မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟဂ္ဂဲနှင့်ဇာခရိကျမ်းမှ ပေါ်လွင်ချက်များ

ဟဂ္ဂဲနှင့်ဇာခရိကျမ်းမှ ပေါ်လွင်ချက်များ

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

ဟဂ္ဂဲနှင့်ဇာခရိကျမ်းမှ ပေါ်လွင်ချက်များ

အချိန်ကား ဘီစီ ၅၂၀ ဖြစ်၏။ ဗာဗုလုန်သုံ့ပန်းဘဝမှ လွတ်မြောက်လာသော ဂျူးများသည် ယေရုရှလင်မြို့သို့ပြန်လာ၍ ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်ကို အုတ်မြစ်ချချိန်မှ ဆယ့်ခြောက်နှစ် ကုန်လွန်ခဲ့လေပြီ။ သို့တိုင် ဝတ်ပြုရာအိမ်တော်မပြီးစီးသေးဘဲ ဆောက်လုပ်ရေးလုပ်ငန်းမှာလည်း ပိတ်ပင်ခံနေရ၏။ ယေဟောဝါသည် ဟဂ္ဂဲကို ပရောဖက်အဖြစ်ခန့်အပ်ပြီးနောက် နှစ်လအကြာတွင် ဇာခရိကိုလည်း ပရောဖက်အဖြစ်ခန့်အပ်ခဲ့သည်။

ဟဂ္ဂဲနှင့်ဇာခရိ၏ တူညီသောရည်ရွယ်ချက်မှာ ဝတ်ပြုရာအိမ်တော် ပြန်လည်တည်ဆောက်ကြရန် လူတို့ကိုနှိုးဆော်ဖို့ဖြစ်၏။ ထိုပရောဖက်တို့၏ကြိုးစားလုပ်ဆောင်မှုများ အောင်မြင်ပြီး နောက်ငါးနှစ်အကြာတွင် ဝတ်ပြုရာအိမ်တော် ဆောက်လုပ်ပြီးစီးခဲ့သည်။ ဟဂ္ဂဲနှင့်ဇာခရိတို့ကြေညာခဲ့ရာကို သူတို့၏အမည်တပ်ထားသောကျမ်းစောင်တွင် မှတ်တမ်းတင်ထားသည်။ ဟဂ္ဂဲကျမ်းကို ဘီစီ ၅၂၀၊ ဇာခရိကျမ်းကို ဘီစီ ၅၁၈ တွင် ရေးသားပြီးစီး၏။ ထိုပရောဖက်များနည်းတူ ကျွန်ုပ်တို့လည်း ဘုရားသခင်အပ်နှင်းသောတာဝန်တစ်ခု ရရှိထားကြပြီး ယင်းကို ဤအစီအစဉ်စနစ်မကုန်ဆုံးမီ အပြီးလုပ်ဆောင်ရမည်ဖြစ်၏။ ၎င်းမှာ သတင်းကောင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းတာဝန်ဖြစ်သည်။ ဟဂ္ဂဲနှင့်ဇာခရိကျမ်းမှ အဘယ်အားပေးတည်ဆောက်မှု ရရှိနိုင်ကြောင်း သုံးသပ်ကြည့်ကြစို့။

“ကိုယ်အကျင့်တို့ကို ဆင်ခြင် ကြလော့”

(ဟဂ္ဂဲ ၁:၁–၂:၂၃)

ဟဂ္ဂဲသည် လှုံ့ဆော်မှုဖြစ်စေသော သတင်းစကားလေးခုကို ၁၁၂ ရက်အတွင်း ကြေညာရသည်။ ပထမသတင်းမှာ ဤသို့ဖြစ်၏– ‘“ကိုယ်အကျင့်တို့ကို ဆင်ခြင်ကြလော့။ တောင်ပေါ်သို့တက်သွား၍ သစ်သားကိုဆောင်ခဲ့ပြီးလျှင် အိမ်တော်ကိုဆောက်ကြလော့။ ငါသည်လည်းအားရ၍ ငါ၏ဘုန်းသည် ထင်ရှားလိမ့်မည်” ဟုထာဝရဘုရားသခင်မိန့်တော်မူ၏။’ (ဟဂ္ဂဲ ၁:၇၊ ၈) ယင်းကို လူတို့ကောင်းစွာတုံ့ပြန်ကြ၏။ ဒုတိယသတင်းတွင် “ဤအိမ်ကို ဘုန်းနှင့်ငါပြည့်စုံစေမည်” ဟူသော ယေဟောဝါ၏ကတိတော်ပါရှိသည်။—⁠ဟဂ္ဂဲ ၂:၇

တတိယသတင်းအရ ဝတ်ပြုရာအိမ်တော်ကို ပြန်လည်တည်ဆောက်ရန် ပျက်ကွက်ခြင်းကြောင့် ‘ထိုလူမျိုးနှင့် သူတို့လုပ်ဆောင်သမျှသည်’ ယေဟောဝါရှေ့တော်တွင် ညစ်ညူး၏။ သို့သော် အိမ်တော်ပြန်လည်တည်ဆောက်ချိန်မှစ၍ သူတို့ကို ယေဟောဝါ “ကောင်းချီးပေးမည်။” စတုတ္ထသတင်းအရ ယေဟောဝါသည် “တိုင်းနိုင်ငံတို့၏ရာဇပလ္လင်များကို မှောက်လှန်၍” မြို့ဝန်ဇေရုဗဗေလကို “တံဆိပ်လက်စွပ်” ကဲ့သို့ခန့်ထားမည်ဖြစ်၏။—⁠ဟဂ္ဂဲ ၂:၁၄၊ ၁၉၊ ၂၂၊ ၂၃

ကျမ်းစာမေးခွန်းများအဖြေ–

၂:၆၊ ၇၊ ၂၁၊ ၂၂—⁠ဤတွင်ပါသောလှုပ်ခြင်းကို မည်သူ သို့မဟုတ် မည်သည့်အရာက ဖြစ်ပေါ်စေပြီး အဘယ်အကျိုးဆက်ရှိမည်နည်း။ ကမ္ဘာတစ်ဝန်းတွင် သတင်းကောင်းဟောပြောစေခြင်းဖြင့် ယေဟောဝါသည် ‘လူမျိုးအပေါင်းတို့ကို လှုပ်’ တော်မူသည်။ အကျိုးဆက်အနေဖြင့် ‘လူမျိုးအပေါင်းတို့မှ နှစ်သက်ဖွယ်သောအရာသည်’ ယေဟောဝါ၏အိမ်တော်သို့ ရောက်လာ၍ ထိုအိမ်တော်ကို ဘုန်းနှင့်ပြည့်စုံစေသည်။ အချိန်တန်သော် “ဗိုလ်ခြေတို့အရှင်” ယေဟောဝါသည် “ကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကို” လှုပ်ခါခြင်းဖြင့် လက်ရှိအစီအစဉ်စနစ်ဆိုးတစ်ခုလုံးကို အဆုံးတိုင်စေတော့မည်။—⁠ဟေဗြဲ ၁၂:၂၆၊ ၂၇

၂:၉—⁠“နောက်တည်သော ဤအိမ်တော်သည်” အဘယ်နည်းဖြင့် “အရင်အိမ်တော်ထက်” သာ၍ဘုန်းကြီးနိုင်မည်နည်း။ နောက်တည်သောအိမ်တော်သည် တည်တံ့သည့်နှစ်ကာလ၊ ထိုတွင်သွန်သင်ခဲ့သူ၊ ထိုတွင် ယေဟောဝါကိုဝတ်ပြုရန် လာရောက်သူများဟူသော အနည်းဆုံး အချက်သုံးချက်ပေါ်မူတည်ပြီး သာ၍ဘုန်းကြီးရခြင်းဖြစ်၏။ ရှောလမုန်တည်ဆောက်ခဲ့သော အိမ်တော်သည် ဘီစီ ၁၀၂၇ မှ ဘီစီ ၆၀၇ အထိ နှစ်ပေါင်း ၄၂၀ တည်တံ့ခဲ့သော်လည်း “နောက်တည်သော ဤအိမ်တော်” မှာ ယင်းကိုဆောက်လုပ်ပြီးစီးချိန် ဘီစီ ၅၁၅ မှ ပျက်စီးချိန် အေဒီ ၇၀ အထိ နှစ်ပေါင်း ၅၈၀ ကျော် တည်တံ့ခဲ့သည်။ ထို့ပြင် “နောက်တည်သော ဤအိမ်တော်” တွင် မေရှိယဖြစ်သောယေရှုခရစ် သွန်သင်ခဲ့သည်။ ဘုရားသခင်ကိုဝတ်ပြုရန် “အရင်အိမ်တော်” သို့ လာရောက်သူထက် “နောက်တည်သော ဤအိမ်တော်” သို့လာရောက်သူ ပိုများသည်။—⁠တမန်တော် ၂:၁-၁၁

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–

၁:၂-၄ဟောပြောခြင်းလုပ်ငန်းကို ဆန့်ကျင်မှုများကြောင့် ကျွန်ုပ်တို့သည် ‘နိုင်ငံတော်ကိုရှေးဦးထား’ မည့်အစား မိမိတို့၏အကျိုးစီးပွားကို ရှေ့တန်းတင်ခြင်း မပြုသင့်ပေ။—⁠မဿဲ ၆:၃၃

၁:၅၊ “ကိုယ်ကျင့်သောအကျင့်တို့ကို ဆင်ခြင်” ပြီး ကျွန်ုပ်တို့၏အသက်ရှင်နေထိုင်ပုံသည် ဘုရားသခင်နှင့်ဆက်ဆံရေးကို မည်သို့သက်ရောက်မှုရှိကြောင်း စဉ်းစားဆင်ခြင်ခြင်းက ပညာရှိရာရောက်သည်။

၁:၆၊ ၉-၁၁; ၂:၁၄-၁၇ဟဂ္ဂဲခေတ်မှဂျူးများသည် ကိုယ်ရေးကိုယ်တာကိစ္စများနှင့် လုံးပန်းနေသော်လည်း သူတို့၏လုပ်ဆောင်မှုမှ အကျိုးမခံစားခဲ့ရပေ။ ဝတ်ပြုရာအိမ်တော်ကို သူတို့လျစ်လျူ ရှုထားသောကြောင့် ဘုရားသခင်၏ကောင်းချီး မရရှိခဲ့ပါ။ ကျွန်ုပ်တို့၏ရုပ်ပစ္စည်းအခြေအနေ မည်သို့ပင်ရှိပါစေ ယေဟောဝါ၏ “ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်” ကြောင်း အမှတ်ရလျက် ကိုယ်တော်နှစ်သက်ရာများကို ဦးစားထားလုပ်ဆောင်ပြီး တစ်သက်တာလုံးပေးဆက်၍ အမှုဆောင်သင့်သည်။—⁠သု. ၁၀:၂၂

၂:၁၅၊ ၁၈အတိတ်ကအမှားများကိုမဟုတ်ဘဲ အိမ်တော်တည်ဆောက်ရေးလုပ်ငန်းကို မျှော်ကြည့်ဆင်ခြင်ရန် ဂျူးတို့အား ယေဟောဝါတိုက်တွန်းခဲ့၏။ ကျွန်ုပ်တို့လည်း ယေဟောဝါ၏ဝတ်ပြုရေးတွင်သာ အာရုံစူးစိုက်ခြင်းဖြင့် ရှေ့သို့ ရှုမျှော်သင့်သည်။

“အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်”

(ဇာခရိ ၁:၁–၁၄:၂၁)

ဇာခရိသည် ဂျူးတို့အား ‘ယေဟောဝါထံသို့ ပြန်၍လာကြလော့’ ဟုဖိတ်ခေါ်ခြင်းဖြင့် သူ၏ပရောဖက်တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။ (ဇာခရိ ၁:⁠၃) နောက်ပိုင်းရရှိသောအဆင်းအာရုံရှစ်ခုက ဝတ်ပြုရာအိမ်တော်တည်ဆောက်ခြင်းကို ဘုရားသခင်ထောက်မနေကြောင်း ယုံကြည်စိတ်ချစေသည်။ (“ဇာခရိ၏အဆင်းအာရုံရှစ်ခု” လေးထောင့်ကွက်ကိုရှု။) ထိုတည်ဆောက်ခြင်းလုပ်ငန်းသည် “ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ [ယေဟောဝါ၏]ဝိညာဉ်အားဖြင့်” ပြီးစီးလိမ့်မည်။ (ဇာခရိ ၄:⁠၆) အညွန့်အမည်ရှိသောသူသည် ‘ထာဝရဘုရားသခင်၏ဝတ်ပြုရာအိမ်တော်ကို တည်ဆောက် . . . လိမ့်မည်။ ရာဇပလ္လင်တော်ပေါ်မှာ ယဇ်ပုရောဟိတ်လည်းဖြစ် . . . လိမ့်မည်။’—⁠ဇာခရိ ၆:၁၂၊ ၁၃

ယေရုရှလင်မြို့ပျက်စီးခြင်းကို အမှတ်ရသည့်အနေဖြင့် အစာရှောင်ပွဲကျင်းပခြင်းအကြောင်း ယဇ်ပုရောဟိတ်များထံ မေးလျှောက်ရန် လူတစ်ဦးကို ဗေသလမြို့မှစေလွှတ်ခဲ့၏။ ယေရုရှလင်တွင်ကျရောက်ခဲ့သော ဘေးဆိုးကြီးကို အမှတ်ရသည့်အနေဖြင့် အစာရှောင်ပွဲလေးခုကျင်းပစဉ် ဝမ်းနည်းပူဆွေးမှုသည် “ဝမ်းမြောက်ရွှင်လန်း၍ ပွဲလုပ်ရာကာလ” အဖြစ်ပြောင်းလဲသွားမည်ဟု ဇာခရိကို ယေဟောဝါမိန့်ဆိုခဲ့သည်။ (ဇာခရိ ၇:၂၊ ၃; ၈:၁၉) နောက်ပိုင်းကြေညာသော သတင်းစကားနှစ်ရပ်တွင် တိုင်းနိုင်ငံများနှင့်အယူမှားပရောဖက်များကို ပြစ်ဒဏ်စီရင်ခြင်း၊ မေရှိယနှင့်ဆိုင်သောပရောဖက်ပြုချက်များ၊ ဘုရားသခင့်လူမျိုး၏ ပြန်လည်ထူထောင်ခြင်းအကြောင်း ပါဝင်၏။—⁠ဇာခရိ ၉:၁; ၁၂:၁

ကျမ်းစာမေးခွန်းများအဖြေ–

၂:၁—⁠လူတစ်ဦးသည် ယေရုရှလင်မြို့ကို အဘယ်ကြောင့် ကြိုးဖြင့်တိုင်းတာနေသနည်း။ ယင်းသည် အကာအကွယ်အတွက် မြို့ရိုးတည်ဆောက်ခြင်းကိုရည်ညွှန်းသော လုပ်ရပ်ဖြစ်ပုံရ၏။ ယေရုရှလင်မြို့ကို  တိုးချဲ့မည်ဖြစ်ပြီး ယေဟောဝါ၏အကာအကွယ် ရရှိမည်ဖြစ်ကြောင်း ထိုသူကို ကောင်းကင်တမန်အသိပေးခဲ့သည်။—⁠ဇာခရိ ၂:၃-၅

၆:၁၁-၁၃—⁠ယဇ်ပုရောဟိတ်မင်း ယောရှုသည် ခေါင်းပေါ်မှသရဖူကြောင့် ဘုရင်နှင့်ယဇ်ပုရောဟိတ်တစ်ဦး ဖြစ်ခဲ့သလော။ ယောရှုသည် ဒါဝိဒ်၏မင်းဆက်မှမဟုတ်သောကြောင့် ထိုသို့မဖြစ်ခဲ့ပါ။ သို့သော် သူ၏သရဖူက မေရှိယ၏ရှေ့ပြေးပုံဆောင်ချက်ဖြစ်သည်။ (ဟေဗြဲ ၆:၂၀) “အညွှန့်” နှင့်ဆိုင်သောပရောဖက်ပြုချက်သည် ကောင်းကင်တွင် ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်ဖြစ်သော ယေရှုခရစ်၌ ပြည့်စုံခဲ့၏။ (ယေရမိ ၂၃:⁠၅) ယောရှုသည် ပြန်လည်တည်ဆောက်ထားသော ဝတ်ပြုရာအိမ်တော်တွင် ယဇ်ပုရောဟိတ်မင်းအဖြစ် ထမ်းဆောင်ခဲ့သည့်နည်းတူ ယေရှုခရစ်သည် ဘုရားသခင်ထံ လူတို့ချဉ်းကပ်နိုင်ရန် အစီအစဉ်ဖြစ်သော ပုံဆောင်ဝတ်ပြုရာအိမ်တော်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်၏။

၈:၁-၂၃—⁠ဤအခန်းငယ်များတွင်ပါသော ကြေညာချက်ဆယ်ခုသည် မည်သည့်အချိန်တွင် ပြည့်စုံခဲ့သနည်း။ ကြေညာချက်တိုင်းသည် မိမိလူမျိုးတော်ကို ငြိမ်သက်မှုရှိစေမည်ဟူသော ယေဟောဝါ၏ကတိပြုချက်ဖြစ်၏။ ထိုကြေညာချက်အချို့သည် ဘီစီခြောက်ရာစုတွင် ပြည့်စုံခဲ့သော်လည်း ယင်းတို့အားလုံးသည် ၁၉၁၉ ခုနှစ်မှစ၍ ပြည့်စုံခဲ့ပြီး ယခုအချိန်တွင် ပြည့်စုံနေဆဲဖြစ်၏။ *

၈:၃ကဘ—⁠ယေရုရှလင်မြို့ကို “မှန်ကန်ခြင်းမြို့” ဟုအဘယ်ကြောင့်ခေါ်သနည်း။ ယေရုရှလင်မြို့သည် ဘီစီ ၆၀၇ တွင် မပျက်စီးမီ ဖောက်ပြန်ယိုယွင်းသော ပရောဖက်နှင့်ယဇ်ပုရောဟိတ်များ၊ သစ္စာမဲ့သူများဖြင့် ပြည့်နေပြီး “ညှဉ်းဆဲတတ်သောမြို့” ဖြစ်ခဲ့၏။ (ဇေဖနိ ၃:၁; ယေရမိ ၆:၁၃; ၇:၂၉-၃၄) သို့သော် လူတို့သည် ဝတ်ပြုရာအိမ်တော်ကို ပြန်လည်တည်ဆောက်ကာ ယေဟောဝါအား ဝတ်ပြုလာပြီး စင်ကြယ်သောဝတ်ပြုရေးနှင့်ဆိုင်သည့် အမှန်တရားများကို ပြောဆိုလာကြသည့်အတွက် ယေရုရှလင်မြို့သည် “မှန်ကန်ခြင်းမြို့” ဟုအမည်တွင်ပေမည်။

၁၁:၇-၁၄—⁠“ကျေးဇူး” ဟုခေါ်သောတောင်ဝှေးနှင့် “အနှောင်အဖွဲ့” ဟု ခေါ်သောတောင်ဝှေးကို ဇာခရိချိုးခြင်းက အဘယ်အရာကို ပုံဆောင်သနည်း။ “သတ်ဖို့ရာထားသောသိုးစု၊” တစ်နည်းအားဖြင့် ခေါင်းဆောင်များ၏ ခေါင်းပုံဖြတ်ခြင်းခံနေရသော သိုးကဲ့သို့သောသူများကို ကျွေးမွေးစောင့်ရှောက်ရန် စေလွှတ်ခံရသောသိုးထိန်းအဖြစ် ဇာခရိကို ပုံခိုင်းထားသည်။ သိုးထိန်းတစ်ဦးအနေဖြင့် ဇာခရိသည် ဘုရားသခင်၏ပဋိညာဉ်သို့ လူတို့ကိုဆောင်သွင်းရန် စေလွှတ်ခံရသူယေရှုခရစ်ကို ပုံဆောင်သည်၊ သို့သော် ယေရှုကို လူတို့ငြင်းပယ်ခဲ့ကြ၏။ “ကျေးဇူး” ဟူသော တောင်ဝှေးကိုချိုးခြင်းက ဘုရားသခင်သည် ဂျူးတို့နှင့်ဖွဲ့သောပညတ်ပဋိညာဉ်ကို အဆုံးတိုင်ပြီး သူတို့နှင့်အဆက်အသွယ်ဖြတ်မည်ကို ပုံဆောင်သည်။ “အနှောင်အဖွဲ့” ဟူသော တောင်ဝှေးကိုချိုးခြင်းက ယုဒနှင့်ဣသရေလလူတို့စပ်ကြားတွင် ဝတ်ပြုရေးကိုအခြေပြုသော ညီရင်းအစ်ကိုနှောင်ကြိုး ပြတ်တောက်ခြင်းကို ဆိုလိုသည်။

၁၂:၁၁—⁠‘မေဂိဒ္ဒေါချိုင့်ရှိ ဟာဒဒြိမ္မုန်မြို့မှာ ငိုကြွေးမြည်တမ်း’ ခြင်းကား အဘယ်အရာနည်း။ ‘မေဂိဒ္ဒေါချိုင့်ရှိ ဟာဒဒြိမ္မုန်မြို့’ တွင် အီဂျစ်ဘုရင် ဖာရောနေခေါနှင့်တိုက်သော စစ်ပွဲ၌ ယုဒဘုရင်ယောရှိ အသတ်ခံရသည်။ နှစ်များစွာတစ်လျှောက် ယောရှိမင်းကိုအောက်မေ့လျက် “မြည်တမ်း” ပူဆွေးကြသည်။ (၂ ရာဇဝင်ချုပ် ၃၅:၂၅) ထို့ကြောင့် ‘ဟာဒဒြိမ္မုန်မြို့တွင် ငိုကြွေးမြည်တမ်း’ ခြင်းမှာ ယောရှိမင်း၏သေခြင်းအတွက် ပူဆွေးမြည်တမ်းသည်ကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–

၁:၂-၆; ၇:၁၁-၁၄ယေဟောဝါသည် ဆုံးမပဲ့ပြင်မှုကို နောင်တစိတ်ဖြင့်လက်ခံသူ၊ တစ်သက်တာလုံးပေးဆက်၍ အမှုဆောင်ခြင်းဖြင့် မိမိထံပြန်လှည့်လာသူများကို နှစ်သက်ပြီး သူတို့ထံ ပြန်လာတော်မူမည်။ သို့သော် ‘နားမထောင်ဘဲ မကြားစေခြင်းငှာ နားကိုပိတ်သူ၊ . . . မိမိတို့နှလုံးကို စိန်ကျောက်ကဲ့သို့မာစေသူ’ တို့၏ အကူအညီတောင်းသံကို ကိုယ်တော် မတုံ့ပြန်ပေ။

၄:၆၊ ၇ဝတ်ပြုရာအိမ်တော်ကို အောင်မြင်စွာတည်ဆောက်ပြီးစီးစေရန် ဘုရားသခင့်ဝိညာဉ်တော်၏ကူညီမှုကို မည်သည့်အရာကမျှ မတားဆီးနိုင်ပေ။ ဘုရားသခင့်အမှုတော်ဆောင်ရာတွင် ပေါ်ပေါက်လာနိုင်သည့် အခက်အခဲမှန်သမျှကို ကိုယ်တော်အား ယုံကြည်ကိုးစားခြင်းဖြင့် အောင်မြင်ကျော်လွှားနိုင်ပါသည်။—⁠မဿဲ ၁၇:၂၀

၄:၁၀ယေဟောဝါ၏ကူညီမှုအောက်တွင် ဇေရုဗဗေလနှင့်သူ၏လူတို့သည် ကိုယ်တော်၏ မြင့်မားသောစံနှုန်းများနှင့်အညီ ဝတ်ပြုရာအိမ်တော်ကို တည်ဆောက်ပြီးစီးခဲ့သည်။ ထို့ကြောင့် ကိုယ်တော်၏စံနှုန်းများနှင့်အညီ နေထိုင်ခြင်းသည် မစုံလင်သူလူသားများအတွက် မခက်ခဲလွန်းပါ။

၇:၈-၁၀; ၈:၁၆၊ ၁၇ကျွန်ုပ်တို့သည် ယေဟောဝါ၏မျက်နှာသာရရှိနိုင်ရန် တရားမျှတရမည်၊ မေတ္တာကရုဏာရှိရမည်၊ သနားကြင်နာမှုတင်ပြရမည်၊ မှန်သောစကားကို ပြောဆိုရမည်။

၈:၉-၁၃ယေဟောဝါအပ်နှင်းထားသောတာဝန်များကို ထမ်းဆောင်ရန် ‘ကျွန်ုပ်တို့၏လက်ကို အားကြီးစေသောအခါ’ ကိုယ်တော် ကောင်းချီးသွန်းလောင်းတော်မူသည်။ ထိုကောင်းချီးများတွင် လုံခြုံငြိမ်သက်ခြင်း၊ ဘုရားသခင်နှင့်ဆက်ဆံရေးကောင်းရှိနေခြင်းတို့ ပါဝင်သည်။

၁၂:⁠၆ယေဟောဝါ၏လူမျိုးတွင် ကြီးကြပ်ရေးတာဝန်ရရှိထားသူများသည် “မီးစ” ကဲ့သို့ ဇွဲထက်သန်စွာအမှုဆောင်သင့်သည်။

၁၃:⁠၃မည်မျှပင်ရင်းနှီးပါစေ၊ လူတို့ကို သစ္စာရှိသည်ထက် စစ်မှန်သောဘုရားသခင်နှင့် ကိုယ်တော့်အဖွဲ့အစည်းကို ပို၍သစ္စာရှိသင့်သည်။

၁၃:၈၊ ၉ယေဟောဝါ၏ငြင်းပယ်မှုခံရသော အယူဖောက်ပြန်သူများသည် တစ်ပြည်လုံး၏သုံးစုတွင် နှစ်စုရှိနေသည်။ ကျန်တစ်စုသာ မီးဖြင့်သန့်စင်ခံရသည်။ ကျွန်ုပ်တို့ခေတ်တွင် အမည်ခံခရစ်ယာန်အများစုဖြင့်ဖွဲ့စည်းထားသော ခရစ်ယာန်ဘောင်သည် ယေဟောဝါ၏ငြင်းပယ်မှုခံရသည်။ လူနည်းစုဖြစ်သော ဝိညာဉ်တော်ဖွားများသာ ‘ယေဟောဝါ၏နာမကိုဆုတောင်း၍’ မီးဖြင့်သန့်စင်မှုကို လက်ခံခဲ့သည်။ သူတို့နှင့် သူတို့၏ယုံကြည်သူချင်းများသည် ယေဟောဝါသက်သေဟု အမည်ခံရုံထက်မကကြောင်း သက်သေထူကြသည်။

ဇွဲထက်သန်စွာလုပ်ဆောင်ရန် လှုံ့ဆော်ခံရ

ဟဂ္ဂဲနှင့်ဇာခရိတို့၏ကြေညာချက်သည် ယနေ့ ကျွန်ုပ်တို့အတွက် အဘယ်အကျိုးသက်ရောက်သနည်း။ သူတို့၏ကြေညာချက်က ဝတ်ပြုရာအိမ်တော် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းကို အာရုံစူးစိုက်လုပ်ဆောင်ရန် ဂျူးတို့အား လှုံ့ဆော်ပေးခဲ့သည်။ ယင်းအကြောင်းကို တွေးတောဆင်ခြင်ခြင်းက ဟောပြောခြင်းနှင့်တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ဇွဲဖြင့်ပါဝင်ရန် ကျွန်ုပ်တို့ကိုလည်း လှုံ့ဆော်မှုဖြစ်စေသည်မဟုတ်လော။

မေရှိယသည် “မြည်းကလေးကိုစီး၍” ကြွလာမည်၊ “ငွေသုံးဆယ်” ဖြင့်သစ္စာဖောက်ခံရပြီး အသတ်ခံရမည်၊ “သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်” ဟူ၍ ဇာခရိကြိုဟောခဲ့သည်။ (ဇာခရိ ၉:၉; ၁၁:၁၂; ၁၃:⁠၇) ဇာခရိကြေညာသော မေရှိယဆိုင်ရာပရောဖက်ပြုချက်များ၏ ပြည့်စုံမှုကို တွေးတောဆင်ခြင်ခြင်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အလွန်သန်စွမ်းစေသည်။ (မဿဲ ၂၁:၁-၉; ၂၆:၃၁၊ ၅၆; ၂၇:၃-၁၀) ထို့ပြင် ယေဟောဝါ၏နှုတ်မြွက်စကားတော်နှင့် ကျွန်ုပ်တို့ကယ်တင်ခြင်းအတွက် ကိုယ်တော်၏ပြင်ဆင်ပေးချက်များကို ပို၍ယုံကြည်စိတ်ချစေပါသည်။—⁠ဟေဗြဲ ၄:၁၂

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 24 ၁၉၉၆၊ ဇန်နဝါရီလ ၁ ရက်ထုတ် ကင်းမျှော်စင်စာမျက်နှာ ၉-၂၂ တွင်ရှု။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

ဇာခရိ၏ အဆင်းအာရုံရှစ်ခု

၁:၈-၁၇ဝတ်ပြုရာအိမ်တော်ပြီးစီးမည်ဟု အာမခံပြီး ယေရုရှလင်နှင့်ယုဒမြို့များ ကောင်းချီးခံစားရမည်ဖြစ်ကြောင်း ဖော်ပြသည်။

၁:၁၈-၂၁‘ယုဒပြည်သားတို့ကိုကွဲပြားစေသော ဦးချိုလေးချောင်း၊’ တစ်နည်းအားဖြင့် ယေဟောဝါ၏ဝတ်ပြုရေးကိုဆန့်ကျင်သော အုပ်ချုပ်မှုအားလုံး အဆုံးတိုင်မည်ဟု ကတိပြုသည်။

၂:၁-၁၃ယေရုရှလင်မြို့တိုးချဲ့မည်ဖြစ်ပြီး ယေဟောဝါသည် “မြို့ကိုကာသော မီးမြို့ရိုးဖြစ်မည်” ဟုဖော်ပြ၏။

၃:၁-၁၀ဝတ်ပြုရာအိမ်တော်ဆောက်လုပ်ခြင်းကို ဆန့်ကျင်ရာတွင် စာတန်ပါဝင်ကြောင်း၊ ယဇ်ပုရောဟိတ်မင်းကြီးယောရှုသည် ကယ်တင်ခံရပြီး သူ၏အပြစ်များမှ သန့်စင်ခံရကြောင်း ဖော်ပြသည်။

၄:၁-၁၄တောင်များတမျှ ကြီးမားသောအခက်အခဲများကို ဖယ်ရှားပစ်ပြီး ဘုရင်ခံဇေရုဗဗေလသည် ဝတ်ပြုရာအိမ်တော်တည်ဆောက်ခြင်းလုပ်ငန်းကို အပြီးသတ်လုပ်ဆောင်မည်ဖြစ်ကြောင်း အာမခံသည်။

၅:၁-၄အပြစ်ဒဏ်မခံရသောလူဆိုးများ ကျိန်ခြင်းခံရမည်ဟု ကြေညာ၏။

၅:၅-၁၁ဆိုးသွမ်းမှုများအဆုံးတိုင်မည့်အကြောင်း ကြိုဟောထား၏။

၆:၁-၈ကောင်းကင်တမန်တို့ ကြီးကြပ်ပြီး စောင့်ရှောက် ကာကွယ်ပေးမည်ဟု ကတိပြုသည်။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ဟဂ္ဂဲနှင့်ဇာခရိတို့ကြေညာသော သတင်းစကားများ၏ရည် ရွယ်ချက်ကား အဘယ်နည်း

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကြီးကြပ်ရေးတာဝန်ရရှိထားသူတို့သည် အဘယ်နည်းဖြင့် “မီးစ” ကဲ့သို့ ဖြစ်ကြသနည်း