မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်အမှု ထမ်းဆောင်ရန် သင့်ကို သွန်သင်ပေးသူရှိသလော

ဘုရားသခင့်အမှု ထမ်းဆောင်ရန် သင့်ကို သွန်သင်ပေးသူရှိသလော

ဘုရားသခင့်အမှု ထမ်းဆောင်ရန် သင့်ကို သွန်သင်ပေးသူရှိသလော

သြဇိသည် အသက် ၁၆ နှစ်အရွယ်တွင် တောင်ပိုင်းယုဒနိုင်ငံ၏ဘုရင်ဖြစ်လာခဲ့သည်။ သူသည် ဘီစီ ကိုးရာစုနှောင်းပိုင်းမှ ရှစ်ရာစုအစောပိုင်းအထိ နှစ်ပေါင်း ၅၀ ကြာအုပ်ချုပ်ခဲ့သည်။ ငယ်ရွယ်စဉ်ကတည်းက ဩဇိသည် ‘ထာဝရဘုရားသခင်ရှေ့တော်၌ တရားသောအမှုကိုပြု၏။’ ဖြောင့်မတ်သောလမ်းစဉ်လိုက်ရန် သူ့အား အဘယ်အရာက ဩဇာညောင်းခဲ့သနည်း။ သမိုင်းမှတ်တမ်းက ဤသို့ဖော်ပြထား၏– ‘ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းအရာ၌ သွန်သင်သော ဇာခရိလက်ထက်တွင် ဩဇိမင်းသည် ဘုရားသခင်ကိုမှီခိုအားထား၏။ ဘုရားသခင်ကို မှီခိုအားထားသောကာလ၌လည်း ဘုရားသခင်သည် အကြံထမြောက်ရသောအခွင့်ကို ပေးတော်မူ၏။’—⁠၂ ရာဇဝင်ချုပ် ၂၆:၁၊ ၄၊ ၅သမ္မာ။

ကျမ်းစာပါဤမှတ်တမ်းမှအပ ရှင်ဘုရင်ကို သွန်သင်ပေးသူဇာခရိအကြောင်း များစွာမသိရပါ။ သို့တိုင် ‘ဘုရားသခင်ကိုကြောက်ရွံ့ရိုသေခြင်းအရာ၌ သွန်သင်သူ’ အနေနှင့်ဇာခရိသည် တရားသောအမှုပြုရန် ငယ်ရွယ်သောမင်းအပေါ် ကောင်းစွာသြဇာညောင်းခဲ့၏။ ဇာခရိသည် “ကျမ်းစာအသိပညာကြွယ်ဝသူ၊ ဝတ်ပြုရေးဆိုင်ရာအတွေ့အကြုံများစွာရှိသူနှင့် မိမိအသိပညာကို ပြန်လည်သွန်သင်ပေးနိုင်သူဖြစ်သည်” မှာသေချာလှသည်ဟု ကျမ်းတစ်စောင် [The Expositor’s Bible] ကဖော်ပြထားသည်။ ဇာခရိနှင့်ပတ်သက်၍ ကျမ်းပညာရှင်တစ်ဦး ဤသို့ကောက်ချက်ချ၏– “သူသည် ပရောဖက်ပြုချက်ကို ကောင်းစွာသိကျွမ်းထားသူနှင့် . . . အသိဉာဏ်ကြွယ်ဝသူ၊ ဘုရားသခင်ရေးရာစိတ်ဓာတ်ရှိသူ၊ ဖြောင့်မတ်သူဖြစ်ပြီး ဩဇိအပေါ် များစွာသြဇာညောင်းခဲ့ပုံရသည်။”

ဩဇိ၏တည်ကြည်သောလမ်းစဉ်က သူ့အား ကောင်းချီးများစွာခံစားစေခဲ့ပြီး “ဘုရားသခင်သည် . . . သူ့ကိုမစတော်မူ” သောကြောင့် “သူ၌ခွန်အားတန်ခိုးအလွန်တိုးတက်” လေ၏။ မှန်ပါသည်၊ သူ၏လောကရေးရာကြိုးစားအားထုတ်မှုများတွင် အောင်မြင်မှုရခြင်းသည် “ဇာခရိလက်ထက်တွင်” ဘုရားသခင်ရေးရာလမ်းစဉ် လိုက်လျှောက်ခြင်း၌ သူ၏အောင်မြင်မှုအပေါ် မူတည်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၂၆:၆-၈သမ္မာ) ဩဇိမင်းသည် အောင်မြင်မှုရလာပြီးနောက် သူ့အား သွန်သင်ပေးခဲ့သူ ဇာခရိ၏သွန်သင်မှုများကို လျစ်လျူရှုခဲ့သည်။ ဩဇိမင်းသည် ‘ကိုယ့်အကျိုးနည်းအောင် ထောင်လွှားသောစိတ်ထသဖြင့် မိမိဘုရားသခင်ယေဟောဝါကို ပြစ်မှား’ လေ၏။ အထူးသဖြင့် မလေးမခန့်အပြုအမူတစ်ခုကြောင့် သူသည် ဘုရင်အဖြစ် သူ့တာဝန်အားလုံးကို မထမ်းဆောင်နိုင်စေသည့် ရွံရှာဖွယ်ကောင်းသောအရေပြားရောဂါဖြင့် ဒဏ်ခတ်ခံခဲ့ရသည်။—⁠၂ ရာဇဝင်ချုပ် ၂၆:၁၆-၂၁

‘ဘုရားသခင်ကို မှီခိုအားထားရန်’ သင့်အပေါ် ဩဇာညောင်းသည့် လမ်းညွှန်ပေးသူ၊ သွန်သင်ပေးသူဟုခေါ်နိုင်သူ တစ်စုံတစ်ဦးရှိပါသလော။ သင်သည် ငယ်ရွယ်သူဖြစ်စေ၊ ငယ်ရွယ်ချိန်ကိုကျော်လွန်ခဲ့သူဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ထိုသို့သွန်သင်ပေးသူတစ်ဦး သင်၌ ရှိပေမည်။ ထိုသို့သောသွန်သင်ပေးသူကို မြတ်နိုးပါ၊ အကြောင်းမှာ ယေဟောဝါ၏မျက်မှောက်တွင် မှန်ရာကိုဆက်လုပ်ဆောင်ရန် သူ၏အကြံပေးချက်က သင့်အား အထောက်အကူပေးနိုင်သောကြောင့်ဖြစ်သည်။ ဤရင့်ကျက်သောခရစ်ယာန်၏စကားကို နားထောင်ပါ၊ သူပေးသောအကြံဉာဏ်ကို အလေးအနက်ထား သုံးသပ်ပါ။ ထိုသို့သော ‘ဘုရားသခင်ကိုကြောက်ရွံ့ရိုသေခြင်းအရာ၌ သွန်သင်သူ’ ၏ပညာရှိစကားများကို ဘယ်တော့မျှ ဂရုမပြုဘဲမနေပါနှင့်။—⁠သု. ၁:၅; ၁၂:၁၅; ၁၉:၂၀