည့်အဝထိန်းချုပ်ခဲ့သည်။ အာဒံနှင့်ဧဝသည် ထာဝရအသက်ဆုနှင့် မထိုက်တန်တော့ကြောင်း ကြေညာပြီး သူတို့ကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့သည်။—ကမ္ဘာဦး ၃:၁၆-၁၉၊ ၂၂-၂၄

ယေဟောဝါသည် စာတန်အပေါ် တရားစီရင်ချက်ကို ကြေညာရာတွင် မိမိ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကျင့်သုံးပုံ နည်းသစ်ကို ဖော်ပြခဲ့ပြီး ယင်းအားဖြင့် စကြဝဠာတစ်ခွင် ငြိမ်သက်စည်းလုံးမှု ပြန်လည်ရရှိစေမည်။ “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်” ဟုစာတန်ကို ဘုရားသခင်မိန့်တော်မူ၏။ (ကမ္ဘာဦး ၃:၁၅) ထို့ကြောင့် မိမိ၏ရည်ရွယ်ချက်မှာ စာတန်နှင့်သူ၏အင်အားစုများကို ချေမှုန်းဖို့ “အမျိုးအနွယ်” ကိုတာဝန်အပ်နှင်းရန်နှင့် မိမိ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးပိုင်ခွင့်ကို သက်သေထူရန်ဖြစ်ကြောင်း ယေဟောဝါ ဖော်ပြခဲ့သည်။—ဆာလံ ၂:၇-၉; ၁၁၀:၁၊ ၂

၁၀။ (က) “အမျိုးအနွယ်” မှာ မည်သူဖြစ်ကြောင်း ထင်ရှားသနည်း။ (ခ) ဦးဆုံးပရောဖက်ပြုချက် ပြည့်စုံခြင်းနှင့်ပတ်သက်၍ ပေါလုမည်သို့ဆိုသနည်း။

၁၀ ထို “အမျိုးအနွယ်” မှာ ယေရှုခရစ်နှင့် ကိုယ်တော်နှင့်တွဲဖက်အုပ်ချုပ်မည့်အဖွဲ့ဖြစ်ကြောင်း ထင်ရှားသည်။ ဘုရားသခင်၏မေရှိယနိုင်ငံတော်သည် သူတို့နှင့်ဖွဲ့စည်းထားခြင်းဖြစ်၏။ (ဒံယေလ ၇:၁၃၊ ၁၄၊ ၂၇; မဿဲ ၁၉:၂၈; လုကာ ၁၂:၃၂; ၂၂:၂၈-၃၀) သို့သော် ယင်းတို့အားလုံးကို ဘုရားသခင် ချက်ချင်းမဖော်ပြခဲ့ပေ။ ထိုဦးဆုံးပရောဖက်ပြုချက် ပြည့်စုံရေးသည် “ရှေးကာလပတ်လုံး ဝှက်ထားသည့် မြင့်မြတ်သောလျှို့ဝှက်ချက်” အဖြစ် ရှိနေခဲ့သည်။ (ရောမ ၁၆:၂၅ကဘ) သစ္စာရှိသူများစွာသည် “မြင့်မြတ်သောလျှို့ဝှက်ချက်” ကိုဖော်ထုတ်မည့်အချိန်နှင့် ထိုဦးဆုံးပရောဖက်ပြုချက် ပြည့်စုံခြင်းဖြင့် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းမည့်အချိန်ကို ရာစုနှစ်များတစ်လျှောက် စောင့်မျှော်ခဲ့ကြသည်။—ရောမ ၈:၁၉-၂၁

“မြင့်မြတ်သောလျှို့ဝှက်ချက်” ကို တဖြည်းဖြည်းဖော်ထုတ်

၁၁။ အာဗြဟံကို ယေဟောဝါ အဘယ်အရာအသိပေးခဲ့သနည်း။

၁၁ အချိန်ကုန်လွန်လာသည်နှင့်အမျှ “ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သော မြင့်မြတ်သောလျှို့ဝှက်ချက်” ၏ကဏ္ဍများကို ကိုယ်တော် တဖြည်းဖြည်းအသိပေးခဲ့သည်။ (မာကု ၄:၁၁ကဘ) ထိုသို့အသိပေးခံရသူများတွင် “ဘုရားသခင်၏အဆွေ” ဟုအခေါ်ခံရသူ အာဗြဟံ ပါဝင်သည်။ (ယာကုပ် ၂:၂၃) အာဗြဟံကို “လူမျိုးကြီးဖြစ်စေမည်” ဟုယေဟောဝါကတိပြုသည်။ နောက်ပိုင်းတွင် “သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်၊” “သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟုဘုရားသခင် ထပ်ဆင့်အသိပေးခဲ့သည်။—ကမ္ဘာဦး ၁၂:၂၊ ၃; ၁၇:၆; ၂၂:၁၇၊ ၁၈

၁၂။ ရေလွှမ်းမိုးဘေးပြီးနောက် စာတန်၏အမျိုးအနွယ်သည် မည်သို့ထင်ရှားလာသနည်း။

၁၂ အာဗြဟံအချိန်မှစ၍ လူတို့သည် အခြားသူတို့ကို ကြီးစိုးအုပ်ချုပ်ရန် ကြိုးပမ်းခဲ့ကြသည်။ ဥပမာ၊ နောဧ၏မြစ် နိမ်ရောဒနှင့်ပတ်သက်၍ ‘ထိုသားသည်မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သောသူဖြစ်၏။ ထာဝရဘုရားသခင်ရှေ့မှာ အားကြီးသောမုဆိုးဖြစ်၏’ ဟုကျမ်းစာကဆိုသည်။ (ကမ္ဘာဦး ၁၀:၈၊ ၉) နိမ်ရောဒနှင့် မိမိကိုယ်ကိုဘုရင်အဖြစ် တင်မြှောက်သူများသည် စာတန်၏ထိန်းချုပ်မှုအောက်တွင်ရှိသည်မှာ သေချာသည်။ သူတို့နှင့် သူတို့ကိုထောက်ခံသူများသည် စာတန့်အမျိုးအနွယ်၏အစိတ်အပိုင်းများဖြစ်သည်။—၁ ယောဟန် ၅:၁၉

၁၃။ ယာကုပ်မှတစ်ဆင့် အဘယ်အရာကို ယေဟောဝါဖော်ပြသနည်း။

၁၃ လူသားအုပ်စိုးရှင်များကို မွေးထုတ်ရန် စာတန်ကြိုးပမ်းသည့်ကြားမှ ယေဟောဝါသည် မိမိရည်ရွယ်ချက်ကို ဆက်ပြည့်စုံစေခဲ့သည်။ အာဗြဟံ၏မြေး ယာကုပ်မှတစ်ဆင့် ယေဟောဝါ ဤသို့ဖော်ပြ၏– “ရှိလောမရောက်မီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှလည်းကောင်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှလည်းကောင်း မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။” (ကမ္ဘာဦး ၄၉:၁၀) “ရှိလော” ဟူသောအသုံးအနှုန်းသည် “ပိုင်ရှင်၊ ပိုင်သသောသူ” ဟူ၍အဓိပ္ပာယ်ရှိသည်။ ထို့ကြောင့် ထိုပရောဖက်ပြုစကားများက “လူမျိုးတို့” အပေါ် ပိုင်သအုပ်စိုးခွင့်ဖြစ်သော “ရာဇလှံတံ” ကို တရားဝင်ရထိုက်သူတစ်ဦး ရောက်လာမည်ဖြစ်ကြောင်း ဖော်ပြသည်။ ထိုသူမှာ မည်သူဖြစ်မည်နည်း။

“ရှိလောမရောက်မီတိုင်အောင်”

၁၄။ ယေဟောဝါသည် ဒါဝိဒ်နှင့် မည်သည့်ပဋိညာဉ်ဖွဲ့ခဲ့သနည်း။

၁၄ မိမိလူမျိုးကို အုပ်စိုးရန် ယုဒအမျိုးမှ ယေဟောဝါဦးဆုံးရွေးကောက်သူမှာ ယေရှဲ၏သား သိုးကျောင်းသားဒါဝိဒ်ဖြစ်၏။ * (၁ ဓမ္မရာဇဝင် ၁၆:၁-၁၃) ဒါဝိဒ်တွင် အပြစ်များ၊ အားနည်းချက်များရှိသော်လည်း ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအပေါ် သူ၏သစ္စာတည်ကြည်မှုကြောင့် ကိုယ်တော့်မျက်နှာသာတော်ရရှိခဲ့သည်။ ယေဟောဝါသည် ဧဒင်မှပရောဖက်ပြုချက်ကို ထပ်ဆင့်ဖော်ထုတ်ရန် ဒါဝိဒ်နှင့် ဤသို့ပဋိညာဉ်ဖွဲ့ခဲ့သည်– “သင်၏ရင်သွေး၊ သင်မှဆင်းသက်သောသားကို ငါချီးမြှောက်၍ သူ၏နိုင်ငံကိုတည်ထောင်မည်။” သို့သော် ယင်းသည် ဒါဝိဒ်ကိုဆက်ခံသောသားဖြစ်သူ ရှောလမုန်နှင့်သာ သက်ဆိုင်သည်မဟုတ်ပါ။ အကြောင်းမှာ “သူထိုင်သောရာဇပလ္လင်ကို အစဉ်အမြဲငါတည်စေမည်” ဟုပဋိညာဉ်တွင် ဆက်ဆိုထားသောကြောင့်ဖြစ်၏။ ဒါဝိဒ်နှင့်ဖွဲ့သော ထိုပဋိညာဉ်အရ ကတိထားတော်မူသော ဘုရားသခင့်နိုင်ငံတော် “အမျိုးအနွယ်” သည် အချိန်တန်သော် ဒါဝိဒ်၏မျိုးဆက်မှဆင်းသက်လာမည်ဖြစ်ကြောင်း သိသာစေသည်။—၂ ဓမ္မရာဇဝင် ၇:၁၂၊ ၁၃

၁၅။ ယုဒနိုင်ငံသည် မေရှိယနိုင်ငံတော်၏ ပုံစံတစ်ရပ်ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။

၁၅ သို့ဖြင့် ယဇ်ပုရောဟိတ်မင်းက သန့်ရှင်းသောဆီလောင်းပြီး ဘိသိက်ပေးသည့် ဒါဝိဒ်မင်းဆက်စတင်ခဲ့သည်။ ထို့ကြောင့် ထိုဘုရင်များကို ဘိသိက်ပေးခံရသူ သို့မဟုတ် မေရှိယဟုခေါ်နိုင်သည်။ (၁ ဓမ္မရာဇဝင် ၁၆:၁၃; ၂ ဓမ္မရာဇဝင် ၂:၄; ၅:၃; ၃ ဓမ္မရာဇဝင် ၁:၃၉) သူတို့သည် ယေဟောဝါ၏ပလ္လင်တွင်ထိုင်ကာ ယေရုရှလင်တွင် ယေဟောဝါကိုယ်စား ဘုရင်များအဖြစ် အုပ်စိုးကြသည်ဟုဆိုနိုင်သည်။ (၂ ရာဇဝင်ချုပ် ၉:၈) ဤနည်းဖြင့် ယုဒနိုင်ငံသည် ၁၉၁၄ ခုနှစ်တွင် ကောင်းကင်၌တည်ထောင်သော မေရှိယနိုင်ငံတော်၏ ရှေ့ပြေးပုံစံဖြစ်သည်။

၁၆။ ယုဒဘုရင်များအုပ်စိုးမှု၏ ရလဒ်ကား အဘယ်နည်း။

၁၆ ဘုရင်နှင့်လူတို့သည် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို လက်အောက်ခံသောအခါ ကိုယ်တော်၏ကာကွယ်မှုနှင့် ကောင်းချီးများခံစားရသည်။ ရှောလမုန်အုပ်စိုးချိန်သည် အထူးသဖြင့် တုနှိုင်းမရအောင် ငြိမ်းချမ်းသာယာဝပြောခဲ့သည်။ ယင်းသည် စာတန်၏သြဇာလွှမ်းမိုးမှုကို လုံးဝဖယ်ရှားပြီး ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို သံသယကင်းရှင်းစေမည့် ကိုယ်တော့်နိုင်ငံတော်အုပ်စိုးမှု၏ ရှေ့ပြေးပုံရိပ်ပင်ဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၄:၂၀၊ ၂၅) ဝမ်းနည်းစရာမှာ ဒါဝိဒ်မင်းဆက်မှ ဘုရင်အများစုသည် ယေဟောဝါ၏တောင်းဆိုချက်များကို မပြည့်မီခဲ့ကြပေ။ လူတို့သည်လည်း ရုပ်ပုံကိုးကွယ်မှုနှင့် အကျင့်ပျက်မှုထောင်ချောက်ထဲ ကျရောက်ခဲ့ကြသည်။ နောက်ဆုံး ယေဟောဝါသည် ဘီစီ ၆၀၇ တွင် ဗာဗုလုန်တို့လက်ချက်ဖြင့် ယုဒနိုင်ငံကိုဖျက်ဆီးခဲ့သည်။ စာတန်သည် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ရှုတ်ချဂုဏ်ဖျက်ရာတွင် အလွန်အောင်မြင်ခဲ့ပုံရသည်။

၁၇။ ဒါဝိဒ်မင်းဆက်၏နိုင်ငံကျဆုံးသွားသော်လည်း ယေဟောဝါသည် ပိုင်သအုပ်စိုးနေဆဲဖြစ်ကြောင်း အဘယ်အရာက ဖော်ပြသနည်း။

၁၇ ဒါဝိဒ်မင်းဆက်၏နိုင်ငံကျဆုံးမှုနှင့် အစောပိုင်းတွင် ဣသရေလဆယ်နွယ်နိုင်ငံကျဆုံးမှုတို့က ယေဟောဝါတွင် အုပ်စိုးပိုင်ခွင့်မရှိကြောင်း၊ ကိုယ်တော်သည် တော်မှန်စွာအုပ်စိုးနိုင်စွမ်းမရှိကြောင်း ဖော်ပြနေခြင်းမဟုတ်ပေ။ ယင်းအစား စာတန့်သြဇာလွှမ်းမိုးမှုနှင့် ဘုရားသခင်ကို လူတို့အမှီအခိုကင်းကင်းနေခြင်း၏ ဝမ်းနည်းဖွယ်ဆိုးကျိုးများသာဖြစ်သည်။ (သု. ၁၆:၂၅; ယေရမိ ၁၀:၂၃) သို့သော် ယေဟောဝါသည် မိမိပိုင်သအုပ်စိုးနေဆဲဖြစ်ကြောင်း ဖော်ပြရန် ပရောဖက်ယေဇကျေလမှတစ်ဆင့် ဤသို့ကြေညာခဲ့သည်– “ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကိုချွတ်လော့။ . . . အစိုးပိုင်သောသူ မရောက်မီတိုင်အောင် . . . ငါမှောက်လှန်မည်။ မှောက်လှန်မည်။ မှောက်လှန်မည်။ အစိုးပိုင်သောသူ၌ ငါအပ်မည်။” (ယေဇကျေလ ၂၁:၂၆၊ ၂၇) ထိုစကားများက ကတိထားရာ “အမျိုးအနွယ်၊” “အစိုးပိုင်သောသူ” ရောက်လာမည်ဖြစ်ကြောင်း ဖော်ပြသည်။

၁၈။ ကောင်းကင်တမန်ဂါဗြေလသည် မာရိကို မည်သို့ဆိုသနည်း။

၁၈ ဘီစီ ၂ ခုနှစ်ခန့်သို့ ရှေ့ဆက်သွားကြစို့။ ထိုအချိန်တွင် ပါလက်စတိုင်းမြောက်ဘက်ရှိ ဂါလိလဲနယ်၊ နာဇရက်မြို့မှ အပျိုစင်မာရိထံ ကောင်းကင်တမန်ဂါဗြေလကို ယေဟောဝါစေလွှတ်ခဲ့သည်။ သူဤသို့ဆို၏– ‘သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့်မှည့်ရမည်။ ထိုသားသည်ကား ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။ ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရ။’—လုကာ ၁:၃၁-၃၃

၁၉။ ယေရှုမွေးဖွားပြီးနောက် အဘယ်စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်များ ဖြစ်တော့မည်နည်း။

၁၉ နောက်ဆုံးတွင် “မြင့်မြတ်သောလျှို့ဝှက်ချက်” ကိုဖော်ထုတ်မည့်အချိန် နီးလာလေပြီ။ ကတိထားရာ “အမျိုးအနွယ်” ၏အဓိကပုဂ္ဂိုလ် မကြာမီ ပေါ်လာတော့မည်။ (ဂလာတိ ၄:၄၊ ၅; ၁ တိမောသေ ၃:၁၆ကဘ) စာတန်သည် သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်။ သို့သော် ထို “အမျိုးအနွယ်” သည် စာတန်၏ခေါင်းကိုကြိတ်ခြင်းဖြင့် သူနှင့်အပေါင်းပါအားလုံးကို အပြည့်အဝထိန်းချုပ်မည်ဖြစ်သည်။ ထို့ပြင် ယေဟောဝါ၏နိုင်ငံတော်ကသာ စာတန်ဖြစ်ပေါ်စေခဲ့သော ပျက်စီးဆုံးရှုံးမှုအားလုံးကို ဖယ်ရှားကာ ကိုယ်တော်၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သံသယကင်းရှင်းစေမည်ဖြစ်ကြောင်းကိုလည်း သူသက်သေထူလိမ့်မည်။ (ဟေဗြဲ ၂:၁၄၊ ၁၅; ၁ ယောဟန် ၃:၈) ယင်းတို့ကို ယေရှု မည်သို့ပြီးမြောက်အောင်မြင်စေမည်နည်း။ ကျွန်ုပ်တို့တုပရန် အဘယ်ပုံသက်သေကို ကိုယ်တော်ချမှတ်ခဲ့သနည်း။ နောက်ဆောင်းပါးတွင် အဖြေတွေ့ရှိပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 ဣသရေလအမျိုးကို အုပ်စိုးရန် ဘုရားသခင်ဦးဆုံးရွေးချယ်သူမှာ ဗင်ယာမိန်မျိုးနွယ်မှ ရှောလုဖြစ်သည်။—၁ ဓမ္မရာဇဝင် ၉:၁၅၊ ၁၆; ၁၀:၁

သင်ရှင်းပြနိုင်သလော

• ယေဟောဝါသည် အဘယ်ကြောင့် စကြဝဠာ၏အကြွင်းမဲ့ ပိုင်သအုပ်စိုးရှင် ဖြစ်ထိုက်သနည်း။

• ယေဟောဝါသည် မိမိနိုင်ငံတော်ကိုတည်ထောင်ရန် အဘယ်ကြောင့်ရည်ရွယ်ခဲ့သနည်း။

• ယေဟောဝါသည် “မြင့်မြတ်သောလျှို့ဝှက်ချက်” ကို မည်သို့တဖြည်းဖြည်းဖော်ထုတ်ခဲ့သနည်း။

• ဒါဝိဒ်မင်းဆက်၏နိုင်ငံကျဆုံးသွားသော်လည်း ယေဟောဝါသည် ပိုင်သအုပ်စိုးနေဆဲဖြစ်ကြောင်း အဘယ်အရာက ဖော်ပြသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အာဗြဟံမှတစ်ဆင့် ယေဟောဝါ အဘယ်အရာဖော်ပြသနည်း

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဒါဝိဒ်မင်းဆက်၏နိုင်ငံကျဆုံးသွားခြင်းက အဘယ်ကြောင့် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှု ကျရှုံးခြင်း မဟုတ်သနည်း