မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကလေးကို သူတစ်ပါးနှင့် အသင့်အတင့်နေတတ်ရန် သွန်သင်ပေးပါ

သင့်ကလေးကို သူတစ်ပါးနှင့် အသင့်အတင့်နေတတ်ရန် သွန်သင်ပေးပါ

သင့်ကလေးကို သူတစ်ပါးနှင့် အသင့်အတင့်နေတတ်ရန် သွန်သင်ပေးပါ

ရှစ်နှစ်သမီးလေး နီကိုးလ်သည် သူ၏မိသားစု နိုင်ငံခြားသို့ပြောင်းရွှေ့တော့မည့်အကြောင်းကို အချစ်ဆုံးသူငယ်ချင်းဂါဗရီးအား နေ့စဉ် အားတက်သရောပြောပြလေ့ရှိသည်။ တစ်နေ့၊ ဂါဗရီးက နီကိုးလ် နိုင်ငံခြားသို့ထွက်ခွာမည့်အကြောင်းကို သူစိတ်မဝင်စားဟု လွှတ်ခနဲပြောချလိုက်သည်။ အကြီးအကျယ်စိတ်ထိခိုက်ပြီး စိတ်ဆိုးသွားသော နီကိုးလ်က “ဂါဗရီးကို နောက်ထပ်မတွေ့ချင်တော့ဘူး” ဟုမိခင်အား ပြောလေ၏။

နီကိုးလ်နှင့် ဂါဗရီးတို့ကဲ့သို့သော အခြေအနေမျိုးတွင် မိဘများ ကူညီဖြေရှင်းပေးဖို့ လိုအပ်လေ့ရှိသည်။ စိတ်ထိခိုက်မှုကို ကျေအေးစေရုံမျှမကဘဲ ပြဿနာဖြေရှင်းပုံကိုသိရှိစေရန် ကူညီပေးရမည်ဖြစ်၏။ ကလေးများသည် သဘာဝအားဖြင့် ကလေး “စရိုက်များ” ရှိတတ်ပြီး မိမိတို့၏အပြောအဆိုနှင့်အပြုအမူက သူတစ်ပါးကိုထိခိုက်စေနိုင်ကြောင်း မသိတတ်ကြပေ။ (၁ ကောရိန္သု ၁၃:၁၁ကဘ) ထို့ကြောင့် မိသားစုနှင့်အခြားနေရာများတွင် သူတစ်ပါးနှင့်သင့်မြတ်စေသော အရည်အသွေးများကို ကလေးတို့ပြုစုပျိုးထောင်နိုင်ရန် ကူညီပေးဖို့လိုသည်။

“သူတစ်ပါးနှင့်အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်” နိုင်ဖို့ ကလေးတို့အား လေ့ကျင့်ပေးခြင်းကို ခရစ်ယာန်မိဘများ အလွန်စိတ်ဝင်စားကြသည်။ (၁ ပေတရု ၃:၁၁) သံသယရှိခြင်း၊ စိတ်ပျက်ခြင်း၊ ရန်ငြိုးထားခြင်းစသောခံစားချက်များကို အနိုင်ယူပြီး ရန်ငြိမ်းစေသူတစ်ဦးဖြစ်ရန် အလွန်ကြိုးစားအားထုတ်ရ၏။ သို့သော် ယင်းမှ ပျော်ရွှင်မှုခံစားရသောကြောင့် ကြိုးစားရကျိုးနပ်ပါသည်။ သင်သည် မိဘတစ်ဦးဖြစ်မည်ဆိုလျှင် သင့်ကလေးကို အသင့်အတင့်နေတတ်သူဖြစ်ရန် မည်သို့သွန်သင်ပေးနိုင်သနည်း။

“ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်” ကို စိတ်ရွှင်လန်းစေလိုသောဆန္ဒရှိလာရန် ကူညီပါ

ယေဟောဝါကို “ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်၊” “ငြိမ်သက်ခြင်းကိုပေးသနားတော်မူသော” အရှင် ဟုခေါ်ဆိုထားသည်။ (ဖိလိပ္ပိ ၄:၉; ရောမ ၁၅:၃၃ကဘ) ထို့ကြောင့် ဘုရားသခင်ကို စိတ်ရွှင်လန်းစေလိုသော၊ ကိုယ်တော်၏အရည်အသွေးများကိုတုပလိုသော ဆန္ဒရှိလာရန် ကလေးများကိုသွန်သင်ပေးရာတွင် ပညာရှိမိဘများသည် ဘုရားသခင့်နှုတ်မြွက်တော်သမ္မာကျမ်းစာကို ကောင်းစွာအသုံးပြုကြ၏။ ဥပမာ၊ တမန်တော်ယောဟန်မြင်ခဲ့ရသော ထူးခြားသည့်အဆင်းအာရုံတစ်ခုကို ပုံဖော်ကြည့်နိုင်ရန် သင့်ကလေးကို ကူညီပေးပါ။ ယင်းမှာ ယေဟောဝါ၏ပလ္လင်ပတ်လည်တွင် မြစိမ်းရောင်သက်တံရှိသော အဆင်းအာရုံဖြစ်၏။ * (ဗျာ. ၄:၂၊ ၃) ထိုသက်တံမှာ ငြိမ်သက်အေးချမ်းခြင်းကိုပုံဆောင်ပြီး ကိုယ်တော်အားနာခံသူတိုင်းကို ထိုငြိမ်သက်ခြင်းကောင်းချီး ပေးသနားမည်ဖြစ်ကြောင်း ရှင်းပြပါ။

“ငြိမ်သက်ခြင်းအရှင်” သားတော်ယေရှုအားဖြင့်လည်း ယေဟောဝါလမ်းညွှန်တော်မူသည်။ (ဟေရှာယ ၉:၆၊ ၇) ထို့ကြောင့် ရန်ဖြစ်ခြင်း၊ ငြင်းခုံခြင်းနှင့်ပတ်သက်၍ ယေရှုသွန်သင်ခဲ့သော အဖိုးတန်သင်ခန်းစာများပါဝင်သည့် ကျမ်းစာမှတ်တမ်းများကို သင့်ကလေးနှင့်အတူ ဖတ်ရှု၍ဆွေးနွေးပါ။ (မဿဲ ၂၆:၅၁-၅၆; မာကု ၉:၃၃-၃၅) “ကြမ်းကြုတ်သောသူ” ဖြစ်ခဲ့ဖူးသော ပေါလုသည် အဘယ်ကြောင့် မိမိလမ်းစဉ်ကိုပြောင်းလဲခဲ့ကြောင်း၊ “သခင်ဘုရား၏ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြုသောသူ၊ . . . သည်းခံနိုင်သောသူဖြစ်ရမည်” ဟုအဘယ်ကြောင့်ရေးသားခဲ့ကြောင်း ရှင်းပြပါ။ (၁ တိမောသေ ၁:၁၃; ၂ တိမောသေ ၂:၂၄) သင့်ကလေး၏တုံ့ပြန်မှုသည် သင်မျှော်လင့်ထားသည်ထက် ပို၍ကောင်းနိုင်၏။

အီဗန်သည် သူခုနစ်နှစ်အရွယ်က ကျောင်းဘတ်စကားပေါ်တွင် ကောင်လေးတစ်ဦး သူ့ကိုရန်စခဲ့ကြောင်း အမှတ်ရသည်။ သူဤသို့ပြောပြ၏– “ကျွန်တော် သူ့ကိုဒေါသထွက်လွန်းလို့ လက်တုံ့ပြန်ချင်ခဲ့တာ။ ဒါပေမဲ့ ရန်စသူတွေနဲ့ပတ်သက်ပြီး အိမ်မှာသင်ယူခဲ့တဲ့သင်ခန်းစာကို ပြန်အမှတ်ရမိတယ်။ ‘ဘယ်သူ့ကိုမှ ရန်တုံ့မမူဘဲ’ ‘လူအပေါင်းနဲ့ အသင့်အတင့်နေ’ ဖို့ ယေဟောဝါလိုလားတယ်ဆိုတာ ကျွန်တော်သိထားတယ်။” (ရောမ ၁၂:၁၇၊ ၁၈) အီဗန်သည် ထိုတင်းမာသောအခြေအနေကို ကျေအေးစေဖို့ ယဉ်ယဉ်ကျေးကျေးတုံ့ပြန်ရန် ခွန်အားနှင့်ရဲစွမ်းသတ္တိ ရှိခဲ့သည်။ သူသည် ငြိမ်သက်ခြင်းအရှင် ဘုရားသခင်၏စိတ်တော်ကို ရွှင်လန်းစေလိုသည်။

အသင့်အတင့်နေတတ်သောမိဘ ဖြစ်ပါ

သင့်အိမ်တွင် အေးဆေးငြိမ်သက်သောအခြေအနေရှိသလော။ သို့ဆိုလျှင် သင့်ကလေးသည် သင့်ပုံသက်သေကိုအကဲခတ်ရုံဖြင့် သင့်တင့်ငြိမ်သက်ခြင်းအကြောင်း များစွာသင်ယူနိုင်သည်။ အသင့်အတင့်နေတတ်သူဖြစ်ရန် သင့်ကလေးကိုသွန်သင်ပေးရာတွင် ထိရောက်မှုရှိခြင်းသည် ဘုရားသခင်နှင့်ခရစ်တော်၏ ငြိမ်သက်ခြင်းလမ်းစဉ်ကို သင်မည်မျှအထိ လိုက်နာနေသည်ဟူသောအချက်အပေါ် များစွာမူတည်နေ၏။—ရောမ ၂:၂၁

ရာ့စ်နှင့်စင်ဒီသည် သူတို့၏သားနှစ်ဦးကို ကြိုးစားလေ့ကျင့်သွန်သင်ပေးပြီး သူတစ်ပါးရန်စလာလျှင် မေတ္တာဖြင့်တုံ့ပြန်ရန် အားပေးသည်။ “ပြဿနာပေါ်ပေါက်လာတဲ့အခါ သားတွေနဲ့တခြားသူတွေကို ကျွန်မတို့ရဲ့တုံ့ပြန်ပုံက သားတွေကို အများကြီးအကျိုးသက်ရောက်တယ်” ဟုစင်ဒီပြောပြ၏။

အမှားမပြုဖူးသောမိဘဟူ၍ မရှိပါ။ သင်အမှားပြုမိဦးတော့ ယင်းကို အဖိုးတန်သင်ခန်းစာများ သွန်သင်ပေးရန် အခွင့်အလမ်းအဖြစ် အသုံးချနိုင်ဆဲဖြစ်၏။ “ကျွန်တော်နဲ့ကျွန်တော့်ဇနီးတယ်ရီက အကြောင်းစုံမသိဘဲ ကလေးသုံးယောက်ကို ပြစ်တင်ဆုံးမတဲ့အချိန်တွေလည်း ရှိခဲ့တယ်” ဟုစတီဗင်ဝန်ခံသည်။ တယ်ရီလည်း ဤသို့ပြောပြ၏– “ဒီလိုအခါမျိုးမှာ ကလေးတွေကို ကျွန်မတို့ ပြန်တောင်းပန်တယ်။ ကျွန်မတို့လည်း မစုံလင်သူတွေဖြစ်ပြီး အမှားမကင်းဘူးဆိုတာ ကလေးတွေသိအောင် လုပ်တယ်။ ဒါက မိသားစုမှာ ငြိမ်သက်မှုရှိစေတဲ့အပြင် တခြားသူတွေနဲ့ ဘယ်လိုအသင့်အတင့်နေနိုင်တယ်ဆိုတာ သူတို့သိလာအောင် ကူညီနိုင်ခဲ့တယ်လို့ ကျွန်မတို့ခံစားရတယ်။”

ကလေးများသည် သူတို့အပေါ် သင်၏ပြုမူဆက်ဆံပုံကိုအကဲခတ်ခြင်းဖြင့် မည်သို့အသင့်အတင့်နေနိုင်ကြောင်း သင်ယူနေသလော။ “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့” ဟုယေရှုတိုက်တွန်း၏။ (မဿဲ ၇:၁၂) သင်၌မည်သည့်အားနည်းချက်ပင်ရှိပါစေ ကလေးများအပေါ်ပြသသော သင်၏မေတ္တာနှင့်ချစ်ခင်ကြင်နာမှုက ကောင်းကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း စိတ်ချပါလေ။ ကလေးများသည် မေတ္တာဖြင့်လမ်းညွှန်သည့်အခါ ပို၍တလိုတလားလိုက်နာပေလိမ့်မည်။

အမျက်ထွက်ခြင်းငှာ နှေးကြစေ

“သတိရှိသောသူ [“ထိုးထွင်းသိမြင်တတ်သူ၊” ကဘ]သည် မိမိအမျက်ဒေါသကိုချုပ်တည်းတတ်၏” ဟု နယပုံပြင် ၁၉:၁၁ တွင်ဖော်ပြ၏။ ထိုသို့ထိုးထွင်းသိမြင်တတ်ရန် သင့်ကလေးကို မည်သို့ကူညီပေးနိုင်သနည်း။ မိမိတို့၏သားနှင့်သမီးကို ကူညီပေးရာတွင် ဒေးဗစ်နှင့်ဇနီးမိရိအံတို့အတွက် လက်တွေ့ကျသောနည်းလမ်းတစ်ခုရှိသည်။ ယင်းကို ဒေးဗစ် ဤသို့ဖော်ပြ၏– “တစ်ယောက်ယောက်က စိတ်နာအောင် ပြောမိလုပ်မိလို့ သူတို့စိတ်ဆိုးနေရင် သူတို့ကို ကိုယ်ချင်းစာတတ်အောင် သင်ပေးတယ်။ ‘အဲဒီလူက စိတ်ဖိစီးစရာကြုံနေရလို့လား။ သူ မနာလိုဖြစ်နေတာလား။ တစ်ယောက်ယောက်က သူ့ကိုစိတ်ထိခိုက်အောင် လုပ်မိလို့လား’ ဆိုတဲ့ မေးခွန်းရိုးရိုးလေးတွေသုံးခဲ့တယ်။” မိရိအံ ဤသို့ဆက်ပြော၏– “ဒီနည်းကြောင့် ကလေးတွေ စိတ်ပြေသွားတယ်။ ဆက်ပြီးစိတ်ဆိုးနေတာ၊ ဘယ်သူမှားတယ်မှန်တယ်ဆိုပြီးငြင်းခုံတာတွေ မလုပ်တော့ဘူး။”

ထိုသို့သွန်သင်လေ့ကျင့်ပေးခြင်းသည် ရလဒ်ကောင်းများ ထွက်ပေါ်စေနိုင်၏။ အစပိုင်းတွင်ဖော်ပြခဲ့သော နီကိုးလ်အား မိခင်ဖြစ်သူမီရှဲလ် ကူညီပေးခဲ့ပုံကို သုံးသပ်ကြည့်ပါ။ သူငယ်ချင်းဂါဗရီးနှင့် ပြန်သင့်မြတ်စေရုံထက်မက ကူညီပေးခဲ့သည်။ မီရှဲလ် ဤသို့ပြောပြ၏– “ကြီးမြတ်သောဆရာထံမှ သင်ယူလော့စာအုပ် အခန်း ၁၄ ကို သမီးလေးနီကိုးလ်နဲ့အတူ ဖတ်ကြတယ်။ * ‘အကြိမ်ခုနစ်ဆယ်ခုနစ်လီမြောက်အောင်’ ခွင့်လွှတ်သင့်တယ်လို့ ယေရှုပြောတဲ့အခါ ဘာကိုဆိုလိုတယ်ဆိုတာ ရှင်းပြတယ်။ သမီးက သူ့ခံစားချက်ကိုပြောပြတဲ့အခါ ကျွန်မ ကောင်းကောင်းနားထောင်ပေးတယ်။ ပြီးတော့ ဂါဗရီးက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း အဝေးကြီးကိုပြောင်းရွှေ့သွားမှာဖြစ်လို့ ဘယ်လောက်တောင် စိတ်မကောင်းဖြစ်နေမယ်ဆိုတာ နီကိုးလ်ခံစားကြည့်နိုင်ဖို့ ကူညီပေးတယ်။”—မဿဲ ၁၈:၂၁၊ ၂၂

ဂါဗရီး အဘယ်ကြောင့် ထိုသို့လွှတ်ခနဲပြောချလိုက်သည်ကို သိမြင်သွားသောအခါ နီကိုးလ်သည် သူ့ကိုကိုယ်ချင်းစာသွားပြီး တယ်လီဖုန်းဖြင့် ပြန်တောင်းပန်ခဲ့သည်။ “အဲဒီအချိန်ကစပြီး သမီးလေးနီကိုးလ်က သူများရဲ့ခံစားချက်ကို ထည့်တွက်တတ်ပြီး သူများစိတ်ချမ်းသာအောင် လုပ်ပေးတတ်လာတယ်” ဟု မီရှဲလ်ပြောပြသည်။—ဖိလိပ္ပိ ၂:၃၊ ၄

အမှားများ၊ နားလည်မှုလွဲခြင်းများကြောင့် သင့်ကလေး စိတ်မဆိုးစေရန် ကူညီပေးပါ။ သင့်ကလေးသည် သူတစ်ပါးအပေါ် စိတ်ရင်းစေတနာကောင်းထားပြီး ချစ်ခင်တွယ်တာသည်ကို မြင်တွေ့ရခြင်းမှ သင်လည်း ကျေနပ်ပျော်ရွှင်မှုခံစားရပေမည်။—ရောမ ၁၂:၁၀; ၁ ကောရိန္သု ၁၂:၂၅

ခွင့်လွှတ်ခြင်း၏ ဘုန်းအသရေကိုတိုးပွားစေပါ

“သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ဘုန်းအသရေရှိ၏” ဟု နယပုံပြင် ၁၉:၁၁ ကဆိုသည်။ ယေရှုသည် ဝေဒနာပြင်းပြစွာခံစားရချိန်တွင် ခမည်းတော်ကိုတုပကာ ခွင့်လွှတ်ခဲ့သည်။ (လုကာ ၂၃:၃၄) သင့်ကလေးသည် သင်၏ခွင့်လွှတ်မှုခံရ၍ ကိုယ်တိုင်စိတ်သက်သာရာရသည့်အခါ ခွင့်လွှတ်ခြင်း၏ ဘုန်းအသရေကို သိရှိလာပေမည်။

ဥပမာ၊ ငါးနှစ်သားလေးဝီလီသည် အဖွားနှင့်အတူ ရုပ်ပုံများဆေးရောင်ခြယ်ရသည်ကို အလွန်နှစ်သက်သည်။ တစ်ကြိမ်တွင် အဖွားဖြစ်သူသည် ဆေးရောင်ခြယ်နေသည်ကို ရုတ်တရက်ရပ်လိုက်ပြီး ဝီလီအား ဆူပူကြိမ်းမောင်းကာ ထွက်သွားလေ၏။ ဝီလီ စိတ်ညစ်သွားသည်။ “ဝီလီရဲ့အဖွားက အယ်လ်ဇိုင်းမားရောဂါဖြစ်နေတာ။ ဒါကို ဝီလီနားလည်နိုင်အောင် ရိုးရိုးလေးရှင်းပြခဲ့တယ်” ဟုဖခင်ဖြစ်သူဆမ်က ပြောပြ၏။ ဝီလီကိုယ်တိုင် အကြိမ်ကြိမ်ခွင့်လွှတ်ခံရသောကြောင့် သူတစ်ပါးကိုလည်း ထိုသို့ခွင့်လွှတ်သင့်ကြောင်း ပြောပြပြီးနောက် ဝီလီ၏တုံ့ပြန်မှုကို ဆမ် အံ့အားသင့်သွားသည်။ “သားလေးက အသက်ရှစ်ဆယ်အရွယ် သူ့အဖွားကို တောင်းပန်တဲ့လေသံနဲ့စကားပြောပြီး စားပွဲဆီ လက်ဆွဲခေါ်လာတာမြင်ရတော့ ကျွန်တော်တို့ သိပ်ကြည်နူးမိတယ်” ဟုဆမ်ပြောပြသည်။

ကလေးများသည် သူတစ်ပါး၏အားနည်းချက်များ၊ အမှားများကို “သည်းခံ၍” ခွင့်လွှတ်တတ်လာသည့်အခါ အမှန်ပင် ဘုန်းအသရေရှိပါသည်။ (ကောလောသဲ ၃:၁၃) စိတ်အနှောင့်အယှက်ဖြစ်စေရန် အခြားသူတို့ တမင်တကာပြုမူသည့်အခါတွင်ပင် သင့်ကလေး၏ ယဉ်ယဉ်ကျေးကျေးတုံ့ပြန်ပုံက အစွမ်းထက်နိုင်ကြောင်း စိတ်ချပါ။ အကြောင်းမှာ ‘လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသခင်သည် နှစ်သက်သောအခါ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့်စေတော်မူ’ သောကြောင့်တည်း။—သု. ၁၆:၇

သင့်ကလေးကို သူတစ်ပါးနှင့်အသင့်အတင့်နေတတ်ရန် ဆက်၍ကူညီပေးပါ

ကလေးများကို “အသင့်အတင့်နေ” တတ်သူများဖြစ်ရန် သမ္မာကျမ်းစာသုံး၍သွန်သင်ပေးသော မိဘများသည် ကလေးများအတွက် အမှန်ပင် ကောင်းချီးတစ်ရပ်ဖြစ်၏။ (ယာကုပ် ၃:၁၈) ထိုသို့သောမိဘများသည် ကလေးတို့အား အငြင်းပွားမှုများကိုဖြေရှင်းပြီး အသင့်အတင့်နေတတ်သူဖြစ်ရန် လေ့ကျင့်ပြင်ဆင်ပေးနေခြင်းဖြစ်၏။ ယင်းက သူတို့ဘဝတစ်လျှောက်လုံးတွင် အတိုင်းအဆမဲ့ပျော်ရွှင်ကျေနပ်မှု ခံစားစေသည်။

ဒန်နှင့်ကက်သီတို့၏ ဆယ်ကျော်သက်သားသမီးသုံးဦးသည် ယေဟောဝါ၏အမှုတော်တွင် တက်ကြွစွာပါဝင်နေကြသည်။ ဒန် ဤသို့ပြောပြ၏– “ကလေးတွေငယ်ငယ်တုန်းက လေ့ကျင့်သွန်သင်ပေးတဲ့အခါ အခက်အခဲတွေရှိပေမဲ့ ယေဟောဝါရဲ့အမှုတော်မှာ သူတို့ တက်တက်ကြွကြွပါဝင်တာတွေ့ရတော့ ကြည်နူးမိတယ်။ အခုဆို တခြားသူတွေနဲ့ ချစ်ချစ်ခင်ခင်ရှိပြီး စိတ်ဆိုးစရာပေါ်လာတဲ့အခါ ခွင့်လွှတ်ကြတယ်။” ကက်သီကလည်း ဤသို့ပြော၏– “ငြိမ်သက်ခြင်းဆိုတာ ဘုရားသခင့်ဝိညာဉ်တော်က သီးပွင့်စေတဲ့ အရည်အသွေးတစ်ခုဖြစ်တဲ့အတွက် အဲဒါက ကျွန်မတို့ကို သိပ်အားရှိစေတယ်။”—ဂလာတိ ၅:၂၂၊ ၂၃

ထို့ကြောင့် ခရစ်ယာန်မိဘများသည် ကလေးများကို အသင့်အတင့်နေတတ်သူဖြစ်ရန် သွန်သင်ပေးရာတွင် အစပိုင်း၌ တိုးတက်မှုနှေးသယောင်ရှိသည့်တိုင် “အားမလျော့၊ စိတ်မပျက်” သင့်သော အကြောင်းကောင်းရှိပါသည်။ ထိုသို့ပြုပါက ‘အသင့်အတင့်နေခြင်းချမ်းသာကိုပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတ္တံ့။’—ဂလာတိ ၆:၉; ၂ ကောရိန္သု ၁၃:၁၁

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 6 ယေဟောဝါသက်သေများထုတ်ဝေသော ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ!စာအုပ် စာမျက်နှာ ၇၅ ရှိရုပ်ပုံကိုရှု။

^ အပိုဒ်၊ 16 ယေဟောဝါသက်သေများထုတ်ဝေသည်။

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အကျိုးပြုသောသြဇာလွှမ်းမှု

“မီဒီယာဖျော်ဖြေရေးလောကမှ အကြမ်းဖက်မှု” ဟူသောခေါင်းစဉ်ဖြင့် ထုတ်ဝေသော စာတမ်းတိုတစ်ပုဒ်တွင် ဤသို့ဖော်ပြ၏– “လူကြမ်းရော ဇာတ်လိုက်မင်းသားများပါ အကြမ်းဖက်နည်းကိုသုံးလေ့ရှိသော ဖျော်ဖြေမှုများက အကြမ်းဖက်မှုသည် ပြဿနာဖြေရှင်းနည်းဖြစ်သည်ဟူသော အယူအဆကို အားပေးနေ၏။” တီဗွီဇာတ်လမ်း၊ ရုပ်ရှင်၊ ဗီဒီယိုသီချင်းများ၏ ၁၀ ရာခိုင်နှုန်းသာ အကြမ်းဖက်မှု၏ဆိုးကျိုးကို ဖော်ပြပေးသည်။ “အကြမ်းဖက်မှုကို လက်ခံနိုင်စရာ၊ သာမန်ကိစ္စ၊ မရှောင်လွှဲနိုင်ရာ၊ ပြဿနာဖြေရှင်းနည်းအဖြစ်သာ တင်ဆက်ကြသည်” ဟုအထက်ပါစာတမ်းက ဆက်ဖော်ပြ၏။

သင့်အိမ်တွင် တီဗွီကြည့်ခြင်းနှင့်စပ်လျဉ်း၍ ပြုပြင်ပြောင်းလဲဖို့ လိုပါသလော။ သင့်ကလေးကို အသင့်အတင့်နေထိုင်တတ်သူဖြစ်ရန် သင်ကြိုးစားသွန်သင်ပေးနေသည်ကို သတင်းမီဒီယာဖျော်ဖြေမှုများကြောင့် မထိခိုက်စေပါနှင့်။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

“ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်” အား စိတ်ရွှင်လန်းစေလိုသောဆန္ဒရှိရန် သင့်ကလေးကို သွန်သင်ပေးပါ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ထိခိုက်နစ်နာစေသောအပြောအဆိုနှင့် အပြုအမူများကို အချိန်ယူ၍ ပြုပြင်တည့်မတ်ပေးပါ

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

တောင်းပန်တတ်ရန်၊ ခွင့်လွှတ်တတ်ရန် သင့်ကလေးကို သွန်သင်ပေးသင့်